← Chapters

အရင်းအမြစ်များကို လုယူခြင်း

Vol. 56 Ch. 775

အရင်းအမြစ်များကို လုယူခြင်း

Vol. 56 Ch. 775

ကြည်လင်အေးမြသောလေနုအေးသည် ညှင်းသွဲ့သွဲ့ တိုက်ခတ်နေချိန်တွင် သစ်ပင်များ၏အရိပ်များသည် လေပြေနှင့်အတူ ယိမ်းနွဲ့ကခုန်နေကြသည်။

ကားတချို့ ချဉ်းကပ်လာသည်ကို ထန်ရှု ကောင်းစွာ သိသည်။ သူသည် လေထဲတွင် မျောလွင့်ကာ မြေပြင်ပေါ်သို့ တလှမ်းချင်း ဆင်းသွား၏။ သူ့အရှေ့တွင် ကားများရပ်ပြီး လူပေါင်းများစွာ ထွက်လာသည်ကို ကြည့်နေခဲ့ပြီးနောက် သူ၏အကြည့်များသည် အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် နတ်မိမယ်လေးအလား ဂူရှောင်ရွှဲ့ဆီ ကျရောက်သွားခဲ့သည်။

"မင်း ပင်ပန်းသွားရပြီ။"

ထန်ရှု၏ချောမောသော မျက်နှာထက်တွင် အပြုံးတစ်ခု ထင်ဟပ်လျက် သူမကို အသာအယာ ခေါင်းညိတ်ပြသည်။

ဂူရှောင်ရွှဲ့၏ထူးထူးခြားခြား တောက်ပနေသော မျက်လုံးများသည် ထန်ရှု၏ပြုံးနေသော မျက်နှာအား စိုက်ကြည့်လျက် ရင်းရင်းနှီးနှီး ပြောလိုက်သည်။

“ဒါက ဒီလောက် မခက်ခဲပါဘူး ဆရာအဘိုး။ ရှင်ကသာ ကြိုးကြိုးစားစား လုပ်တဲ့သူပါ။”

“ကောင်းပြီ။ မင်း ဒီကို မလာခင် ယန်အာရဲ့ အခြေအနေ ဘယ်လိုရှိလဲ။" ထန်ရှုက ပြုံးပြီး မေးလိုက်သည်။

"သူ ငါ့ကို ပြောချင်တဲ့ စကားတွေ ရှိသေးလား။"

“ဟုတ်တယ်။ ဆရာသခင်က သူ့အစား ရှင့်ကို ပြောပြစေချင်တဲ့စကားတွေ ရှိတယ်။ လက်ရှိအချိန်မှာတော့ သူမက ထာဝရခန်းမကနေ အများဆုံး ၂ရက်ပဲ ထွက်ခွာနိုင်သေးတယ်။ ရှင် ကျင်းမန်ကျွန်းကို ရောက်ရင် သူနဲ့အတူ လမ်းလျှောက်ထွက်ဖို့ စောင့်နေပါတယ်။"

သူက နှစ်ရက်လောက် အပြင်ထွက်လို့ ရပြီလား…

ထန်ရှုက အပြုံးဖြင့်

"ငါ သိပြီ။"

"ဆရာအဘိုးပြောခဲ့တဲ့ တောင်ပေါ်ကို အခုသွားမလား ဒါမှမဟုတ် မသွားခင် စောင့်ရဦးမလား။"

ဂူရှောင်ရွှဲ့က မေးလိုက်သည်။

ဂူရှောင်ရွှဲ့၏အနောက်တွင် တလေးတစားရပ်ကာ ပင်ပန်းဟန်မရဘဲ စွမ်းအင်အပြည့်ရှိနေပုံရသည့် လူများစွာကို ကြည့်ပြီး ထန်ရှုက တစ်ချက်စဉ်းစားလိုက်ကာ

