ငါက ကုသိုလ်ယူမယ်... မင်းက အပြစ်တင်ခံ
Vol. 1-8 Ch. 108
“ အခုလို အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုချန်ရှို့ ”
တောအုပ်အစွန်၌ ခေါင်းတွင် ဦးချိုလေးပါသော လူငယ်တစ်ယောက်အသွင်ရှိသည့် အောင်းရိသည် လီချန်ရှို့ကို လေးလေးနက်နက် ဦးညွှတ်လိုက်၏။ သူသည် နဂါးတစ်ကောင်လိုက်နာရမည့် စည်းမျဉ်းများကို ဖောက်ဖျက်၍ အစ်ကိုချန်ရှို့ထံတွင် အတင့်ရဲသော တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့၏။
ထိုတောင်းဆိုမှုသည် နှစ်ဖက်စလုံး အကျိုးရှိသည့် ကိစ္စဖြစ်သော်လည်း လွန်လွန်ကဲကဲ တောင်းဆိုမှုဖြစ်၍ အစ်ကိုချန်ရှို့အတွက် အခက်တွေ့သွားစေလေသည်။
အစ်ကိုချန်ရှို့သည် ရန်ကျောင်းတော်မှ ထင်ရှားသောသူတစ်ယောက်မဟုတ်ဘဲ အေးအေးချမ်းချမ်း သိုသိုသိပ်သိပ်နေတတ်သူ တစ်ဦးသာဖြစ်သည်။ တောင်သမုဒ္ဒရာမှ ပင်လယ်စောင့်နတ်မင်းဘုံကျောင်း ကိစ္စများကို လျှို့လျှို့ဝှက်ဝှက်သာ လုပ်ကိုင်ရပေမည်။
‘ ငါ လျှို့ဝှက်ထားရမယ် ’
အစ်ကိုချန်ရှို့သည် တိုက်ရိုက်မပြောသော်လည်း အောင်းရိသည် တုံးအသော နဂါးတစ်ကောင်မဟုတ်ပေ။ သူ အဘယ်သို့ မခန့်မှန်းမိဘဲ နေမည်နည်း။
လက်ရှိတွင် တောင်သမုဒ္ဒရာမှ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် တိုးပွားလာပြီဖြစ်သည်။ စုန်းကဝေလူသားများသည် နတ်တမန်တော်များအဖြစ် တာဝန်ယူထားပြီး ဉာဏ်အလင်းပွင့်စေရန် သင်ကြားပေးသော အဓိပ္ပာယ်ရှိသည့် ဩဝါဒများကိုလည်း သင်ကြားပေးလေသည်။ နောက်ကွယ်မှသူများသည်လည်း ရန်ကျောင်းတော်မှ ပညာရှင်များဖြစ်ကြ၏။
အောင်းရိသည် အမွှေးတိုင်ပူဇော်မှုမှ ကုသိုလ်အမြောက်အမြားရနေကြောင်းကို သူ၏ မျက်လုံးများနှင့်ကိုယ်တိုင် တွေ့မြင်ခဲ့ပေပြီ။ ထိုအရာသည် အစစ်အမှန်ဖြစ်၏။
လက်ရှိတွင် နဂါးမျိုးနွယ် လိုအပ်နေသောအရာမှာ အဘယ်နည်း။
ကုသိုလ်ပင်။
လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာက နဂါးများနှင့် ဇာမဏီများသည် အာဒိကပ္ပလောကကို ဖျက်ဆီးခဲ့သဖြင့် မဆုံးနိုင်သော အကုသိုလ်များကို ရခဲ့၏။ ဇာမနီမျိုးနွယ်များသည် နတ်မီးတောင်များကို ဖိနှိပ်ရန် အပြစ်ပေးခြင်းခံရသဖြင့် ရုတ်ခြည်း မျိုးသုဉ်းသွားတော့သည်။
နဂါးမျိုးနွယ်၏ မျိုးပွားနိုင်စွမ်းသည် ဇာမဏီမျိုးနွယ်ထက်စာလျှင် ပိုအားကောင်းသည်။ နဂါးမျိုးနွယ်သည် ရတနာများစွာကို သုံး၍ မျိုးနွယ်၏ ကံတရားကို ဖိနှိပ်ခဲ့ပြီး နဂါးမျိုးနွယ်မှ ပညာရှင်များစွာကို စတေး၍ ကောင်းကင်နှင့်မြေကြီးတို့၏ အညစ်အကြေးစုရာအိုင်ကြီးကို သန့်စင်ပေးခဲ့ရသည်။ ထို့ကြောင့်သာ နဂါးမျိုးနွယ်သည် ဆက်လက်တည်ရှိခဲ့ခြင်းပင်။
ရှေးခေတ်တွင် နဂါးမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သော်လည်း လက်ရှိတွင် ပိုမိုအားကောင်းလာခြင်း မရှိသေးပေ။ သို့သော် နဂါးမျိုးနွယ်ကို လေးစားသမှုရှိသော အခြားမျိုးနွယ်အချို့ရှိသေးသဖြင့် ကုသိုလ်အနည်းငယ်ကို ရရှိခဲ့သည်။ ထို့ကြောင့်သာ နဂါးမျိုးနွယ်သည် အနည်းငယ် အသက်ရှူချောင်ခဲ့ခြင်းပင်။
ထို့ကြောင့် နဂါးမျိုးနွယ်သည် ကုသိုလ်သည် မည်မျှအရေးကြီး၍ အကုသိုလ်သည် မည်မျှကြောက်စရာကောင်းကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်ကြသည်။
ပြောရခက်သော တောင်းဆိုမှုတစ်ခု ဖြစ်သော်လည်း အောင်းရိ အရဲစွန့်၍ ပြောခဲ့၏။
