သူရဲကောင်းများ၏လမ်း
Vol. 56 Ch. 774
အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်များ ဖြစ်နေကြသော်လည်း အချို့လူများက အပြင်ထွက်ကာ ဖြတ်သွားဖြတ်လာ ရှိနေကြတုန်းပင်။ အသတ်ခံရသည့် မြင်ကွင်းကို ကြည့်ရှုနေသူမှာ လမ်းထောင့်ရှိ သက်လတ်ပိုင်းလေးဦးတင်မဟုတ်ဘဲ အထိတ်တလန့်ဖြင့် ပုန်းရှောင်နေသော အခြားသူများသည်လည်း တစ်ဖက်သတ် သတ်ဖြတ်မှုကို စောင့်ကြည့်နေခဲ့ကြသည်။
လက်ရှိခေတ်ကာလသည် သတ်ဖြတ်ခြင်းနည်းပါးသော ငြိမ်းချမ်းရေးခေတ်ကာလဖြစ်၍ ကျွန်းတွင် လူသတ်မှုသည် ဖြစ်ပွားမှုမရှိသလောက် နည်းပါးပေသည်။ အခုလက်ရှိအချိန်တွင် လူဒါဇင်ပေါင်းများစွာသည် မထင်မှတ်ဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပွားနေသည်။
သို့သော် ရုတ်ခြည်းပင် ထိုသတ်ဖြတ်သူနှစ်ဦးထဲမှ တစ်ဦးသည် ဟွေ့မင်စူပါမားကတ်၏အရှေ့တွင် ဂုဏ်ယူစွာ ရပ်နေခဲ့သည်။ သူ့အကြည့်များက အဝေးက ကြည့်နေသူများကို စိုက်ကြည့်ရင်း အလေးအနက် အမူအရာဖြင့်
“အများပြည်သူလုံခြုံရေးကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် သူတို့ သေထိုက်တယ်။ ကျွန်းက အမှောင်ဗိုင်းရပ်စ်ရဲ့ခြိမ်းခြောက်မှုမှာ ရှိနေတယ်ဆိုပေမယ့် အချို့လူတွေက မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေနဲ့ လုယက်တာတွေကို တမင်ဖန်တီးပြီး မငြိမ်မသက်ဖြစ်အောင် လုပ်နေတယ်။ အဲ့လိုလူတွေက ကြီးမားတဲ့တန်ဖိုးကို ပေးရမှာပဲ။ အစိုးရရော ရဲတပ်ဖွဲ့ရော အလုပ်ရှုပ်နေကြတယ်။ ငါတို့က သူတို့တွေကိုယ်စား တရားဥပဒေ စိုးမိုးဖို့နဲ့ တရားစီရင်ဖို့ နှစ်ခုစလုံး ဖြစ်လာရတယ်။ ဒါကြောင့် လူထုလုံခြုံရေးကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ်ပေးမယ်။”
အစိုးရနေရာကို အစားဝင်ပေးနေတဲ့ သူရဲကောင်းတွေလား။
ကြောက်လန့်တကြား ကြည့်နေသောလူများ ချက်ချင်းပင် အံ့ဩသွားကြသည်။
ရဲတပ်ဖွဲ့ဝင်များသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ငြိမ်းချမ်းရေးကို မထိန်းသိမ်းနိုင်ခဲ့သောကြောင့် လက်ရှိတွင် ငြိမ်းချမ်းရေးသည် အနိမ့်ဆုံး အချက်ဖြစ်ကြောင်း သူတို့ အပြည့်အဝ သဘောပေါက်ကြသည်။ တရားဥပဒေ မစိုးမိုးပါက သူတို့လို သာမန်ပြည်သူများအတွက် တိုက်ရိုက်ထိခိုက်စေသည်။
