မိုက်မဲသော ယောက္ခမလောင်း
Vol. 56 Ch. 772
ယန်ချူးရှုံးက ဘေးပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ အနီးနားတွင် မည်သူမျှ မရှိသည်ကို တွေ့ပြီးနောက်
“မင်း မသိဘူးနော်။ ဒီမြောင်ဟုန်းဖူမှာ ပေကျင်းမြို့ မုမိသားစုရဲ့လူတစ်ယောက်က နောက်ခံအဖြစ် ရှိနေတယ်။ အဲ့ဒီလူက မြောင်ဟုန်းဖူ အသတ်ခံရတယ်ဆိုရင် ဒီကိစ္စကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘူး။ ဒါပဲ … အာ…”
ထန်ရှုက ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။
"မုမိသားစုထဲကတစ်ယောက်နဲ့ ကျွန်တော် ဆက်ဆံရေး ရှိတယ်။ အဲ့ဒီလူက ဘယ်သူဆိုတာ ပြောပြလို့ရမလား"
"သူက မုကျန်းဟွာလေ။" ယန်ချူးရှုံးက တီးတိုးပြောလိုက်သည်။
"ခင်ဗျားဆိုလိုတာက ... မြောင်ဟုန်းဖူရဲ့နောက်ကွယ်က ကျောထောက်နောက်ခံက မုကျန်းဟွာလား။" ထန်ရှုက အံ့သြသွားဟန်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်။ မုကျန်းဟွာက ကျော်ကြားတဲ့ အမှိုက် ဖြစ်ပြီး အသုံးမကျတဲ့၊ မိုက်မဲတဲ့ လူတစ်ယောက်ဆိုပေမယ့် သူ့မှာ မုမိသားစုရဲ့သွေး စီးဆင်းနေသေးတယ်။ သူ့အဖေက မုမိသားစုရဲ့ လက်ရှိမိသားစုခေါင်းဆောင်ဖြစ်နေတော့ သူ စိတ်ဆိုးသွားရင် အတော်ဒုက္ခရောက်လိမ့်မယ်။”
မိုက်မဲတဲ့သူတစ်ယောက်လား…
ထန်ရှု၏ပါးစပ်သည် အကြိမ်အနည်းငယ်ခန့် မဲ့ရွဲ့သွားရပြီး ကူကယ်ရာမဲ့သော အမူအရာဖြင့်
"ကျွန်တော် ခင်ဗျားကို ပွင့်ပွင့်လင်းလင်း ပြောဖို့လိုနေပြီ တိုင်းမှူးယန်။ ခင်ဗျား ခုနကပြောခဲ့တဲ့ မိုက်မဲတဲ့သူက ကျွန်တော့်ရဲ့ယောက္ခမလောင်းပဲ။"
"မင်း ... ဘာရီး…" ယန်ချူးရှုံး လုံးဝ အံသြသွားရသည်။
“ဟုတ်တယ်။ ကျွန်တော့်ကောင်မလေးက မု၀မ်ရင် ဖြစ်ပြီး မုကျန်းဟွာက သူ့အဖေဆိုတော့ ခင်ဗျား ပြောခဲ့တဲ့ မိုက်မဲတဲ့သူက ကျွန်တော့်ယောက္ခမလို့ ဆိုနိုင်ပါတယ်။” ထန်ရှုမှ အတည်ပြုပေးလိုက်သည်။
အဟွတ် … အဟွတ်…
ယန်ချူးရှုံးသည် အနေရခက်စွာဖြင့် ချောင်းနှစ်ကြိမ် ချောင်းဆိုးလိုက်ရသည်။ သူ့ကိုယ်သူ ကြမ်းပြင်တွင် တွင်းတစ်ခုတူးကာ ချက်ခြင်းပင် ပုန်းလိုတော့သည်။ မုကျန်းဟွာအား အရှက်မဲ့သည်ဟု သူ ထင်သော်လည်း ထန်ရှုကိုမူ သူ လေးစားပေရာ သူ၏ယောက္ခမအား သူ့ ရှေ့တွင် အမှန်တကယ် ကျိန်ဆဲနေမိခြင်းသည် တကယ်ကို ရှက်စရာ ကောင်းပေသည်။
