← Chapters

ရွေးချယ်ခြင်းတောင်ထွတ်

Vol. 21 Ch. 281

ရွေးချယ်ခြင်းတောင်ထွတ်

Vol. 21 Ch. 281

တပည့်များ၏ မျှော်လင့်ချက်များအောက်တွင် သုံးရက်က လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ကြီးမားလှသော ကွင်းပြင်ကြီးတစ်ခုတွင် သောင်းချီသော တပည့်များက ကြီးမားလှသော ပုရွတ်ဆိတ်အုံကြီးအလား ကြီးမားစွာဖြင့် စုဝေးနေကြသည်။ တပည့်တိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။

ဒီနေ့က သူတို့အားလုံး အတွင်းတောင်သို့ ဝင်ရောက် ရမည့်နေ့ဖြစ်သည်။

ဇူယွမ်နှင့် ယောင်ယောင်တို့က လူအုပ်အတွင်းတွင် ရပ်နေခဲ့ပြီး ချောင်းရှိုး၊ ကျောင်းခွန်၊ စုန့်ဝမ်ရှီ၊ ရှန့်ဝမ်ကျင့်တို့နှင့် များစွာသော တပည့်များက သူတို့၏ ပတ်ပတ်လည်တွင် ဝန်းရံနေကြသည်။ တပည့်တိုင်းက သူတို့နှစ်ယောက်အား ကြည့်ရှုနေသော အကြည့်များတွင် နက်ရှိုင်းသော လေးစားမှုများ ပါဝင်နေပေသည်။

တောင်ထွတ်ရွေးချယ်မှု အခမ်းအနားအပြီး၌ လူတိုင်းက သည်တစ်ခေါက်၏ အပြင်ဘက်တောင် တပည့်များတွင် မည်သူက စွမ်းအားအကြီးဆုံးလဲဆိုသည်ကို သိရှိသွားပြီ ဖြစ်သည်။

သူတို့အားလုံး၏ အကြည့်များကို မြင်သော အခါ ဇူယွမ်က ညင်သာစွာ သက်ပြင်းချလိုက်သည်။ လွန်ခဲ့သော သုံးလတုန်းကလည်း သူတို့မှာ တူညီနေသော နေရာတွင်ပင် ရပ်နေခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်တွင် မည်သူမှ သူတို့အား ဂရုမစိုက်ခဲ့ရုံမျှမက ပထမတန်းတပည့် ဖြစ်လာသည်ကိုပင် ရယ်မောလိုက်ကြသေးပေသည်။

ထိုစဉ်က လူတိုင်းရယ်မောခဲ့သည့် လူငယ်လေးက သုံးလအကြာ တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် ချန်ပီယံ ဖြစ်လာခဲ့ပြီးနောက် သူတို့အားလုံး တိုက်ရိုက်ပင် မကြည့်ဝံ့သည့် လူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

ကျောင်းခွန်က ရင်ဘတ်ကို အသာအယာ ပုတ်ကာ ပြောလိုက်သည် “ညီတော်ဇူယွမ်၊ အတွင်းတောင် ရောက်တဲ့အချိန်ကျရင် မင်းလိုအပ်တာရှိရင် ငါတို့ကို ခေါ်လိုက်ပါ။ ငါတို့သေချာပေါက် လာကူညီမယ်။”

အခြားသောသူများက သဘောတူဟန်ဖြင့် အလေးအနက် ခေါင်းညိမ့်လိုက်ပြီးနောက် ဇူယွမ်အား ကျေးဇူးတင်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။ သူတို့အားလုံး ပထမဆယ်နေရာသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ ဇူယွမ်၏ အကူအညီကြောင့်ပင် ဖြစ်သည်။

ဇူယွမ်က ပြုံးရုံသာ ပြန်ပြုံးပြလိုက်သည်။

ချောင်းရှိုးက နောင်တရနေဟန်ဖြင့် ပြောလိုက်သည် “ညီတော်ဇူယွမ်က ဘာကြောင့် မူလသူတော်စင် တောင်ထွတ်ကို ရွေးချယ်ရတာလဲ။ တပည့်တော်တော်များများက အဲ့တောင်ထွတ်ကို ရွေးချယ်ဖို့ ရှောင်ရှားကြတယ်။”

ဇူယွမ်က ရယ်မောလိုက်ပြီး ရှင်တော့ မရှင်းပြခဲ့ပေ။ သူ၏ ရွေးချယ်မှုကို များစွာသောသူများက အလွန် ယုတ္တိမတန်ဟု ခံစားနေရမှန်းသူသိပေသည်။ သို့သော်လည်း သူတို့အားလုံးကို သူတော်စင်စာလုံးကြောင့် ထိုသို့ လုပ်ရသည်ဟု ရှင်းပြရန် မဖြစ်နိုင်ပေ။

