နဂါးကျောက်စိမ်း မီးလျှံ ကြာပန်း။
Vol. 161 Ch. 2245
“ ငါ့အတွက် လမ်းဖွင့်ပေး ... ။ ”
ဟွာကျင်းယွီမှ အမိန့်ပေးလိုက်သည်။
“ သခင်ငယ်ရဲ့ အမိန့်ကို စောင့်နေပါတယ်။ ”
မင်ဂိုဏ်း၏ သူတော်စင် ဆယ်ပါးက နက္ခတ်များ ဆင့်ခေါ်ကာ လက်ဖဝါးများ တွန်းထုတ် လိုက်ကြသည်။
“ စကြာဝဠာ ချိတ်ဆက်ခြင်း ... ။ ”
ကောင်းကင်တွင် နေနှင့်လ နှစ်ပါး ဆုံစည်းသွားသည်။ လက်ဖဝါး များကြောင့် အာကာပြင် တစ်ခုလုံး တုန်ခါနေ၏။။
လမ်းကြောင်းပေါ်ရှိ ကနဦးစွာ လှုပ်ရှားခဲ့သော သူတော်စင် သခင် အဖိုးကြီး ဆယ်ယောက်ကို သွေးအန်သွားစေသည်။
သည့်နောက် နေနှင့်လက ‘မင်’ဟု ပေါင်းစပ်သွားပြီးနောက် ဒိုမိန်းအတု တစ်ခုကို ဖန်တီးလိုက်၏။ ထိုဧရိယာအတွင်း ခြေလှမ်း တစ်လှမ်း ရွေ့ရန်ပင် ခက်ခဲကြောင်း လူတိုင်း သဘောပေါက်လာသည်။
ထို့ကြောင့် သူတော်စင် သခင် အများအပြား၏ မျက်နှာများ ပျက်ယွင်းကုန် တော့၏။
“ နေ-လ သူတော်စင်ကျမ်း ... မင်ဂိုဏ်း လှုပ်ရှားပြီ။ ”
မင်ဂိုဏ်း၏ သူတော်စင် သခင်များသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု မမျှော်လင့်ထား သောကြောင့် လူအများက ကြောက်ရွံ့တုန်လှုပ် သွားကြသည်။
ဤအခွင့်အရေးကို ယူပြီး ဟွာကျင်းယွီက ယုံကြည်မှု အပြည့်ဖြင့် နတ်သွေး သစ်သီး ရှိရာ အရပ်သို့ ဦးတည်သွားခဲ့သည်။
နတ်သွေး သစ်သီးတွင် ဉာဏ်ရည် ဉာဏ်သွေး အနည်းငယ် ရှိသောကြောင့် တစ်စုံ တစ်ယောက် ချဉ်းကပ်လာ သောကြောင့် ခုနစ်ရောင် အဆင်းများ ထုတ်ပြီး ခုခံ၏။
“ သနားစရာပဲ ... ။ ”
ဟွာကျင်းယွီသည် ဒုတိယ အဆင့် သူတော်စင် သခင် ဖြစ်သည်။ ဤတိုက်ခိုက်မှု အပေါ် မျက်လုံးထဲ မထားချေ။
“ ဝှစ် ... ။ ”
နေ-လ သူတော်စင်ကျမ်းနှင့် ခွန်အား ပေးထားသော လက်သီးက အလင်းတန်းကို ခွဲထုတ်ပစ်လိုက်သည်။
သည့်နောက် နတ်သွေး အသီးအနှံကို လှမ်းယူလိုက်၏။ ထိုစဉ် ဓါးရောင်ခြည်များက နေနှင့်လကို ဖြိုခွဲကာ သူ့ထံ ဦးတည်လာသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ယင်းကြောင့် ခြေလှမ်း အနည်းငယ် ပြန်ဆုတ်ပြီး လျူယွင်လန်ထံ လှည့်ကြည့် လိုက်မိသည်။
“ လျူယွင်လန် ... ဒီရက်ပိုင်းအတွင်း မင်းတော်တော် တိုးတက် လာပုံရတယ်။ ”
“ ဒီလိုပါပဲ ... ။ ”
နှစ်ယောက်သား ပြုံးနေသော်လည်း အားနည်းချက်ရှာဖွေ နေကြသည်။ သူတို့သည် မဟာမိတ် ဖွဲ့ထား၏။
သို့သော် သွေးသား ညီအစ်ကို များပင် နတ်သွေး သစ်သီး အတွက်သာဆိုက ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