"ကောင်းပြီ … ခင်ဗျားမှ မသိတာပဲ ကျွန်တော် ခင်ဗျားကို အပြစ်မတင်ပါဘူး တိုင်းမှူးယန်။ အဲ့ဒါအတွက် စိတ်ပူနေစရာ မလိုဘူး။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"နောက်ပြီး မုကျန်းဟွာက မုကျန်းဟွာ … ကျွန်တော့်ကောင်မလေးက ကျွန်တော့်ကောင်မလေးပဲ။ ဆိုတော့ ဒီအကြောင်းအရာကို ဖြတ်လိုက်ကြရအောင်။ ချင်းယွမ်အဖွဲ့ရဲ့နောက်ကွယ်တစ်ယောက်က ကျွန်တော်နဲ့ နီးစပ်သူတစ်ယောက်လို့ ပြောနိုင်တယ်ဆိုတော့ ဒီအရှုပ်အထွေးကို ရှင်းပစ်ဖို့ ကူညီပါ့မယ်။"
ယန်ချူးရှုံးက ခြောက်ကပ်ကပ် ရယ်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။
"မင်း ဘာလုပ်ချင်တာလဲ မစ္စတာထန်။ ချင်းယွမ်အုပ်စုက အပေါ်ယံမှာ လုပ်ငန်းအချို့ရှိတယ်ဆိုပေမယ့် နောက်ကွယ်မှာ မသန့်စင်တဲ့ လုပ်ငန်းအချို့ရှိတယ်လေ။ သူတို့နောက်ကွယ်က မုမိသားစုရဲ့ပံ့ပိုးကူညီမှုသာ မရှိရင် မြောင်ဟုန်းဖူရဲ့လုပ်ငန်းကို ငါတို့ ဖြုတ်ချပြီးပြီပေါ့။”
ထန်ရှုသည် ယန်ချူးရှုံး၏အဓိပ္ပါယ်ကို ကောင်းစွာ နားလည်သဖြင့် ဖျော့တော့စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ပြီး
“နားလည်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စိတ်ချပါ တိုင်းမှူးယန်။ အနာဂတ်ချင်းယွမ်အုပ်စုက ဘယ်လိုညစ်ညမ်းတဲ့ စီးပွားရေးမျိုးနဲ့မှ သက်ဆိုင်တော့မှာ မဟုတ်ဘူး။ ဒါနဲ့ … ကျွန်တော် လုပ်စရာလေး ရှိနေလို့ သွားလိုက်ပါဦးမယ်။"
****
ချင်းယွမ်အုပ်စု…
ထန်ရှုသည် ကျင်းရှီ၊ ရွှဲ့ရှတို့နှင့်အတူ ထိုကုမ္ပဏီသို့ ရောက်လာသောအခါတွင် ကုမ္ပဏီရှေ့တံခါးဝသို့ မဝင်မီ လုံခြုံရေးအစောင့်များစွာ၏တားဆီးခြင်းကို ခံခဲ့ရသည့်အပြင် ထိုလုံခြုံရေးအစောင့်များသည် လွန်စွာရိုင်းစိုင်းကြသည်။
"ဒါက ငါ့အိုင်ဒီ။"
ထန်ရှုသည် အစိမ်းရောင်စာအုပ်ကို ထုတ်ပြလိုက်တော့မှ လုံခြုံရေးအစောင့်များ၏အမူအရာများ သိသိသာသာ ပြောင်းလဲသွားကာ သူတို့၏သဘောထားများသည် ၁၈၀ဒီဂရီ ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူက ချက်ချင်း အေးစက်စက် ပြောလိုက်သည်။
“မင်းတို့ ငါ့ရဲ့အိုင်ဒီနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ ပြောလို့မရဘူး။ ကိုယ့်အလုပ်ကို ပြန်လုပ်ပါ။"