“ အစ်ကိုချန်ရှို့... ကျွန်တော် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ကူညီပေးလို့ရနိုင်မလား။ ကျွန်တော် ဘုံကျောင်းအစောင့်အရှောက်လောက်ဖြစ်နိုင်ရင်ကို ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်ဖို့ ကုသိုလ်နည်းနည်းလောက် ရနိုင်တာပေါ့ ”
အမှန်တွင် နဂါးမျိုးနွယ်အတွက် သူကိုယ်တိုင် ကုသိုလ်များစုဆောင်းပေးလိုခြင်းပင်။
အောင်းရိအံ့အားသင့်သွားရသည့် ကိစ္စမှာ ထိုတောင်းဆိုမှုကို လီချန်ရှို့က အလျင်အမြန် သဘောတူလိုက်ခြင်းပင်။
သို့သော် လီချန်ရှို့သည် သူ၏တောင်းဆိုမှုကို သိပ်၍ လက်မခံလိုကြောင်းကိုမူ သူပြောနိုင်ပေသည်။ အောင်းရိ ထိုအကြောင်းကို နားလည်၏။ လီချန်ရှို့သည် အဓိက တာဝန်ရှိသော သူမဟုတ်ပေ။ သူသည် ရှေ့ထွက်၍ သရုပ်ပြရန် စေခိုင်းခံထားရသူ တစ်ဦးသာဖြစ်၏။
‘ အစ်ကိုချန်ရှို့က ငါတို့နှစ်ယောက်ကြားက ခင်မင်မှုကို တော်တော်လေး အလေးထားတဲ့သူဖြစ်ရမယ်။ ဒါကြောင့် ငါ နောက်လဝက်နေရင် အန်းရွှေမြို့ကို ထပ်လာပြီး အကြောင်းပြန်မယ့်ကိစ္စကို သူလာနားထောင်ဖို့ သဘောတူလိုက်တာပဲ... ’
‘ ငါ အရှေ့သမုဒ္ဒရာ နဂါးနန်းတော်ကို ပြန်ပြီး ခမည်းတော်နဲ့တွေ့ပြီး သေသေချာချာ ဆွေးနွေးရမယ်... ’
နဂါးလေးသည် သူ၏ အကြံကို စတင်အကောင်အထည်ဖော်ရန် ပြင်နေပေပြီ။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည်တော့ ကောင်းကင်အလိုအရ ဖြစ်ပေသည်။
အောင်းရိ၏ နှလုံးသားထဲတွင် တက်ကြွမှုများနှင့် ပြည့်နှက်နေသည်။ သူသည် လီချန်ရှို့ကို ဦးညွှတ်၍ ထပ်မံကျေးဇူးတင်လိုက်သည်။
လီချန်ရှို့သည်လည်း ပြန်၍ အကြိမ်ကြိမ် ဦးညွှတ်လိုက်ပြီး ခေတ္တမျှ တွေးတောနေ၏။ သူသည် သူ၏ စိုးရိမ်မှုများကို ပရိယာယ်ကြွယ်ကြွယ်ဖော်ပြလိုက်၏။
မကြာမီ အောင်းရိသည် ကျေးဇူးကျိန်စာကို ရွတ်ဆို၍ ကျိန်ဆိုလိုက်လေတော့သည်။ လီချန်ရှို့နှင့် တောင်သမုဒ္ဒရာမှ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများအကြား ဆက်စပ်မှုကို မည်သူ့ကိုမှ မပြောရန် ကျိန်ဆိုလိုက်ခြင်းပင်။
လီချန်ရှို့သည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။
အေားင်ရိလည်း ရင်ထဲတွင် သက်ပြင်းချလိုက်သည်။
အောင်းရိသည် လီချန်ရှို့နှင့် အဆွေခင်ပွန်းတစ်ယောက်ဖြစ်လာအောင် သေချာပေါက်လုပ်ဆောင်မည်ဟု ဆုံးဖြတ်လိုက်လေ၏။
လီချန်ရှို့သည် တိမ်စီး၍ လျင်မြန်စွာ ထွက်သွားသော နဂါးလေးကိုကြည့်၍ ခေါင်းယမ်းလိုက်သည်။
‘ နောက်ကျရင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေရဲ့ လက်ထောက်နတ်မင်းကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရမယ်... ’
‘ မင်းက ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ကူညီချင်ပါတယ်လို့ ပြောလာမှတော့ ငါက မင်းကို ဘုံကျောင်းအစောင့်အရှောက်ရာထူးလောက်ပဲ ပေးလို့ဘယ်ဖြစ်မလဲ... ’
လီချန်ရှို့သည် လိုအပ်သော အစီအစဉ်များကို ရေးဆွဲပြီးဖြစ်သည်။ သူသည် အောင်းရိကို တောင်သမုဒ္ဒရာတစ်ဝိုက်ရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ လက်ထောက်နတ်မင်းရာထူးကို ပေးလိုက်ပြီး ဘုံကျောင်းများ၏ ကောင်းကင်နဂါးအစောင့်အရှောက်ဟူသော ဂုဏ်ပုဒ်ကိုလည်း ပေးလိုက်လေသည်။
