လှည့်ဖျားခံနေရသည်ကိုပင် မသိသော နဂါးလေး
Vol. 1-8 Ch. 107
‘ အစ်ကိုချန်ရှို့လား... ’
အောင်းရိသည် ချက်ချင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ ရှာလိုက်သော်လည်း လီချန်ရှို့ကို မတွေ့ပေ။ သူ၏ အရှေ့ရှိ ကျောက်ရုပ်တုကို ကြည့်လိုက်သောအခါ ပို၍ အံ့အားသင့်သွား၏။
‘ အစ်ကိုချန်ရှို့က နတ်ဝိဇ္ဇာမဖြစ်ခင် နတ်မင်းတစ်ပါး ဖြစ်မယ့် လမ်းကိုစလျှောက်နေပြီလား။သူ့ရဲ့ ရုပ်တုက ငါ့ကို အသံပို့လွှတ်နေတာလား... ’
သို့သော် လီချန်ရှို့သည် အောင်းရိ၏ အတွေးများကို ဖောက်မြင်နိုင်သည့်အလား ရယ်၍ ပြောလိုက်လေသည်။
“ ညီလေးရိ... အခု ညီလေး ဘာမှပြောစရာမလိုပါဘူး။ ဒီကိစ္စကို အချိန်တိုအတွင်း အကျိုးအကြောင်း ရှင်းပြရမှာ မလွယ်ဘူး။ အစ်ကိုက အခုဒီနေရာမှာ ရှိနေပါတယ်။ ရုပ်တုကြီး ရုတ်တရက် မိုးပေါ်ထပျံတာက လှည့်ကွက်တစ်ခုပါ။ အရင်တစ်ခေါက် အစ်ကို ညီလေးနဲ့ စကားပြောခဲ့တုန်းက နဂါးမျိုးနွယ်ရဲ့ လက်ရှိအကြပ်အတည်းတွေကို ညီလေးစိုးရိမ်နေတယ်ဆိုတာ အစ်ကိုသိလိုက်တယ်... ”
“ ညီလေးရိအတွက် နည်းလမ်းအချို့ကို အစ်ကိုစဉ်းစားထားတယ်။ ညီလေးသာ အစ်ကို့ကိုယုံတယ်ဆိုရင် တောင်သမုဒ္ဒရာ နဂါးနန်းတော်က ရေနဂါးစစ်သည်တွေကို ယာယီတပ်ပြန်ဆုတ်ဖို့ ပြောလိုက်ပါ။ ညီလေးရိကတော့ ဒီအနီးနားမှာ ခဏစောင့်နေပါ။ ဒီပွဲတော်ပြီးသွားရင် အစ်ကို ညီလေးကို လာတွေ့ပါ့မယ်... ဘယ်လိုလဲညီလေးရိ အဆင်ပြေရဲ့လား... ”
အောင်းရိ၏ မျက်နှာထား အနည်းငယ် ပြောင်းသွားပြီး တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။
သူသည် နောက်သို့ပြန်လှည့်ရန် ဟန်ပြင်လိုက်စဉ် လီချန်ရှို့၏ အသံပို့လွှတ်မှုကို ထပ်ကြားလိုက်ရ၏။
“ အစ်ကို ညီလေးကို အကူအညီတစ်ခု တောင်းစရာရှိသေးတယ်... ”
လီချန်ရှို့သည် ဆက်၍ အသံပို့လွှတ်ကာ စကားအချို့ပြောလိုက်၏။ အောင်းရိသည် အလျင်အမြန်ပင် ခေါင်းညိတ်လိုက်လေသည်။
အောင်းရိက ညင်ညင်သာသာ အော်လိုက်၏။ ကောင်းကင်ထဲတွင် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာလေသည်။
ကောင်းကင်ပေါ်တွင် ရုတ်ခြည်း အလင်းတန်းများပေါ်လာပြီး တိမ်များပေါ်လာတော့သည်။
အောင်းရိသည် သူ၏ကျန့်(၁၀၀)ကျော်ရှည်လျားသော နဂါးခန္ဓာကိုယ်ကို ထုတ်ပြလိုက်၏။ ထို့နောက် နဂါးဦးခေါင်းကို ညွှတ်ကာ ပင်လယ်စောင့်နတ်မင်းရုပ်တုကို ဦးညွှတ်လိုက်လေသည်။ မြင်ကွင်းသည် အံ့မခန်းပင်။
အောက်ရှိ ရှုံးရွာမှ လူသန်ကြီးများနှင့် ကိုးကွယ်သူများသည် ကြောင်သွားကြ၏။
ကောင်းကင်နဂါးသည် ကောင်းကင်ပေါ်တွင် ခေတ္တမျှ လှည့်ပတ် ပျံသန်းနေပြီနောက် ရေနဂါးစစ်သည်များ ရှိရာသို့ ပြန်သွားလိုက်ပြီး ချောမောခံ့ညားသော လူငယ်တစ်ဦးအသွင် ပြန်ပြောင်းလိုက်လေသည်။
“ အစ်ကိုနှစ်... ”
အောင်းမုန်းသည် သူ၏ အင်္ကျီလက်ကို ပင့်၍ ချက်ချင်းရှေ့သို့ထွက်လာ၏။
“ အစ်ကိုနှစ်... တပ်တွေထပ်သွားခေါ်ဖို့ ကျွန်တော် စစ်သည်တစ်ယောက်ကိုလွှတ်လိုက်ပြီ။ ဒီနေ့ ကျွန်တော်တို့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို ဖျက်ဆီးပစ်မယ်။ ဒီနေရာတစ်ဝိုက်မှာရှိသမျှ ပင်လယ်စောင့်နတ်မင်း ဘုံကျောင်းတွေ အကုန်လုံးကို ဖျက်ဆီးပစ်မယ်... ”
“ မလုပ်နဲ့... ”
အောင်းရိမျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ ငါကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်မယ်။ ဒီကတပ်တွေကို ပင်လယ်ထဲကို ပြန်ခေါ်သွားလိုက်ပါ။ သေမျိုးတွေက ထိခိုက်အောင်လုပ်ပြီး ငါတို့ရဲ့ အကုသိုလ်တွေကို အတိုးမခံပါနဲ့တော့... ”