ရုတ်ခြည်းပင် လူတိုင်း၏စိတ်နှလုံးများ ငြိမ်သက်စ ပြုလာပြီး ထိုတိုက်ပွဲကို ရှောင်မပြေးရန် ဆုံးဖြတ်လိုက်သည်။ တိုက်ပွဲဝင်နိုင်စွမ်းရှိသူများသည် နတ်ဘုရားအလား ထိုသူရဲကောင်းနှစ်ယောက်ကို ကြည့်ရန် နေရာတိုင်းမှ တိတ်တဆိတ် ချဉ်းကပ်လာသည်။
အတိအကျပင်။ သူတို့၏စိတ်ထဲတွင် ထိုလူနှစ်ယောက်အား သူရဲကောင်းဟု ခေါ်ဆိုနေကြသည်။
ဟွေ့မင်စူပါမားကတ်၏အရှေ့တွင် ရပ်နေသော အရပ်ရှည်ပြီး ထွားကြိုင်းသော အမျိုးသားက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ စောင့်ကြည့်နေသူများ၏အမူအရာများ ပြောင်းလဲသွားသည်ကို သူ မြင်နိုင်သောကြောင့် ပြတ်သားသောလေသံဖြင့် ဆက်လက်၍
“ပြည်မကြီးက လာတဲ့ နတ်ဆေးသမားတော် ကွေ့ကျန်းချိုးက အမှောင်ဗိုင်းရပ်စ်အတွက် အဆိပ်ဖြေဆေးကို သုတေသနပြုနေတယ်။ မနက်ဖြန် ဒါမှမဟုတ် ရက်အနည်းငယ်အတွင်း သူ့ကြိုးစားမှုကနေ ရလဒ်ကောင်းတွေ ထွက်လာလိမ့်မယ်လို့ ငါတို့ မျှော်လင့်ထားတယ်။ ဒါကြောင့် လူတိုင်း ဒီသတင်းကို လက်ဆင့်ကမ်းပြီး ဒီဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ငါတို့တွေ အမြန်ဆုံး ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ထိုသို့ပြောပြီးနောက် ဒဏ်ရာရထားသော သက်လတ်ပိုင်းလေးယောက်ကို လက်ယပ်ခေါ်ကာ ကျယ်လောင်စွာ မေးလိုက်သည်။
“မင်းတို့ရဲ့ခန္ဓာကိုယ်က ဘယ်လိုနေလဲ။ မင်းတို့ မှာ ဒဏ်ရာတွေ ရှိတယ်ဆိုရင် အနီးနားက ဒီသူငယ်ချင်းတွေကို လူသေအလောင်းများကို စွန့်ပစ်ပေးဖို့ အကူအညီတောင်းလိုက်ပါ။ ဗိုင်းရပ်စ်ပိုး ထပ်မံမပြန့်ပွားရအောင် အလောင်းတွေကို မီးသဂြိုလ်ဖို့ မမေ့ကြနဲ့ဦး။”
"ငါတို့အားလုံးအဆင်ပြေပါတယ်။"
ထိုသက်လတ်ပိုင်းလူလေးဦးလုံးတွင် ဒဏ်ရာဒဏ်ချက် ဗလပွဖြစ်နေပြီး တစ်ဦးမှာ ပြင်းထန်သော အခြေအနေတွင် ရှိနေသည်။ သို့သော် ၎င်းတို့သည် ကြံ့ခိုင်သောဇွဲလုံ့လဖြင့် ခြေလှမ်းတစ်လှမ်းချင်း လျှောက်ကာ လှမ်းလာခဲ့ကြသည်။ ပြောရန် မလိုလောက်အောင်ပင် သည်လူနှစ်ယောက် ပေါ်ပေါက်လာမှုကြောင့် သူတို့၏အသက်ကို ကယ်တင်နိုင်ခဲ့မှန်း သူတို့ သိပေသည်။ ထိုလူနှစ်ယောက်သည် သူတို့၏ကယ်တင်ရှင် ဖြစ်ခဲ့သည်။