မကြာမီ ဘုံကျောင်းများ၏ အုပ်ချုပ်မှုပုံစံကို ပြန်လည်ပြင်ဆင်၍ နတ်တမန်တော်များကိုလည်း သင်ခန်းစာပေးရပေမည်။ ထို့ပြင် သူ၏ ရုပ်တုဘေးတွင် လက်ထောက်နတ်မင်း၏ ရုပ်တုကိုလည်းထပ်မံထား၍ ပင်လယ်စောင့်နတ်မင်းအား ပူဇော်သော အမွှေးတိုင်ပူဇော်မှုများမှ ရရှိသည့် ကုသိုလ်များ၏ (၂၀)ရာခိုင်နှုန်းကို နဂါးမျိုးနွယ်ကို ပေးရန်လည်း သဘောတူခဲ့၏။
အကယ်၍ ကောင်းကင်တာအိုတရားသာ သူ့ကို တောင်သမုဒ္ဒရာ၏ တရားမဝင် ပင်လယ်စောင့်နတ်မင်းအဖြစ် အသိအမှတ်မပြုခဲ့လျှင် သူသည် ဘုံကျောင်း၏ နတ်မင်းရာထူးကို အခြားသူများကို လွှဲပေးနိုင်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဘုံကျောင်းများကို ဖျက်ဆီးပစ်ရန်သာ ရှိတော့သည်။ လီချန်ရှို့သည် ရှေးခေတ်မှ လူသားသူတော်စင်များ၏ လမ်းစဉ်ကိုလိုက်၍ သူ့ဘုံကျောင်းများ၏ နတ်မင်းရာထူးကို ဘုံကျောင်းမှ တာဝန်ရှိသူ ပညာရှင်တစ်ဦးဦးကို လွှဲပေးရန် ကြံရွယ်နေခြင်းပင်။
သူသည် နဂါးမျိုးနွယ်ထံမှ ပြန်တောင်းဆိုခြင်းမပြုဘဲ အမွှေးတိုင်ပူဇော်မှုများမှရသော ကုသိုလ်များကို နဂါးမျိုးနွယ်အား အလကားပေးခဲ့ခြင်း မဟုတ်ပေ။
ထို့နောက် အောင်းရိနှင့် စကားပြောရန် အသုံးပြုခဲ့သော စက္ကူကိုယ်ပွားကို မြေကိုယ်ယောင်ဖျောက်အတတ် သုံးစေလိုက်၏။ ထိုစက္ကူကိုယ်ပွားသည် လီချန်ရှို့ပေးသော တာဝန်များကို စတင်လုပ်ဆောင်လိုက်လေသည်။ အရေးကြီးဆုံး အဆင့်ကို လုပ်ဆောင်ပြီးသွားပေပြီ။ နောက်တစ်ဆင့်အနေဖြင့် နဂါးမျိုးနွယ်၏ တုံ့ပြန်မှုကိုသာ စောင့်ကြည့်ရပေမည်။
‘ ဒီဖြစ်စဉ်တွေက ဘယ်လိုတွေတုန်းဟ... ’
‘ ငါက ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ဖြိုလှဲဖို့ စက္ကူကိုယ်ပွားတွေကိုလွှတ်လိုက်တဲ့ ပင်လယ်စောင့်နတ်မင်းအစစ်ပဲ။ ဒါပေမဲ့ ငါ့အစီအစဉ်တွေက တစ်ခုပြီးတစ်ခု အနှောင့်အယှက်ပေးခံနေရတယ်။ ကိစ္စတွေ မျိုးစုံဖြစ်ပျက်သွားတော့ ငါ ဘယ်သူဆိုတာ ပေါ်သွားတော့မလိုတောင် ဖြစ်သွားသေးတယ်... ’
သူသည် တောင်သမုဒ္ဒရာမှ ပင်လယ်စောင့်နတ်မင်းဖြစ်ကြောင်းပေါ်သွားလျှင် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် ရန်ကျောင်းတော်တို့ မည်သို့တုံ့ပြန်နိုင်ကြောင်းကို တွေးတောလိုက်သည်။ သူသည် ရန်ကျောင်းတော်မှ ပညာရှင်များကို မျက်နှာလိုမျက်နှာရလုပ်၍ အနောက်ကျောင်းတော်မှ ပညာရှင်များ၏ အကောက်ကြံခြင်းမခံရအောင် လုပ်လျှင်ကောင်းမည်လောဟု တွေးလိုက်သည်။
သို့သော် သူဆက်လက်တွက်ချက်ကြည့်လိုက်ရာ ထိုအစီအစဉ်သည် သေခြင်းနှင့်သာ လမ်းဆုံးပေသည်။
အနောက်ကျောင်းတော်မှ တန်ခိုးရှင်များကိုယ်တိုင် ဝင်မပါလျှင်ပင် မြားခုနှစ်စင်းကျမ်းစာနှင့် တာအိုထုံးတမ်းများဖြင့်ပင် အာကာသနတ်မင်း နောက်ဆုံးအဆင့်ရှိသူများကို သတ်ပစ်နိုင်လေသည်။
ထို့ကြောင့် လီချန်ရှို့သည် အရေးကြုံချိန်တွင် သူ၏အတွေးများကို ပြောင်းလဲလိုက်ပြီး အသက်ရှင်သန်နိုင်မည့် နည်းတစ်ခုကို ရှာဖွေရန် ကြိုးစားခဲ့သည်။ သူ့အတွက် အန္တရာယ်ရှိသည့် အကြောင်းရင်းများကို သူ့အတွက် အကျိုးရှိမည့် အခြေအနေအဖြစ် ပြောင်းလဲခဲ့၏။
သူသည် လက်ဦးမှုရယူကာ တောင်သမုဒ္ဒရာ၏ ပင်လယ်စောင့်နတ်မင်းအဖြစ် လက်ခံလိုက်၏။ ထို့နောက် သူသည် ရန်ကျောင်းတော်မှ တပည့်တစ်ဦးဖြစ်သူဟူသော အချက်နှင့် အောင်းရိအကြောင်း သူ၏နားလည်မှုတို့ကို အသုံးချ၍ ထိုကိစ္စထဲတွင် နဂါးမျိုးနွယ်ကိုပါ ဆွဲသွင်းလိုက်လေသည်။