အောင်းမုန် မျက်မှောင်ကြုတ်သွား၏။
“ အစ်ကိုနှစ်... ကျွန်တော်တို့... ”
သူသည် အောင်းရိအနားသို့ ကိုင်း၍ တီးတိုးပြောလိုက်၏။
“ ဒီအတိုင်းကြီး တပ်ပြန်ဆုတ်သွားမယ်ဆိုရင် ရှက်စရာမကောင်းဘူးလား ”
“ မာန်မာနက ငါတို့ရဲ့ အသက်ထက် ပိုအရေးကြီးလို့လား... ”
အောင်းရိ တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
“ ငါတို့ ရန်ကို အပြစ်ပြုမိလို့မရဘူး။သက်ရှိတွေကို ပြောတာမဟုတ်ဘူးနော်... ”
( တရုတ်စကားတွင် ‘ရန်’ ဆိုသည်မှာ ‘လူသား’ ဟုလည်း အဓိပ္ပာယ်ရ၏ )
“ သက်ရှိကို ပြောတာမဟုတ်ဘူးဆိုတော့... အစ်ကို ပြောချင်တာက ရန်ကျောင်းတော်ပေါ့... ”
အောင်းမုန် သဘောပေါက်သွား၏။ သူသည် ပင်လယ်စောင့်နတ်မင်းရုပ်တုကို ကြည့်၍ ပြောလိုက်၏။
“ အစ်ကိုနှစ်...ဒါက... ”
“ စကားတွေ ထပ်ပြောမနေနဲ့တော့... အရင်ဆုံး တပ်ပြန်ဆုတ်လိုက်။ ငါဒီကိစ္စကို သင့်တော်သလို ကိုင်တွယ်လိုက်မယ်... ”
အောင်းရိသည် လက်မြှောက်၍ အောင်းမုန်၏ လက်မောင်းကို ပုတ်လိုက်၏။
“ နောက်အခွင့်ကြုံရင် မင်းကို တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ် ”
အောင်းမုန် သဘောပေါက်သွားပြီး ပြုံးလိုက်သည်။
“ ကျွန်တော်နားလည်ပါပြီ အစ်ကိုနှစ်။ အစ်ကို လုပ်စရာရှိတာသာ သွားလုပ်ပါ... ”
“ အစ်ကိုဒီမှာ အရေးကြီးလုပ်စရာတစ်ခုရှိလို့ နေခဲ့တယ်လို့ ညီမဟန်ကျစ်ကို ကျွန်တော်ပြောပြလိုက်ပါမယ်။ နောက်ကျမှ ကျွန်တော်လည်း အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်... မဟုတ်ဘူး လူနှစ်ယောက်ကို ခေါ်လာခဲ့ပါမယ်... ”
အောင်းမုန်သည် ထိုသို့ပြောပြီးနောက် မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ ထို့နောက် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်း၍ တပ်များကို ပြန်ဆုတ်ရန် အချက်ပြလိုက်လေသည်။
ရေနဂါးစစ်သည်များသည် ဒဏ်ရာရနေသူများကို တွဲခေါ်လိုက်ကြ၏။ တိမ်မည်းကြီးသည် ချက်ချင်းပင် တောင်သမုဒ္ဒရာအတွင်းသို့ ပျံသန်းသွားလေတော့သည်။
အောင်းရိသည်လည်း တိမ်တစ်အုပ်စီး၍ အနီးရှိတောင်တစ်လုံးမှ တောအုပ်တစ်ခုအတွင်းသို့ သွားလိုက်၏။ သူသည် သေမျိုးများ၏ အရိုအသေပေးမှုများ၊ အကြည့်များကို သိပ်၍ အာရုံမစိုက်ခဲ့ချေ။
အောင်းရိသည် အောင်းမုန်တစ်ယောက် နားလည်မှုလွဲသွားကြောင်း သိလိုက်သော်လည်း ထိုကဲ့သို့ အသေးအဖွဲကိစ္စများကို အာရုံစိုက်မနေနိုင်တော့ပေ။
အောင်းရိသည် လီချန်ရှို့ ပြောခဲ့သော စကားနှစ်ခွန်းအပေါ်သာ အာရုံရောက်နေလေသည်။ ထိုစကားနှစ်ခွန်းမှာ အောက်ပါအတိုင်းဖြစ်သည်။
“ နဂါးမျိုးနွယ်ရဲ့ လက်ရှိ အကြပ်အတည်းတွေကို ညီလေး ဘယ်လောက်အထိသိလဲ... ”
“ အစ်ကိုက ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို တည်ထောင်ခဲ့တာမဟုတ်ဘူး... ”
ပထမ စကားသည် အောင်းရိကို ထိုနေရာမှ ထွက်မသွားနိုင်အောင် ဖမ်းစားထားလေသည်။ သူသည် ထိုကိစ္စအကြောင်းကို လီချန်ရှို့အား မေး၍ လီချန်ရှို့တစ်ယောက် မည်သည့်အကြံဉာဏ်များ ပေးနိုင်မည်ကို သိချင်နေသည်။
ဒုတိယ စကားသည် အောင်းရိ၏ ခေါင်းထဲတွင် အတွေးများပေါ်လာစေ၏။
‘ တကယ်လို့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို အစ်ကိုချန်ရှို့ တည်ထောင်ထားတာ မဟုတ်ရင် ဘယ်သူတည်ထောင်ထားတာ ဖြစ်လောက်မလဲ... ’