“ကောင်းပြီ။ တခြားနေရာတွေကိုလည်း စစ်ဆေးဖို့ လိုတဲ့အတွက် ငါတို့ သွားနှင့်တော့မယ်။”
ထိုလူနှစ်ယောက်သည် လက်သီးဆုပ် နှုတ်ဆက်လိုက်ပြီး ကားပေါ်သို့ အမြန်ပြန်တက်ကာ မောင်းနှင်သွားသည်။
စပါးအုံးမြို့…
ဝူလီသည် သူမ၏ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ စူပါမားကတ်မှ အခုလေးတင် ဝယ်ယူလာသည့် အစားအစာများကို သယ်ဆောင်လာသည်။ မီတာရာဂဏန်းလောက်သာ ဝေးသော သူမ၏အိမ်ဆီသို့ ဦးတည်နေသော လမ်းတလျှောက် ဖြည်းဖြည်းချင်း တရွေ့ရွေ့ လျှောက်နေသည်။ သူမသည် အမှောင်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး အလွန်ပြင်းထန်သော အခြေအနေတွင် ရှိနေပြီး တည်ငြိမ်လျှပ်စစ်ဓာတ်က အမှောင်ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ဟန့်တားထားသော်လည်း ထိုပိုးသည် သူမ၏ခန္ဓာကိုယ်မှ ခွန်အားကို စုပ်ယူကာ နေ့ရောညပါ နှိပ်စက်နေဆဲ ဖြစ်သည်။
သူမသည် (၆)နှစ်အရွယ်သမီးတစ်ဦး၏မိခင်ဖြစ်ပြီး သူမတစ်ယောက်တည်းဖြင့် ကလေးကို ပြုစုပျိုးထောင်လာခြင်းဖြစ်သည်။ သူမတွင် လစာကောင်းသော အလုပ်တစ်ခုရှိပြီး ကလေးထိန်းတစ်ယောက် ငှားနိုင်သော်လည်း ထိုသူနာပြုဆရာမက ထွက်ခွာသွားသည့်အခါ သမီးလေးကို သူမဘာသာ စောင့်ရှောက်နေရပေသည်။
"ဘူးထွားထွား … ငါတို့ ဒီမှာ ကောင်းတာတစ်ခုခု ရပြီဟေ့။"
သပ်သပ်ရပ်ရပ် ဖြီးသင်ထားသော ဆံပင်များနှင့် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အရက်မူးသမားနှစ်ယောက် ပေါ်လာသည်။ ထိုသူတို့၏အသွင်အပြင်သည် ကုမ္ပဏီပိုင်ရှင်များ သို့မဟုတ် ကုမ္ပဏီတစ်ခုခု၏ အမှုဆောင်အရာရှိများ ပုံစံရှိသော်လည်း လှပသော ဝူလီကို မြင်ရသောအခါ ထိုသူတို့၏ရယ်သံ၊ ညစ်ညမ်းသော စကားအပြောအဆို အပြုအမူနှင့် ညစ်ညမ်းသော အတွေးများသည် သူတို့၏စိတ်ရင်းအမှန်ကို ထင်ရှားစွာ ပေါ်လာစေသည်။
"နင်တို့ ဘာလုပ်နေတာလဲ။"
ထိုလူနှစ်ယောက်က သူမ၏လမ်းကို ပိတ်ဆို့လိုက်သဖြင့် ဝူလီ၏အမူအရာသည် လျင်မြန်စွာ ပြောင်းလဲသွားသည်။ မကြာသေးမီက စပါးအုံးမြို့တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့ပြီး လူသတ်မှုများစွာ ဖြစ်ပွားခဲ့ကြောင်း သူမ ကြားသိထားသည်။
