ပြန်လည် ဆုံဆည်းခြင်း။
Vol. 161 Ch. 2252
သီချင်း ပြီးဆုံးသွားသည့်တိုင် ပဲ့တင်သံများ မြည်နေဆဲဖြစ်သည်။ အသက် ပြင်းပြင်းရှူလျက် ရေတံခွန်ထံ ငုံ့ကြည့်ပြီး ရှုပ်ထွေးသွား၏။
ဆုစီယာသည် မြေဆွဲအားနှင့် အရိုးလက်သည်းကို ဖြတ်ကျော်ရန် နည်းလမ်း ရှိပုံရသည်။
“ အောက်ကနေ ပြန်မတက် နိုင်တာကို သတိထားမိလား။ ”
ခရမ်းငယ်က အရေးကြီးသော ပြဿနာကို ထောက်ပြခဲ့သည်။
“ ငါတို့ ဆင်းပြီး အဖြေရှာရအောင်၊ ဒီမှာနေလည်း ပိတ်မိနေတာပဲ ... မဟုတ်လား သုံးယောက် အတူတူ ဖြေရှင်းကြည့်မယ်။ ”
လင်းယွန်မှ ပြန်ဖြေသည်။
“ ဟမ့် ... ။ ”
ခရမ်းငယ်မှ သူ့အတွေးများကို သိနေခဲ့ဟန်ဖြင့် လက်ပိုက်လျက် တစ်ဖက်သို့ ခေါင်းလှည့်သွားသည်။
“ ဘာဖြစ်တာလဲ ... စိတ်ဆိုး နေတာလား။ ”
လင်းယွန်က ပြုံးကာ မေးလိုက်၏။
“ ငါ စိတ်မဆိုးပါဘူး ... နင်က သူ့ကို အရမ်းချစ်တဲ့အတွက် သွားလို့ရတယ်၊ ငါတော့ ဒီမှာပဲ ဆက်နေမယ်။ ”
“ မရဘူး ... ၊ လိုက်လာပါ ... သူများတွေ မသိပေမယ့် မင်းရဲ့ အရည်အချင်းကို ငါသိတယ်၊ ဒီကနေ ဘယ်လို ထွက်သွားရမယ် ဆိုတာ မင်း တွေးမိထားတယ် မဟုတ်လား။ ”
လင်းယွန်စကားကို ခရမ်းငယ်မှ အကြောင်း မပြန်ချေ။
“ ဒါနဲ့ ဒီအရိုးလက်သည်းရဲ့ မူလဇာစ်မြစ်ကို မင်းသိတယ် မဟုတ်လား။ ”
လင်းယွန်မှ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ မသိဘူး ... ။ ”
ခရမ်းငယ်က ဒေါသတကြီး ပြန်ဖြေ၏။
“ လင်းယွန် ... နင် ငါနဲ့အတူနေဖို့ ဆန္ဒရှိတယ်မဟုတ်လား၊ ဒီနေရာက တော်တော် ကောင်းပါတယ် ... ပြင်ပကမ္ဘာနဲ့ ကွဲလွဲနေပြီး ဘာကိုမှ ဂရုစိုက်စရာ မရှိဘူး။ ”
“ ဟုတ်ပါတယ် ... ငါ နေနိုင်တယ်။ ”
“ ဟမ့် ... နင်က တကယ့် လူယုတ်မာပဲ၊ နတ်သွေးသစ်သီး ပြန်ပေးရဦးမယ်။ ”
“ အိုး ... ဟုတ်သားပဲ၊ ငါ နတ်သွေး သစ်သီးကို ပြန်ပေးရမှာ မေ့သွားတယ်။ ”
ထိုအရာကို ယခုမှ သတိရသွားသည်။ လင်းယွန် အပြုအမူက ခရမ်းငယ်ကို ပို၍ဒေါသ ထွက်လာစေ၏။
“ နင် လူယုတ်မာ ... နင်ငါ့ကို လိမ်နေတာ ငါသိတယ် ... ဒါပေမယ့် နင်လိမ်နေရင်တောင် ငါ ပျော်နေတုန်းပါပဲ။ ”
သို့မှသာ ခရမ်းငယ်က စိတ်ဆိုး ပြေသွားတော့၏။ လင်းယွန်ကပြုံးပြီး ပါးစပ် ပိတ်ထား လိုက်သည်။
“ အဲဒီ အရိုးလက်က နတ်ဘုရား လက်တစ်ဖက်ဘဲ ချိုင်းဝှမ်းအောက်ကနေ လာတာ၊ ဓားသေတ္တာ ပြန်ကောင်းလာရင် ... ဖီးနစ်သစ်ပင်ရဲ့ အကူအညီ အပြင် ...
