← Chapters

ဒုက္ခဖန်တီးချိန်များတွင် ပြင်းထန်သော ပြစ်ဒဏ်       

Vol. 56 Ch. 773

ဒုက္ခဖန်တီးချိန်များတွင် ပြင်းထန်သော ပြစ်ဒဏ်       

Vol. 56 Ch. 773

ထန်ရှုသည် ချင်းယွမ်အုပ်စုနှင့်ပြဿနာ ဖြေရှင်းပြီးနောက် ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်နိုင်ငံ့ခေါင်းဆောင်များက သူ့ကို ကျွန်းသို့ သွားရန် ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် တောင်းဆိုခဲ့သည်။ ထိုရည်ရွယ်ချက်မှာ အမှောင်ဗိုင်းရပ်စ်ပြဿနာကို ဖြေရှင်းရန်နှင့် ကျွန်းသူကျွန်းသားများ စည်းကမ်းလိုက်နာပြီး ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းရန်တို့ဖြစ်သည်။

ဤပြဿနာနှစ်ခုအနက် နတ်ဆေးသမားတော် ကွေ့ကျန်းချိုးသည် ဗိုင်းရပ်စ်ပြဿနာတစ်ခုအား ယခု ရင်ဆိုင်ဖြေရှင်းနေပြီး ၎င်းနှင့်ပတ်သက်၍ သူ များစွာ စိုးရိမ်စရာမလိုပေ။ သူသည်လည်း ဒုတိယပြဿနာကို ဖြေရှင်းပြီးလုနီးပါးဖြစ်သည်။

သူ ဆောင်ရွက်ရမည့် ပြဿနာမှာ ကျွန်းပေါ်ရှိ လူများ စည်းကမ်းလိုက်နာရေး၊ ဘေးကင်းလုံခြုံရေးတို့ကို ထိန်းသိမ်းရန်ဖြစ်ပြီး သည်အချိန်ကာလတွင် အခွင့်ကောင်းယူကာ ပိုမိုဖရိုဖရဲ ဖြစ်အောင် လုပ်ဆောင်သူတိုင်းနှင့် ဒုက္ခရောက်နေသော နေရာတွင် ကိုယ်ကျိုးရှာသော မည်သူ့ကိုမဆို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သည်။ သည်ကဲ့သို့ စိတ်ပျက်အားလျော့၍ ထင်ရာစိုင်းနေကြသော အခြေအနေအောက်တွင် သူ လုပ်ဆောင်ရမည့် အရေးကြီးဆုံးအရာသည် အဓိကရုဏ်းဖြစ်စေသော ရာဇဝတ်သားများကို ကိုင်တွယ်ဖြေရှင်းရန်သာတည်း။

ကျွန်းရှိ ရဲတပ်ဖွဲ့စနစ်သည် လက်တွေ့အားဖြင့် ရပ်တန့်သွားပြီဟု ဆိုနိုင်သည်။ ရဲတပ်ဖွဲ့သည်လည်း အမှောင်ဗိုင်းရပ်စ် ကူးစက်ခံထားရသောကြောင့် အရပ်သားများ၏ဘေးကင်းရေးကို စိတ်ပူရန် မည်ကဲ့သို့ အချိန် ရှိနေနိုင်ပါမည်နည်း။ ထို့ကြောင့် သူသည် ရဲတပ်ဖွဲ့အား မည်သို့မျှ အားမကိုးနိုင်ပေ။

"သူဌေး … ဒီနေရာမှာ တစ်ခုခု ထူးဆန်းနေသလို ခံစားနေရတယ်။"

ချင်းယွမ်၏အဆောက်အအုံအဝင်ဝတွင် ကျင်းရှီသည် မျက်မှောင်ကြုတ်လိုက်ပြီး ကားပေါ်တွင်ထိုင်နေသည့် ထန်ရှုအား ပြောလိုက်သည်။