ထိုစကားပြောပြီး သူသည် အတွင်းသို့ ၀င်လာသည်။
အဆောက်အဦး၏အရှေ့ဝင်ပေါက်ကို ဖြတ်လာခဲ့ပြီးနောက် ထန်ရှုသည် ဧည့်ခန်းတွင် ဧည့်ကြိုအမျိုးသမီးငယ်နှစ်ဦးသည် လက်ကိုင်ဖုန်းများနှင့် ဂိမ်းကစားနေသည်ကို တွေ့ရပြီး အမျိုးသားအမျိုးသမီးလူရွယ်အများအပြားသည် စကားစမြည်ပြောဆိုနေကြသည်ကို တွေ့ရသည်။
“ထူးဆန်းတယ်။ ဒီနေရာက ဘယ်သူ့ဆီမှာမှ တည်ငြိမ်လျှပ်စစ်ထုတ်တဲ့ ကိရိယာ မရှိဘူး။” ထန်ရှုနှင့်အတူ လမ်းလျှောက်နေသော ကျင်းရှီက မှတ်ချက်မပေးဘဲ မနေနိုင်တော့ပေ။
ထန်ရှုလည်း မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် ဧည့်ခန်းဆီသို့ လျှောက်လာပြီး
“ငါက အစိုးရဌာနက တစ်ယောက်ပါ။ ချင်းယွမ်အုပ်စုရဲ့ အကြီးတန်း အမှုဆောင်တွေကို နာရီဝက်အတွင်း အရောက်လာပေးဖို့ မင်းတို့အကြောင်းကြားပေးပါဦး။”
ဧည့်ကြိုအမျိုးသမီးနှစ်ဦးသည် ထန်ရှုနှင့် သူ၏လူများကို အချိန်အတော်ကြာ အကဲခတ်လိုက်ပြီး ၎င်းတို့ထဲမှ တစ်ဦးက ချက်ချင်း ခေါင်းခါကာ လှပသော အပြုံးဖြင့် "ကျေးဇူးပြုပြီး ကျွန်မတို့ကို ကလေးအကွက်တွေ လာမလုပ်ပါနဲ့ လူကြီးမင်း။ အစိုးရက လာစစ်မယ်ဆိုရင် ကျွန်မတို့ သတင်းကြိုရပါတယ်။ နောက်ပြီး ကျွန်မတို့ရဲ့သူဌေးက လောလောဆယ် ဒီနေရာမှာ မရှိဘူး။ သူ ပြန်လာဖို့ အချိန်တစ်ခုလောက် စောင့်ရလိမ့်မယ်။"
ထန်ရှုက လေးနက်သော အမူအရာဖြင့်
“မင်းရဲ့သူဌေးကလွဲပြီး ကျန်တဲ့ ချင်းယွမ်အုပ်စုရဲ့ အကြီးတန်း အမှုဆောင်တွေအားလုံးကို ဒီနေရာက အစည်းအဝေးခန်းထဲမှာ စုဖို့ မင်း ဆက်သွယ်လိုက်ပါ။ ဒါက ငါ့အိုင်ဒီကတ်။ ငါ့အလုပ်ကို နှောင့်ယှက်ရင် မင်းကို ဥပဒေနဲ့အညီ အရေးယူမယ်။”
“ဒါ…” ဧည့်ကြိုအမျိုးသမီး နှစ်ယောက်က အစိမ်းရောင်စာအုပ်ကို ကြည့်ပြီး မည်သည့်အဓိပ္ပာယ်မှန်း နှစ်ယောက်လုံး မသိကြပေ။ သူတို့ တုံ့ဆိုင်းသွားပြီးနောက် ပထမအမျိုးသမီးက
“ကျွန်မတို့မှာ ဒီလိုလုပ်ဖို့ အခွင့်အာဏာမရှိဘူး လူကြီးမင်း။ ချင်းယွမ်အုပ်စုရဲ့ဒုတိယဥက္ကဌလီကို ခေါ်ပေးရင်ရော ဘယ်လိုလဲ။ သူနဲ့ အရင် စကားပြောချင်ပါသလား။"
“ကောင်းပြီလေ။” ထန်ရှု ခေါင်းညိတ်လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် အသက် ၄၀ အရွယ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လူရွယ်နှစ်ဦးနှင့်အတူ ဧည့်ခန်းသို့ ရောက်လာသည်။ ထန်ရှုတို့၃ယောက်ကို အချိန်အတော်ကြာ အကဲခတ်ပြီးနောက် သူက
