← Chapters

အတင်းမောင်းထုတ်ခြင်း

Vol. 56 Ch. 771

အတင်းမောင်းထုတ်ခြင်း

Vol. 56 Ch. 771

ရွှီ…

ထူးဆန်းသော လှိုင်းသံတစ်ခု ထွက်ပေါ်လာပြီး တောက်ပနေသော ကြယ်များအစီအရင်၏ အပြင်ဘက်တွင် ခပ်ဝါးဝါး ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထန်ရှုသည် ဘိုဒတ်၏ဦးခေါင်းကို ကိုင်ဆောင်ကာ ဝူကျီ၏အရှေ့တွင် သတ်ဖြတ်လိုစိတ် ပြင်းထန်သော အော်ရာဖြင့် လျှပ်တပြက်အတွင်း ပေါ်လာသည်။

"ဘိုဒတ်လား…"

ဝူကျဲ ကြောက်ရွံ့တုန်လှုပ်သွားသည်။ ဘိုဒတ်သည် အချိန်တိုအတွင်း အလွယ်တကူ အသတ်ခံရလိမ့်မည်ဟု သူ တစ်ခါမှ အိပ်မက်ပင် မမက်ဖူးခဲ့ပေ။

အစီအရင်တစ်ခုလား။ အရှေ့တိုင်းကျင့်ကြံသူတွေ တော်ကြတယ်လို့ ပြောကြတဲ့ပညာရပ်လား။

ဝူကျဲသည် ရှေးဟောင်းစာအုပ်တစ်အုပ်တွင် သူ ဖတ်ခဲ့ဖူးသော မှတ်တမ်းကို ပြန်သတိရပြီး သူ့နှလုံးသားသည် တဆတ်ဆတ် တုန်ရီသွားသည်။ ယခုတစ်ကြိမ် သူတို့ ကျွန်းသို့ ရောက်ရှိလာကြခြင်းမှာ အချို့သတ္တုသိုက်များကို မျှော်မှန်းထားခြင်းကြောင့် ဖြစ်သော်လည်း တူးဖော်မှု လုံးဝမပြုလုပ်ရသေးပေ။ သူတို့သည် သည်ကျွန်းတွင် မည်ကဲ့သို့ အုတ်မြစ်ချရန်နှင့် ဤနေရာတွင် ပိရမစ်အဖွဲ့အစည်းအတွက် လျှို့ဝှက်အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် စီစဉ်ပြီးရုံသာ ရှိသေးသည်။ သည်အရာတွေအားလုံး အကောင်အထည်ဖော်မဆောင်ရွက်ရသေးသော်လည်း ဆုံးရှုံးမှုကြီးကြီးမားမား ခံစားလိုက်ရပြီဖြစ်သည်။

အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီး ဆုံးရှုံးမှုက အရမ်းကြီးမားပေသည်။

ဒေါသတကြီးနှင့် မကျေမနပ်ဖြစ်နေသော ဝူကျဲသည် ကျွန်းအတွက် သူ၏ အစီအစဉ်များအားလုံး အဆုံးသတ်သွားပြီဟူသော အချက်အား ကောင်းစွာ သဘောပေါက်ခဲ့ပေသည်။

ထန်ရှုသည် သူ၏အမူအရာ အဆက်မပြတ် ပြောင်းလဲနေသည်ကို မြင်ပြီးနောက် လေးနက်သော အသံဖြင့်

"စစ်ထောက်လှမ်းရေးအကြီးအကဲဝူကျဲ … ကျွန်တော် တည်ဆောက်ထားတဲ့ အစီအရင်ကနေ လွတ်မြောက်ပြီး အသက်ရှင်နေရတာ ကံကောင်းတယ်လို့ ခင်ဗျားကိုယ်ခင်ဗျား ယူဆနိုင်တယ်။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော် ပြောနိုင်တာက ဒီတစ်ကြိမ်ပဲ ကံကောင်းနိုင်တယ်။ ခင်ဗျားဆန္ဒအတိုင်း ထပ်ပြီး သတ္တိရှိရှိ ဒီကျွန်းမှာနေမယ်ဆိုရင်တော့ ဒီကျွန်းက ခင်ဗျားအတွက် သင်္ချိုင်းဖြစ်လာလိမ့်မယ်။”