“ခဏလောက် အနားယူလိုက်ပါဦး။ ငါ မင်းတို့ကို မနက်စောစော တောင်ပေါ်ကို ခေါ်သွားမယ်။ နောက်ပြီး အဲ့ဒီတောင်က အစီအရင်တွေနဲ့ အပြည့်အ၀ ဖုံးလွှမ်းထားလို့ ထူးခြားတယ်။ ငါ့ရဲ့လမ်းညွှန်မှု မရှိရင် ဒီတောင်တက်ခရီးက မင်းတို့အတွက် အရမ်းခက်ခဲလိမ့်မယ်။”

“ကောင်းပြီ။ ကျွန်မတို့ ရှင့်ရဲ့အစီအစဉ်တွေအတိုင်း လိုက်လုပ်မယ် ဆရာအဘိုး။”

ဂူရှောင်ရွှဲ့က ခေါင်းညိတ်သည်။

ညနေစောင်း ရောက်သည့်အခါ ထန်ရှုသည် သူ့လူများကို ရွာထဲသို့ ခေါ်သွားခဲ့သည်။ ယခင်က နိုင်ငံခြားအင်အားစုများ သိမ်းပိုက်နေထိုင်ခဲ့သော အိမ်အချို့မှာ ယခုအချိန်တွင် မည်သူမျှ မနေထိုင်ကြချေ။ ထို့ကြောင့် သူတို့နေထိုင်ဖို့ရာ ပြဿနာမရှိပေ။ သို့သော် လူတိုင်း အခြေတကျ ဖြစ်သွားသည်နှင့် ထန်ဟန်သည် ညအမှောင်အား အကာအကွယ်ယူကာ ရောက်လာသည်။

“သူတို့က ဘယ်သူတွေလဲ မောင်လေး…”

ဂူရှောင်ရွှဲ့နှင့် ထာဝရခန်းမ၏လူများကို သူမ မြင်သောအခါ ထန်ဟန်၏မျက်နှာပေါ်တွင် အံ့ဩသောအကြည့်တစ်ခု ပေါ်လာသည်။

“အစ်မကြီးကို သူတို့နဲ့ မိတ်ဆက်ပေးမယ်။”

ထန်ရှုက အပြုံးဖြင့်

“ဒါက ဂူရှောင်ရွှဲ့ … ကျွန်တော့်ရဲ့မြေးတပည့်ပါ။ ကျန်တဲ့သူတွေက ကျွန်တော့်လက်အောက်က ထာဝရခန်းမရဲ့လူတွေပါ။ အစ်မကြီးရဲ့နောက်ကျောကို ကာကွယ်ဖို့ သူတို့ကို ကိုယ့်လူတွေအဖြစ် စိတ်ချယုံကြည်နိုင်တယ်။”

ထာဝရခန်းမနဲ့ … မြေးတပည့်ဟုတ်လား။

ရင်သပ်ရှုမောလောက်အောင် လှပသော ဂူရှောင်ရွှဲ့ကို ထန်ဟန် ကြည့်နေရင်း သူမ၏မျက်နှာထက်တွင် မယုံကြည်နိုင်ဟန်အမူအရာတစ်ခု ဖြစ်ပေါ်နေပေသည်။ ထာဝရခန်းမသည် ကျင်းမန်ကျွန်းတွင် အခြေစိုက်ပြီး ကောင်းမွန်သော အခြေအနေ ရှိကြောင်း သူမ သိပေသည်။ သူ့မောင်ဝမ်းကွဲငယ်သည် အသက် ၂၁နှစ်သာ ရှိသေးပေရာ သူ့တွင် မြေးတပည့်တစ်ယောက် မည်ကဲ့သို့ ရှိနေပါသနည်း။

ထို့ပြင် သည်ကောင်မလေး၏ရုပ်ဆင်းသွင်ပြင်အရ သူမသည် ထန်ဟန်ထက် နှစ်အနည်းငယ် ငယ်သည်ဟု အကဲဖြတ်နိုင်ပေသည်။