ထိုယောက်ျားတစ်ယောက်က သူ၏မေးစေ့ကို ပွတ်ကာ ဝူလီဆီသို့ ပြုံးတုံ့တုံ့ဖြင့် လျှောက်လာပြီး သူမကို ဖမ်းဆုပ်ကာ အတင်းနမ်းလိုက်သည်။
ဖြန်း…
ဝူလီတွင် ခွန်အားအများကြီး မရှိသည့်အပြင် ယောက်ျားတစ်ယောက်၏အရှိန်ကို သူမ မလိုက်နိုင်သော်လည်း ထိုယောက်ျားကို ပါးရိုက်ရန် သူမ အများကြီး အားမစိုက်ခဲ့ရပေ။ ကံမကောင်းစွာဖြင့် သူမတွင် ခွန်အားအကန့်အသတ်ရှိနေသောကြောင့် ဆုပ်ကိုင်လာသော ထိုယောက်ျား၏လက်ကို မဖယ်ရှားနိုင်ခဲ့ပါချေ။
"မင်းက ငါ့ကို ပါးရိုက်ရဲတယ်ပေါ့ ခွေးမ…"
ထိုလူက ဝူလီကို လွှတ်ပေးလိုက်ပြီး သူမ၏မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သဖြင့် ဝူလီတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားသည့်တိုင် ဆက်လက်ကန်ကျောက်ခံနေရသည်။
"ကျိုးကြီး … သူ့ကို မကျိုးပဲ့စေနဲ့ဦး။ ငါတို့ညီအစ်ကိုတွေ ဒီနေ့ သွေးသားဆန္ဒကို ဖြေဖျောက်ဖို့ ဒီလိုအသားတုံး လိုအပ်သေးတယ်။”
တခြားယောကျာ်းတစ်ယောက်က ထိုလူကို တားပြီး ဝူလီကို အတင်းတရွတ်တိုက်ဆွဲခေါ်သွားသည်။
ဝူလီက သူမတစ်ကိုယ်လုံးမှ နာကျင်မှုများကို ကြံ့ကြံ့ခံကာ အော်ဟစ်အကူအညီတောင်းတော့သည်။ မီတာ ၂၀၀ပတ်လည်အတွင်း အနည်းဆုံး လူတစ်ဒါဇင်လောက် သူမအနားတွင် ဖြတ်သွားခဲ့ကြသော်လည်း မည်သူမျှ သူမကို ကူညီရန် မလာခဲ့ကြပေ။ ထိုသူအားလုံးသည် သူတို့ကိစ္စကိုသာ အာရုံစိုက်နေကြပြီး သူမအား လျစ်လျူရှုထားကြသည်။
ကျွီ...
ကားတစ်စီးသည် အနီးနားတွင် ရပ်လာသည်။ ကြံ့ခိုင်သော အမျိုးသားတစ်ဦး ပြေးထွက်လာပြီး ထိုအကြမ်းဖက်နေသော လူနှစ်ဦး၏ နှလုံးတည့်တည့်အား ဓားဖြင့် တစ်ခါတည်း တိုက်ခိုက်ထိုးစိုက်လိုက်သည်။
“အားးးး…”
ရုတ်တရက် အလှည့်အပြောင်းက ဝူလီအား ထိတ်လန့်ကြောက်ရွံ့သွားစေသည်။ သူမ နောက်ပြန်ဆုတ်ရင်း ကွန်ကရစ်ခင်းထားသည့် အေးစက်စက် လမ်းမထက်တွင် လဲကျသွားလေသည်။