ဝူကျဲသည် ထန်ရှုအား မုန်းတီးစွာ ကြည့်မိသည်။ ဘိုဒတ်သည် သူ၏အရင်းနှီးဆုံး ရဲဘော်ဖြစ်ပြီး ယခု ထန်ရှု၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဤသွေးရန်ငြိုးသည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းပြီး မဖြစ်မနေ ကလဲ့စားချေရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပညာရှိသောသူသည် မိမိ ဆုတ်ခွာသင့်သောအချိန်ကိုလည်း သိထားရပေမည်။ လူတစ်ဦး၏လက်စားချေမှုအတွက် ဆယ်နှစ်ဆိုသော အချိန်သည် နောက်ကျလွန်းသည့် အချိန်မဟုတ်သကဲ့သို့ သစ်တောထူထပ်သော တောင်ထဲတွင် ထင်းများကုန်ဆုံးသွားမည်ကို စိုးရိမ်စရာမလိုပေ။

"ငါ့ကို ဘိုဒတ်ရဲ့အလောင်း ပေးပါ။" ဝူကျဲက လေးတွဲ့စွာ ပြောသည်။

"ပြီးရင် ငါ့လူတွေကို ချက်ချင်းခေါ်ပြီး ကျွန်းကနေ ထွက်သွားမယ်။"

“ကောင်းပြီ။”

ထန်ရှုသည် ဘိုဒတ်၏အလောင်းကို ဝူကျဲအား လျင်မြန်စွာ ပေးလိုက်ပြီး ဝူကျဲတစ်ယောက် သူ၏လူများကို ဦးဆောင်ထွက်ခွာစဉ်တွင် ကိုယ်တိုင် စောင့်ကြည့်ခဲ့သည်။ ထိုသူများ မြူခိုးဖြူ ဧရိယာထဲက ထွက်လာချိန်တွင် ထန်ရှုက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့ပိရမစ်ထဲက တစ်ယောက်ကိုမှ ကျွန်တော်တို့က မကြိုဆိုသလို ဒီနေရာကလည်း ကြိုဆိုမှာ မဟုတ်ဘူး။ တစ်ယောက်ပဲလာလာ အုပ်စုလိုက်ပဲလာလာ အားလုံးကို သတ်ပစ်မယ်။”

“မင်းက ဘယ်သူလဲ လူကြီးမင်း။” ဝူကျဲက မေးလိုက်သည်။

"ခင်ဗျားရဲ့အဆင့်အတန်းက ကျွန်တော့်နာမည်သိဖို့ မထိုက်တန်သေးဘူး။" ထန်ရှုက ရွဲ့ပြောလိုက်သည်။ "ခင်ဗျားရဲ့အသိုက်အအုံထဲမှာပဲ နေရင် ပိရမစ်ကို ကျွန်တော် စပြီး တိုက်ခိုက်မှာမဟုတ်ဘူး။ နို့မဟုတ်ရင် ကျွန်တော့်လူတွေနဲ့ ခင်ဗျားရဲ့နေရာကို ဝင်စီးဖို့ ဝန်မလေးဘူး။"

"ငါတို့ ပြန်တွေ့ကြဦးမှာပါ။" ဝူကျဲက အေးစက်စွာ ပြောသည်။

ထိုသို့ပြောပြီးနောက် သူသည် ပိရမစ်မှလူများကို သင်္ဘောပေါ် တက်စေကာ ထွက်ခွာသွားပြီး မကြာမီ မိုးကုတ်စက်ဝိုင်းအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။

ထန်ရှုက မိုအားဝူကို လှည့်ကြည့်လိုက်ပြီး

"ကျွန်းမှာရှိတဲ့ တခြားအင်အားစုတွေထဲက တပ်ဖွဲ့ဝင်လူတွေကို ရှင်းကြစို့။ မညှာတာနဲ့။ အားလုံးကို သတ်။ ကျန်းလေ့ … အားဝူနဲ့ ပူးပေါင်းပြီး ဒီပြဿနာတွေကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းပါ။"

"ဒါပေမယ့် မစ္စတာထန် … ကျွန်းမှာ တခြားအင်အားစုတွေရဲ့ လူတွေကို သတ်ရတာ နည်းနည်းတော့ ရူးသွပ်လွန်းတယ် မဟုတ်လား" ကျန်းလေ့သိုမိုက အမြန်ထောက်ပြလိုက်သည်။ “ဒီအင်အားစုတွေကို လျှော့တွက်လို့ မရဘူးဆိုတာ နင် သိထားရမယ်။ မတော်လို့ သူတို့တွေက…”