ကျောင်းတော်သုံးကျောင်း၊ အနောက်ကျောင်းတော်၊ နတ်ဝိဇ္ဇာဂိုဏ်းကြီးများ၊ နတ်ဝိဇ္ဇာဂိုဏ်းသေးများနှင့် အခြားပညာရှင်များသည် အမွှေးတိုင်ပူဇော်မှု ရရှိရန် ကြံဆောင်နေကြကြောင်းကို အောင်းရိ သိရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် ဤနှစ်ပိုင်းအတွင်း၌ အလျင်အမြန်များပြားလာကြောင်းကို ဤနေရာသို့ လာရာလမ်း၌ လိပ်ဘိုးဘိုးထံမှ အောင်းရိကြားခဲ့ရ၏။ ထိုဖြစ်စဉ်သည် ရှားပါးဖြစ်စဉ်ပင်။
‘ နောက်ကွယ်မှာ တစ်ယောက်ယောက်များ ရှိနေမလား... ’
‘ ဒါပေမဲ့ ဘာလို့ အစ်ကိုချန်ရှို့က ကိုယ်ထင်ပြလိုက်ရတာလဲ... ’
တောအုပ်အတွင်း၌ အောင်းရိတစ်ယောက် အတွေးနက်နေလေသည်။ သူသည် ပင်လယ်စောင့်နတ်မင်း၏ ကိုယ်ထင်ပြမှုအခြေအနေကို ပြန်တွေးလိုက်၏။ ထိုအခိုက်တွင် သူသည် လီချန်ရှို့ ဆင်ထားသော “ထောင်ချောက်” အတွင်းသို့ ကျရောက်နေပြီဖြစ်ကြောင်း အောင်းရိမသိပေ။
လီချန်ရှို့သာ တစ်စုံတစ်ယောက်ကို လှည့်စားလိုလျှင် အလွယ်တကူလှည့်စားနိုင်လေသည်။
သူလိမ်ပြောနေသည်ဟု မည်သူမှ ထင်လိမ့်မည်မဟုတ်ချေ။ လီချန်ရှို့သည် တာအိုဂိုဏ်းတစ်ဂိုဏ်း၏ ရည်မွန်သော တပည့်တစ်ဦးပင် မဟုတ်ပါလား။ သူသည် ဖြောင့်မတ်၍ ရိုးသားလေသည်။ သူ့တွင် ဝှက်ဖဲအချို့ရှိသည်ဟူသော အချက်မှလွဲ၍ ဆိုးသွမ်းသော သူတစ်ဦးမဟုတ်ပေ။
တိတိကျကျ ဆိုရလျှင် လီချန်ရှို့သည် လှည့်ဖျားခြင်းအတတ်တွင် ကျွမ်းကျင်ပေ၏။
အကယ်၍ သင်သည် တစ်စုံတစ်ဦးကို လှည့်ဖျားလိုလျှင် မည်သို့ စတင်ပြုလုပ်မည်နည်း။
ပထမဆုံးအဆင့်သည် မိမိလှည့်ဖျားမည့်သူသည် မိမိပြောသော စကားများအပေါ် စိတ်ဝင်စားမှုရှိလာအောင် လုပ်ရပေမည်။ သို့မှသာ လှည့်ဖျားခံရမည့်သူသည် မိမိပြောမည့် စကားများကို ဆက်၍နားထောင်ပေမည်။ ထိုအရာသည် လှည့်ဖျားခြင်း၏ အစပင်။
လီချန်ရှို့သည် ဒုတိယအဆင့်ကို စတင်ခဲ့ပြီးဖြစ်၏။ သူသည် အောင်းရိတစ်ယောက် သူ့ဘာသာ တွေးတောစဉ်းစားနိုင်ရန် အရိပ်အမြွက်လေးများဖြင့် လမ်းကြောင်းပေးခဲ့သည်။ သူသည် အောင်းရိကို သူ့ဘာသာ တွေးစေလို၏။
ထို့နောက် လီချန်ရှို့သည် အောင်းရိ၏ တုံ့ပြန်မှုအတိုင်း ရေလိုက်ငါးလိုက်နေကာ နောက်အဆင့်များကို ဆက်၍ လုပ်ရမည်ဖြစ်၏။ လီချန်ရှို့အတွက်မူ ထိုလှည့်ဖျားမှုအတတ်သည် စိတ်ငြိမ်သုတ္တန်နှင့်ပင် တစ်တန်းတည်းထားသင့်သော အတတ်တစ်ခုပင်။ ထိုအတတ်သည် သူ၏ညီမလေး လင်းအယ်ကို သင်ကြားပေးရန် သုံးနေသော ကျမ်းစာများထဲမှ အတတ်တစ်ခုဖြစ်လေသည်။ ထိုအတတ်များသည် “ ချုံတောင်လေးကို တည်ငြိမ်အောင်လုပ်ခြင်း ” ကျမ်းသုံးကျမ်းအနက် “ လှည့်ဖျားမှုကျမ်းတွဲ ” ထဲမှ အတတ်များပင်။
တတိယအဆင့်သည် လှည့်ဖျားခံရမည့်သူ တောင်းဆိုခြင်းကို အလွယ်တကူလက်မခံဘဲ အင်တင်တင်လုပ်ခြင်းပင်။ ထိုးမည့်ဆင် ခြေတစ်လှမ်းဆုတ်ဟူသော နည်းလမ်းပင်။ ထိုမှသာ ပို၍ အရှိန်ရနိုင်ပေမည်။
တိုတိုပြောရလျှင် အောင်းရိသည် ထိုနေရာတွင် ကျန်နေခဲ့ရန် ရွေးချယ်ခဲ့ပြီ ဖြစ်သဖြင့် လှည့်ဖျားမှုနွံအိုင်အတွင်းသို့ ဝင်ရောက်မိပြီးဖြစ်လေသည်။
လီချန်ရှို့ တွက်ချက်ကြည့်လိုက်ရာ ဤပင်လယ်စောင့်နတ်မင်း ပြဿနာကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်မည့် အခွင့်အရေးမှာ နောက်ထပ်(၂၃)ရာခိုင်နှုန်း ထပ်တိုးသွားကြောင်း သိလိုက်လေတော့သည်။