"ဘယ်လိုများ ခံစားရလို့လဲ။"ထန်ရှုက မေးလိုက်သည်။

"ငါတို့ ချင်းယွမ်အုပ်စုထဲဝင်ပြီး ပြန်ထွက်တဲ့အချိန်ထိ ၂နာရီနဲ့ ၄၅မိနစ်လောက် အချိန်ကုန်ဆုံးခဲ့ပြီး အထူးသဖြင့် အစည်းအဝေးခန်းထဲမှာ နှစ်နာရီကြာ အချိန်ကုန်ခဲ့တယ်။ ငါတို့တွေက ကျင့်ကြံသူတွေမို့ ကိုယ့်ရဲ့အစစ်အမှန်အဆီအနှစ်ကို အသုံးပြုတဲ့အတွက် ဗိုင်းရပ်စ်ကို တားဆီးနိုင်တယ်ဆိုပေမယ့် ကူးစက်ခံထားရတဲ့ လက္ခဏာတွေရှိတဲ့ ချင်းယွမ်အုပ်စုရဲ့ ထိပ်တန်းအမှုဆောင်အရာရှိအားလုံးက သူတို့ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ ဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ တည်ငြိမ်လျှပ်စစ်ထုတ်တဲ့စက်ကို ဘယ်သူကမှ အသုံးမပြုကြဘူး။ အဲ့ဒါက လွဲနေတယ်လို့ ငါ ခံစားနေရတယ်။”

ထိုစကားကို ကြားပြီးနောက် ထန်ရှု၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် ဤကိစ္စကို မကြာသေးမီက လျစ်လျူရှုခဲ့မိပြီး ကျင်းရှီက သတိပြုမိသွားနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ မိမိ၏ လျစ်လျူရှုမှုကို စိတ်ထဲက အပြစ်တင်လိုက်ပြီးနောက် ထန်ရှုက

"လီဟဲမင်ကို ချက်ခြင်း ဖုန်းဆက်ပြီး ဒီကိုလာဖို့ ပြောလိုက်။"

“နားလည်ပြီ။” ကျင်းရှီက ပြန်ဖြေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လီဟဲမင် အပြေးရောက်လာသည်။ လိုင်စင်နံပါတ်ပြား တပ်ထားသော ကားပေါ်ရှိ ထန်ရှုကို မြင်သောအခါ သူ၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ အက္ခရာနှင့်နံပါတ်များကို အနက်ရောင်ဖြင့် ရေးထားပြီး အနီရောင်အမှတ်အသားဖြင့် စတင်သော လိုင်စင်နံပါတ်ပြားသည် ပုံမှန်စစ်တပ်သုံး နံပါတ်ပြား ဖြစ်ပေသည်။ လီဟဲမင်၏အကြည့်သည် ကားပြတင်းပေါက်နောက်မှ ထန်ရှုဆီ ရောက်သွားပြီး သူ့ကိုယ်ဟန်အနေအထားအား နှိမ့်လိုက်ကာ

"မစ္စတာထန် … ငါ့အတွက် ညွှန်ကြားချက်များ ရှိသေးလား။"

"ချင်းယွမ်အုပ်စုမှာ ထူးခြားမှုတစ်ခုခု ဖြစ်ခဲ့သလား။ မင်းတို့အားလုံး ဗိုင်းရပ်စ်ကူးစက်ခံထားရတာ အရမ်းသိသာပေမယ့် ဘယ်သူကမှ လျှပ်စစ်ဓာတ် ထုတ်တဲ့ကိရိယာတွေကို သုံးတာ မတွေ့မိဘူး။"

"သူဌေး … အဲ … မြောင်ဟုန်းဖူက နိုင်ငံခြားအင်အားစုတစ်စုဆီကနေ ဝယ်ဖို့ ကုမ္ပဏီကို အမိန့်ပေးကတည်းက ကုမ္ပဏီအတွင်းမှာ လျှပ်စစ်ဓာတ်အားထုတ်လွှတ်စက်တစ်ခု တပ်ဆင်ထားပါတယ်။ အဲ့ဒီစက်က အဆောက်အဦးတစ်ခုလုံးကို ဖုံးလွှမ်းထားနိုင်တဲ့အတွက် ဝန်ထမ်းတွေအားလုံး တခြားလျှပ်စစ်ဓာတ် အားဖြည့်စက်တွေ မလိုအပ်တော့ပါဘူး။”

လီဟဲမင်က လျင်မြန်စွာ ဖြေလိုက်သည်။

"လျှပ်စစ်ဓာတ်အားထုတ်စက်လား…"