"ငါ သူတို့ကို သတ်ရဲတယ်။ သူတို့လက်စားချေမှာကို ငါ မကြောက်ဘူး။" ထန်ရှုက သူမ၏စကားကို ကြားဖြတ်ပြောလိုက်ပြီး

"ငါ ပြောတဲ့အတိုင်းသာ လုပ်ပါ။"

ကျန်းလေ့သိုမိုသည် တခဏ ငြိမ်သက်သွားသော်လည်း ခေါင်းညိတ်ပြလာသည်။ ထန်ရှုသည် လွန်စွာ သန်မာပြီး သူ့အောက်တွင် ကျင့်ကြံသူများစွာရှိကြောင်း သူမ သိသည်။ သို့သော် များပြားလှသော နိုင်ငံခြား အင်အားစုများနှင့် ပဋိပက္ခဖြစ်ခြင်းမှာ ဉာဏ်ရှိသော လုပ်ရပ်မဟုတ်ချေ။ ဤအခိုက်အတန့်တွင် သူမသည် ထန်ရှုအား ရုတ်ခြည်းပင် အထင်သေးသွားသည်။

****

ကျွန်းပေါ်က စစ်တပ်ဝင်း…

ထန်ရှု ပြန်ရောက်လာသောအခါ သူသည် နတ်ဆေးသမားတော် ကွေ့ချန်းချိုးဆီသို့ အမြန်ဆုံး  သွားလိုက်သည်။ ကွေ့ချန်းချိုးသည် အမှောင်ဗိုင်းရပ်စ်၏ သဘောသဘာဝကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ရာ ယခုအခါ ကုသမှုအတွက် ပြင်ဆင်ရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီးနောက် နောက်ဆုံးတွင် သူ သက်ပြင်းချနိုင်ခဲ့ပြီဖြစ်သည်။ ပြောရမည်ဆိုပါက ထန်ရှုသည် ထိုအဘိုးအို၏ကိုယ်ပိုင်အရည်အချင်းကို သတိပြုမိခဲ့သည်။ တရုတ်ဆေးပညာတွင် သူ၏အောင်မြင်မှုများသည် ကွေ့ကျန်းချိုးနှင့် နှိုင်းယှဉ်၍မရနိုင်ပါပေ။ ကုသ၍မရသော ရောဂါများစွာကို သူ ကုသနိုင်ခဲ့ရသည့်အကြောင်းရင်းမှာ သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့သော် ထိုအဘိုးအိုမှာမူ အစစ်အမှန် ပါရမီရှင် သမားတော်တစ်ယောက်ဖြစ်ပေသည်။

"ကျွန်တော့်အကူအညီ လိုသေးလား။"

အလုပ်များနေသော ကွေ့ချန်းချိုး၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ကြည့်ပြီး ထန်ရှုက မေးလိုက်သည်။

"အခုအချိန်တော့ မလိုသေးဘူး။" ကွေ့ကျန်းချိုး ခေါင်းခါလိုက်သည်။

"တကယ်လို့ ငါ အခု ပြင်ဆင်နေတဲ့ ကုသနည်းက မနက်ဖြန်နေ့လည်ခင်းအထိ အမှောင်ဗိုင်းရပ်စ်ကို လုံးလုံးလျားလျား မဖြေရှင်းနိုင်ဘူးဆိုရင် နောက်တစ်ခု ဖြေရှင်းဖို့အတွက် မင်းရဲ့အကူအညီကို ငါ ယူရလိမ့်မယ်။"

ထန်ရှု ခေါင်းညိတ်သည်။ ယာယီဓာတ်ခွဲခန်းမှ သူ ထွက်လာသောအခါတွင် အရာရှိများစွာနှင့်အတူ ယန်ချူးရှုံး သူ့ဆီသို့ အပြေးအလွှားပြေးလာနေသည်ကို တွေ့လိုက်ရသည်။

"တပ်ရင်းမှူးယန် … ခင်ဗျားဆီက အကူအညီတစ်ခု လိုတယ်ဗျ။"