"ဟိုင်း … ငါက ချင်းယွမ်အုပ်စုရဲ့ ဒုတိယဥက္ကဌ လီဟဲမင်ပါ။ ပြီးတော့ မင်းက …”
သူ၏အခွင့်အာဏာကို သက်သေပြပြီးနောက် ထန်ရှုမှ လေးနက်သောလေသံဖြင့်
“ခင်ဗျားရဲ့ကုမ္ပဏီဒုတိယဥက္ကဌရာထူးအရဆိုရင် ဒီစာရွက်စာတမ်းက ဘာကို ကိုယ်စားပြုတယ်ဆိုတာ ခင်ဗျား သိသင့်တယ်နော်။ အခု ချင်းယွမ်အုပ်စုရဲ့ အကြီးတန်းအမှုဆောင်များအားလုံးကို အစည်းအဝေးခန်းမထဲ ခေါ်ယူဖို့ ချက်ချင်း ဆက်သွယ်ပါ။ မင်းရဲ့ သူဌေးအတွက် ငါ သူ့ကို မစောင့်တော့ဘူး။"
လီဟဲမင် အတန်ပင် ဖြူဖျော့သွားသည်။ အစိမ်းရောင်စာအုပ်ကို သူ တစ်ခါမှ မမြင်ဖူးသော်လည်း အဖုံးတွင် ရေးထားသော စကားလုံးများနှင့် မည်သည်ကို ကိုယ်စားပြုထားသည်ကို သူ ကြားဖူးပေသည်။ သူ လျင်မြန်စွာ ခေါင်းညိတ်ပြပြီး ဘေးတစ်ဖက်သို့ လျှောက်သွားသည်။ သူ ပထမဆုံး ဖုန်းဆက်သူက သူဌေးကြီး မြောင်ဟုန်းဖူဖြစ်သည်။ သို့သော် သူဌေးကြီးက ဖုန်းလုံးဝ ပြန်မဖြေသောကြောင့် သူ ခေါင်းကိုက်သွားရသည်။
တတိယထပ် အစည်းအဝေးခန်းမထဲတွင်…
နာရီဝက်အတွင်း ချင်းယွမ်အုပ်စုပိုင်ရှင် မြောင်ဟုန်းဖူမှလွဲ၍ ဆက်စပ်သူများအားလုံးနီးပါး ရောက်ရှိလာခဲ့ကြသည်။ ယခု အစည်းအ၀ေးစားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် လူအယောက်(၂၀)ကျော် ထိုင်နေကြပြီး သူဌေးကြီး၏ကုလားထိုင်နေရာတွင် မျက်နှာသေဖြင့် ထိုင်နေသောလူအား ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် တီးတိုးသဖန်းပိုး ပြောနေကြပေသည်။
"အားလုံးရောက်လာကြပြီလား လီဟဲမင်…" အချိန်ရောက်ပြီဖြစ်သောကြောင့် ထန်ရှု ချက်ချင်းမေးလိုက်သည်။
“အားလုံးရောက်ပြီ။” လီဟဲမင်က ပြန်ဖြေသည်။
ထန်ရှုက အသာခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။ သူ၏စူးရှသော မျက်လုံးများက ဤနေရာရှိ လူ၂၀ကျော်၏မျက်နှာများကို ၀ေ့၀ဲကြည့်ပြီးနောက် လေးနက်သော အသံဖြင့်