ဂူရှောင်ရွှဲ့သည် ထန်ဟန်အကြောင်းကို မသိသော်လည်း ထန်ရှုဆီက အစ်မကြီးဟူသော ခေါ်သံကို ကြားလိုက်သည့်အခါ သူမက

“မင်္ဂလာပါ ဂိုဏ်းတူဘွားလေး။ ကျွန်မက ဂူရှောင်ရွှဲ့ပါ။"

ဘာ… ဂိုဏ်းတူဘွားလေးဟုတ်လား…

ထန်ဟန်တစ်ယောက် ရယ်ရမလို ငိုရမလိုဖြစ်နေပြီး အဓိပ္ပါယ်မရှိသလို ခံစားသွားရသည်။ သူမက ချီတုံချတုံဖြင့်

“ဂူ … ရှောင်ရွှဲ့ … ငါ့ကို ဂိုဏ်းတူဘွားလေးလို့ မခေါ်လို့ မရဘူးလား။ နောက်ပြီး ငါက နင့်ထက် အသက်လေး နှစ်နည်းနည်းလောက်ပဲ ကြီးတာပါဟယ်။ နင် စိတ်မရှိရင် အစ်မ ဒါမှမဟုတ် အစ်မဟန်လို့ပဲ ခေါ်နော်။ နင်က ထန်ရှုကို ဘာဖြစ်လို့ ဆရာအဘိုးလို့ ခေါ်မှန်း ငါ မသိပေမယ့် ငါတို့တွေက အကြောင်းအရာ အမျိုးမျိုးအပေါ် အတွေးအခေါ်အမျိုးမျိုးနဲ့ ခေတ်သစ်တစ်ခုမှာ နေထိုင်တဲ့သူတွေ မဟုတ်လား။”

"ဒါက…"

ဂူရှောင်ရွှဲ့ အံအားသင့်သွားသည်။ ထန်ဟန်က သည်စကားမျိုးပြောလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားမိပေ။ သူမသည် စိတ်ရှုပ်ထွေးသွားသော မျက်နှာဖြင့် ထန်ရှုကို လျင်မြန်စွာ တစ်ချက် ကြည့်လိုက်သည်။

ထန်ရှုသည် အသေးအဖွဲကိစ္စများကို ဂရုစိုက်တတ်သောသူ မဟုတ်သောကြောင့် လက်ကာလိုက်ပြီး

"မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေသလို ခေါ်ဝေါ်ပြောဆိုကြပါ။"

ထန်ဟန်က ရှောင်ရွှဲ့၏လက်ကလေးကို ဆွဲကိုင်လိုက်ပြီး အပြုံးဖြင့်

"ကောင်းပြီ။ နင် သူပြောတာကို ကြားတယ် မဟုတ်လား ထန်ရှုက ဒါတွေကို စိတ်မဝင်စားဘူး။ ဒါကြောင့် ငါ့ကို အစ်မကြီး ဒါမှမဟုတ် အစ်မဟန်လို့ပဲ ခေါ်။ ငါ့ကို ဂိုဏ်းတူဘွားလေးလို့ ခေါ်ရင် ရှေးခေတ်ကို ပြန်ရောက်သွားသလို ခံစားရတယ်။"

“ဒါ … အာ။ ကောင်းပြီ။ ဟယ်လို အစ်မဟန်။"

ရှောင်ရွှဲ့ နောက်ဆုံးတော့ အရှုံးပေးလိုက်ပြီး ထန်ဟန် တောင်းဆိုသည့်အတိုင်း သူမကို ခေါ်ဝေါ်ခဲ့သည်။