“ ဂျိန်း ... ။ ”
ရုတ်တရက် မိုးကြိုးတစ်စင်း ပြုတ်ကျလာသည်။ လျှပ်စီးများ ပတ်ဝန်းကျင်၌ ပြည့်သွား၏။ ရှေးခေတ် ရောင်ဝါတစ်မျိုးပင် ပါရှိနေသည်။
“ ဝူး ... ။ ”
ဤအခိုက်အတွင်း နတ်သွေး သစ်သီးကို လျှို့ဝှက် ဆန်းကြယ်သော စွမ်းအား တစ်ခုက ဆွဲငင်သွားခဲ့သည်။
နှစ်ယောက်သား လှည့်ကြည့်ရာ ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်ကို ပြုံးလျက် မြင်လိုက်ရ၏။
“ ညီအစ်ကိုတို့ ... ဒီနတ်သွေး အသီးအနှံကို ငါယူရမယ် ထင်တယ်။ ”
လက်ထဲတွင် အပြာရောင် အလံငယ် တစ်လက် ကိုင်ထားပြီး ကြောက်မက်ဖွယ် ကောင်းသော နတ်ရူရ်များစွာကို ရေးထွင်း ထားသည်။
၎င်းက နတ်သွေး သစ်သီးကို ဆွဲငင်စဉ် အာကာပြင် တစ်ခုလုံး ပါးလျသော လှိုင်းများ ပြည့်နှက်လာ၏။
“ ရွှေမိုးကြိုး အလံငယ် ... ။ ”
အနန္တ လျှပ်စီး ဂိုဏ်း၏ ဘုန်းဝိညာဉ် လေးပါးလက်ရာ ဖြစ်သည်။ နှစ်ယောက်သား ဟန်ဆောင်ရန် စိတ်မ၀င်စား တော့ဘဲ ဝှက်ဖဲများ ချက်ချင်း ထုတ်လိုက်ကြ၏။
“ ရွှပ် ... ။ ”
အလင်းတန်းတစ်ခု ကောင်းကင်မှ ပြုတ်ကျကာ အလံငယ်ပေါ် ထိမှန်သွားသည်။ ကောင်းကင်ဘုံ ဂီတ သူတော်စင်သခင် ခမျာ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်မိ၏။
သူ ခေါင်းငုံ့ကြည့်လိုက်သော အခါ ဘုန်းဝိညာဉ်တော် လေးပါး အလံငယ်ပေါ်တွင် အက်ကွဲကြောင်းများ ထင်နေသည်ကို မြင်လိုက်ရသည်။
မျက်နှာ ပြောင်းသွားပြီး လှည့်ကြည့်မိရာ ညာလက်လက်ညိုး ပေါ်တွင် တောက်ပနေသော လက်စွပ်နှင့် ဟွာကျင်းယွီကို မြင်လိုက်ရ၏။
“ မြင့်မြတ်သော လရောင်ခြည်တော် လက်စွပ်။ ”
ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်မှ ရေရွတ်လိုက်သည်။ ဤသည်မှာ မင်-ဂိုဏ်း၏ အုပ်စိုးရှင် သူတော်စင် လက်ရာ ဖြစ်သည်။
လက်စွပ်တွင် မြှုပ်နှံထားသော ကျောက်မျက်တုံးမှာ နတ်လကျောက် ဖြစ်၏။ သို့သော် မူပွားသာ ဖြစ်သည်။ မဟုတ်သော် ဟွာကျင်းယွီ ခွန်အားဖြင့် အသုံးပြုရန် နည်းလမ်းမရှိချေ။
“ ပြန်လာ ... ။ ”
လရောင်ခြည်များ ဟွာကျင်းယွီ လက်ဖဝါးတွင် စုစည်းလာကာ သစ်သီးကို လျင်မြန်စွာ ဆွဲငင်တော့၏။
“ နတ်နေမင်း ခေါင်းလောင်း ... ။ ”
ဤသည်ကို ခန့်မှန်းထားပြီး ဖြစ်သဖြင့် ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်က ဘယ်လက်ဖဝါးကို တွန်းထုတ်လိုက်၏။
“ ဝုန်း ... ။ ”
“ ချွင် ... ချွင် ... ချွင် ... ။ ”