အောင်းရိကို လှည့်ဖျားပြီးလျှင် ရှုံးရွာကို ဆက်၍ ကိုင်တွယ်ရပေမည်။
နတ်အလင်းများထွက်နေသော ရုပ်တုကြီးသည် ကောင်းကင်ပေါ်မှနေ၍ မြေပေါ်သို့ ဖြည်းဖြည်းချင်း ပြန်ကျလာလေသည်။ ရှုံးရွာမှ လူသန်ကြီးများပင် ဖင်ဘူးတောင်းထောင်၍ အဆက်မပြတ် ကန်တော့နေကြ၏။
ရုပ်တုအတွင်းမှ နေ၍ ဝိညာဉ်တစ်ခုထွက်သွား၏။ ထိုဝိညာဉ်၏ ရုပ်သွင်သည် ဝေဝါးနေပြီး ထိုဝိညာဉ်ကို အလင်းများဖြင့် ဖွဲ့စည်းထားသည်ဟု ထင်ရပေသည်။
အမှန်တွင် ထိုအရာသည် လီချန်ရှို့၏ ဝှက်ဖဲအသေးလေးတစ်ခု ဖြစ်လေသည်။ သူထွက်ပြေးရာတွင် အသုံးပြုရန် လေ့လာထားသော “ ပျံသန်းငှက်တောင်အစားထိုး ” အတတ်ဖြစ်သည်။ ထိုအတတ်ကို သုံး၍ သူနှင့် တစ်ထပ်တည်း ထပ်တူကျသော ကိုယ်ပွားသုံးခုကို ရုတ်ခြည်းဖန်ဆင်းနိုင်လေသည်။ ထိုကိုယ်ပွားများကို နတ်တန်ခိုးသုံး၍ ဖန်ဆင်းရခြင်းဖြစ်၏။ ထိုကိုယ်ပွားကို ကျောက်ရုပ်တုမှလည်း ထွက်ပေါ်လာအောင် လုပ်နိုင်ပေသည်။
သို့သော် ထိုအတတ်ကို ဤနေ့၊ ဤနေရာတွင် ထုတ်သုံးရလိမ့်မည်ဟု လီချန်ရှို့ မမျှော်လင့်ခဲ့ပေ။ သို့သော် ကိစ္စမရှိပေ။ လီချန်ရှို့တွင် အခြားဝှက်ဖဲများ ရှိပေသေးသည်။
“ ကိုယ်ယောင်ဖျောက်အတတ်တွေ၊ အစားထိုးအတတ်တွေဆိုတာ အခြေခံလေးတွေပဲ။ ဒါပေမဲ့ အခြေအနေပေါ်မူတည်ပြီး လိုသလိုသုံးလို့ရတဲ့ အဲ့အတတ်လေးတွေရဲ့ အစွမ်းကို လျှော့တွက်လို့တော့မရဘူး... ”
ထိုဝိညာဉ်ကိုယ်ပွားသည် ဖြေညင်းစွာ ပြောလိုက်၏။ ထိုဝိညာဉ်၏ အသံသည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။ သေမျိုးသောင်းချီ၊ သိန်းချီသည် တိတ်ဆိတ်သွားပြီး မြေပေါ်တွင် ဒူးထောက်ကာ တည်တည်ငြိမ်ငြိမ်နားထောင်လိုက်ကြ၏။
“ ကျွန်ုပ်ရဲ့ ဝိညာဉ်အစစ်အမှန်ကို ထုတ်ဖော်ပြပြီး လူတိုင်းအတွက် ကံကောင်းမှုတွေ ဆောင်းကျဉ်းခဲ့ပြီ။ ကိုးကွယ်သူတွေက ခြိုးခြံချွေတာပြီး တစ်ဦးနဲ့တစ်ဦး ဖော်ရွေရိုင်းပင်းကြပါ။ အသက်အရွယ်ကြီးရင့်သူတွေ၊ ငယ်ရွယ်သူတွေကိုလည်း စောင့်ရှောက်ကာကွယ်ပေးကြပါ။ အခက်အခဲတွေကို မကြောက်မရွံ့ရင်ဆိုင်မယ်ဆို ပျော်ရွှင်မှုတွေ ရလာပါလိမ့်မယ်။ ဒီနေ့ ကျွန်ုပ် ပင်လယ်စောင့်နတ်မင်းအနေနဲ့ ဆုံးမဩဝါဒတွေ ပေးပါမယ်။ အားလုံး သေသေချာချာ မှတ်သားကြပါ။ လူကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်ပြီး ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာကြပါ ”
ထို့နောက် လီချန်ရှို့သည် လွန်ခဲ့သည် ရက်ပိုင်းအတွင်းက သူကြားခဲ့ရသော ပင်လယ်စောင့်နတ်မင်း၏ ဩဝါဒများကို အကျဉ်းချုံးပြန်ရွတ်ပြလိုက်၏။ သူသည် ရိုးရှင်းသော အသုံးများကိုသာသုံး၍ ဩဝါဒပေးခဲ့ပြီး သူ၏ ကိုယ်ပိုင် စိတ်ငြိမ်သုတ္တန်ထဲမှ အကြောင်းအရာအချို့ကိုလည်း ကြားညှပ်၍ ပြောခဲ့လေသည်။
ရုပ်တု၏ အောက်တွင် ပုန်းနေသော စက္ကူကိုယ်ပွားသည် သုတ္တန်ကို ရွတ်ဆိုပြနေစဉ် အခြားစက္ကူကိုယ်ပွားသည် ထိုအနီးသို့ ပြန်ရောက်လာပြီဖြစ်သည်။ လီချန်ရှို့သည် ရှုံးရွာမှ ရွာသူရွာသားများ၏ တုံ့ပြန်မှုကို လျှို့ဝှက်လေ့လာနေ၏။ လူသန်ကြီးအများစုသည် အံ့ဩတကြီးဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေသည်ကို တွေ့လိုက်ရ၏။
သို့သော် ရွာသူကြီးအိုကြီးနှင့် နတ်တမန်တော်အချို့၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်များရှိနေ၏။ သူတို့သည် ဒူးထောက်နေကြသော်လည်း နားမလည်နိုင်ဖြစ်နေကြသည်။
‘ ဘာတုန်းဟ... ပင်လယ်စောင့်နတ်မင်းဆိုတာ တကယ်ရှိတာလား... ’