... အုပ်စိုးရှင် နတ်ရူရ်နှစ်လုံးကို ငါထိန်းချုပ်မယ် ... ဒါဆို ငါတို့ လက်သည်းကို ပိတ်ဆို့ နိုင်ပြီထင်ပါတယ်။ ”
“ ဒါက အန္တရာယ် ကင်းရဲ့လား ... စောစောက ဖြစ်ပျက်ခဲ့တာတွေက တကယ်ကို ကြောက်စရာ ကောင်းတယ်။ ”
လင်းယွန်က တွေးဆဆဖြင့် ပြောစဉ် ခရမ်းငယ်တစ်ယောက် အပြစ်ရှိသကဲ့သို့ ခေါင်းငုံ့ သွားခဲ့သည်။
“ အဲဒါက ... နင်ငါ့ကို လုံးဝ ဂရုမစိုက်တဲ့ အတွက် သင်ခန်းစာတစ်ခု သင်ပေးချင်ခဲ့တာပါ၊ ဒါပေမယ့် တကယ် ခုန်ချလိမ့်မယ်လို့ ... ငါ မမျှော်လင့်ထားဘူး။ ”
“ ကောင်းပြီ ... ဓားသေတ္တာ ပြန်ကောင်းလာဖို့ ငါတို့ စောင့်ရအောင်။ ”
လင်းယွန်က အပြစ်မတင်ဘဲ ခရမ်းငယ် ဦးခေါင်းကို ပွတ်ကာ ပြောလိုက်၏။ ထို့နောက် နတ်ကျောက်စိမ်း ဝါးပုလွေကို ငှားရမ်းပြီး တီးမှုတ်တော့သည်။
ငါးရက် အကြာတွင် ဓားသေတ္တာရှိ အက်ကြောင်းများ ပျောက်ကွယ် သွားသည်။
“ အခု အဆင်ပြေပြီ။ ”
ခရမ်းငယ်မှ ခေါင်းညိမ့်ပြသည်။
“ နတ်ဘုရား အလောင်းရဲ့ တန်ခိုးကို သေမျိုးခန္ဓာကိုယ်က ခံနိုင်ရည် မရှိဘူး ... နင် အထဲကိုဝင် ... ။ ”
“ မင်းရော ... ။ ”
လင်းယွန်က ပြန်မေး၏။
“ ဟမ့် ... ငါက နတ်ဖီးနစ်ပဲ ... ပင်မ ခန္ဓာကိုယ် မရှိရင်တောင် ငါ့ဝိညာဉ်က ဖီးနစ် ဝိညာဉ်ပါ၊ အဆင့်အတန်းနဲ့ ပတ်သက်လာရင် နတ်ဘုရားတွေကို ယှဉ်နိုင်တယ်၊ ...