“ငါ တစ်ခု ကြေညာစရာ ရှိတယ်။ ချင်းယွမ်အုပ်စုပိုင်ရှင် မြောင်ဟုန်းဖူက နိုင်ငံခြားအင်အားစုအချို့နဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် သူ့သားမြောင်၀မ်လေ့နဲ့အတူ သေဆုံးသွားခဲ့သလို မင်းတို့ရဲ့လုံခြုံရေးအစောင့် ဒါဇင်ပေါင်းများစွာလည်း သေဆုံးခဲ့တယ်။ ငါ မြောင်ဟုန်းဖူရဲ့ဆွေမျိုးတွေကို စုံစမ်းပြီးပြီ။ သူ့သားနဲ့ သူ့မိဘအိုတွေကလွဲပြီး တခြားဘယ်သူမှ မရှိဘူး။ သူ့မိဘတွေက ချင်းယွမ်အုပ်စုရဲ့လုပ်ငန်းကို စီမံခန့်ခွဲဖို့ဆိုတာက မသင့်တော်ဘူး။ အခု မင်းတို့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမတစ်ခုက ကုမ္ပဏီက ထွက်ပြီး တခြားနေရာမှာ အလုပ်ရှာဖို့။ နောက်ပြီး မြောင်ဟုန်းဖူရဲ့ရှယ်ယာတွေကို သူ့မိဘတွေ အမွေဆက်ခံဖို့ ငွေသားအဖြစ် ပြောင်းပေးလို့ရအောင် စတော့ပွဲစားအချို့ကို မင်းတို့ ရှာထားတာ ပိုကောင်းတယ်။"
လီဟဲမင်သည် အံသြသွားသကဲ့သို့ ချင်းယွမ်အုပ်စု၏ အကြီးတန်းအမှုဆောင်၂၀ကျော်လည်း ပါးစပ်အာစေးမိကာ ထုံထိုင်းနေပြီး ထန်ရှုကို မယုံကြည်နိုင်ဟန်မျက်နှာထားဖြင့် ကြည့်နေကြသည်။
သူဌေးကြီး သေသွားပြီလား။
ထိုသတင်းသည် သူတို့၏နားထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသကဲ့သို့ အချိန်အတော်ကြာအောင် မကြားနိုင်အောင် နားအူနေခဲ့ရသည်။
အချိန်အတော်ကြာပြီးနောက်တွင် လီဟဲမင်သည် နောက်ဆုံးတွင် တုန်ရီနေသောနှုတ်ခမ်း၊ တိုးတိတ်သောအသံဖြင့်
“မစ္စတာထန် … ငါတို့ရဲ့သူဌေးက ချင်းယွမ်တစ်ခုလုံးကို ပိုင်တယ်။ ရှယ်ယာတွေရဲ့ ၁၀၀%က သူ ပိုင်တယ်။”
ထန်ရှုသည် ချင်းယွမ်အုပ်စုသို့ မလာရောက်မီ ဤကိစ္စကို စုံစမ်းရန် တစ်စုံတစ်ဦးကို တာဝန်ပေးခဲ့သောကြောင့် အခြေအနေကို သူ သိနေသည်။ လူတိုင်း၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများကို ကြည့်ရင်း သူက
"မြောင်ဟုန်းဖူ ကွယ်လွန်ပြီး သူ့မိဘတွေက ချင်းယွမ်အုပ်စုကို စီမံခန့်ခွဲဖို့ မသင့်တော်တဲ့အတွက် ဒီကိစ္စကို ငါ ဆုံးဖြတ်ပေးမယ်။ မြောင်ဟုန်ဖူရဲ့ မိဘတွေကို ရှယ်ယာအတွက် ပိုက်ဆံပေးပြီး တိုင်းပြည်စောင့်ရှောက်ရေးအောက်မှာ ကျန်ရှိနေတဲ့ နှစ်တွေကို ပျော်ရွှင်စွာ ကုန်ဆုံးစေမယ်။”
"ချင်းယွမ်အုပ်စုအတွက် နိုင်ငံက ရှယ်ယာ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ ၅၁%ကို ယူမယ်။ လီဟဲမင်ကလွဲပြီး အကြီးတန်းအမှုဆောင်တွေက ၁%စီ ရမယ်။ ကျန်တဲ့၂၅%ကို ရင်းနှီးမြုပ်နှံသူတွေအတွက် ဖယ်ထားလိုက်မယ်။”