“ ဟမ့်... ”
ထိုသူများသည် အေးစက်စက်နှာမှုတ်သံကြီးကို ကြားလိုက်ရပြီးနောက် အခြားစက္ကူကိုယ်ပွားမှ တဆင့်ပို့လွှတ်လိုက်သော လီချန်ရှို့၏ အသံပို့လွှတ်မှုကို ဆက်လက်ကြားလိုက်ရလေသည်။
“ ငါ သမုဒ္ဒရာအတွင်းမှာ လှည့်လည်စစ်ဆေးနေတုန်း မင်းတို့က ငါ့ရဲ့ စီးတော်ငါးထဲကနေပြီး ငါ့ကို ထုတ်လိုက်ကြတယ်။ မင်းတို့ ငါရဲ့ မျက်နှာကို မြင်သွားကြတယ်။ ငါက ပင်လယ်စောင့်နတ်မင်းဆိုတာ မင်းတို့သိလို့ တောင်သမုဒ္ဒရာတစ်ဝိုက်မှာ ငါ့အတွက် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေ လိုက်ပြီး တည်ထောင်နေတာမဟုတ်ဘူးလား။ ဒါပေမဲ့ ဘာလို့ ငါကိုယ်တိုင် ရောက်လာတဲ့အချိန်ကျတော့ မင်းတို့က မကန်တော့ဘဲနဲ့ ဒူးထောက်ရုံပဲဒူးထောက်နေတာလဲ ”
ရွာသူကြီးအိုကြီး မျက်မှောင်ကြုတ်လိုက်၏။ သူသည် တခြားသူများကို အချက်ပြရန်ပြင်လိုက်သော်လည်း အလျင်အမြန်ပင် ကန်တော့လိုက်ရလေ၏။
ဘေးရှိ နတ်တမန်တော်အချို့သည် မျက်ဖြူလန်ကာ ဖြည်းဖြည်ချင်း ပျော့ခွေလာပြီး မြေပေါ်တွင် မှောက်သွားလေ တော့သည်။
ရွာသူကြီးအိုကြီး အံ့အားသင့်သွား၏။
လီချန်ရှို့၏ အသံသည် ရွာသူကြီးအိုကြီး၏ နားအတွင်းသို့ ထပ်မံဝင်ရောက်လာသည်။
“ ငါ အဲ့တမန်တော်တွေရဲ့ ဝိညာဉ်ကို ရက်နည်းနည်းလောက် ဖမ်းချုပ်ပြီး အပြစ်ပေးမယ်။ ရက်နည်းနည်းကြာရင် သူတို့ပြန်နိုးလာလိမ့်မယ်။ ပြန်နိုးလာရင် သူတို့ဘာမှတ်မိလဲဆိုတာ သူတို့ကို မင်း ပြန်မေးကြည့်ပေါ့ ”
အမှန်တွင် အားအင်မဲ့နတ်ဆေးအပျော့စားလေးကို သုံးလိုက်ခြင်းပင်။ လီချန်ရှို့သည် ဆေးပမာဏ များများသုံးလိုက်၍ ချက်ချင်းမှောက်သွားခြင်းဖြစ်၏။
ရွာသူကြီးအိုကြီးသည် အကြိမ်အနည်းငယ် တုန်ရီသွားပြီး သူ၏ လည်စေ့သည်လည်း အထက်အောက် ရွေ့လျားနေပေတော့သည်။ လီချန်ရှို့၏ အသံသည် သူ့နားအတွင်းသို့ မိစ္ဆာအသံတစ်ခုသဖွယ် အဆက်မပြတ်ဝင်ရောက်လာနေပေသည်။
“ မင်းတို့က စုန်းကဝေလူသားမျိုးနွယ်ဖြစ်နေတာနဲ့ပဲ ငါက မင်းတို့ကို ဘာမှ မလုပ်နိုင်ဘူးလို့ထင်လို့လား။ ဒါပေမဲ့ မင်းတို့ရဲ့ ဘိုးဘေးတွေနဲ့ ငါ့ရဲ့ ခင်မင်မှုဟောင်းကို ထောက်ပြီး မင်းတို့ ငါနာမည်ကိုသုံးပြီး ပိုက်ဆံရှာနေတာကို ခွင့်လွှတ်ပေးလိုက်မယ်... ”
“ မင်းတို့ရဲ့ ဘိုးဘေးတွေက မင်းတို့ကို အဲဒီရွာမှာပဲ ပုန်းအောင်းနေပြီး ဘယ်ကိုမှ လျှောက်မသွားဖို့ သတိမပေးခဲ့ဘူးလား။ ရွာက မဟုတ်တဲ့ အမျိုးသမီးတွေနဲ့ လက်ဆက်လို့မရဘူးဆိုတဲ့ စည်းမျဉ်းရှိတယ်မလား။ ပြီးတော့ အမျိုးသမီးတွေကလည်း ရွာက ကိုယ်ကြိုက်တဲ့ အမျိုးသားကို ရွေးလို့ရပေမယ့် အပြင်လူနဲ့ လက်မထပ်ရဘူးဆိုတဲ့ စည်းမျဉ်းလည်းရှိတယ်မလား။ မျိုးဆက်တိုင်းက ရွာသူကြီးတွေ လိုက်နာရမယ့် အထူးညွှန်ကြားချက်တွေလည်း ရှိတာပဲ။ ဒီနှစ်ပိုင်းအတွင်းမှ မင်းဘာတွေ လျှောက်လုပ်မိပြီလဲ... ”
ရွာသူကြီးအိုကြီးသည် ဇောချွေးများပြန်လာပြီး သူ၏ခန္ဓာကိုယ်သည်လည်း ပို၍တုန်လှုပ်လာလေတော့သည်။ သူ၏ မျက်စိသူငယ်အိမ်များလည်း အသက်ကင်းမဲ့လာ၏။
ပင်လယ်စောင့်နတ်မင်းသည် အမှန်ပင်ရှိလေသည်။
ပင်လယ်စောင့်နတ်မင်း၏ မေးခွန်းတစ်ခုချင်းစီတိုင်းသည် ရွာသူကြီးအိုကြီး၏ ကျောပေါ်သို့ ဝန်ထုပ်ဝန်ပိုးများသဖွယ် ဖိနှိပ်ကျရောက်နေပေသည်။ ပင်လယ်စောင့်နတ်မင်း၏ အသံသည် သူ့နှလုံးသားထဲတွင် ထပ်၍ ပေါ်လာပြန်၏။
“ မင်းတို့ ရှုံးရွာ ဆက်ပြီး တည်ရှိနေချင်သေးလား... ”