တောက်ပသော စွမ်းအင်များက ရှေးခေါင်းလောင်း အဖြစ် ပြေးထွက်သွားသည်။ လျူယွင်လန်ထံမှ လာသော ဓါးရောင်ခြည်မှာ ခေါင်းလောင်းနှင့် ထိမှန် ပျက်ပြယ်သွားပြီး ခေါင်းလောင်းသံများ ပဲ့တင်ထပ်ကုန်၏။
ဤရန်ပွဲကို မည်သူမျှ စွက်ဖက်နိုင်ခြင်း မရှိစေရန် ကျန်အဖွဲ့သားများက ဝိုင်းရံထားကြ လေသည်။
သက်တမ်း ကုန်ဆုံးနေသည့် အခြားသော သူတော်စင် သခင်များက ထိုမြင်ကွင်းကြောင့် ဒေါသတကြီး ဖြစ်ကုန်၏။
သူတို့သည် သက်တမ်းအရ အနည်းဆုံး ထောင်ဂဏန်း ကြာအောင် နေထိုင်ခဲ့ကြပြီး ငယ်ရွယ်သူ သုံးဦးရှေ့၌ ခွန်အားမဲ့ကုန်သည်။
သူတို့အတွက် ယှဉ်ပြိုင်ရန် အရည်အချင်း မရှိချေ။ ဝူရှောင်တစ်ဦးတည်းသာ အရည်အချင်း ပြည့်မီ၏။
သို့သော် သူ သည်လည်း မည်သည့် အပေါက်မှ ဝင်ရောက်ရမည်ကို မသိသေးသဖြင့် မျက်မှောင်ကြုတ် နေမိသည်။
“ ဒီမှာ ပြီးဆုံးပြီ ... ။ ”
အကြိမ်ကြိမ် ဖလှယ်ကြပြီးနောက် ဟွာကျင်းယွီက အနိုင်ရကာ နတ်သွေးအသီးကို သိမ်းပိုက်နိုင်ခဲ့သည်။
ကောင်းကင် ဂီတ သူတော်စင် သခင်နှင့် လျူယွင်လန်တို့က မကျေနပ် သော်ငြားလည်း သဘော တူညီချက်အရ လက်ခံလိုက်ရ၏။
“ စိတ်မပူပါနဲ့ ... ငါ မင်းတို့ကို ... ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး ... ငါတို့က ညီအစ်ကိုတွေပဲ။ ”
ဟွာကျင်းယွီမှ ပြုံးပြီး နှစ်သိမ့်လိုက်၏။ လျော်ကြေးအဖြစ် ရတနာအချို့ကို ထုတ်ယူကာ ပေးကမ်းလိုက်သည်။
ထိုရတနာများ၏ တန်ဖိုးသည် နတ်သွေးအသီးအနှံနှင့် ယှဉ်ရန် နည်းလမ်း မရှိချေ။
“ ဂုဏ်ယူပါတယ် အစ်ကိုဟွာ ... ။ ”
“ ဟား ဟား ဟား ... ညီအစ်ကိုတို့ ... ဒီနတ်ဘုရား အသွေးတော်ရဲ့ ထူးခြားချက်ကို ငါတို့ဘာကြောင့် မကြည့်ရတာလဲ။ ”
ဟွာကျင်းယွီက သူ့လက်ဖဝါးကို ဖွင့်ကာ နတ်ဘုရား အသွေးတော် သစ်သီးကို ပြသလိုက် လေသည်။
သစ်သီးတွင် တာအို ပါရှိကြောင်း ခန့်မှန်းနိုင်၏။ အရွက်ပေါ်ရှိ သူတော်စင် ရူရ်များ ပင်လျှင် ဆွဲဆောင်မှု ရှိချေပြီ။
သစ်သီးက လက်ဖဝါးအတွင်း၌ ရုန်းကန် နေသော်လည်း ‘မြင့်မြတ်သော လရောင်ခြည် လက်စွပ်’မှ ဖမ်းချုပ်ထားသည်။
“ ဒီနတ်သွေး သစ်သီးက ... အလွန် ထူးခြားတာပဲ၊ အရွက်တွေကတောင် ခွန်အားကို အများကြီး တိုးစေလိမ့်မယ်။ ”
လျူယွင်လန်က လောဘမီးများ တောက်လောင်နေသော မျက်လုံးများဖြင့် ပြောကြားလိုက်သည်။
“ စိတ်မပူပါနဲ့ ... ငါက ရိုင်းစိုင်းတဲ့ လူ မဟုတ်ပါဘူး ... မင်းနှစ်ယောက်ကို တစ်ရွက်စီ ပေးမယ်။ ”
လျူယွင်လန် စကား၏ အဓိပ္ပါယ်ကို နားလည်သဖြင့် ဟွာကျင်းယွီက ပြုံးရယ်ကာ ကတိပေး လိုက်သည်။