ထို့နောက် ထန်ရှုက
“ဘာပြောစရာ ရှိသေးလဲ။”
လီဟဲမင်၏မျက်လုံးများ ပြူးသွားကာ သူ့မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားသည်။ မြောင်ဟုန်းဖူ၏လုပ်ငန်းကို တာဝန်ယူရန် ထန်ရှုသည် သူ၏နိုင်ငံကိုယ်စားလှယ် ရာထူးကို အသုံးပြုနေကြောင်း သူ မည်သို့ မမြင်ဘဲ ရှိပါမည်နည်း။ ရှယ်ယာ ၁%စီရရှိမည် ဖြစ်သော အကြီးတန်း အမှုဆောင်အရာရှိများ၏စိတ်လှုပ်ရှားမှုကို မြင်နေရသော လီဟဲမင်သည် ထန်ရှုကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး
“မစ္စတာထန် ... ငါကရော …"
“သူတို့အားလုံးက လူ ၂၂ ယောက်ဆိုတော့ စုစုပေါင်းရှယ်ယာ ၂၂ ရာခိုင်နှုန်းဖြစ်တဲ့အချိန်မှာ ခင်ဗျားက ၃ ရာခိုင်နှုန်းရလိမ့်မယ်။ ဒါပေမယ့် အခုကစပြီး ခင်ဗျားက ချင်းယွမ်ဂရုရဲ့ အထွေထွေ မန်နေဂျာအနေနဲ့ အလုပ်လုပ်ရတော့မယ်။ မင်းရဲ့တစ်နှစ်တာလစာကတော့ အတူတူပဲဖြစ်လိမ့်မယ်။” ထန်ရှုက ရှင်းပြသည်။
၃% … ယွမ်မီလီယံ ၁၀၀နီးပါးပေါ့…
လီဟဲမင်သည် စိတ်ထဲတွင် ပျော်ရွှင်နေပြီး ခေါင်းညိတ်ပြကာ
“ငါ အဆင်ပြေတယ်။”
ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ဆက်သွယ်ရေးကိရိယာတစ်ခုကို ထုတ်ယူကာ လူတိုင်းရှေ့တွင် မုဝမ်ရင်၏ဖုန်းနံပါတ်ကို ခေါ်ဆိုပြီး စပီကာကို ဖွင့်လိုက်သည်။
"ဟယ်လို ထန်ရှု…"
မု၀မ်ရင်၏အသံသည် ဆက်သွယ်ရေးကိရိယာထဲမှ ထွက်ပေါ်လာပြီး အစည်းအဝေးခန်းမရှိ လူတိုင်းသည် သူမ၏အသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ပေသည်။
“၀မ်ရင် … အခု မင်းကုမ္ပဏီကနေ ပိုက်ဆံ ဘယ်လောက် ရနိုင်မလဲ။ ငါ ဆိုလိုတာက မင်းကုမ္ပဏီရဲ့ ပုံမှန်လည်ပတ်မှုတွေကို မထိခိုက်စေဘဲ မင်း ပိုက်ဆံ ဘယ်လောက်ယူနိုင်မလဲ။" ထန်ရှုက မေးလိုက်သည်။
မု၀မ်ရင် ခဏတုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေသည်။
“ပြီးခဲ့တဲ့အချိန်က နင် ငါ့ကို မိတ်ဆက်ပေးခဲ့တဲ့ ဖောက်သည်တွေကြောင့် ကုမ္ပဏီကို ချဲ့ထွင်နိုင်ပြီး ဝင်ငွေ တော်တော်လေး ရလာခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘဏ္ဍာရေးအခြေအနေတွေကို စစ်ဆေးကြည့်တော့ ယွမ်မီလီယံ ၂၅၀ လောက်ယူရတာ ပြဿနာမရှိဘူးလို့ ထင်ပါတယ်။”