... ပြီးတော့ ဓားသေတ္တာရဲ့ အစွမ်းသတ္တိကို မြင်ဖူးတယ်၊ သူ့ကိုနင့်ထက် ငါပိုနားလည်တယ် စိတ်ချနေ ... ။ ”
နတ်ကျောက်စိမ်း ဝါးပုလွေကို ကိုင်ဆောင်လျက် မောက်မာစွာ ပြန်ဖြေသည်။ လင်းယွန် ဝင်သွားသည်နှင့် လက်ဝှေ့ယမ်းပြီး ဓားသေတ္တာကို ပျံထွက် သွားစေလိုက်၏။
“ ဝှစ် ... ။ ”
သည့်နောက် ဓားသေတ္တာပေါ် ခုန်တက် လိုက်ကာ နဖူးရှိ နတ်ရူရ်များကို အသက်သွင်း တော့သည်။ သူမ ရောင်ဝါများ တိုးလာ၏။
ဆံပင်သည် ငွေရောင် ပြောင်းလာပြီး ခါးအထိ ရှည်ကျလာသည်။ ငွေရောင် ဆံပင်များ တဖျပ်ဖျပ်ခတ် လာချိန်၌ နတ်ကျောက်စိမ်း ဝါးပုလွေကို တီးမှုတ်ကာ ချောက်ထဲ ပျံသန်းတော့၏။
“ ဝှီး ... ။ ”
ပုလွေသံကြောင့် အုပ်စိုးရှင် နတ်ရူရ်နှစ်လုံး ပျံထွက်သွားသည်။ လင်းယွန်က ဖီးနစ်သစ်ပင် အောက်၌ ထိုင်ကာ ဤမြင်ကွင်းကို စိုးရိမ်စွာ ကြည့်နေခဲ့၏။
စွမ်းအားကြီးမားသော နဂါးငွေ့တန်းနှင့် လျှပ်စီးများ လျှို့ဝှက်နယ်မြေ အတွင်း ပျံ့နှံ့လာ လေသည်။
“ ဒါက အုပ်စိုးရှင် နတ်ရူရ်ရဲ့ တန်ခိုး အစစ်အမှန်လား။ ”
လင်းယွန် တစ်ယောက် တုန်လှုပ်သွား၏။ အုပ်စိုးရှင် နတ်ရူရ်နှစ်လုံး အသုံးပြုရန် စျေးနှုန်း တစ်ခု ကြီးကြီးမားမား ပေးဆောင်ရနိုင်မည်။
ထို့ကြောင့် ထရပ်လိုက်သောအခါ ဖီးနစ်သစ်ပင်မှ အကိုင်းနှစ်ကိုင်း ဆန့်ထွက် လာပြီး သူ့ကို ပြန်ထိုင်စေခဲ့၏။
“ ဝှီး ... ။ ”
ဓားသေတ္တာ ပြုတ်ကျနေသော အရှိန်သည် ကြောက်စရာကောင်းပြီး ကွဲကြေသွားတော့မည် ကဲ့သို့ ခံစားနေရသည်။
“ သူမ ထပ်လုပ်ပြန်ပြီ။ ”
ခရမ်းငယ် တစ်ယောက် သူတော်စင် တံဆိပ်ကို ဖန်ဆင်းလိုက်သောအခါ လင်းယွန်မှ စိုးရိမ်သွားတော့၏။
ဓားသေတ္တာကို စီးနင်းနေသော (၁၄)နှစ်အရွယ် လှပပြီး ချစ်စရာကောင်းသည့် အသွင်အပြင်မျိုး ဖြစ်သည်။
ပုလွေသံနှင့်အတူ သူမ ပတ်ပတ်လည်၌ လှည့်ပတ်နေသော အုပ်စိုးရှင် နတ်ရူရ် နှစ်လုံးရှိနေခဲ့၏။
“ ဝူး ... ။ ”
ရုတ်တရက် အရိုးလက်သည်း တစ်ဖက် ထွက်လာသည်။ လက်သည်းမှ လေခွင်းသံပင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ကွဲအက် သွားစေနိုင်၏။
“ မဟုတ်ဘူး … ။ ”
မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို သူ သိသောကြောင့် လင်းယွန် နှလုံးသား တစ်ခုလုံး တင်းကျပ်သွားသည်။