ထန်ဟန်က ကျေနပ်သော အပြုံးဖြင့်

“ကောင်းပြီ … ငါတို့အားလုံး အတူတူ ရှိနေတယ်ဆိုတော့ စည်းမျဉ်းစည်းကမ်းတွေအားလုံးကို ဖယ်ပစ်လိုက် ဟုတ်ပြီလား။ ဒါပေမယ့် ငါ နည်းနည်းတော့ နားမလည်တာတော့ ရှိတယ်။ နင်က ဘာဖြစ်လို့ ထန်ရှုကို ဆရာဘိုးဘေးလို့ ခေါ်တာလဲ။”

"ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်မဆရာသခင်ရဲ့ ဆရာမို့လို့ပါ။" ဂူရှောင်ရွှဲ့က ပြန်ဖြေသည်။

"နင့်ဆရာသခင်ရဲ့ဆရာလား။ ဒါဆိုရင် နင့်ရဲ့ဆရာက…” ထန်ဟန်၏မျက်နှာက သဘာဝမကျသည့်ဟန် ဖြစ်နေပေသည်။

“ကျွန်မရဲ့ဆရာသခင်က ဂူယန်အာပါ။ သူက ကျွန်မကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ခဲ့ပြီး ဆရာသခင်က ဆရာဘိုးဘေးရဲ့တပည့်ဖြစ်လို့ ကျွန်မက သူ့ကို ဆရာဘိုးဘေးအဖြစ် ခေါ်တာ သဘာဝကျပါတယ်။”

ထိုစိတ်ကူးအတွေးသည် ထန်ဟန်ကို မူးဝေသွားစေခဲ့သည်။ သူမသည် ဂူရှောင်ရွှဲ့နှင့် အတွေးအခေါ်မတူသကဲ့သို့ ခံစားလိုက်ရပြီး သူမ မည်သည့်အရာကိုမှ အဖြေရှာမရနိုင်ခဲ့ပါချေ။ သူမက ထန်ရှုဘက်သို့ ချက်ချင်း လှည့်လိုက်ပြီး

"ဟေ့ မောင်ငယ်လေး … ဒီအခြေအနေက ဘယ်လိုလဲဆိုတာ ငါ့ကို ရှင်းပြပါဦး။"

"ယန်အာက ကျွန်တော့်တပည့်ဖြစ်ပြီး ရှောင်ရွှဲ့ကကျတော့ ယန်အာ့တပည့်ပါ။ ဒါကြောင့် ရှောင်ရွှဲ့က ကျွန်တော့်ကို ဆရာဘိုးဘေးအဖြစ် ခေါ်တာက သဘာဝအတိုင်း မှန်ကန်ပါတယ်။”

ထန်ရှုမှ ရှင်းပြသည်။

“နောက်ပြီး ကျွန်တော့်မှာ အခြားတပည့်တွေလည်း ရှိပါတယ်။ အဲ့ဒီထဲက တစ်ယောက်ကတော့ အသက်ပိုကြီးတယ်။ အဆုံးမဲ့ဂုဏ်ရည် ဆေးဝါးလုပ်ငန်းကို အစ်မကြီး သိတယ်မလား။”

“အဲ့ဒီကုမ္ပဏီကို ငါ သိတယ်။ ငါတို့နိုင်ငံရဲ့ ဆေးဝါးကုမ္ပဏီကြီးတစ်ခုပဲလေ။” ထန်ဟန်က ချက်ချင်း ပြန်ဖြေသည်။

"အဲ့ဒီလုပ်ငန်းရဲ့သူဌေး ချန်းကျီကျုံးက အရမ်းတော်တဲ့ လူတစ်ယောက်ပဲ။ ပြည်မကြီးကို ငါ အကြိမ်အနည်းငယ် ရောက်ဖူးထားတော့ ထင်ရှားတဲ့သူတွေအကြောင်း ငါ သိထားပါတယ်။”

ထန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"အဲ့ဒီချန်းကျီကျုံးကလည်း ကျွန်တော်တပည့်ပဲ။ သူ့အဆင့်က အမည်ခံတပည့်တစ်ယောက်အနေနဲ့ပါ။ ကျွန်တော့်ထက် အသက်ကြီးတဲ့ သူ့သားက ကျွန်တော့်ကို ဆရာဘိုးဘေးအဖြစ် ခေါ်ရပါတယ်။”