"ယွမ်မီလီယံ ၂၅၀ဆိုလည်း ၂၅၀ပေါ့။ ဒါနဲ့ ငါ မင်းကို နောက်ထပ်စီးပွားရေးတစ်ခု ကမ်းလှမ်းချင်တယ်။ ကျွန်းက ချင်းယွမ်အုပ်စုအကြောင်း သိတယ် မဟုတ်လား။ မင်းအဖေ မုကျန်းဟွာက ချင်းယွမ်အုပ်စုပိုင်ရှင် မြောင်ဟုန်းဖူနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတယ်။ အခု အဲ့ဒီလူက သူ့သားနဲ့အတူ ဆုံးသွားပြီဆိုတော့ မင်း ယွမ်မီလီယံ ၂၅၀သုံးပြီး ကုမ္ပဏီရှယ်ယာ ၂၅ရာခိုင်နှုန်းကို ဝယ်လိုက်ပါ။”
"နင် ဘာပြောလိုက်တာလဲ။ မြောင်ဟုန်းဖူ သေသွားပြီလား။” မု၀မ်ရင်က မေးလာသည်။
"အမှန်ပဲ။ သူသေသွားပြီ။ အခု ငါလည်း ဒီနေရာမှာ အစိုးရကိုယ်စား ပြဿနာတချို့ ဖြေရှင်းပေးနေတာ။” ထန်ရှုက ပြောသည်။
“ဒါဆို ငါ့အဖေကရော…” မု၀မ်ရင်က အလျင်စလို မေးလိုက်သည်။
"မင်းအဖေကို ငါ မကိုင်တွယ်ဘူး။" ထန်ရှုက သူမ၏စကားကို ကြားဖြတ်သည်။
“သူ့ကို ထိန်းချုပ်နိုင်တဲ့သူက မင်းပဲ။ နောက်တော့ ကျွန်းကို မင်းကိုယ်တိုင် လာခဲ့ပါ။ ချင်းယွမ်အုပ်စုရဲ့ ဒုတိယဥက္ကဌ လီဟဲမင်နဲ့ ကျွန်းရဲ့တာဝန်ရှိသူတွေက ပိုင်ဆိုင်မှုအပြောင်းအလဲတွေကို လုပ်ဆောင်ဖို့ မင်းကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မယ်။"
“ဒါက … အိုကေလေ။”
ထန်ရှု ဖုန်းချလိုက်ပြီး ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများဖြင့် ရှိနေကြသော ချင်းယွမ်အုပ်စု ထိပ်တန်းအမှုဆောင်အရာရှိများကို ကြည့်လိုက်သည်။ ထို့နောက် သူက
“မု၀မ်ရင်က ဘယ်သူလဲဆိုတာ ခင်ဗျားတို့ သိလောက်မှာမို့ ငါ ဘာမှ ထပ်ပြောဖို့ မလိုဘူးလို့ ယုံကြည်တယ်။ မြောင်ဟုန်းဖူ သေဆုံးသွားတယ်ဆိုပေမယ့် ချင်းယွမ်အုပ်စုကတော့ မသေဆုံးသွားဘူးလေ။ ရှယ်ယာအပြောင်းအလဲတွေနဲ့ လွှဲပြောင်းတာတွေမပြီးခင် ခင်ဗျားတို့ ဒီပြဿနာကို လျှို့ဝှက်ထားဖို့ မျှော်လင့်တယ်။ အဲဒါတွေ ပြီးသွားရင်တောင် ငါ့ရဲ့သတိပေးချက်ကို ခင်ဗျားတို့စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားသင့်တယ်။ နို့မဟုတ်ရင် ငါ ပေးခဲ့တဲ့ အရာကို ပြန်ယူတဲ့အပြင် မင်းတို့တွေ ပိုပေးရအောင်ပါ လုပ်ပစ်လိုက်မယ်။"
"ငါတို့နားလည်ပါတယ်။"
ကုမ္ပဏီ၏ထိပ်တန်းအမှုဆောင်အရာရှိများသည် အမူအရာ ပြောင်းလဲသွားကာ တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြလိုက်ကြသည်။