သို့သော် ခရမ်းငယ်က ရုတ်တရက် မျက်လုံးများ ဖွင့်ကြည့်ပြီး၊
“ ဟမ့် ... အလောင်း အစုတ်ပလုတ်က ငါ့ရှေ့မှာ ဝံ့ကြွားရဲလား ... ငါက ကောင်းကင် (၃၆)လွှာ၊ ကမ္ဘာမြေ (၇၂)ခု၊ သမုဒ္ဒရာ (၄)စင်းနဲ့ ပျက်သုဉ်းမြေ (၈)ပါးကို ပိုင်ဆိုးတဲ့ နတ်ဖီးနစ် မျိုးနွယ်က ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီပဲ။ ”
-ဟု ကြွေးကြော်လျက် ဝါးပလွေကို ကောင်းကင်ပေါ် ပစ်တင်ကာ တံဆိပ် တစ်ခု ဖန်တီးလိုက်သည်။
“ သိပ်ပြီး အထင်ကြီး စရာလည်း မဟုတ်ဘူး။ ”
ဓားသေတ္တာ ကိုယ်ထည်ရှိ အိုင်းရစ်ပန်း ပွင့်လျက် ရေခဲဖီးနစ် လက်သည်း ထွက်လာကာ အရိုးလက်သည်းကို ပုတ်ထုတ်တော့သည်။
“ ဝှစ် ... ။ ”
သည့်နောက် ကောင်းကင်ပေါ် ပျံပြီး နတ်ကျောက်စိမ်း ဝါးပလွေကို ဖမ်းယူမိသည်။ ထိုစဉ် အာကာပြင် အက်ကွဲလာသည်။ အရိုး လက်သည်းက ဒေါသထွက်သွားပုံရ၏။
“ ဟား ဟား ဟား ... ။ ”
ရယ်မောသံနှင့် အတူ ဧကရာဇ်အသံကို တီးမှုတ်လိုက်သည်။ အရိုးလက်သည်းကြီးထံ အသံလှိုင်းများ ပြေးဝင်သွား၏။
“ ဝုန်း ... ။ ”
နှစ်ဖက် တိုက်မိသောအခါ သမုဒ္ဒရာထဲ မုန်တိုင်းမိနေသော ဖောင်ငယ်တစ်စင်း ကဲ့သို့ ဓားသေတ္တာက ယိမ်းထိုးလာသည်။
“ ဝှစ် ... ။ ”
ခရမ်းငယ်က ဓားသေတ္တာ အပေါ် ပြန်လည်ဆင်းသက်ကာ တည်ငြိမ်အောင် စီးနင်း လိုက်၏။
ဤမြင်ကွင်းကြောင့် လင်းယွန်မှ အံ့သြသွားသည်။ ခရမ်းငယ်၌ လျှို့ဝှက်ချက်များ ရှိမှန်းသိသော်လည်း အနည်းငယ် လျော့တွက် နေမိသေးသည်။
ကြွားဝါမှု အားလုံးသည် စစ်မှန်သော ခွန်အားများ ဖြစ်နိုင်မည်ဟု ပထမဆုံး အကြိမ် တွေးဆမိလာတော့၏။
“ ဝူး ... ။ ”
ဓားသေတ္တာကို အရိုးလက်သည်းက နည်းမျိုးစုံဖြင့် ဖျက်ဆီးရန် ကြိုးစားနေခဲ့သည်။ ခရမ်းငယ်မှ ကောင်းစွာ ကာကွယ်နိုင်၏။
“ ငါတို့ အောက်ခြေရောက်ခါနီးပြီ။ ”
လင်းယွန်က အော်ပြောလိုက်သည်။ ရေတံခွန်အောက်ခြေရှိ ရေကန် တစ်ကန်ကို မြင်လာရ၏။
“ ဝေါ့ ... ။ ”
ထိုအချိန်တွင် ခရမ်းငယ် တစ်ယောက် သွေးအန်လျက် ရောင်ဝါများ လျော့ကျလာကာ ဓားသေတ္တာပေါ်မှ ပြုတ်ကျသွားသည်။
ဖီးနစ်သစ်ပင်မှ ရုန်းထွက်ပြီး ချက်ချင်း ပြေးထွက် လိုက်တော့၏။ ထွက်လိုက်သည်နှင့် ဆွဲငင်အားက သူ့အပေါ် သက်ဆင်းလာသည်။