"ချန်းကျီကျုံးက နင့်တပည့်လား။" ထန်ဟန် အံ့သြသွားသည်။

"မိုးနတ်မင်းရေ … နင့်မှာ ဘာအရည်အချင်းတွေရှိနေလဲ မောင်ငယ်လေး။ နင့်ကို သူ့ဆရာအဖြစ် ချန်းကျီကျုံးရဲ့ အသိအမှတ်ပြုတာကိုတောင် ရခဲ့တယ်ပေါ့။”

"ကျွန်တော်က ကျင့်ကြံသူတစ်ယောက်ဆိုတာ အဘိုးက အစ်မကြီးကို မပြောပြဘူးလား။" ထန်ရှုက အပြုံးဖြင့် ပြန်မေးသည်။

ထန်ဟန်သည် တွေဝစွော စိုက်ကြည့်နေပြီး ခေါင်းယမ်းသည်။

“ဟင့်အင်း … အဘိုးက အဲ့ဒီအကြောင်းကို မပြောဘူး။”

"ဟုတ်ပြီလေ။ အဘိုးက မင်းကို မပြောဘူးဆိုတော့ အခု ကျွန်တော် ပြောပြမယ်။" ထန်ရှုက ရယ်ရယ်မောမောဖြင့် ရှင်းပြသည်။

"အစ်မကြီး ကျင့်ကြံချင်တယ်ဆိုရင်တော့ အစ်မကြီးကို ကြောက်မက်ဖွယ်ခွန်အားပေးမယ့် ကျင့်ကြံနည်းစနစ်ကို ကျွန်တော် သင်ပေးနိုင်တယ်။"

"ငါ သင်မယ်။" ထန်ဟန်က မဆိုင်းမတွ ပြန်ဖြေသည်။

သူမသည် တစ်နှစ်ပတ်လုံး ကျွန်းတွင်နေထိုင်သော်လည်း ထန်မိသားစုဝင်တစ်ဦးလည်းဖြစ်သည်။ ကျင့်ကြံသူများဟု ခေါ်သော ကောလာဟလအချို့ကို သူမ နားလည်သည်။ ဥပမာအားဖြင့် ၎င်းတို့၏တည်ရှိမှုသည် ကောင်းကင်ဘုံ အင်မော်တယ်များသဖွယ် ဖြစ်ကြသော်လည်း ၎င်းတို့သည် ဤကမ္ဘာတွင် အမှန်တကယ် တည်ရှိနေသည်။ သူမ၏မောင်ငယ်လေးသည် ထိုသူတွေထဲက တစ်ယောက်ဖြစ်နေလိမ့်မည်ကိုဖြင့် ဘယ်တုန်းကမှ သူမ မထင်ထားခဲ့မိပေ။

"နင်က ကျင့်ကြံသူဆိုတော့ မောင်ငယ်လေး... နင် … နင်… ဒဏ္ဍာရီထဲက လူတွေအတိုင်း ပျံသန်းနိုင်လား။" ထန်ဟန်က မျှော်လင့်ချက်များ ပြည့်နေသော မျက်နှာဖြင့် မေးလိုက်သည်။

"အစ်မကြီးရဲ့ကျင့်ကြံမှုအဆင့်က အတိုင်းအတာတစ်ခုအထိ ရောက်တဲ့အခါ လေထဲမှာ သဘာဝအတိုင်း ပျံသန်းနိုင်လိမ့်မယ်။ ပျံသန်းခြင်းမှာ အခြေခံအကျဆုံး အခြေခံအုတ်မြစ်ဖြစ်တဲ့ ချီထိန်းချုပ်နည်းနဲ့ အသေးစားမန္တာန်အချို့ရဲ့အကူအညီ လိုလိမ့်မယ်။” ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