ထိုလူကြီးက အေးစက်သောလေသံဖြင့် အော်ဟစ်လိုက်သည်။ “တရားဥပဒေစိုးမိုးရေးသမားတွေက တရားဥပဒေစိုးမိုးရေးကို မထိန်းသိမ်းနိုင်သေးလို့ တရားမျှတမှုနဲ့ အပြစ်ပေးတာတွေကို ငါ လုပ်မယ်။ ပြည်သူတွေရဲ့လုံခြုံမှုကို ထိခိုက်စေတာ၊ မီးရှို့တာ၊ သတ်ဖြတ်တာနဲ့ အခြားမကောင်းမှုတွေကို ကျူးလွန်ဝံ့သူတွေအားလုံး အညှာတာမဲ့စွာ အသတ်ခံရမယ်။ အထိတ်တလန့်ဖြစ်အောင် ဖန်တီးဝံ့သူတွေ၊ ဥပဒေကို ချိုးဖောက်သူတွေ၊ ငါတို့ကို ဟန့်တားတဲ့သူတွေအားလုံးက ဘာထောက်ထားမှုမှ မရဘဲ ဖိနှိပ်ပြီး ကွပ်မျက်ခံရလိမ့်မယ်။ အခု ပြည်မကြီးကလာတဲ့ နတ်ဆေးသမားတော် ကွေ့ကျန်းချိုးက ကူးစက်ရောဂါဗိုင်းရပ်စ်ပိုးကို လေ့လာဖို့ အပတ်တကုတ်ကြိုးပမ်းနေတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း သူ့ရဲ့အောင်မြင်မှုကို မျှော်လင့်လို့ရတယ်။ ဒီသတင်းစကားကို အခြားသူတွေဆီပါ ဖြန့်ဝလေိုက် … မင်းတို့အားလုံး ဥပဒေကို လိုက်နာလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ မင်းတို့ရဲ့တံခါးဝဆီကို ပို့ပေးမယ့် အဆိပ်ဖြေဆေးကို စောင့်နေကြပါ။”
ထိုစကားကိုပြောပြီးနောက် ထိုလူသည် ထိတ်လန့်တုန်လှုပ်နေသော ဝူလီဆီသို့ လျှောက်လာသည်။ သူ၏လက်ကို ကမ်းကာ သူမကို ဆွဲထူပေးလိုက်ပြီး
“အိမ်ကို မြန်မြန်သွား။ မင်းရဲ့ပုံမှန်ဘဝ ပြန်စနိုင်ဖို့ မင်းရဲ့အိမ်ကို ပို့လာတဲ့ အဆိပ်ဖြေဆေးကို စောင့်နေပါ။"
"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။"
ဝူလီ၏မျက်နှာပေါ်တွင် ကျေးဇူးတင်သော အမူအရာ ပေါ်ပေါက်လာပြီး သူမ၏ပါးစပ်မှ အဆက်မပြတ် ကျေးဇူးတင်စကား ထွက်ပေါ်လာသည်။
ကြံ့ခိုင်သော အမျိုးသားက ရိုးရှင်းသော အပြုံးဖြင့် “လူ့အဖွဲ့အစည်း တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဖို့က ငါတို့ လုပ်သင့်တဲ့အရာပါ။ ဒါက ငါတို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ တာဝန် ရှိပါတယ်။"
ထိုလူသည် သူ့ကားဆီသို့ အမြန်ပြန်ကာ ထွက်ခွာသွားသည်။
ဝံပုလွေအုပ်စုမြို့ … သောင်းပြောင်းထွေလာမြို့ …
ဥပဒေချိုးဖောက်သူများ အညှာအတာမဲ့စွာ အသတ်ခံခဲ့ရပြီး သွေးထွက်သံယို ဖိနှိပ်မှုများသည် ထိုမြို့နှစ်မြို့တွင်လည်း အလားတူ အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်။ ဤလျင်မြန်သောလုပ်ရပ်များနှင့် "သူရဲကောင်းများ" ၏လုပ်ရပ်သတင်းသည် အဓိကမြို့ကြီးလေးခုသို့ တဆင့်စကား တဆင့်နားဖြင့် ပျံ့နှံ့သွားစေခဲ့သည်။ ထိုသတင်းက ရာဇဝတ်မှု ကျူးလွန်မည့်သူများကို ကြောက်ရွံ့ထိတ်လန့်စေပြီး လောလောဆယ်တွင် မည်သူမျှ ကမောက်ကမ ပြုမူဝံ့ခြင်းမျိုးမရှိတော့ပေ။