တစ်ချိန်တည်းမှာပင် အရိုးလက်ကြီး၏ ပစ်မှတ်သည် သူ့ထံ ဦးတည်၏။ နတ်ခန္ဓာကိုယ် အသက်သွင်းကာ ခရမ်းငယ်ကို ချက်ချင်း လှမ်းဆွဲလိုက်သည်။
“ ဝှစ် ... ။ ”
ဖြူဖျော့နေသော မျက်နှာဖြင့် ခရမ်းငယ်တစ်ယောက် ရင်ခွင်ထဲ ပြန်ရောက်စဉ် တစ်ပါတ်လှည့်ကာ အရိုးလက်သည်းကို နောက်ကျောဖြင့် ခံယူမိ၏။
“ ဝူး ... ။ ”
“ ဘုန်း ... ။ ”
အရိုးလက်သည်းက ကျောပြင်ကို ထိတော့မည့် အချိန်တွင် ဓားသေတ္တာသည် ရေစီးကြောင်းနှင့် ထိမိပြီ ဖြစ်၏။
“ ဝူး ... ။ ”
အရိုးလက်သည်းမှာ ဆက်လိုက် မလာတော့ဘဲ လေထုအလယ် ဝှေ့ယမ်းလျက် ဒေါသကို ပြသနေခဲ့သည်။
သို့တိုင် လင်းယွန်ကျော၌ အနည်းငယ် ကုပ်ခြစ်ရာတစ်ခု ရရှိသွားသဖြင့် ခရမ်းငယ်က မျက်ရည်များ စီးကျလာတော့သည်။
“ မင်းက ဖီးနစ်ပဲ ... မငိုနဲ့။ ”
လင်းယွန်က သူမ မျက်ရည်ကို သုတ်ပေးလာသည်။
“ ဖီးနစ်မှာလည်း နှလုံးသားရှိတယ်။ ”
ခရမ်းငယ်က တိုးတိုးလေး ပြန်ပြော၏။
“ ငါသိတယ် ... ဒါပေမယ့် မင်း သန်မာလာတာနဲ့အမျှ ... အရွယ်ရောက်လာ သလိုပဲ။ ”
“ ဟုတ်လား ... ဘယ်လိုလဲ ငါလှတယ် မဟုတ်လား ... ငါ့ရုပ်အသွင်က ဆုစီယာထက် ပိုကြည့်ကောင်းတယ်လို့ ပြောခဲ့သားပဲ။ ”
ခရမ်းငယ် တစ်ယောက် ချက်ချင်း အာရုံပြောင်းသွားသည်။ သူမသည် ကလေးငယ် တစ်ယောက် ကဲ့သို့သာ စိတ်ခံစားချက်များ ရှိနေသေး သောကြောင့် လင်းယွန်မှ ပြုံးလိုက်မိသည်။
ဓားသေတ္တာသည် ရေစီးကြောင်းနှင့်အတူ မျောပါသွားကာ တစ်နာရီအကြာတွင် ကျွန်းငယ် တစ်ခုထံ ရောက်ရှိလာ၏။
ကျွန်း အလယ်တွင် မြင့်မားသော သစ်ပင်ကြီးတစ်ပင်ရှိပြီး ဗျပ်စောင်းတီးနေသည့် အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရ၏။
ဤသည်မှာ ဆုစီယာ ဖြစ်သည်။ သူမက ပြုံးရွှင်စွာဖြင့် သူထံ ကြည့်နေခဲ့၏။ ခရမ်းငယ်ကို ပွေ့ချီလျက် ကျွန်းပေါ်သို့ ပျံသန်းလိုက်သည်။
“ ဝှစ် ... ။ ”
ခရမ်းငယ်သည် ကလေးမလေး အသွင်အပြင်မျိုး ပြန်လည် ရောက်ရှိနေပြီး ရှက်ရွံစွာ ခေါင်းဝှက်ထား၏။
ပုံမှန်အတိုင်းသာဆိုသော် ဤအနေအထားသည် သူမအတွက် သဘာဝ အတိုင်း ပျော်ရွှင်စရာ ဖြစ်သည်။
သို့သော် ဆုစီယာရှေ့တွင် ဖြစ်သဖြင့် ရှက်ရွံ့လာမိ၏။ သူမပုံစံသည် လင်းယွန်၏ သမီးငယ်တစ်ယောက် ပုံစံနှင့် တူနေသည်။
“ ဟမ့် ... ဒီလောက် အရေးကြီးတဲ့ အချိန်မှာ... ငါက ဘာကိစ္စ ကလေးမလေး အသွင်မျိုး ပြန်ရောက်သွားရတာလဲ။ ”
***