“ မင်းတို့ ဆက်မနေချင်တော့ဘူးဆိုရင်လည်း မင်းတို့ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းသွားမှာစိုးလို့ မင်းတို့ကို ငါလက်စတုန်းပေးရမှာပေါ့... ”
“ နေချင်ပါတယ်...ဆက်နေချင်ပါတယ် ”
ရွာသူကြီးအိုကြီးသည် အလျင်အမြန်အော်ပြောလိုက်ပြီး ရုပ်တုကို မော့ကြည့်လိုက်သည်။ သို့သော် ကျမ်းစာများကို ရှင်းပြနေသော ရုပ်တု၏ ဝိညာဉ်ကိုသာ တွေ့လိုက်ရသည်။
ထို့ကြောင့် သူသည် ခေါင်းပြန်ငုံ့လိုက်၏။ ထိုအခိုက်တွင် ရုပ်တုသည် အသက်ဝင်လာပြီး မျက်ဝန်းများအတွင်း၌ အေးစက်မှုများနှင့် ပြည့်နှက်လာသည်ဟုပင် သူထင်မိခဲ့လေသည်။
ရွာသူကြီးအိုကြီးသည် စုန်းကဝေလူသားတစ်ဦးဖြစ်သော်လည်း သေမျိုးတစ်ဦးပင် ဖြစ်သည်။ ထိုအခိုက်တွင် သူ၏ နှလုံးသားအတွင်းရှိ မာန်မာနများသည် အလုံးစုံပြိုလဲသွားပေပြီ။ သူသည် မြေကြီးပေါ်တွင် ပြားပြားဝတ်၍ ကန်တော့ကာ အော်ပြောလိုက်လေသည်။
“ ပင်လယ်စောင့်နတ်မင်း ခင်ဗျား... ကျွန်တော့်ကိုသာ အပြစ်ပေးပါ၊ ကျွန်တော့်ကိုသာ အပြစ်ပေးပါခင်ဗျာ။ ဒီအကြံက ကျွန်တော့်ရဲ့ အကြံပါ။ ရွာကလူတွေက ကျွန်တော့်ပြောတာကို လိုက်နာခဲ့ရုံပါပဲ... ”
“ ဒီလိုဆိုတော့လည်း မင်းရဲ့ ဝိညာဉ်ကို ရက်နည်းနည်းလောက် အပြစ်ပေးရမှာပေါ့ ”
လီချန်ရှို့ ထပ်မံ၍ နှာမှုတ်လိုက်သည်။ အားအင်မဲ့နတ်ဆေးမှုန့် အချို့သည် ရွာသူကြီးအိုကြီး၏ နှာခေါင်းအတွင်းသို့ ဝင်သွားလေသည်။ ထိုအဘိုးကြီးသည် မြေပေါ်သို့ ရုတ်ချည်း မှောက်သွားလေတော့သည်။
ထိုစဉ် ကောင်းကင်ပေါ်ရှိ ပင်လယ်စောင့်နတ်မင်း၏ ဝိညာဉ်သည် ဩဝါဒချွေပြီးသွားပြီဖြစ်သဖြင့် ရုပ်တုအတွင်းသို့ ဖြည်းဖြည်းချင်းဝင်ရောက် ပျောက်ကွယ်သွားပေပြီ။
ရှုံးရွာမှ အခြားရွာသူရွာသားများ၏ နားအတွင်းသို့လည်း အသံပို့လွှတ်မှု တစ်ခု ဝင်ရောက်သွား၏။
“ ပွဲတော်ကို ဆက်ကျင်းပမယ်... ဒီနေရာမှာ စနစ်တကျရှိအောင် ဆက်ထိန်းထား။ တစ်ယောက်မှ မထိခိုက်စေနဲ့... ”
“ မင်းတို့ရဲ့ ခေါင်းကိုင်ဖခင်တမန်တော်က အချိန်တော်တော်ကြာအောင် ပိုက်ဆံကို လောဘတက်ခဲ့ပေမယ့် အပြစ်ကြီးကြီးမားမားတော့ မကျူးလွန်ထားပါဘူး။ ငါ ဒီနေ့သူ့ကို အပြစ်နည်းနည်းပေးရမယ်။ သူရဲ့ ဝိညာဉ်ကို အပြစ်ပေးဖို့ ငါခေါ်သွားမယ်။ ရက်နည်းနည်းလောက်နေရင် သူပြန်နိုးလာလိမ့်မယ်။ မင်းတို့က ငါ့ကို ပင်လယ်စောင့်နတ်မင်းအနေနဲ့ ရိုသေလေးစားကြတယ်ဆိုတော့ နောက်ကျရင် မင်းတို့လည်း သက်ရှိတွေကြားမှာ ဝင်ဆံ့လာပြီး အမှားအမှန်ကို ခွဲခြားသိနိုင်လာမှာပါ။ မကောင်းမှုတွေကို မကျူးလွန်ကြနဲ့။ နတ်တမန်တော်ဆိုရဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်အောင် တာဝန်ထမ်းပြီး ကိုးကွယ်သူတွေကို ကာကွယ်ကြ ”
ထိုအသံပျောက်ကွယ်သွားသောအခါ ရုပ်တုမှ အလင်းများလည်း တချိန်တည်းလိုလိုပင် ပျောက်ကွယ်သွားလေသည်။
ရှုံးရွာမှ လူသန်ကြီးများသည် တုန်လှုပ်သွား၏။ သူတို့သည် ရုပ်တု ခြေရင်းရှိ မြေပေါ်တွင် မှောက်နေသော ခေါင်းကိုင်ဖခင်နတ်တမန်တော်နှင့် အခြားနတ်တမန်တော်တို့ကို ကြည့်လိုက်ကြပြီး ထိုအနားသို့သွား၍ ထိုသူတို့ကို မပြုစုပေးရဲကြပေ။
မျှော်မှန်းထားသည့်အတိုင်းပင် ရွာသူကြီးသည် လောဘကြီးသဖြင့် ပင်လယ်စောင့်နတ်မင်း၏ အပြစ်ပေးမှုကို ခံခဲ့ရပေပြီ။
ထိုအခြင်းအရာကို မြင်လိုက်သောအခါ ကိုးကွယ်သူအများစုသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်လေ၏။