ထန်ရှုတွင် အစီအစဉ်ရှိသောကြောင့် ယန်ချူးရှုံးအား တန်းပြောလိုက်သည်။

"ငါတို့ ဘာလုပ်ဖို့ လိုအပ်လဲ မစ္စတာထန်…" ယန်ချူးရှုံးက အလျင်အမြန် ပြောလိုက်သည်။

“ပြည်နယ်ခေါင်းဆောင်တွေကို ဆက်သွယ်ပါ။ အဆင့်မြင့်လေ ပိုကောင်းလေပဲ။ ဒါပေမယ့် နံပါတ်တစ် ခေါင်းဆောင်ဆီ ကျွန်တော် လိုအပ်တာတွေကို ခင်ဗျား ပြောပေးနိုင်မယ်ဆိုရင် ပိုလွယ်မယ်ထင်တယ်။” ထန်ရှုက ပြောသည်။

ယန်ချူးရှုံး၏အမူအရာ ပြောင်းလဲသွားပြီး

"နံပါတ်တစ်ခေါင်းဆောင်ကို မင်း ဘာပြောချင်တာလဲ။"

“ကျောက်စိမ်းတွေ လိုတယ်။ မထွင်းထုရသေးတဲ့ ကျောက်စိမ်းတွေ အများကြီး လိုတယ်။”

ထန်ရှုက ပြောသည်။

“ကျွန်းရဲ့အခြေအနေက အရမ်းထူးခြားတယ်ဆိုပေမယ့် တချို့လူတွေက အလွယ်တကူ ခိုးဝင်ပြီး ဒီကို လာနိုင်တယ်။ ဒါကြောင့် ကျွန်းတစ်ခုလုံးရဲ့ အစွန်အဖျားတွေကို အလွန်အားကောင်းတဲ့ အစီအရင်တစ်ခု တည်ဆောက်လိုက်မယ်။ အစီအရင်ကို ဘယ်လိုဝင်ပြီး ထွက်ရမလဲဆိုတာ သိတဲ့သူမဟုတ်ရင် အပြင်လူတွေ ဒီကိုလာနိုင်မှာ မဟုတ်ဘူး။”

"ဒီမှာ အစီအရင်တစ်ခု ခင်းကျင်းမလို့လား။"

ယန်ချူးရှုံး အံ့သြသွားသည်။

“အဲ့ဒါက ရှေးခေတ်က ဖုန်းရွှေဆရာသခင်တွေ အသုံးပြုတဲ့ နည်းလမ်းတွေနဲ့ တူတာလား။ မမြင်နိုင်တဲ့ ပညာရပ်ကို မင်း စိတ်ကြိုက် ပြင်ဆင်လို့ရတာလား။"

“ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ အသိပညာဗဟုသုတတော့ ရှိတယ်။”

ထန်ရှုက ခေါင်းညိတ်သည်။

“တကယ်တော့ ကျောက်စိမ်းတွေရဖို့က အရမ်း လွယ်ပါတယ်။ အထက်လူကြီးတွေက ဒါကို သဘောတူထားသရွေ့ အဲ့ဒါကို မြန်မြန်ဆန်ဆန် ပို့ပေးမှာ အသေအချာပဲ။ အစီအရင်ကို မင်း တည်ဆောက်ပြီးရင် အခြားပြဿနာတွေ ဖြစ်နိုင်ဦးမလား။ ကျွန်းက ပြင်ပကမ္ဘာနဲ့ ဆက်ဆံမှု နည်းနည်းပဲ ရှိတယ်ဆိုပေမယ့် လုံးဝ တသီးတသန့်ကြီးတော့ မဟုတ်ဘူး။ တစ်ခုခုဆိုရင်…”

"ခင်ဗျား ဘာတွေ တွေးနေလဲဆိုတာ ကျွန်တော် နားလည်ပါတယ်။" ထန်ရှုက သူ့စကားကို ကြားဖြတ်သည်။

“ကျွန်တော့်မှာ အရမ်းကောင်းတဲ့ အကြံပြုချက် တစ်ခုရှိတယ်။ ပြည်နယ်က ဒီကျွန်း ရှိနေတယ်ဆိုတဲ့ သတင်းကို ပိတ်ထားချင်တာကြောင့် ကျွန်းတစ်ခုလုံးကို အကာအရံတွေနဲ့ ပိတ်ဆို့ထားချင်တယ်။ အဲ့ဒီတော့ လေဆိပ်တွေက လုံခြုံရေးစစ်ဆေးမှုတွေလိုပဲ ကျွန်းပေါ်မှာ ဝင်ပေါက်နဲ့ ထွက်ပေါက် နှစ်နေရာ လုပ်ထားဖို့လိုတယ်။ ကျွန်တော်တို့က အထူးဌာနတစ်ခုကို တည်ထောင်ပြီး အဲ့ဒီဌာနက လူတွေကပဲ အဝင်အထွက်လမ်းကြောင်းကို ဝန်ဆောင်မှုပေးရုံပါပဲ။”