ယခုခေတ်တွင် ထိုသို့သော အရာတစ်ခု ရှိမည်ဟု မမျှော်လင့်ထားသောကြောင့် ထန်ရှု၏စိတ်ကလေး တုန်လှုပ်သွားသည်။ ခဏလောက်စဉ်းစားပြီးမှ သူက ချက်ချင်း မေးလိုက်သည်။ "ဒီလျှပ်စစ်ဓာတ်အားထုတ်လွှတ်တဲ့စက်က အများဆုံး ဖုံးလွှမ်းနိုင်တဲ့ဧရိယာက ဘယ်လောက်လဲ။ ဆိုလိုတာက ကျွန်းတစ်ခုလုံးကို အဲဒါနဲ့ ဖုံးထားလို့ရမလား။"

“အရင်က မြောင်ဟုန်းဖူကို အဲ့ဒီကိစ္စ မေးခဲ့ဖူးတယ်။ ငါတို့ချင်းယွမ်အုပ်စုက အသုံးပြုနေတဲ့ လျှပ်စစ်ဓာတ်အားထုတ်လွှတ်တဲ့ကိရိယာက အကောင်းဆုံးဆိုပေမယ့် ကီလိုမီတာ နည်းနည်းလောက်ပဲ ဖုံးလွှမ်းနိုင်တယ်။”

ထန်ရှုသည် လီဟဲမင် အမှန်အတိုင်း ပြောနေသည်ကို သိသဖြင့် စကားတစ်ခွန်းမှမဆိုဘဲ ခေါင်းညိတ်သည်။ သူက ပြဿနာအကြောင်း ခဏလောက်စဉ်းစားပြီး “အဲ့ဒီလျှပ်စစ်ဓာတ်အားဖြည့်စက်ကို ခင်ဗျား ဝယ်လို့ ရသေးလား။”

"ဝယ်လို့ရသေးလားတော့ ငါ မသိဘူး။" လီဟဲမင် ခေါင်းယမ်းလိုက်သည်။

“အဲ့ဒါကို မြောင်ဟုန်းဖူ ဝယ်တုန်းက သူ့အတွက် အတော်လေး ကုန်ကျပုံရတယ်။ ရောင်းသူရဲ့ဇာစ်မြစ်ကို ငါ သိပါတယ်။ အဲ့ဒီစက်တွေက မိုက်ခရိုနီးရှား ဓနသဟာယကနေ လာတာလေ။”

ထန်ရှုက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။ ထိုလူများကို သူ သိပေသည်။ မဟူရာကလပ်၏အပြတ်ရှင်းခြင်းကို ခံလိုက်ရသော ထိုလူများဆီမှ ထိုကဲ့သို့သော လျှပ်စစ်ဓာတ်အား ထုတ်လွှတ်သည့်ကိရိယာကို သူ မည်ကဲ့သို့ ဝယ်ယူနိုင်ပါမည်နည်း။ သူ တခဏလောက် အတွေးထဲ နစ်မြုပ်သွားပြီး ကွေ့ကျန်းချိုး တီထွင်နေသော ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး၏ရလဒ်များကို မနက်ဖြန် နေ့လယ်ပိုင်းလောက်တွင် သိနိုင်မည်ဟု သူ့ကို ပြောပြခဲ့သည်ကို ပြန်သတိရသွားသည်။ ထို့ကြောင့် ထန်ရှုသည် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်သောစက် အမြောက်အမြား ဝယ်ယူမည့် သူ၏စိတ်ကူးကို ရပ်တန့်လိုက်သည်။

“ဒါနဲ့ ကုမ္ပဏီမှာ အတော်လေး ရှင်းလင်းတဲ့နေရာ ရှိလား။ ဒီမှာနေဖို့ လူတချို့ကို တာဝန်ပေးထားချင်လို့။”

"လူဘယ်နှစ်ယောက်လောက်လဲဆိုတာ မေးလို့ရမလား မစ္စတာထန်…" လီဟဲမင်က မေးလိုက်သည်။

ထိုအကြောင်းကို စဉ်းစားပြီးနောက် နောက်ဆုံးတွင် ထန်ရှုက ခေါင်းယမ်းလိုက်ပြီး

“အာ … ထားလိုက်ပါတော့။ ဗိုင်းရပ်စ်ကုသဖို့အတွက် သုတေသနကို မနက်ဖြန်မှာ ပြီးအောင် လုပ်မယ် ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးတော့ဘူး။”