“ကောင်းပြီ … စူးစမ်းတာတွေကို တော်သင့်ပြီ။ ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီး အစွမ်းထက်တဲ့ ခွန်အားတွေ ရှိလာတဲ့နောက်ပိုင်းမှာ ဒါကို သိလာလိမ့်မယ်။”

"နားလည်ပြီ။" ထန်ဟန်သည် သူမ၏မျက်နှာထက်တွင် မျှော်လင့်ချက်ဖြင့် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

နောက်နေ့မနက်ခင်း…

ထန်ရှုသည် ထန်ဟန်၊ ဂူရှောင်ရွှဲ့နှင့် ထာဝရခန်းမအဖွဲ့ဝင်များကို ဦးဆောင်ကာ ရွာအပြင်ဘက်သို့ ထွက်လာပြီး မြူခိုးများ ဖုံးလွှမ်းနေသော တောင်ပေါ်သို့ လျင်မြန်စွာ တက်လာခဲ့သည်။ ထန်ရှုသည် တောင်ကို ဖုံးအုပ်ထားသော အစီအရင်ပုံစံကို ကောင်းစွာ နားလည်သောကြောင့် ၎င်းတို့အားလုံးကို အပေါ်သို့ ခေါ်ဆောင်လာရန်မှာ လွန်စွာလွယ်ကူပေသည်။

"အို ဘုရားသခင် … ဒါက သုခဘုံတစ်ခုလား။"

တောင်ပေါ်ရှိ ရှုခင်းကို သူမ မြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်သော အမူအရာဖြင့် ထန်ဟန်၏ ပါးစပ်လေးသည် အိုပုံသဏ္ဍာန်ပင် ဖြစ်သွားရသည်။ သူမ မြင်ဖူးသည့် နှစ်ရာပေါင်းများစွာ သက်တမ်းရှိ သစ်ပင်များထက် ပိုမိုကြီးမားသော သစ်ပင်ကြီးများနှင့် ပုံမှန်မဟုတ်သော အရွယ်အစားရှိသည့် တိရိစ္ဆာန်များကို ယုတ္တိမတန်စွာ သူမ မြင်တွေ့ခဲ့ရသည်။

"အဲ့ဒါ ယုန်လား မောင်ငယ်လေး"

ထန်ဟန်သည် နွားထီးအရွယ်ယုန်ကို ကြည့်ရင်း မယုံကြည်နိုင်စွာ ညွှန်ပြသည်။

“ဟုတ်တယ်။ အဲ့ဒါ တကယ့်ကို ယုန်ပဲ။” ထန်ရှုက ပြုံးပြုံးရွှင်ရွှင် ပြန်ပြောသည်။

“ဒါက အနည်းဆုံး နှစ်ရာနဲ့ချီပြီး အသက်ရှင်နေပြီးပြီ ထင်တယ်။ အနှစ်တစ်ထောင်ကျော်လောက် ရှိလိမ့်မယ်။ ကောင်းပြီ … မင်း အဲ့ဒါကို ယုန်မိစ္ဆာလို့ မှတ်ယူလို့ ရတယ်။"

ယုန်မိစ္ဆာလား…

ထန်ဟန် တုန်လှုပ်သွားကာ ချက်ချင်းပင် ရပ်တန့်သွားသည်။

"အေးဆေးပါ။" ထန်ရှုက ရယ်မောလိုက်ပြီး

"ဒီတောင်ကို ကျွန်တော် အရင်က ရောက်ဖူးတယ်။ ဒီတိရိစ္ဆာန်တွေက အရမ်းကျိုးနွံ့တတ်တာကို တွေ့ခဲ့တယ်။ အစ်မကြီး သူတို့ကို မတိုက်ခိုက်သရွေ့ ဒုက္ခပေးမှာ မဟုတ်ဘူး။”