ယန်ချူးရှုံးသည် ထန်ရှု၏စကားကို နားထောင်မိလေ သူ့မျက်လုံးများ ပိုမိုတောက်ပလာလေဖြစ်သည်။ နောက်ဆုံးတွင် သူသည် စားပွဲကို ရိုက်ကာ ချီးမွမ်းလိုက်မိသည်။ ထန်ရှု ပြောသလို လုပ်ဆောင်နိုင်မည်ဆိုပါက အနာဂတ်တွင် ကျွန်းပေါ်သို့ နိုင်ငံခြားအင်အားစုများ စိမ့်ဝင်မည်ကို စိတ်ပူရန် မလိုတော့ပေ။

ကျွန်းသို့ ဝင်ရောက်မည်ဆိုပါက စာရင်းသွင်းရမည် ဖြစ်ပြီး ထွက်ခွာမည်ဆိုပါကလည်း ပြန်လည်စာရင်းသွင်းရမည်ဖြစ်သည်။ ထို့ကြောင့် ပြီးပြည့်စုံသော လမ်းကြောင်းအစီအစဉ်ကို ချမှတ်ကာ ကျွန်းတွင်းသို့ ဝင်ထွက်သွားလာသူများကို ထိန်းချုပ်မည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ဤနည်းလမ်း လုံးဝပြီးပြည့်စုံသွားသည်နှင့် တရုတ်နိုင်ငံသည် သည်ကျွန်းအား အမှန်တကယ် ထိန်းချုပ်နိုင်သွားပေမည်။

ယန်ချူးရှုံးသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏လက်များကို ပွတ်သပ်ပြီး ရုတ်တရက် မေးလိုက်သည်။

"မင်း တည်ဆောက်မယ့် ဒီအစီအရင်ရဲ့ တကယ့်အကျိုးဆက်က ဘာလဲ။ ရန်သူတွေကို တိုက်ခိုက်နိုင်တာပါဦးမှာလား။ ယန်မိသားစု တီဗွီဇာတ်လမ်းတွဲမှာ ပါတဲ့ ကောင်းကင်ဘုံ ဂိတ်အစီအရင်ကို ကြည့်ဖူးတယ်။ အဲ့လိုမျိုးဆို သိပ်အစွမ်းထက်မှာပဲကွာ။”

ထန်ရှု၏အမူအရာမှာ ထူးဆန်းသော အမူအရာ ဖြစ်သွားပြီး

“တကယ်တော့ ရန်သူတွေကို တိုက်ခိုက်နိုင်တဲ့ အစီအရင်တစ်ချို့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် တည်ဆောက်ချင်တဲ့ အစီအရင်က အဓိကအားဖြင့် ခုခံဖို့ပါပဲ။ ဒါပေမယ့် ဒီအစီအရင်မှာ တိုက်ခိုက်တဲ့ အင်္ဂါရပ်ကို ခင်းကျင်းတပ်ဆင်ဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် သုံးရတဲ့ ကျောက်စိမ်းအရေအတွက်က အများကြီး တိုးလာနိုင်တယ်။”

ယန်ချူးရှုံးက လက်ခုပ်တီးပြီး

“မင်း ကျောက်စိမ်းတွေအတွက် စိတ်မပူနဲ့။ တိုက်ခိုက်ရေးအကျိုးအာနိသင်ရှိသရွေ့ နိုင်ငံခြားအင်အားစုတွေ ဒီနေရာကို ရောက်လာရင်တောင်မှ အဲ့ဒီအင်အားစုတွေရဲ့ တိုက်ခိုက်ခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ သူတို့က စိမ့်ဝင်နိုင်မှာ မဟုတ်သလို ငါတို့ကို တိုက်ခိုက်ဖို့ ပိုတောင် မဖြစ်နိုင်တော့ဘူး။ ဒီအဆင့်မှသာ ငါတို့ဆီက ဒါကို အတင်းအကြပ်လုပ်ယူလို့ မရဘူးဆိုပြီး ခေါ်နိုင်တာမလား။"