ထို့နောက် သူသည် နောင်တွင် ဖြစ်ပေါ်လာနိုင်သော အနောက်ကျောင်းတော်မှ အကောက်ကြံမှုများနှင့် လူတိုင်း၏ အာရုံစိုက်မှုတို့အတွက် နဂါးမျိုးနွယ်ကို ဒိုင်းကာအဖြစ်သုံးခဲ့၏။ ဆက်လက်၍ လီချန်ရှို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ အတွင်းရေးကိစ္စများကို ပြန်လည်စီစဉ်ပြီး ဩဝါဒများ၏ အသေးစိတ်အချက်အလက်များကိုလည်း ပြင်ဆင်ရပေမည်။ နတ်တမန်တော်များကို ထိန်းချုပ်မည့် အစီအစဉ်ကိုလည်း ပြီးပြည့်စုံအောင်လုပ်၍ ဘုံကျောင်းများကို သေချာစောင့်ကြပ်နိုင်စေရန် လုပ်ရမည်ဖြစ်သည်။
တချိန်တည်းမှာပင် သူသည် နဂါးမျိုးနွယ်ကို ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ၏ ပြယုဂ်အဖြစ် ထားလို၏။ သူသည် ကိုးကွယ်သူများကို ကာကွယ်ရန်နှင့် ကိုးကွယ်သူများအကြား ခိုက်ရန်ဖြစ်ပွားမှုကို ကာကွယ်ရန် တာဝန်များကို နဂါးမျိုးနွယ်ကို ယူစေလို၏။ ထိုမှသာ ယခုတစ်ခေါက် သူ တောင်သမုဒ္ဒရာကို စက္ကူကိုယ်ပွားမျာ လွှတ်လိုက်ရသော အကြောင်းအရင်းဖြစ်သည့် အကုသိုလ်များကို ရှောင်လွှဲမည့်အစီအစဉ်သည် အောင်မြင်ပေလိမ့်မည်။
သူ နဂါးမျိုးနွယ်ကို ပြန်ပေးခဲ့သော ကောင်းကျိုးမှာ အောင်းရိရရှိမည့် အမွှေးတိုင်းပူဇော်မှုများမှရသည့် ကုသိုလ်၏(၂၀)ရာခိုင်နှုန်းပင်။ ထိုရာခိုင်နှုန်းမျှသည် လီချန်ရှို့အတွက် မပြောပလောက်ပေ။
လက်ရှိတွင် နဂါးမျိုးနွယ် အလိုအပ်နေဆုံးအရာမှာ ကုသိုလ်နှင့် ကံကောင်းမှုဖြစ်သည်။ အောင်းရိတစ်ယောက် အရှေ့သမုဒ္ဒရာနဂါးနန်းတော်သို့ သွား၍ ဤအကြောင်းများကို ပြောလိုက်လျှင် အနည်းငယ် ကန့်ကွက်မှုကို ခံရနိုင်သော်လည်း နောက်ဆုံးတွင် သဘောတူညီမှုကို ပိုက်၍ အချိန်မီပြန်လာနိုင်မည်ဖြစ်ကြောင်း လီချန်ရှို့သိ၏။
ထို့ပြင် အောင်းရိကို တောင်သမုဒ္ဒရာအစွန်းတွင် တာဝန်ချထားမည့် ဖြစ်နိုင်ချေလည်း များလေသည်။ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ၎င်းတို့ဘာသာ လည်ပတ်နိုင်ရန် သူလုပ်ဆောင်ရမည့် တာဝန်သုံးခုလောက်သာ ရှိတော့သည်။ ထိုတာဝန်များကို လုပ်ဆောင်ပြီးလျှင် စက္ကူကိုယ်ပွားများကို တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ပြန်ခေါ်နိုင်ပြီဖြစ်သည်။ သူသည် ရှုံးရွာမှ နတ်တမန်တော်များကို အားအင်မဲ့နတ်ဆေးသုံး၍ ကိုင်တွယ်ရပေမည်။ သူ၏ ရုပ်သွင်ကို ရုပ်တုများမှ ပြန်ဖျောက်ရမည်။ တောင်သမုဒ္ဒရာတစ်ဝိုက်ရှိ နေရာသစ်များတွင် ပင်လယ်စောင့်ဘုံကျောင်းများကို ထပ်မံမတိုးချဲ့ရန် တားမြစ်ရပေမည်။ ထိုမှသာ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် တောင်သမုဒ္ဒရာကမ်းရိုးတန်းဒေသရှိ နေရာအနည်းငယ်အတွင်း၌သာ ဩဝါဒများကိုသင်ကြားပေးနိုင်မည်ဖြစ်သဖြင့် တာအိုဂိုဏ်းများ၏ အာရုံစိုက်မှုကို ခံရတော့မည် မဟုတ်ပေ။
ထိုအရာသည် လီချန်ရှို့ အစီအစဉ်၏ အဓိကကျသော အရာတစ်ခုပင်။ သူသည် လှည့်ဖျား၍ ထိုကိစ္စများကို မဖြစ်ဖြစ်အောင် လုပ်ခဲ့သည်ဟု ကိုယ့်ကိုယ်ကို အပြစ်မတင်နိုင်ပေ။ ထိုလှည့်ဖျားခံရသူများကသာ သူ့ကို ရွေးချယ်စရာမရှိအောင် လုပ်ခဲ့သည် မဟုတ်ပါလား။ သူသည် ဖြစ်ပေါ်လာသည့်အခြေအနေအတိုင်း စွန့်စား၍ အကောင်းဆုံး ဖြေရှင်းခဲ့ခြင်းသာဖြစ်သည်။
သူသည် အဆိုးဆုံးအခြေအနေများကို ထည့်တွက်၍ အစီအစဉ်အတွင်းမှ အသေးစိတ်အချက်အလက် အများစုကို ပြင်ဆင်ခဲ့ရ၏။
လီချန်ရှို့၏ စက္ကူကိုယ်ပွားသည် ချက်ချင်းပင် ရှုံးရွာသို့ လျင်မြန်စွာသွားလိုက်သည်။ လီချန်ရှို့သည် နတ်မင်းရုပ်တုမှ တစ်ဆင့် သူလုပ်နိုင်သော တစ်ခုတည်းသော အရာကိုလုပ်လိုက်သည်။ အခြားသူများ၏ အိပ်မက်အတွင်းသို့ ဝင်ရောက်ခြင်းပင်။