ထို့အပြင် နတ်ဆေးသမားတော် ကွေ့ကျန်းချိုး၏ သုတေသနရလဒ်များကို မကြာမီ တွေ့မြင်ရတော့မည်ဖြစ်ပေရာ အဆိုပါ အဆိပ်ဖြေဆေးသည် မြို့ကြီးလေးခုရှိ လူပေါင်းများစွာထံ လျင်မြန်စွာ ရောက်လာမည် ဖြစ်ကြောင်း သတင်းများ ပျံ့နှံ့ခဲ့သည်။ လူတိုင်းသည် မကြာခင်ဖြစ်ပွားတော့မည့် အရာအတွက် မျှော်လင့်ချက်ရောင်ခြည်များ မြင်နေကြပြီး နတ်ဆေးသမားတော်၏သုတေသနပြုမှုသည် ချောမွေ့ပြီး ဗိုင်းရပ်စ်ဖြေဆေးအား တီထွင်နိုင်စေရန် ဆုတောင်းပေးနေကြသည်။
ကျွန်း၏တောင်ဘက်ခြမ်း အလယ်ဗဟိုတွင် လူဦးရေ ၁၀၀၀-၂၀၀၀ခန့် နေထိုင်သော ရွာလေးတစ်ရွာ ရှိသည်။ ဤနေရာတွင် အပြစ်မဲ့သူများ၏သွေးများဖြင့် စွန်းထင်းနေသော ရက်စက်ကြမ်းကြုတ်သည့် လူများစွာကို ထန်ရှုကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။ ထို့နောက်တွင် နတ်ဆေးသမားတော် ကွေ့ကျန်းချိုးသည် အမှောင်ဗိုင်းရပ်စ်အတွက် အဆိပ်ဖြေဆေးကို သုတေသနပြုနေပြီး မကြာမီ ရလဒ်ကောင်းများ ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သတင်းကို ကြေညာပေးခဲ့သည်။ ဒေသခံများသည် ထန်ရှုတို့အား ကျေးဇူးတင်နေကြပြီး မျှော်လင့်ချက်များ ရှိနေကြပြီဖြစ်သည်။ ကျေးဇူးတင်စကားများကြားတွင် ရွာလူကြီးက ထန်ရှုနှင့် ထန်ဟန်တို့အား သူ့အိမ်သို့ ကိုယ်တိုင် ဖိတ်ကြားခဲ့သည်။
အရသာရှိသော ညစာ စားပြီးနောက်…
ရွာသူကြီးသည် ထန်ရှုနှင့်အတူ သူကိုယ်တိုင်ဖောက်ထားသော စပျစ်ဝိုင်အား အဖော်လုပ်သောက်ပေးသည်။ ထန်ရှုသည် အခြားနေရာများကို စစ်ဆေးရန် တတ်နိုင်သမျှ မြန်မြန် ထွက်ခွာတော့မည်ဖြစ်သော်လည်း သူသည် အများအပြား သောက်နေရဆဲဖြစ်သည်။
ဖုန်းမြည်သံ…
ထန်ရှု၏ဆက်သွယ်ရေးကိရိယာသည် တုန်ခါသွားပြီး သူ့အား အရက်မူးလွန်နေရာမှ ပြန်ဆွဲခေါ်လိုက်သည်။ သူက ဆက်သွယ်ရေးကိရိယာအား ယူကြည့်လိုက်ရာ ဂူရှောင်ရွှဲ့ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်သည်ကို တွေ့လိုက်ရသည်။ သူက ချက်ချင်း ကိုင်လိုက်ပြီး "မင်းရောက်လာပြီလား ရှောင်ရွှဲ့။"