ဟီးဟီးဟီး…

ထန်ရှု၏စိတ်ထဲတွင် တကယ်ပင် ကြိတ်ရယ်နေမိသည်။ ဖုန်းရွှေအစီအရင်ကို တည်ဆောက်ရန် ကျောက်စိမ်းတောင်းခိုင်းရသည့် အကြောင်းရင်းက တကယ်တော့ သူ အနည်းငယ် တစ်ကိုယ်ကောင်းဆန်လိုက်ခြင်းပင်။ သူ့အတွက် ကျောက်စိမ်းအမြောက်အမြားကို လိုအပ်နေပြီး သူ့ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူခြင်းသည် မလုံလောက်သောကြောင့် ဤကဲ့သို့ အသေးစားလှည့်ကွက်တစ်ခု လိုအပ်ပေသည်။ သို့သော် တိုင်းပြည်က သူ၏ကြိုးစားအားထုတ်မှုကို ပံ့ပိုးပေးနိုင်မည်ဆိုပါက ပံ့ပို့းပေးသော ကျောက်စိမ်း အရေအတွက်သည် သူ အသုံးပြုသည်ထက် အများကြီး ပိုနေမည်မှာ သေချာပေသည်။

အချို့လူများ အလွဲသုံးစားလုပ်သောအရာမှာ ငွေကြေးနှင့်ကြွယ်ဝမှု ဖြစ်သော်လည်း သူ့အတွက်ကမူ ကျောက်စိမ်း ဖြစ်သည်။

အတိအကျပြောရမည်ဆိုပါက သူ၏ကျွန်းပေါ်မှ လုပ်ဆောင်မှုအပြီးတွင် ရမည့်ဆုငွေအဖြစ် သူ တွက်ထားသောကြောင့် ၎င်းသည် အလွဲသုံးစားလုပ်ခြင်း အစစ်အမှန် မဟုတ်ပေ။ နောက်ဆုံးတွင် သူသည် ဤကြီးကျယ်ခမ်းနားသော ဖုန်းရွှေအစီအရင်ကို ခင်းကျင်းရန်အတွက် အားစိုက်မှုနှင့်စွမ်းအားကို အကြီးအကျယ် သုံးစွဲနေရဆဲဖြစ်သည်။

ယန်ချူးရှုံး ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် ထန်ရှုက သူ့ကို အမြန်ဟန့်တားလိုက်ပြီး

“မစ္စတာယန် … ကျွန်တော်တို့ သီးသန့်စကားပြောလို့ ရမလား။ ကျွန်းပေါ်မှာလုပ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားကို သတင်းပို့ဖို့ လိုတယ်။"

ယန်ချူးရှုံး တခဏလောက် တွေဝသွေားသည်။ သူ့အနီးဝန်းကျင်က တခြားအရာရှိများကို ချက်ချင်း ထွက်သွားခိုင်းလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့်

"မစ္စတာထန်က ဘာလုပ်ခဲ့တာလဲ။"

“အဓိကကတော့ ကွဲပြားခြားနားတဲ့ ကိစ္စနှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ ကျွန်းကို ထိုးဖောက်ဝင်လာတဲ့ အင်အားစုအားလုံးကို ကျွန်တော် လုံးဝဖြေရှင်းပြီးပါပြီ။ လူတချို့ ဆုံးရှုံးသွားတဲ့ပိရမစ်က ကျွန်တော် မောင်းထုတ်ခဲ့တဲ့ လူတစ်စုကလွဲလို့ ကျန်တဲ့လူအားလုံးကို ကျွန်တော် သတ်ပစ်လိုက်ပြီ။”

ရှူး…

ယန်ချူးရှုံးသည် ယခင်က တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ပြီး လူပေါင်းများစွာကို သူ့လက်ဖြင့် သတ်ခဲ့သော်ငြား ထန်ရှုဆီမှ ထိုစကားကို ကြားလိုက်သောအခါ လေအေးတစ်ချက် ရှုသွင်းလိုက်ရသည်။