သူသည် အားအင်မဲ့နတ်ဆေးကို ဆက်လက်အသုံးပြု၍ ပင်လယ်စောင့်နတ်မင်းသည် အမှန်တကယ်ရှိကြောင်း ရှုံးရွာသူရွာသားများ သိသွားအောင် လုပ်ရလေသည်။ ဆွေမျိုးအချင်းချင်းလက်ဆက်ထားသော ထိုအရူးများကို ပင်လယ်စောင့်နတ်မင်း၏ နောက်လိုက်များအဖြစ် တရားဝင်ခန့်အပ်လိုက်၏။
‘ စုန်းကဝေမျိုးနွယ်က ပညာရှင်တွေရော ဒီကိစ္စကို စုံစမ်းလောက်လား... ’
‘ သူတို့ ဘယ်လိုတုံ့ပြန်လောက်လဲ... ’
ပင်လယ်စောင့်နတ်မင်း၏ နတ်တမန်တော်များဖြစ်သွားသဖြင့် ထိုစုန်းကဝေလူသားများ၏ ဘဝသည် ပို၍ အဆင်ပြေလာပြီး အကျိုးကျေးဇူးများရခဲ့လေသည်။
ထို့ပြင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို တည်ထောင်ခဲ့သူများမှာ ထိုစုန်းကဝေလူသားများပင်ဖြစ်သည်။ လီချန်ရှို့သည် ဘုမသိဘမသိ ခံလိုက်ရသူသာ ဖြစ်၏။
လဝက်သည် လျင်မြန်စွာ ကုန်ဆုံးသွား၏။
လီချန်ရှို့သည် တောင်သမုဒ္ဒရာ ကမ်းရိုးတန်းတစ်ဝိုက်တွင် အလုပ်များနေခဲ့၏။ မူလစေလွှတ်လိုက်သော စက္ကူကိုယ်ပွားများ၏ နတ်တန်ခိုးများ ကုန်လုခမန်းဖြစ်သွား၍ နောက်ထပ် စက္ကူကိုယ်ပွားများကိုပင် လျှို့ဝှက်၍ ထပ်မံစေလွှတ်ခဲ့ရ၏။ သူသည် အစွမ်းရှိသမျှသုံး၍ အစီအစဉ်ဆွဲကာ အမှားဖြစ်သွားနိုင်သည့် ကိစ္စများကို ပယ်ရှားခဲ့လေသည်။
အစွမ်းကုန် ကြိုးစားခြင်းသည် မည်သည့်အခါကမှ စိတ်မပျက်စေခဲ့ပေ။
ထိုလဝက်အတွင်း မူလရှိနေသော ရုပ်တု(၁၇၀၀)ကျော်မှ တစ်ဝက်လောက်၏ရုပ်သွင်ကို ဖုံးကွယ်ပြီးပေပြီ။ ရုပ်တုအသစ်များကိုလည်း ရုပ်သွင်ကို မထင်မရှားပြု၍သာ ထုလုပ်စေခဲ့သည်။
အစပိုင်းတွင် ရုပ်တု၏ ရုပ်သွင်သည် ထင်ရှားနေရန်လို၏။ ထိုမှသာ အမွှေးတိုင်ပူဇော်မှုမှရရှိသော ကုသိုလ်များကို မည်သူ့ထံပေးရမည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ သို့သော် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် ဘုံကျောင်းကြီးများအဖြစ် အခြေကျသွားပြီဖြစ်သဖြင့် ပင်လယ်စောင့်နတ်မင်း၏ ရုပ်သွင်ကို ဖော်ပြရန် မလိုအပ်တော့ပေ။
အောင်းရိသည် လီချန်ရှို့ကို စိတ်မပျက်စေခဲ့ပေ။
အောင်းရိသည် ရေနဂါးစစ်သည် သုံးရာနှင့် ကောင်းကင်နတ်မင်းအဆင့်ရှိသော ပညာရှင်အချို့ကို ခေါ်ဆောင်ခဲ့လေသည်။
လီချန်ရှို့သည်လည်း ရှုံးရွာမှ နတ်တမန်တော်များကို ကိုးကွယ်သူများကို စုစည်းထားရန် လျှို့ဝှက်မှာကြားထား၏။ ထို့နောက်သူသည် အောင်းရိမှာ လက်ထောက်နတ်မင်းဖြစ်ပြီး ကောင်းကင်နဂါးအစောင့်အရှောက်တစ်ဦးလည်းဖြစ်ကြောင်း ကြေညာလိုက်လေသည်။ အောင်းရိပင် အနည်းငယ်ကြောင်သွား၏။
လီချန်ရှို့သည် သူကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်များကို အောင်းရိအား ရှင်းပြလိုက်၏။
တောင်သမုဒ္ဒရာသည် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် ဝေးသဖြင့် လီချန်ရှို့သည် အချိန်ပြည့် ဂရုမစိုက်နေနိုင်ချေ။ နဂါးမျိုးနွယ်ဘက်ကသာ ပို၍ အားထုတ်ရမည်ဖြစ်သဖြင့် အောင်းရိအား ကုသိုလ်များ ပို၍ပေးမှသာ အကျိုးအကြောင်း ဆီလျော်မည်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။
အောင်းရိ မငြင်းနိုင်တော့ပေ။ သူသည် ဆက်သွယ်အဆောင်ကိုသုံး၍ စစ်သည်များကို ထပ်မံပို့ပေးရန် တောင်းဆိုလိုက်၏။