နတ်သွေး သစ်သီးတွင် အရွက် ငါးရွက်သာ ပါရှိသည်။ အဆုံး၌ တစ်ရွက် ရလျှင်ပင် ကြီးစွာ အကျိုးရှိပေမည်။
“ ဒီနေရာက အရင် ထွက်သွားရအောင်။ ”
ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်မှ သတိကြီးစွာဖြင့် လှည့်ပတ်ကြည့်ပြီး ပြောကြား လိုက်လေသည်။
“ မြင့်မြတ်မြေ သုံးပါးကို ... ဘယ်သူက ရန်ပြုဝံ့မှာလဲ။ ”
ဟွာကျင်းယွီက သတိပေး စကားကို ဂရုမစိုက်ချေ။ မောက်မာသော အသွင်အပြင်ဖြင့် ပတ်ဝန်းကျင်ထံ ဝေ့ကြည့်လိုက်သည်။
“ ခရစ် ... ။ ”
ထိုအချိန်တွင် ကောင်းကင်ရှိ ‘မင်’ဟူသော စကားလုံး ကွဲကြေသွားပြီး ရွှေကြာပန်းတစ်ပွင့် ပေါ်လာသည်။
သည့်နောက် ‘မင်’ -ဟူသော စကားလုံး ပျက်သွားသောအခါ မီးနဂါးက ရွှေကြာပန်းမှ ပျံထွက်လာ၏။
၎င်းက နေနှင့်လကို ဝါးမြိုပြီး ကောင်းကင်တခွင် ကြောက်မက်ဖွယ်ရာ မှောင်မိုက် သွားစေသည်။
သူတော်စင် စွမ်းအင်များကို မျက်လုံးထဲ လောင်းချပြီး သည့်တိုင် မည်သူမျှ အမှောင်ကို ဖြတ်မမြင်နိုင်ခဲ့ချေ။
ယင်းကြောင့် အမှောင်ထဲ လက်တစ်ဖက် လာနေသည်ကို ဟွာကျင်းယွီ သတိ မထားမိ ဖြစ်သွား၏။
“ ဘယ်သူလဲ ... ။ ”
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
သတိ ပြန်ဝင်လာသော အခါ လက်သီးချက်များ ထိမှန်လျက် ကွေးကောက် လွင့်စဉ် သွားလေသည်။
မည်သူက တိုက်ခိုက်ခဲ့သည် ကိုပင် မသိခဲ့ချေ။ အမှောင်ထုအတွင်း သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကူညီရန် ကြိုးစား လိုက်ကြ၏။
“ ရပ် ... ။ ”
သူတော်စင် စွမ်းအင်ကို မြင့်မြတ်သော လရောင်ခြည်တော် လက်စွပ်ထဲ လောင်းထည့် လိုက်သည်။
သို့မှသာ ကောင်းကင်ကြီး ပြန်လည် လင်းလက်လာပြီး ‘မင်’ဟူသော စကားလုံးကို ပြန်လည် ပုံဖော်တော့၏။
“ နတ်သွေး သစ်သီး ... ။ ”
ရုတ်တရက် ဟွာကျင်းယွီက အော်ဟစ် လိုက်သည်။ အထိုးခံရစဉ် နတ်သွေး သစ်သီး လွတ်ကျသွားမှန်း သတိရလာ၏။
“ ဟား ဟား ဟား ... အရှေ့ဘက် ပျက်စီးမြေရဲ့ မြင့်မြတ်မြေ သုံးပါးက အထင်ကြီး စရာလည်း မရှိပါလား။ ”
ရုတ်တရက် နတ်ဘုရား အသွေးတော် သစ်သီး ကိုင်ဆောင်ထားသည့် လူငယ်တစ်ဦးက ရယ်မောလျက် အလင်းထဲ ထွက်ပေါ်လာ၏။
သူ့ခြေဖဝါးအောက်တွင် ရွှေကြာပန်း ပွင့်နေပြီး မျက်လုံးများ၌ ကြယ်တာရာများ လင်းလက်နေသည်။
“ နဂါးကျောက်စိမ်း မီးလျှံ ကြာပန်း ... ။ ”
ထိုကြာပန်း၏ မူလကို အသိအမှတ် ပြုနိုင်သဖြင့် သုံးယောက်သား မျက်နှာများ ပျက်ယွင်း သွားတော့သည်။
***