ထိုစကားကြောင့် ထန်ဟန် စိတ်သက်သာရာ ရသွားကာ တည်ငြိမ်သွားရသည်။

“ဟူးး … မောင်ငယ်လေး နင် ဒီလောက်ထိ အစွမ်းထက်မယ်လို့ မထင်ထားဘူး။ နင် သိပါတယ် … လူပေါင်းများစွာက ဒီတောင်ပေါ်ကို တက်နိုင်ဖို့ ကြိုးစားနေကြပေမယ့် အားလုံးက အချည်းနှီးပဲ။ ငါတောင် ဒီနေ့ ဒီနေရာကို ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ပြင်ပကလူတွေသာ ဒီအကြောင်းကို သိသွားရင် အဲ့ဒါက ကြီးမားတဲ့ ခံစားချက်ကို ဖြစ်စေလိမ့်မယ်။”

"ဒီတောင်ကို လာတဲ့အကြောင်း ဘယ်သူ့ကိုမှ ပြောလို့မရဘူး အစ်မကြီး။ မင်းရဲ့ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေကိုတောင် ပြောလို့မရဘူး။” ထန်ရှုက အလျင်စလို ပြောလိုက်သည်။

“ဒီတောင်ကို ရတနာတောင်လို့ ခေါ်ဆိုနိုင်တယ်။ ကျွန်တော်တို့က ဒီကို လာနိုင်တဲ့ တစ်ဦးတည်းသောသူတွေမို့ ဒါက ကျွန်တော်တို့ ထန်မိသားစုရဲ့ပိုင်နက်ဖြစ်လိမ့်မယ်။ ဒီအကြောင်းကို အပြင်လူတွေ သိသွားရင် သူတို့ ဒီနေရာကို စုပြီးလာဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမှာကို စိုးရတယ်။”

ထန်ဟန်က သတိကြီးစွာဖြင့် ခေါင်းညိတ်ပြပြီး

“ငါ နားလည်ပြီ။ နင် အဲ့ဒီအတွက် စိတ်မပူပါနဲ့။”

ထို့နောက် ထန်ရှုသည် ဂူရှောင်ရွှဲ့နှင့် ထာဝရခန်းမမှ အဖွဲ့ဝင်များဆီသို့ အကြည့်လွှဲကာ လေးနက်သောလေသံဖြင့်

"ပိုပြီးမြင့်မြင့်တက်ဖို့ မကြိုးစားနဲ့။ ဒီတောင်က အရမ်းထူးဆန်းပြီး ကြောက်စရာကောင်းတယ်။ မြင့်မြင့် တက်လေလေ ဖိအားများတာကို ကြုံရလေလေပဲ။ အမြင့်ကို အတင်းတက်မိရင် မင်းတို့ကိုယ်မင်းတို့ ထိခိုက်နာကျင်စေလိမ့်မယ်။ ကောင်းပြီ … အရင်းအမြစ်အားလုံးကို အခုစတင်လှုပ်ရှားပြီးရယူပါ။ ကိုယ့်ဘေးကင်းရေးကိုလည်း အာရုံစိုက်ပါ။ ငါတို့ထာဝရခန်းမက ဒီအရင်းအမြစ်တွေကို လိုအပ်တယ်။”

"နားလည်ပါပြီ။"

ဂူရှောင်ရွှဲ့နှင့် ကျန်သောသူများက ခေါင်းညိတ်သည်။

အဖိုးတန်ဆေးပင်များ၊ စိတ်ဝိညာဉ်သစ်သီးများနှင့် အဖိုးတန်သတ္တုရိုင်းများကို အများအပြားယူဆောင်ကာ သိုလှောင်လက်စွပ်၁၀ကွင်းထဲသို့ ဖြည့်တင်းခဲ့သည်။ ကျိချွိမိန်သည် ကျင်းမန်ကျွန်းရှိ ထာဝရခန်းမရုံးချုပ်တွင် ဤလက်စွပ်များကို မကြာသေးမီက ထုတ်လုပ်ခဲ့သည်။