မူလက သူသည် ထန်ဟန်နှင့်သူမ၏လူယုံများကို ဤနေရာသို့ ခေါ်ဆောင်ရန် စီစဉ်ခဲ့သည်။ သို့သော် သူနှင့် ထန်ဟန် ဆက်စပ်နေကြောင်းကို အပြင်လူများအား မသိစေလိုသောကြောင့် နောက်ဆုံးတွင် သူ့အကြံကို စွန့်လွှတ်လိုက်သည်။ ချင်းယွမ်အုပ်စုတွင် လူများစွာ ရှိသဖြင့် ၎င်းတို့၏ဆက်ဆံရေးကို ပြင်ပက သိရှိသွားရန် လွန်စွာ လွယ်ကူပေမည်။

****

ထန်စံအိမ်ကိုယ်ခံပညာသင်တန်းကျောင်း…

ထန်ရှုသည် ချင်းယွမ်အုပ်စုမှ ထွက်ခွာပြီးနောက် ထိုသင်တန်းကျောင်းသို့ တိုက်ရိုက်သွားရောက်ခဲ့စဉ်တွင် မိုအားဝူနှင့် ကျန်သောသူများသည် ထိုပြည်ပအင်အားစုများ၏ ကြွင်းကျန်သောသူများကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း အကြောင်းကြားရန် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"ဒီနေရာက အေးချမ်းသွားပါပြီ သူဌေး…"

ဆိုဖာပေါ်တွင် စီးကရက်သောက်နေသော ထန်ရှုကို ကြည့်ရင်း မိုအားဝူသည် စိတ်အေးလက်အေး အသံဖြင့် ပြောလိုက်သည်။

"မင်းပြောတဲ့ ငြိမ်းချမ်းသွားပြီက ဒီနိုင်ငံခြား အင်အားစုတွေအားလုံးကို မင်းတို့ ဖယ်ရှားလိုက်တဲ့အတွက်ကြောင့် ပြောတာ မဟုတ်ဘူးလား။"

ထန်ရှုက အမူအရာမဲ့စွာ ငြင်းဆိုလိုက်သည်။

“အမှန်က ဒီနေရာမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ အဝေးကြီးပဲ။ အမှောင်ဗိုင်းရပ်စ်က ကျွန်းပေါ်က နေထိုင်သူအားလုံးကို ကူးစက်ခဲ့တော့ ရုန်းရင်းဆန်ခတ် ဖြစ်မှုနဲ့အထိတ်တလန့်ဖြစ်စေမှုတွေ ပေါ်လာတယ်။ ယုတ်မာတဲ့ အကြံအစည်ရှိတဲ့သူတွေက ဒီအချိန်ကာလထဲ ပွဲလန့်တုန်း ဖျာခင်းဖို့ ကြံစည်ပြီး ရုန်းရင်းဆန်ခတ်တာတွေကို ပိုမိုဖြစ်ပေါ်စေလိမ့်မယ်။ အဲ့ဒါအပြင် ဗိုင်းရပ်စ်ကို ယာယီနှိမ်နင်းထားနိုင်ပေမယ့် အပြည့်အဝမဖြေရှင်းနိုင်သရွေ့ လူတွေက ထိတ်လန့်တုန်လှုပ်နေကြဦးမှာ။ နှောင့်နှေးလေလေ … ကမောက်ကမဖြစ်နိုင်ချေ ပိုများလေလေပဲ။"

မိုအားဝူက ရှုံ့မဲ့သွားပြီး

“သူဌေး ဆိုလိုတာက …”