ပင်လယ်စောင့်နတ်မင်းပွဲတော် ဆက်လက်ကျင်းပ၏။ ကိုးကွယ်သူများသည် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် အလှည့်ကျ အမွှေးတိုင်ပူဇော်၍ ပင်လယ်စောင့်နတ်မင်းကို ဆုတောင်းလိုက်ကြ၏။ လီချန်ရှို့တစ်ယောက် လက်ချောင်းများကိုထိ၍ တွက်ချက်လိုက်သည်။ အမွှေးတိုင်ပူဇော်မှုမှ ရရှိသော သူ၏ ကုသိုလ်များသည် တိုးပွား၍ လာနေပေသည်။
အောင်းရိသည် တောအုပ်အတွင်းရှိ မြေကွက်လပ်တစ်ခုတွင် တင်ပျဉ်ခွေထိုင်၍ တိတ်တဆိတ်တွေးတောနေ၏။ သူသည် ပင်လယ်စောင့်နတ်မင်း၏ ဩဝါဒများကို ကြားခဲ့သဖြင့် အစ်ကိုချန်ရှို့အပေါ် ပို၍ လေးစားအားကျလာလေသည်။
ခပ်လှမ်းလှမ်းရှိ သေမျိုးသောင်းချီ၊ သိန်းချီသည် ပွဲတော်ကို ဆက်လက်ဆင်နွှဲနေကြ၏။ အောင်းရိသည် ကောင်းကင်ပေါ်သို့ တက်သွားသော ကုသိုလ်တိမ်တိုက်များကိုကြည့်ရင်း သူ၏ မျက်ဝန်းထဲတွင် အားကျမှုများဖြင့် ပြည့်နှက်လာ၏။
ဟိုးရှေးရှေးတုန်းက နဂါးမျိုးနွယ်သည်လည်း ထိုကဲ့သို့ ကုသိုလ်အမြောက်အမြား ရှိခဲ့လေသည်။
“ ညီလေးရိ... ”
ဘေးမှနေ၍ လူသံတစ်သံ ထွက်ပေါ်လာ၏။ အောင်းရိသည် အလျင်အမြန်ထရပ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။ သက်လတ်ပိုင်းရှိသော တာအိုရသေ့တစ်ပါး လျှောက်လာကို သူတွေ့လိုက်ရ၏။
တာအိုရသေ့သည် ပြုံး၍ ပြီးခဲ့သည့်တစ်ခေါက် သူတို့နှစ်ယောက်တွေ့ဆုံခဲ့စဉ်က သူတို့ဖတ်ခဲ့သော ကဗျာတစ်ပုဒ်ကို ရွတ်ပြလိုက်၏။ အောင်းရိသည် လီချန်ရှို့တစ်ယောက် ပုံရိပ်ယောင်အတတ်အား သုံးနေသည်ကိုတွေ့သောအခါ တစ်စုံတစ်ခုကို ချက်ချင်းသဘောပေါက်သွားလေသည်။
အောင်းရိ သေချာအာရုံခံကြည့်လိုက်ရာ ထိုတာအိုရသေ့သည် ဗလာနတ္ထိအဋ္ဌမအဆင့်ရှိကြောင်း သိလိုက်ရ၏။ ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း သူအတည်ပြုပြီးပေပြီ။
ထိုတာအိုရသေ့သည် ရန်ကျောင်းတော်၏ တပည့်တစ်ဦးဖြစ်သော လီချန်ရှို့ပင်။
တာအိုရသေ့သည် ဦးညွှတ်၍ ပြောလိုက်၏။
“ ညီလေးရိ... အစ်ကို ကိုယ့်ကိုယ်ကို အရှက်ရစေခဲ့ပြီ... ”
“ အစ်ကိုချန်ရှို့... အစ်ကိုအဲ့လို ပြောပေးဖို့မလိုပါဘူး... ”
အောင်းရိသည် လက်နှစ်ဖက်ဆုပ်၍ ပြန်ဦးညွှတ်လိုက်၏။ ထို့နောက် သူသည် ထိုတာအိုရသေ့အသွင်ဆောင်ထားသော လီချန်ရှို့နှင့်အတူ လမ်းလျှောက်ရင်း စကားစမြည်ပြောလိုက်လေသည်။
လီချန်ရှို့သည် အောင်းရိ၏ တုံ့ပြန်မှုကို လေ့လာ၍ ကောက်ချက်တစ်ခုချပြီးပေပြီ။ မည်သည့် တတိယအဆင့်ကို ရွေးရမည်ဖြစ်ကြောင်း သူသိရှိသွားပြီဖြစ်သည်။
လီချန်ရှို့သည် အောင်းရိကိုကြည့်၍ သူတို့ပတ်ပတ်လည်တွင် ရိုးရှင်းသော အသံလုံအလွှာတစ်ခုကို ဆင်လိုက်၏။ ထို့နောက် သူ အလေးအနက်ပြောလိုက်သည်။
“ ညီလေးရိ... တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်း ဘုံကျောင်းတွေကို ညီလေးဘယ်လိုထင်လဲ ”
အောင်းရိက ခပ်ဖြည်းဖြည်းခေါင်းညိတ်၍ ပြန်ပြောလိုက်၏။
“ ကိုးကွယ်တဲ့သူတွေက ကောင်းမှုတွေ လုပ်ကြပါတယ်။ ဘုံကျောင်းတွေကလည်း ဒီအတိုင်း အမွှေးတိုင်ပူဇော်ခံရအောင်ပဲ လုပ်နေတာမဟုတ်ပါဘူး... ဘုံကျောင်းတွေက တော်တော်လေး အဓိပ္ပာယ်ရှိတဲ့ ဩဝါဒတွေကိုလည်း သင်ပြပေးတယ်... ”
လီချန်ရှို့တစ်ယောက် သူမျှော်လင့်ထားသည့် အဖြေကို ရခဲ့သဖြင့် ပြုံးလိုက်သည်။
အောင်းရိသည် ခေါင်းငုံ့၍ ညင်သာစွာ မေးလိုက်၏။
“ အစ်ကိုချန်ရှို့... ကျွန်တော့်ကို ကိစ္စတွေ အကုန်လုံးပြောပြလို့ရမလား... တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေက... ”