ထန်ရှုသည် တစ်မနက်လုံး တောင်တန်းများတွင် အချိန်ကုန်ဆုံးခဲ့ပြီးနောက် သူ၏လူအုပ်စုကို ဦးဆောင်ကာ အလျင်စလို ထွက်ခွာခဲ့သည်။ ထွက်ခွာလာပြီးနောက် သူသည် နတ်ဆေးသမားတော် ကွေ့ကျန်းချိုးကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

"ဟားဟားဟား ... မင်း ငါ့ကို အလျင်စလို မခေါ်ဘဲ မနေနိုင်ဘူးဆိုတာ ငါ သိတယ် ထန်ရှု။ ငါ သတင်းကောင်း ပြောပြရမှာပေါ့။ မင်း အရင်က စမ်းသပ်ခဲ့တဲ့ သီအိုရီကို အခြေခံပြီး မှန်ကန်တဲ့ စိတ်ကူးကို ရှာဖွေတွေ့ရှိခဲ့တယ်ကွ။ အဲ့ဒီကနေ အဆိပ်ဖြေဆေးကို သုတေသနလုပ်ပြီး တီထွင်နိုင်ခဲ့ပြီ။ ငါ လောလောဆယ် အချက်အလက်ကို လေ့လာနေတုန်း ဆိုပေမယ့် အဆိပ်ဖြေဆေး အမြောက်အမြား စတင်ထုတ်လုပ်မှုဖို့လည်း လိုအပ်နေတော့ ဆေးပင်တွေ အများကြီး လိုအပ်တယ်။ ငါ ရန်ချူးရှုံးကိုတော့ ပြောပြီးပြီ။ သူလည်း စစ်တပ်ထဲက လူတွေနဲ့ အလုပ်ရှုပ်နေတယ်။"

"စမ်းသပ်ပြီးပြီလား။ ကူးစက်ရောဂါကို အပြည့်အဝ ကုသပေးနိုင်ပြီလား။” ထန်ရှုက မေးလိုက်သည်။

"ရောဂါပိုးရှိတဲ့အယောက် ၃၀ကို ကုသပေးလိုက်တာ အပြည့်အ၀ ပျောက်ကင်းသွားပြီ။" ကွေ့ကျန်းချိုးက ဖြေသည်။

ထန်ရှုအတွက် ကျေနပ်ဝမ်းသာစရာဖြစ်သည်။

"သိပ်ကောင်းတယ်။ ကျေးဇူးတင်ပါတယ် နတ်ဆေးသမားတော်။ ဒီအမှောင်ဗိုင်းရပ်စ်ပြသနာက ခင်ဗျားသာ မရှိရင် ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ကျွန်တော့်မှာ လောလောဆယ် ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကြီးကိစ္စတွေ ရှိပေမယ့် အားလုံးပြီးတာနဲ့ စစ်တပ်အခြေစိုက်စခန်းကို အမြန်ပြန်လာခဲ့ပါမယ်။ အဲ့ဒီကို ရောက်ရင် ကျွန်တော် ခင်ဗျားကို တစ်ဝိုင်းဧည့်ခံပါမယ်ဗျာ။"

"နတ်ဘုရားဝတ်ရည်ဝိုင်…" ကွေ့ကျန်းချိုးက ပြုံးပြုံးကြီး ပြောလိုက်သည်။

“နတ်ဘုရားဝတ်ရည်ဝိုင်။ ဘာပြဿနာမှ မရှိပါဘူး။ အဲ့ဒီနေ့ကျ ခင်ဗျား ကြိုက်သလောက် သောက်နိုင်တယ်။” ထန်ရှုက ရွှင်မြူးစွာ ပြန်ပြောလိုက်သည်။

“ဟားဟားဟား…”

ကွေ့ကျန်းချိုး အားရပါးရ ရယ်မောလိုက်သည်။

All Chapters