"ငါတို့အဖွဲ့က လူ ၁၂ဦးကို အဖွဲ့ခြောက်ဖွဲ့ခွဲထားမယ်။ လေးဖွဲ့က မြို့ကြီး၄မြို့ဖြစ်တဲ့ စပါးအုံး၊ ဝံပုလွေအုပ်၊ အမြွာစမ်းချောင်းနဲ့ သောင်းပြောင်းထွေလာမြို့တွေဆီ အပြေးအလွှားသွားပြီး အရပ်သားတွေအကြား စည်းစနစ်ကျအောင်၊ စည်းကမ်းလိုက်နာအောင် ဆောင်ရွက်ပေးရမယ်။ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့သူတွေ ဒါမှမဟုတ် လွန်လွန်ကျူးကျူး တစ်ခုခုကို ကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ကွပ်မျက်ပြီး သတ်လိုက်။ အခြားအဖွဲ့နှစ်ဖွဲ့က ကျွန်းတစ်ခုလုံးရဲ့ရွာအားလုံးကို သွားရမှာဖြစ်လို့ ကြိုးကြိုးစားစား လုပ်ရလိမ့်မယ်။”

"အမိန့်များလက်ခံရရှိပြီး။" မိုအားဝူ၏အဖြေသည် အမြဲတမ်း ရိုးရှင်းသည်။

ထန်ဟန်က အလျင်စလို ကြားဖြတ်ပြောလိုက်သည်။ “ငါနဲ့ငါ့လူတွေ နင်တို့နဲ့ပူးပေါင်းမယ် မောင်ငယ်လေး။ နောက်ပြီး ငါတို့က ကျွန်းနဲ့ အတော်အကျွမ်းတဝင် ရှိတာမို့ နင့်ကို ကူညီလုပ်ဆောင်ပေးနိုင်တယ်။"

"ပြသနာ မရှိဘူး။" ထန်ရှုက ပြုံးပြီးပြောသည်။ "အစ်မကြီးတို့အားလုံးက အခုဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုအောက်မှာ မရှိကြတဲ့အတွက် ကျွန်တော်တို့ကို ကူညီတာက ကြီးမားတဲ့ ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် ထန်စံအိမ်သင်တန်းကျောင်းက လူတွေမှန်း မသိစေချင်တဲ့အတွက် အစ်မကြီးတို့ရဲ့ သွင်ပြင်ကိုတော့ ဖုံးကွယ်ထားစေချင်တယ်။"

"ငါ့ကိုယ်ငါ ဘယ်လိုရုပ်ဖျက်ရမှာလဲ။" ထန်ဟန်က မေးလိုက်သည်။

"အဲ့ဒါကို စိတ်မပူပါနဲ့။ ကျွန်တော့်မှာ နည်းလမ်းတွေ ရှိပါတယ်။” ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

ပုံပန်းသဏ္ဍာန်ပြောင်းလဲခြင်းနှင့် ရုပ်ဖျက်ခြင်းသည် မိုအားဝူနှင့် အခြားသူများအတွက် လွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။ သူတို့သည် ယခင်က နိုင်ငံရပ်ခြားတွင် လေ့ကျင့်လေ့ရှိကြပြီး ပြီးပြည့်စုံရန် ဤနည်းလမ်းများကို ကြာရှည်စွာ အသုံးပြုခဲ့သည်။

ကျွန်း၏တည်ငြိမ်မှုနှင့် အမိန့်နာခံမှုမှာ ယခုအချိန်တွင် လွန်စွာဆိုးရွားနေလျက် ရှိသည်။ သေးငယ်သော ဆူပူအုံကြွမှုများနှင့် အဓိကရုဏ်းများ ဖြစ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ၎င်းအား ဖြိုခွင်းနိုင်ခဲ့သည်။ သို့သော် ဆိုးယုတ်သော ရည်ရွယ်ချက်များဖြင့် ဤနိုင်ငံကို ဖျက်ဆီးရန် ပြင်ဆင်နေသူများလည်း ရှိနေသေးသည်။ လွန်ကဲသောကိုယ်ရည်ကိုယ်သွေးရှိသူအချို့သည် ကိရိယာတန်ဆာပလာများနှင့် လက်နက်များကိုပင် ကိုင်ဆောင်လာကာ အခြားသူများအပေါ် ခြိမ်းခြောက်ကြိမ်းမောင်းကြသည်။

လက်ရှိအချိန်အထိ ကြီးမားသော အဓိကရုဏ်း မဖြစ်ပွားသေးသည့်တိုင် ရပ်ကွက်အများအပြားတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် မြင်ကွင်းများကို မြင်တွေ့နိုင်ပေသည်။