လီချန်ရှို့သည် ချက်ချင်း ခေါင်းခါလိုက်ပြီး မိုးပေါ်သို့ လက်ညှိုးထိုးပြလိုက်၏။ ထို့နောက် သူ့ပါးစပ်ကိုသူ လက်ညှိုးထိုးပြလိုက်ပြီး မြေကြီးကို ဆက်၍ လက်ညှိုးထိုးပြလိုက်သည်။
အောင်းရိတစ်ယောက် သဘောပေါက်သည့်ပုံမပေါ်ချေ။ သူသည် ခေတ္တမျှတွေးတောနေပြီးနောက် ရုတ်ခြည်း တစ်စုံတစ်ခုကို သဘောပေါက်သွားလေတော့သည်။
‘ ငါထင်ထားသလိုပဲ အစ်ကိုချန်ရှို့က ဒီကိစ္စမှာ အသုံးချခံနေရတဲ့သူပဲ။ ဒီအမွှေးတိုင်ပူဇော်တွေမှုက ရတဲ့ ကုသိုလ်တွေကို စုဆောင်းနေတဲ့သူတွေက ရန်ကျောင်းတော်က ပညာရှင်တွေပဲ... ’
လီချန်ရှို့ ထပ်မံပြုံး၍ သက်ပြင်းချကာ ပြောလိုက်သည်။
“ အဲ့ နတ်တမန်တော်တွေက နဂါးနန်းတော်ရဲ့ ရေနဂါးစစ်သည်တချို့ကို ဒဏ်ရာရစေခဲ့တာ အစ်ကို တကယ် တောင်းပန်ပါတယ် ”
အောင်းရိ ကြောင်သွား၏။ ထို့နောက် သူတစ်စုံတစ်ခုကို တွေးမိသွားသည်။
နောက်ကွယ်မှသူများမှာ ရန်ကျောင်းတော်မှ ပညာရှင်များပင် ဟုတ်ဟန်မတူ။ စုန်းကဝေများ၏ အကြံလည်း ပါရပေမည်။ ပင်လယ်စောင့်နတ်မင်းအဖြစ် သရုပ်ဆောင်နေရသူ အစ်ကိုချန်ရှို့ ဆိုလိုသည်မှာ ဤနေရာတွင် သူတို့ပြောခဲ့သည့်စကားများကို အခြားသူများ မသိစေနှင့်ဟု ဆိုလိုခြင်းဖြစ်ပေမည်။
အောင်းရိပြုံး၍ ပြောလိုက်၏။
“ မပူပါနဲ့ အစ်ကိုချန်ရှို့... ဒါက အသေးအဖွဲကိစ္စလေးပါ။ နောက်ကျမှ ကျွန်တော်သူတို့ကို လှည့်ပတ် ရှင်းပြလိုက်ပါမယ် ”
အောင်းရိသည် ခေါင်းမော့၍ သူ၏ဘေးရှိ လီချန်ရှို့ကို ကြည့်လိုက်၏။ သူ၏ ရင်ထဲတွင် ဝမ်းနည်းသော ခံစားချက်များ ဖြစ်ပေါ်လာလေသည်။
“ အစ်ကိုချန်ရှို့ ခုနက ကျွန်တော့်ကို မေးတယ်မလား... နဂါးမျိုးနွယ်ရဲ့ လက်ရှိ အကြပ်အတည်းတွေကို ကျွန်တော်ဘယ်လောက်အထိ သိလဲဆိုတာလေ... အစ်ကိုရော ဘယ်အတိုင်းအတာလောက်အထိ သိထားလဲ ”
လီချန်ရှို့ သက်ပြင်းချလိုက်သည်။
“ အခု နဂါမျိုးနွယ် ကြုံတွေ့နေတဲ့ အကြပ်အတည်းတွေက ပြင်ပ ပြဿနာတွေကြောင့်မဟုတ်ဘဲ ရှေးကတည်းက ကြုံခဲ့ရတဲ့ မျိုးနွယ်အတွင်းက ပြဿနာတွေကြောင့်လို့တော့ အစ်ကိုသိထားတယ်။ အခုလို မတင်မကျအခြေအနေကို ကျော်လွှားနိုင်ဖို့က မလွယ်ဘူး။ ညီလေးရိ ကြိုးပမ်းခဲ့တဲ့ ကိစ္စတွေကို အစ်ကို အကြမ်းဖျင်းသိထားပါတယ်။ဒါပေမဲ့ ဒီအခြေအနေကို ညီလေးတစ်ယောက်တည်းအားနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး... ”
လီချန်ရှို့သည် စကားစ ခေတ္တရပ်လိုက်ပြီး အောင်းရိ၏ မျက်ဝန်းများကို လေ့လာလိုက်၏။
ယခုတွင် လီချန်ရှို့သည် “ တမင် တည့်တိုးပြောခြင်း ”၊ “ သဲလွန်စပေးခြင်း ”၊ “ လှည့်ဖျားခံရမည့်သူကို စိတ်ကြိုက် တွေးတောခွင့်ပြုခြင်း ”နှင့် “ ထောင်ချောက်အတွင်းသို့ တစ်လှမ်းပြီးတစ်လှမ်း ကျရောက်စေခြင်း ” ဟူသော လှည့်ဖျားနည်းများကို တွဲဖက်သုံးခဲ့ခြင်းပင်။ သို့သော် အဆင့်အမြင့်ဆုံး လှည့်ဖျားမှုအတတ်သည် နှုတ်ဆိတ်နေ၍ ကိုယ်အလိုရှိသောအရာကို လှည့်ဖျားခံရသူမှ လိုလိုချင်ချင်တောင်းဆိုလာအောင် လုပ်ခြင်းပင်။
ထိုသို့ဆိုလျှင် ကမ္မနှောင်ကြိုးသည် လှည့်ဖျားသူထံတွင် ရစ်ပတ်မည်မဟုတ်ဘဲ လှည့်ဖျားခံရသူထံတွင် သွားရောက် ရစ်ပတ်ပေလိမ့်မည်။
နောက်ဆုံးတွင် အောင်းရိသည် “ အခုလို အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုချန်ရှို့ ” ဟူ၍ သူ့ကိုပင် ပြန်ကျေးဇူးတင်သွားမည်ဖြစ်လေတော့သည်။
***