"ကျွန်မတို့ ကျွန်းကို ခုပဲ ရောက်တယ် ဆရာအဘိုး"
ဂူရှောင်ရွှဲ့၏ချိုမြိန်သောအသံသည် ဆက်သွယ်ရေး ကိရိယာထံမှ ထွက်ပေါ်လာသည်။
"ရှင် အခု ဘယ်မှာလဲ။ ကျွန်မတို့ ရှင့်ဆီ ချက်ချင်း လာခဲ့လိုက်မယ်။"
"ကျွန်းရဲ့အလယ်က တောင်ကြီးဆီကို တန်းသွားလိုက်။ ငါက တောင်ဘက်ခြမ်းကရွာမှာ ရောက်နေတယ်။ မင်း အဲ့ဒီကို ရောက်တာနဲ့ ငါ့ကို ပြန်ဆက်သွယ်ပါ။"
"နားလည်ပြီ။"
ဖုန်းချပြီးနောက် ထန်ရှုသည် အခြားနေရာများသို့ သွားမည့် သူ၏အစီအစဉ်ကို ချက်ချင်း ဖျက်လိုက်သည်။ ဂူရှောင်ရွှဲ့တို့အဖွဲ့ ရောက်လာပြီဖြစ်သောကြောင့် သူသည် ၎င်းတို့အား ဦးဆောင်ကာ တောင်၏ အလယ်ဗဟိုဧရိယာကို ဖြတ်ကျော်မည်ဖြစ်သည်။ ထိုတောင်ကြီးအတွင်း၌ ထိရောက်သော ဆေးဖက်ဝင်ပစ္စည်းများ၊ စိတ်ဝိညာဉ်သစ်သီးများနှင့် အဖိုးတန်သတ္တုရိုင်းများ အများအပြားရှိသည်ကို မှတ်သားထားရပေမည်။
ထိုအရာများအားလုံးသည် လက်ရှိကျင့်ကြံရန်အတွက် ထာဝရခန်းမ၏ အရှားပါးဆုံးအရင်းအမြစ်များ ဖြစ်သည်။
ညနေစောင်းအချိန် ရောက်လာသည်နှင့် ကောင်းကင်ယံထက်တွင် ကြယ်များ ထွက်ပေါ်လာသည်။ အေးမြသော လေပြေသည် တသုန်သုန် တိုက်ခတ်ပြီး အေးစိမ့်စိမ့် ခံစားမှုကို ရရှိစေသည်။ ထန်ရှုသည် ရွာ၏အစွန်အဖျားရှိ အပြာရောင် ကျောက်တုံးကြီးပေါ်တွင် ရပ်ကာ ကြယ်ရောင်များ လင်းလက်နေသည့် ကြီးမားကျယ်ပြန့်သော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ ကမ္ဘာမြေကို ပြန်ရောက်ခဲ့သည်မှာ တစ်နှစ်ကျော် ရှိပြီဖြစ်ပြီး ကိစ္စများစွာကို တွေ့ကြုံခဲ့ရသည်။ သူ့တွင် မိသားစုဝင်များ၊ သူငယ်ချင်းများ၊ အသက်မွေးဝမ်းကြောင်းအလုပ်နှင့် အမျိုးသမီးများ ရှိသောကြောင့် လွန်စွာ ကျေနပ်သင့်သည်။ သူ ဂရုအစိုက်ဆုံးလူတစ်ယောက်ဖြစ်သူ ဂူယန်အာကိုပင် ရှာတွေ့ခဲ့ပေသည်။
သို့သော် ယခုအခိုက်အတန့်တွင် သူသည် တစ်ခုခုကို ဆုံးရှုံးနေရသကဲ့သို့ ခံစားနေရပြီး အင်မော်တယ်ကမ္ဘာတွင် သူနေထိုင်ခဲ့သည့် နေ့ရက်များကို လွမ်းဆွတ်နေမိသည်။ နှစ်လိုဖွယ် အမှတ်တရများက သူ၏အခင်ဆုံး သူငယ်ချင်းအချို့ကို လွမ်းဆွတ်စေခဲ့ပြီး … ထိုအနည်းငယ်သော အဖိုးတန် “သူငယ်ချင်းကောင်းများ”၏အရှေ့တွင် ရပ်ကာ ထိုလူများအား ဓားဖြင့် ခုတ်ပိုင်းလိုပေသည်။