အမြွာစမ်းချောင်းမြို့…

ဒေသတစ်ခုတွင် လက်ထဲ၌ ဓား၊ တုတ်များ ကိုင်ဆောင်ထားသည့် လူရွယ်ဒါဇင်များစွာသည် ဟွေ့မင်စူပါမားကတ်၏တံခါးကို ရိုက်ချိုးကာ အတွင်းထဲသို့ ဝင်စီးခဲ့သည်။ စူပါမားကတ်၏ငွေကိုင်တွင် ငွေသားအများကြီးမရှိသော်လည်း စူပါမားကတ်သည် ကုန်ပစ္စည်းများ ပြည့်နေပြီး ငွေများစွာ တန်ပေသည်။ ထိုလူများသည် ရူးသွပ်သွားသည့်အလား တန်ဖိုးကြီးပစ္စည်းများကို သူတို့၏အိတ်ကပ်များ၊ သယ်ဆောင်လာသော အိတ်များတွင် ထည့်လိုက်သည်။

"နင်တို့အားလုံး ရပ် … ရပ်လို့ …"

လက်ကိုင်ဖုန်းကိုင်ထားသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ဒုတိယထပ်ကနေ လှမ်းအော်သည်။ သူမ၏မျက်နှာတွင် ဒေါသတရားနှင့် ထိတ်လန့်မှုများ ဖုံးလွှမ်းနေသော်လည်း အောက်ထပ်သို့ ဆင်းရန် ကြောက်ရွံ့နေခဲ့သည်။

လူရွယ်ဒါဇင်များစွာတို့သည် သူမအား လျစ်လျူရှုပြီး စူပါမားကတ်၏ပထမထပ်တွင် ရနိုင်သမျှကို ဝရုန်းသုန်းကားဖြင့် ဒေါသတကြီး လုယက်ကြသည်။

လေးမိနစ်ခန့်အကြာတွင် တုတ်များ ကိုင်ဆောင်ထားသော လူငါးဦးသည် အပြင်မှ ပြေးဝင်လာကြပြီး ဦးဆောင်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကုန်ပစ္စည်းများ သယ်မလျက် အပြင်သို့ ပြေးထွက်လာသော လူရွယ်တစ်ဦးအား ဓားဖြင့် ခုတ်လိုက်သည်။ နောက်ထပ် ကြောင်အကာ ကြိုတင်ပြင်ဆင်မှုမရှိသော အခြားလူရွယ်တစ်ဦး၏ လည်ပင်းကို တိုက်ရိုက်ထိုးသတ်လိုက်သည်။

"ပစ္စည်းတွေကို ချလိုက်စမ်း။ ငါ့စူပါမားကတ်ကို လုယက်ရဲတဲ့သူတွေကို ငါ သတ်မယ်။”

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

စူပါမားကတ်ကို လုယက်နေသော လူရွယ်များစွာသည် ရပ်တန့်ကာ ငြိမ်သက်သွားကြသည်။ သို့သော် ငါးစက္ကန့်အကြာတွင် လူရွယ်တစ်ယောက်က

“ယီးမို့ ကြောက်ရမှာလားကွ။ သူတို့ထဲက ငါးယောက်ထဲ … ငါတို့က လူတွေအများကြီးပဲ။ သူတို့ကို သတ်ပြီးရင် ဒီစူပါမားကက်မှာ ရှိသမျှပစ္စည်းတွေကို အိမ်ကို သယ်ကြရအောင်။"

"ဟုတ်တယ် … သူတို့ကို သတ်။"

များမကြာမီတွင် ရုန်းရင်းဆန်ခတ် တိုက်ပွဲတစ်ခု ဖြစ်ပွားလာတော့သည်။ သက်လတ်ပိုင်းအရွယ် ပိုင်ရှင်အမျိုးသားနှင့် သူ၏အပေါင်းအဖော်လေးဦးအား ဒဏ်ရာဒဏ်ချက်နှင့် စုတ်ပြတ်သတ်သွားစေကာ စူပါမားကတ်အတွင်းမှ နှင်ထုတ်လိုက်သည်။  ဒဏ်ရာပြင်းထန်စွာရခဲ့သော ၎င်းတို့ထဲမှတစ်ဦးသည် နောက်ဆုံးတွင် စူပါမားကတ်အဝင်ပေါက်တွင် လဲကျသွားသဖြင့် လုယက်သူများ၏ အုပ်စုဖွဲ့ ရိုက်နှက်ခြင်းကို ခံရကာ သေဆုံးသွားသည်။

ကျွီ...