နဂါးမျိုးနွယ်သည် ထိုအခြင်းအရာကို မသင်္ကာဖြစ်နေ၏။ ထို့ကြောင့် နဂါးမျိုးနွယ်မှ ပညာရှင်များသည် တောင်သမုဒ္ဒရာမှ ပင်လယ်စောင့်နတ်မင်း ရှိသည့်နေရာကို တစ်လှည့်စီ တွက်ချက်ခဲ့ကြ၏။ သို့သော် ပင်လယ်စောင့်နတ်မင်းကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။ သို့ပေသည့် အောင်းရိက သူသည် ပင်လယ်စောင့်နတ်မင်းနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း ကျိန်ဆိုပြခဲ့၏။
ထို့ကြောင့် နဂါးမျိုးနွယ်သည် ပင်လယ်စောင့်နတ်မင်းဆိုသူမှာ ပညာရှင်တစ်ဦးဖြစ်ရမည်ဟု ယူဆခဲ့ကြပြီး နောက်ကွယ်တွင် ရန်ကျောင်းတော်ရှိနေကြောင်းကိုပါ အတည်ပြုခဲ့လေသည်။
ထို့ကြောင့် အရှေ့သမုဒ္ဒရာနဂါးနန်းတော်သည် ပညာရှင်ခြောက်ယောက်နှင့် ရေနဂါးစစ်သည် တစ်ထောင်ကို စေလွှတ်ပေးခဲ့သည်။ ထိုတပ်များကို တောင်သမုဒ္ဒရာ ကမ်းရိုးတန်းတွင် နေရာချထားပြီး အချိန်မရွေး တာဝန်ထမ်းဆောင်နိုင်ရန် အသင့်ပြင်ထားပေသည်။
အောင်းရိသည် ရွှေနတ်လိပ်ကျွန်းသို့ ပြန်၍ ကျင့်ကြံလိုသဖြင့် သေမျိုးလောကတွင် ကြာရှည်မနေနိုင်ပေ။ အောင်းရိသည် နဂါးမျိုးနွယ်မှ ပညာရှင်အချို့ကို ကိုယ်စား နဂါးအစောင့်အရှောက်အဖြစ် တာဝန်ပေးခဲ့ပြီး ရွှေနတ်လိပ်ကျွန်းသို့ ပြန်လိုက ပြန်နိုင်ကြောင်း လီချန်ရှို့ထံမှ ခွင့်ပြုချက်ရခဲ့လေသည်။ ထိုနဂါးအစောင့်အရှောက်များသည်လည်း အမွှေးတိုင်ပူဇော်မှုမှရသော ကုသိုလ်အနည်းငယ်ကို ရရှိပေလိမ့်မည်။
ထိုနဂါးအစောင့်အရှောက်များ၏ တာဝန်မှာ တောင်သမုဒ္ဒရာတစ်ဝိုက်ကို ကင်းလှည့်၍ တောင်သမုဒ္ဒရာအတွင်း၌ အန္တရာယ်ကြုံနေရသော ပင်လယ်စောင့်နတ်မင်း ကိုးကွယ်သူများကို စောင့်ရှောက်ပေးရန် ဖြစ်သည်။
အောင်းရိသည် လွန်စွာ တက်ကြွနေ၏။ သူသည် ပင်လယ်စောင့်နတ်မင်း၏ ဩဝါဒများကို ပြန့်ပွားအောင် လုပ်မည့် အစီအစဉ်များကိုပါ စတင်ရေးဆွဲနေ၏။ သူသည် ထိုဩဝါဒများကို နှစ်သုံးဆယ်အတွင်း ပြန့်ပွားအောင်လုပ်၍ နှစ်သုံးရာအတွင်း တောင်သမုဒ္ဒရာ ကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများ တိုးပွားလာအောင်လုပ်လို၏။
လီချန်ရှို့နှင့် အောင်းရိသည် ရှုံးရွာသူရွာသားများ အကြောင်းကိုလည်း အသေးစိတ်ဆွေးနွေးခဲ့သည်။ လီချန်ရှို့သည် ရှုံးရွာနှင့် သိပ်၍ ပတ်သက်ခြင်းမပြုရန် အောင်းရိကို ပြောခဲ့၏။
အောင်းရိသည် လီချန်ရှို့၏ စကားကို သိပ်နားမလည်သော်လည်း လီချန်ရှို့သည် သူ၏ကျေးဇူးရှင်ဖြစ်သဖြင့် လီချန်ရှို့ကို ယုံကြည်လေသည်။
သူသည် လီချန်ရှို့ကို အစ်ကိုချန်ရှို့ဟူ၍ မခေါ်တော့ဘဲ အစ်ကိုနတ်မင်းဟူ၍ ပြောင်းလဲ ခေါ်ဝေါ်လေသည်။ ထိုသို့ခေါ်လျှင် သူတို့နှစ်ယောက် ပို၍ ရင်းနှီးသွားသကဲ့သို့ ခံစားရ၏။
လီချန်ရှို့သည် ထိုသို့ခေါ်သည်ကို လောလောဆယ်တွင် တားမြစ်ခြင်းမပြုသေးဘဲ တားမြစ်နိုင်မည့် အချိန်ကောင်းအထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်လေသည်။ သူ့ကို အရှင်နတ်မင်းဟု မခေါ်ဘဲ အစ်ကိုနတ်မင်းဟုသာ ခေါ်သဖြင့် တော်သေးသည် ဆိုရပေမည်။
လီချန်ရှို့သည် ထိုနေရာမှ စက္ကူကိုယ်ပွားများကို ပြန်ခေါ်နိုင်ပြီဖြစ်သော်လည်း စိုးရိမ်စိတ်မပျောက်သေးသဖြင့် ဆက်လက်၍ လျှို့ဝှက်လုပ်ကိုင်နေခဲ့သည်။ သုံးလခန့်ကြာသောအခါ စက္ကူကိုယ်ပွားများသည် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ပြန်ရန်ပင် နတ်တန်ခိုးများမကျန်တော့သဖြင့် လီချန်ရှို့၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလေတော့သည်။