"ငါ့အပေါ်ကောင်းတဲ့သူတွေကို ငါ ကျေးဇူးတင်မယ်။ ငါ့အပေါ် မကောင်းတာလုပ်တဲ့သူတွေကိုလည်း မကောင်းသလို ဆက်ဆံမယ်။"
"ငါထန်ရှုက အင်မော်တယ်ကမ္ဘာရဲ့ မြေသြဇာကောင်းတဲ့ မြေပေါ်မှာ တစ်ဖန်ခြေချတဲ့အခါ လေမုန်တိုင်းထန်စေပြီး သွေးမိုးတွေကို ရွာချပစ်မယ်။ ငါ့ကို ဆန့်ကျင်တဲ့ လူတွေက ပျက်စီးခြင်းအဖြစ်ကို ရောက်ပြီး ငါ့အနောက်ကို လိုက်တဲ့သူတွေက ချမ်းသာကြလိမ့်မယ်။ အင်မော်တယ်ကမ္ဘာမှာ နှစ်ပေါင်းများစွာ အုပ်စိုးဖို့ ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး။ ငါ့အတွက်တော့ အဲ့ဒါကို လွှမ်းမိုးရလိမ့်မယ်။ အင်မော်တယ်ကမ္ဘာရဲ့ တံခါးကို တွန်းဖွင့်ပြီး လူမျိုးပေါင်းစုံရဲ့အထက်က အုပ်စိုးရှင်အဖြစ် ငါ ရပ်တည်မယ်။”
ထန်ရှုသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူ၏ခန္ဓာကိုယ်မှ အော်ရာများ ပေါက်ကွဲထွက်လာကာ လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ထိုးခွင်းလိုက်သည်။ ချီအလွှာများသည် လေထုထဲတွင် တုန်ခါသွားကာ လှိုင်းဂယက်များအဖြစ် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
သူနှင့် ကီလိုမီတာကွာဝေးသောအရပ်တွင်…
ရှေ့ဆုံးကားအတွင်း၌ ဂူရှောင်ရွှဲ့ လိုက်ပါလာသော ကား၁၂စီးသည် ထန်ရှုရှိရာအရပ်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။ သစ်ပင်ထက်တွင် မြင့်မားစွာ ရပ်နေသော ထန်ရှုကို သူမ ရှင်းလင်းစွာ မြင်နေရပေသည်။
သူ၏ပုံပန်းသဏ္ဍာန်သည် ပိန်ပါးဟန်ရသော်လည်း အားကိုးအားထားပြုနိုင်သည့်အသွင် ရှိပေသည်။ ထိုချောမောပြီး ဆွဲဆောင်မှုရှိသော ပုံပန်းသဏ္ဍာန်သည် ဂူရှောင်ရွှဲ့၏နှလုံးသားလေးကို လုံး၀ ရှုပ်ထွေးမှုတစ်ခု ဖြစ်စေခဲ့သည်။ သူ၏လှိုင်းလုံးကြီးများသဖွယ် တဟုန်းဟုန်း မြင့်တက်နေသော အော်ရာသည် ထန်ရှုအား လောက၏အုပ်စိုးသူအလား ထင်မှတ်ရပေသည်။
ဒုတ်…ဒုတ်…
ဂူရှောင်ရွှဲ့၏နှလုံးသားလေးသည် ရုတ်တရက် တဒုတ်ဒုတ်ဖြင့် ရင်ခုန်သံမြန်လာခဲ့သည်။ သူမအား တဝဲလည်လည် ဖြစ်စေသည့် ခံစားမှုအား သူမ ရှင်းရှင်းလင်းလင်း မသိနိုင်သလို နားလည်း မလည်နိုင်ပါချေ။