သူတို့ ရောက်တတ်ရာရာများ ပြောဆိုနေစဉ်အတွင်း အလင်းတန်း ခုနှစ်ခုက မိုးကုတ်စက်ဝိုင်းဆီမှာ ပေါ်ထွက်လာခဲ့ပြီး ကွင်းပြင်၏ အပေါ်သို့ ရောက်လာချိန်တွင် မူလတိမ်တိုက်ခုနှစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

မူလချီတိမ်တိုက်များ ရပ်တန့်သွားချိန်တွင် တပည့်များက ထိုအပေါ်တွင် ရပ်နေသော ပုံရိပ်ခုနှစ်ခုကို တွေ့လိုက်ကြပေသည်။

စွမ်းအား ပြည့်ဝလှသော မူလချီဖိအားအောက်တွင် သူတို့အားလုံး ဆူညံနေရာမှ ရုတ်တရက် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

ပုံရိပ်ခုနှစ်ခုက ကွင်းပြင်ဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် စွမ်းအားပြည့်ဝသော အသံတစ်သံက ထွက်ပေါ်လာခဲ့သည် “ငါတို့က မင်းတို့အားလုံးကို လက်ခံခေါ်ဆောင်သွားမယ့် တောင်ထွတ်ခုနှစ်ခုက တမန်တော်တွေပဲ။ မင်းတို့အားလုံး အဆင်သင့်ဖြစ်ရင် အတွင်းတောင်ကို ဝင်ဖို့ ငါတို့နောက်လိုက်ခဲ့။”

ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် တပည့်များမှာ သူတို့၏ စိတ်လှုပ်ရှားမှုမှ ထွက်ပေါ်လာသော အသံများကို မထိန်းချုပ်နိုင်တော့ပဲ ကွင်းပြင်တစ်ခုလုံး ထပ်မံဆူညံသွားပြန်သည်။

ထိုမြင်ကွင်းကြောင့် တမန်တော် ခုနှစ်ယောက်သည် ရယ်မောရုံသာ ရယ်မောလိုက်ကြပြီး တပည့်များ ပြန်လည် တိတ်ဆိတ်သွားအောင် မလုပ်ကြပေ။ သူတို့လည်း လွန်ခဲ့သော နှစ်များစွာက သည်နေရာတွင် သည်ကဲ့သို့ ခံစားချက်မျိုး ခံစားဖူးကြပြီး သည်စိတ်လှုပ်ရှားမှုက လူငယ်လူရွယ်များကို ဘယ်လောက် လွှမ်းမိုးနိုင်ကြောင်း သိကြပေသည်။

သူတို့အားလုံး၏ လက်များကို ဝေ့ယမ်းလိုက်ချိန်တွင် မူလချီများ ထွက်ပေါ်လာခဲ့သည်။ ထိုမူလချီများသည် စင်ပေါ်မှ မြင့်တက်လာခဲ့ပြီးနောက် တိမ်တိုက်များအဖြစ် ပြောင်းလဲသွားကာ တပည့်များအားလုံးကို ကောင်းကင်ဆီသို့ သယ်ဆောင်လိုက်သည်။

တိမ်များသည် တဖြောင့်တည်း သွားနေခဲ့ပြီး တပည့်များကလည်း သူတို့၏ ခြေထောက်များအောက်တွင် ဖြတ်ကျော်လာခဲ့သော တောင်များကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

အမွေးတိုင်တစ်တိုင်စာမျှ လောင်ကျွမ်းချိန်အပြီးတွင် သူတို့၏ သွားနှုန်းမှာ တဖြည်းဖြည်း နှေးကွေးလာသ်ညကို တပည့်များ ခံစားလိုက်ကြရသည်။

“ငါတို့ရောက်ပြီလား။” တပည့်များက အရှေ့သို့ အလျှင် အမြန်ကြည့်လိုက်ကြသည်။

သို့သော်လည်း သူတို့မြင်လိုက်ကြရသော အဆုံးမဲ့သည့် တောင်တန်းကြီးများကြောင့် သူတို့အားလုံးမှာ ကြောင်အသွားခဲ့ကြသည်။ သည်နေရာက အတွင်တောင်နှင့် လုံးဝမတူညီပေ။

ယောင်ယောင်က ထန်ထန်အား ပွေ့ထားရင်းမှ သူ့ရှေ့ရှိမြင်ကွင်းကို အာရုံစိုက်ပြီး ကြည့်လိုက်သည်။ ထိုနောက် သူ့မကို သူမရေရွတ်လိုက်သည် “ဘယ်လောက်တောင် အံ့အောဖို့ ကောင်းလိုက်တဲ့ မူလမှော်စာလုံး အစီအရင်လဲ နေရာအပိုတစ်ခုကို သည်လို ဖန်တီးထားနိုင်ခဲ့တယ်ဆိုတာ ငါမယုံကြည်နိုင်ခဲ့ဘူး…”