သူသည် စက္ကူကိုယ်ပွားနှစ်ရုပ်ကိုသာ လိုအပ်ချိန်တွင် အချိန်မီသုံးနိုင်ရန် တောင်သမုဒ္ဒရာ ကမ်းရိုးတန်းတွင် ချန်ထားခဲ့၏။ ထိုမျှလုပ်ဆောင်ပြီးသွားသောအခါ လီချန်ရှို့၏ အခြေခံအစီအစဉ်များသည် ပြီးမြောက်သွားပေပြီ။
သူသည် ကုသိုလ်များကိုယူ၍ အပြစ်တင်ခံရမှုများကို နဂါးများဘက်သို့ လမ်းလွှဲလိုက်ပေပြီ။
ထို့ပြင် နဂါးမျိုးနွယ်သည် ပင်လယ်စောင့်နတ်မင်းထံတွင် တာဝန်ထမ်းဆောင်ရန် သူတို့ဘာသာ တောင်းဆိုခဲ့ခြင်းပင်။ သူတို့သည် လီချန်ရှို့ပေါ်တွင် ကျေးဇူးကြွေးတင်သွားပြီဖြစ်ပြီး နောင်တွင် ထိုကျေးဇူးကြွေးကို ပြန်ဆပ်ရပေလိမ့်မည်။
သို့သော် လီချန်ရှို့သည် ထိုကျေးဇူးကြွေးကို ပြန်တောင်းရန် စိတ်ကူးမရှိပေ။ သူသည် နဂါးမျိုးနွယ်နှင့် ပူးပေါင်းလုပ်ဆောင်၍ နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ကိစ္စများကိုသာ လုပ်ဆောင်လိုပေသည်။
တောင်သမုဒ္ဒရာရှိ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ဘုံကျောင်းများ၏ စီးပွားရှာခြင်းကိစ္စများသည်လည်း တစ်ခန်းရပ်သွားပေပြီ။ ထို့ပြင် ရှုံးရွာမှ နတ်တမန်တော်များသည် ပင်လယ်စောင့်နတ်မင်း၏ အသိအမှတ်ပြုမှုကို ခံခဲ့ရသဖြင့် တရားဝင် တမန်တော်များ ဖြစ်သွားပြီဖြစ်၏။
နဂါးအစစ်အမှန်များကလည်း ဘုံကျောင်းများနှင့် ကိုးကွယ်သူများကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ပေးနေသဖြင့် တစ်နေ့ထက်တစ်နေ့ ကိုးကွယ်သူအရေအတွက် တိုးပွားလာနေတော့သည်။
သို့သော် လီချန်ရှို့သည် အပြည့်အဝ စိတ်မအေးနိုင်သေးပေ။ သူသည် နောက်ထပ် လအနည်းငယ်ခန့် ဆက်လက်၍ ဂရုတစိုက်အစီအစဉ်ဆွဲကာ ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို တွက်ချက်လိုက်သည်။ သူသည် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို တုံ့ပြန်ရန် ပြင်ဆင်ထားခဲ့၏။
နှစ်ဝက်ကြာပြီးသောအခါ...
လီချန်ရှို့သည် လျှို့ဝှက်မြေအောက်ခန်းထဲမှ ထွက်လာ၏။ သူသည် ပြဿနာကို ယာယီ ဖြေရှင်းသွားပြီးဖြစ်၍ သိပ်၍ စိုးရိမ်စရာမလိုတော့ကြောင်း သူ၏ ဆရာနှင့် ညီမလေးကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
သို့သော် လင်းအယ်သည် သူ့အားတွေ့သောအခါ အံ့အားသင့်သွား၏။
“ အစ်ကိုကြီး... ဘာတွေဖြစ်နေတာလဲ။ ဘာလို့ တော်တော်လေး ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပေါ်နေရတာလဲ ”
တဲအိမ်ထဲတွင် အပ်ချုပ်နေသော လင်းအယ်သည် သူမလုပ်လက်စအလုပ်ကို ရပ်၍ မတ်တပ်ရပ်ကာ လီချန်ရှို့ကို ကြိုဆိုလိုက်သည်။ သူမသည် လီချန်ရှို့၏ ဖျော့တော့နေသော မျက်နှာကို ကြည့်ကာ စိုးရိမ်နေ၏။
“ ဘာတွေဖြစ်နေတာလဲ ”
“ အစ်ကို နှစ်ဝက်လောက် အလုပ်ရှုပ်နေပြီး ဖြစ်နိုင်ချေတွေကို အချိန်အကြာကြီး တွက်ချက်ခဲ့ရတယ်။ ဒါကြောင့် အစ်ကို နည်းနည်း စိတ်ပင်ပန်းနေတာ... ”
“ အဲ့ကိစ္စက တန်ခိုးရှင်တွေ၊ အာကာသနတ်မင်း နောက်ဆုံးအဆင့်ရှိသူတွေနဲ့ ပတ်သက်တဲ့ကိစ္စဆိုတော့လည်း ဒီလောက်တော့ အပင်ပန်းခံရတာပေါ့... ”
လီချန်ရှို့ သမ်းဝေလိုက်သည်။ သူ၏ လက်ထဲတွင် စက္ကူကိုယ်ပွားနှစ်ရုပ်ကို ကိုင်ထား၏။ သူသည် သူ့ညီမလေး၏ အိပ်ရာဆီသို့ ပျံသန်းသွားလိုက်၏။