တစ်ခုသိရမည်မှာ ထိုပြည်ပအင်အားစုအားလုံး ပေါင်းလိုက်ပါက လူအရေအတွက် လွန်စွာ များပြားပေသည်။ အနည်းဆုံး လူ ၈၀၀မှ ၁၀၀၀အထိ ရှိသည်။ သည်ထန်ရှုက တကယ်ကို ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှု ကင်းမဲ့သူ ဖြစ်တော့သည်။

ထန်ရှုက ထပ်ပြောလိုက်သည်။

“ကျွန်းမှာ လူအုပ်တချို့ကို တွေ့ခဲ့တယ်။ ဒီဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ကာလမှာ သူတို့တွေက အရပ်သားတွေကို ခြိမ်းခြောက်ကြသလို တချို့က အရပ်သားတွေကို သွေးအေးအေးနဲ့ သတ်ပစ်ဖို့တောင် ဝန်မလေးခဲ့ကြတဲ့အတွက် လူမဆန်တဲ့လူတွေကို သတ်ပစ်ဖို့ ကျွန်တော့်လူတွေကို အမိန့်ပေးခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့အလောင်းတွေကို ကောင်းကောင်း ကိုင်တွယ်ခဲ့တာမို့ သဲလွန်စတော့ မကျန်ခဲ့ပါဘူး။”

ယန်ချူးရှုံးသည် ထိုစကားကို ကြားပြီးနောက် ခေါင်းညိတ်လိုက်ပြီး

"ဒါက မင်းရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာ ရှိတာမို့ မင်းမှာ လုပ်ပိုင်ခွင့် ရှိတယ်။ ဘာမှ မမှားပါဘူး။ ဒီလိုအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလိုလူတွေက ဥပဒေတွေကို ချိုးဖောက်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်။ ငါနဲ့တွေ့ရင်လည်း သူတို့ကို တရားဥပဒေအရ ဆုံးမပစ်လိုက်မှာပဲ။”

"တော်သေးတာပေါ့။ ခင်ဗျား အဲ့ဒါကို နားလည်ပေးတဲ့အတွက် အခုမှပဲ ကျွန်တော် စိတ်သက်သာရာ ရသွားတယ်။ အာ … ဟုတ်သားပဲ။ ကျွန်တော့်လူတွေကို အနီးတဝိုက် လျှောက်ကြည့်ဖို့ ခေါ်သွားမှာမို့ ကျွန်တော် စခန်းမှာ မနေတော့ဘူး။ အစီအရင်ခင်းဖို့ လိုအပ်တဲ့ ကျောက်စိမ်းတွေနဲ့ ပတ်သက်တဲ့ တိုးတက်မှု ဒါမှမဟုတ် သတင်းတွေရှိခဲ့ရင် ကျွန်တော့်ကို တန်းဆက်သွယ်ပေးပါ။” ထန်ရှုက စိတ်သက်သာရာရသွားဟန်ဖြင့် ပြောလိုက်သည်။

“ပြသနာ မရှိဘူး။” ယန်ချူးရှုံးက ခပ်သွက်သွက် ဖြေသည်။

ထန်ရှု ထွက်ခွာခါနီးတွင် ရုတ်တရက် ပြန်လှည့်ကြည့်ပြီး "ဒါနဲ့ ကျွန်တော် ခင်ဗျားကို ပြောစရာတစ်ခု ရှိသေးတယ် တိုင်းမှူးယန်။ အဲ့ဒီနိုင်ငံခြားသားအင်အားစုတွေကို ဆုံးမတုန်းက ချင်းယွမ်အုပ်စုရဲ့ သူဌေး မြောင်ဟုန်းဖူက မဟူရာကလပ်က လူတွေနဲ့ ထိပ်တိုက်တွေ့ပြီး သေဆုံးတာကို တွေ့ခဲ့ရသေးတယ်။”

ယန်ချူးရှုံး အံ့အားသင့်သွားပြီး ချက်ချင်းပင် ခါးသီးသော အပြုံးကို ပြုံးကာ

"ဒါဆို ဒုက္ခပဲ။"

"ဟင်…" ထန်ရှု အံ့သြသွားသည်။

"ဘာဒုက္ခများလဲ။ သူက စီးပွားရေးသမား၊ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ပဲ မဟုတ်လား။ ဒီနေရာက တိုင်းမှူးတစ်ယောက်အနေနဲ့ သူက ခင်ဗျားကို ဘယ်လို ဒုက္ခပေးနိုင်တယ်လို့ ခံစားမိတာလဲ။”

All Chapters