အနီးနားတွင် အကြမ်းခံသော ကားတစ်စီး ရပ်တန့်သွားပြီး ကြံ့ခိုင်သော လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ခုန်ဆင်းကာ အပြေးဝင်လာပြီး လုယက်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ သူ၏ ပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရဲရင့်သော တိုက်ပွဲစွမ်းရည်များကြောင့် လုယက်သူအုပ်စုက မတုံ့ပြန်နိုင်သေးခင် လူလေးယောက်အား သတ်ဖြတ်ခဲ့ပြီးဖြစ်လေသည်။

"ဒီမျိုးမစစ်ကောင်တွေကို သတ်ပစ်…"

ရောက်လာသော လူနှစ်ယောက်သည် ထက်မြက်ပြီး စွမ်းအားကြီးသည်ကို လုယက်နေသော လူရွယ်များစွာက သဘောပေါက်ကြသဖြင့် ကြွေးကြော်သံများနှင့်အတူ သတ္တိမွေးကာ လက်နက်များ ကိုင်မြှောက်ပြီး ထိုနှစ်ယောက်အား ခုခံကြသည်။

ဘန်း … ဘန်း … ဘန်း …

ကျားတစ်ကောင်က သိုးအုပ်ထဲကို ဝင်ရောက်တိုက်ခိုက်လိုက်လေသည့်အလား။

ရောက်လာသော လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးသည် မြေပြင်ပေါ်ရှိ ကြံခုတ်ဓားရှည်များကို ကောက်ယူကာ ဖရဲသီးခုတ်သည့်အလား လူရွယ်များဆီသို့ ပြေးဝင်တိုက်ခိုက်တော့သည်။ အသက်ရှူချိန် များစွာအပြီးတွင် အစောပိုင်းက သန်မာသော လူအုပ်စုသည် ပြင်းထန်သော အရှိန်အဟုန်နှင့် ခွန်အားများ၏တိုက်ခိုက်မှုကြောင့် အသက်ရှင်ကျန်နေသူသည် ဆယ်ဦးပင် မရှိတော့ပါချေ။

"နတ်ဆိုး … ပြေး …"

“ပြေး…”

ကျန်ရှိသော လူရွယ်များမှာ ကြောက်ရွံ့မှုကြောင့် ဆက်လက်မတိုက်ခိုက်နိုင်တော့ဘဲ လက်နက်များအပြင် လုယက်ထားသော ကုန်ပစ္စည်းများကိုပါ ပစ်ချပြီး ထိုနေရာအား ငရဲတွင်းအလား ပြေးထွက်လာကြသည်။

သို့သော် ၎င်းတို့၏အရှိန်မှာ နှေးကွေးလွန်းလှသဖြင့် သက်လတ်ပိုင်းလူနှစ်ဦးက နောက်ဆုံးတွင် ၎င်းတို့ကို ကရုဏာမဲ့စွာ သတ်ဖြတ်လိုက်တော့သည်။

"သူတို့က လူသားတွေရော ဟုတ်ရဲ့လား။"

ဟွေ့မင်စူပါမားကတ်မှ မီတာ ၁၀၀ကျော်အကွာတွင် လုယက်သူများ၏တိုက်ခိုက်မှုကြောင့်  ဒဏ်ရာရကာ ပြေးထွက်ခဲ့ရသော လူလတ်ပိုင်းလေးဦးသည် အံ့သြထိတ်လန့်တုန်လှုပ်သော အမူအရာများဖြင့် အရှေ့မှ မြင်ကွင်းကို စိုက်ကြည့်နေကြသည်။ လုယက်သူများသည် သန်မာကြံ့ခိုင်သော လူရွယ်များစွာပင်။ သို့တိုင် ၎င်းတို့အားလုံးသည် အလွန်လျင်မြန်လွယ်ကူစွာ အသတ်ခံလိုက်ရသည်လား။

All Chapters