“ အစ်ကို ဒီမှာ ခဏလောက်အိပ်ပြီး အားပြန်ဖြည့်လိုက်ဦးမယ်။ အစ်ကို့ကို စောင့်ရှောက်ဖို့ ညီမလေးကိုပဲ အားကိုးရတော့မှာပဲ။ အခု အစ်ကိုအဆင်ပြေသွားပြီဆိုတာကို ဆရာ့ကို အစ်ကိုပဲ ပြောပြလိုက်ပါမယ်။ ဆရာ့ကို စိတ်ပူစရာမလိုတော့ဘူးဆိုတာ ပြောပြလိုက်မယ်... ”
ထိုသို့ပြောပြီးနောက် လီချန်ရှို့သည် မျက်လုံးမှိတ်၍ အနားယူလိုက်လေသည်။ သူ၏ စိတ် တစ်စိတ်တစ်ပိုင်းကို အိပ်ပျော်မသွားစေရန် လုပ်ထားလိုက်ပြီး အလိုအလျောက် သတိရှိနေစေရန် ပြုလုပ်လိုက်၏။
လင်းအယ် မျက်တောင်ခတ်လိုက်၏။
‘ အစ်ကိုကြီးက.... ’
‘ သူ့ဘာသာ ငါ့အိပ်ရာပေါ်ကို တက်သွားတာပဲ... ’
လင်းအယ် နူးညံ့စွာ ပြန်ပြောလိုက်သည်။
“ ပြဿနာ အဆင်ပြေသွားပြီဆိုတော့ ကောင်းတာပေါ့... အစ်ကိုကြီး သက်တောင့်သက်သာ လှဲပြီး အနားယူလိုက်ပါ... ”
သူမသည် ရှေ့သို့ ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ပြီး ကုတင်အောက်တွင် တွဲလောင်းကျနေသော သူမ အစ်ကိုကြီး၏ ခြေထောက်ကိုမလိုက်ပြီး အိပ်ရာပေါ်ကို တင်ပေးလိုက်၏။
လင်းအယ်သည် ခေါင်းငုံ့၍ လီချန်ရှို့၏ ပင်ပန်းနေသော မျက်နှာကို ကြည့်လိုက်လေသည်။ သူမသည် နှုတ်ခမ်းစေ့လိုက်၏။ မျက်ဝန်းများထဲတွင်လည်း သနားသော အရိပ်အယောင်များဖြင့် ပြည့်နေလေသည်။
သို့သော် သူမသည် ထိုကဲ့သို့ ရှားပါးသော အခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။
လင်းအယ်သည် နှုတ်ခမ်းသပ်လိုက်ပြီး အကြံတစ်ခု သူမ၏ ခေါင်းထဲသို့ ဝင်လာ၏။ သူမသည် ကန့်လန့်ကာ နောက်သို့ ခြေဖျားထောက်၍ သွားလိုက်ပြီး ပါးလျသော ဝတ်စုံလေးကို လဲလှယ်ဝတ်ဆင်လိုက်သည်။ သူမ၏ ဖြူဖွေးချောမွတ်သော အသားအရေလေးကို ထွင်းဖောက်မြင်နေရ၏။
သူမသည် အစ်ကိုကြီးကို မည်သို့မှ မလုပ်ရဲပေ။ သို့သော် လီချန်ရှို့ အိပ်နေသည့် ဘေးတွင် ဝင်လှဲ၍ ထိုမြင်ကွင်းကို သူမ၏ဆရာ မြင်သွားအောင်ပြုရန် ဆုံးဖြတ်လိုက်သည်။
သူမသာ ဆရာ့ကို အနည်းငယ်တောင်းဆိုလိုက်လျှင် သူမနှင့် အစ်ကိုကြီး၏ မင်္ဂလာကိစ္စသည် အတည်ဖြစ်သွားပေလိမ့်မည်။
သူမသည် ထိုအကြံကို ရခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် အစ်ကိုကြီးက ဟာကွက်တစ်ခုမှ ထုတ်မပြသေး၍သာ လက်မှိုင်ချနေခဲ့ရခြင်းဖြစ်၏။
ယနေ့တွင်...
ကောင်းကင်သည် သူမအတွက် အခွင့်အရေးကောင်းတစ်ခုကို ချီးမြှင့်ခဲ့ပေပြီ။
‘ ညီမလေးတို့က ကောင်းကင်က ချီးမြှင့်တာကို ခံရတဲ့ စုံတွဲပဲ။ ကောင်းကင်ရဲ့ ကောင်းချီးပေးမှုကိုခံယူပြီး မင်္ဂလာဆောင်ရတော့မှာပေါ့... ’
‘ ငါ သတ္တိမွေးပြီး ဒီအခွင့်အရေးကို အမိအရ အသုံးချရမယ်... ’
“ ချုံတောင်လေးမှာ အခန်းအောင်းကျင့်ကြံမနေတဲ့ တပည့်တစ်ယောက်ယောက် ရှိပါသလား။ ကျွန်တော်က ဒီနေ့ ဂိုဏ်းကို စောင့်ရှောက်ဖို့ တာဝန်ကျတဲ့ တပည့်ပါ။ ဂိုဏ်းအပြင်က လူတစ်ယောက်က ချုံတောင်လေးက လူတစ်ယောက်ကို ရှာနေလို့ပါ... ”
အပြင်မှနေ၍ အော်ပြောသံတစ်သံ ထွက်ပေါ်လာ၏။ လူရိပ်တစ်ခုသည် ချုံတောင်လေး၏ တောင်ကာမန္တန်အစီအရင် အပြင်လွှာအတွင်းသို့ ဝင်လာပေပြီ။
လီချန်ရှို့တစ်ယောက် သူ၏မျက်လုံးများကို ဖွင့်ပြီးနေပြီ ဖြစ်ပြီး အိပ်ရာပေါ်တွင် ဖြည်းဖြည်းချင်းထထိုင်လိုက်သည်။
ဖုံး...
ကန့်လန့်ကာကို လက်သီးစုပ်လေးတစ်ခုက ထိုးလိုက်၏။
“ ဘာဖြစ်တာလဲ... ”
လီချန်ရှို့ သမ်းဝေရင်း မေးလိုက်၏။
“ ဘာ...ဘာမှမဖြစ်ပါဘူး။ ညီမ ခြင်တွေ့လို့ ရိုက်လိုက်တာပါ... ”
‘ ခြင်ဟုတ်လား... ’
လီချန်ရှို့ ကြက်သီးထသွားသဖြင့် အိပ်ချင်စိတ်များ ပျောက်ကွယ်သွားလေသည်။
***