သူမ၏ စကားများ အဆုံးသတ်သွားချိန်တွင် တမန်တော်ခုနှစ်ယောက်၏ လက်များမှ မူလချီများ မြင့်တက်သွားသည်ကို ဇူယွမ် မြင်တွေ့လိုက်ရပေသည်။ မူလချီစီးကြောင်း ခုနှစ်ခုသည် အတူတကွ ပေါင်းစည်းသွားခဲ့ပြီး နောက်ဆုံးတွင် သူ့တို့၏ အရှေ့လေထု၌ တံဆိပ်တော်တစ်ခု ဖြစ်တည် လာခဲ့ပေသည်။

ထိုနောက် တပည့်များ၏ အကြည့်အောက်တွင် လေထုမှစတင် လှုပ်ခါသွားပြီး ဝင်ပေါက်တစ်ခု ဖြေးညင်းစွာ ပွင့်လာခဲ့ပေသည်။

ဝှီး…

တစ်ချိန်တည်းမှာပဲ အဆုံးစမဲ့သော မူလချီများထွက်ပေါ်လာပြီးနောက် သူ့တို့ရှေ့ရှိ ကမ္ဘာကြီး၏ မြင်ကွင်းမှာ ပြောင်းလဲသွားတော့သည်။

မူလက ဘာမှမရှိခဲ့သော ကုန်းမြေကြီးသည် ယခုချိန်တွင် ငှက်များကဲ့သို့ ပျံသန်းနေသော သတ္တဝါများနှင့် ပြည့်နှက်နေပေသည်။

ခမ်းနားထည်ဝါလှသော တောင်ကြီးများသည် မြေပြင်ပေါ်မှ တိမ်များ အတွင်းသို့ပင် တိုးဝင်နေကြပေသည်။

ကြီးမားလှသော ရေတံခွန်ကြီးများကလည်း ကြီးမားလှသော တောင်ထွတ်ကြီးများဆီမှ ငွေရောင်မြစ်ကြီးများအလား တဝုန်းဝုန်း မြည်သံပေးလျက် ကျဆင်းနေပေသည်။

ကြီးမားလှသော မူလချီတိမ်တိုက်ကြီးများပင်လျင် ကောင်းကင်ပေါ်၌ ဝဲလျက်ရှိနေကြသည်။ ထိုတိမ်တိုက်များ အပေါ်တွင် များစွာသော ခန်းမများ အဆောက်အဦးများ ရှိနေပြီး မရေမတွက်နိုင်သော ပုံရိပ်များက သူတို့၏ မူလချီများဖြင့် ဟိုမှသည်သို့ ပျံဝဲနေကြပေသည်။

ထိုအရာက ကြီးကျယ်ခမ်းနားသော ကောင်းကင်ဘုံ၏ ပန်းချီကားအလားပင်။

များစွာသော တပည့်များသည် သူတို့မြင်ကွင်းတွင် ပေါ်လာခဲ့သော ကောင်းကင်ဘုံ မြင်ကွင်းကြောင့် စကားမပြောနိုင်အောင်ပင် ဖြစ်သွားကြသည်။

တုန်လှုပ်နေသော တပည့်များကို ကြည့်ပြီးနောက် တမန်တော် ခုနှစ်ယောက်က ရယ်မောလိုက်ကြသည်။ သူတို့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မူလချီတိမ်တိုက်များက သူတို့ကို အက်ကွဲကြောင်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့အားလုံး အထဲသို့ ဝင်ရောက်သွားသည်နှင့် ကြွယ်ဝသော မူလချီများက သူတို့ထံသို့ တိုးဝင်လာသည်ကို ခံစားမိလိုက်ပြီး သူတို့၏ နှလုံးသားများမှာ တည်ငြိမ်သွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းမှ မူလချီများက ပိုမို အသက်ဝင်လာခဲ့ပေသည်။

သည်နေရာ၏ မူလချီ သိပ်သည်းမှုနှင့် ကြွယ်ဝမှုသည် အပြင်ဘက်တောင်တွင် ရှိစဉ်ကထက် များစွာသာလွန်ပေသည်။

“အာ၊ အဲ့တာဘာလဲ။”

ထိုအချိန်တွင် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်တို့လူစုက အသံထွက်ပေါ်လာရာသို့ လှမ်းကြည့်လိုက်ကြပေသည်။ ထိုအခါ သူတို့အားလုံးက မူလချီတိမ်တိုက်များ ထူထပ်စွာ ရှိနေသည် မြင့်မားသော တောင်ထွတ်ကြီးတစ်ခုအား မြင်လိုက်ရပေသည်။

တောင်နံရံကြီးသည် ကြေးမုံပြင်ကဲ့သို့ ချောမွေ့နေပြီး အလင်းရောင်များ တောင်ပနေပေသည်။ တောင်နံရံ၏ ထိပ်တွင် ကြီးမားသော ရွှေရောင် စာလုံးကြီးနှစ်လုံးက အံ့အခမ်းအရှိန်အဝါများကို ထုတ်လွှတ်ပေးနေပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နေပေသည်။

“ရွေးချယ်ခြင်း တောင်ထွတ်။”

အချို့သော တပည့်များ၏ မျက်လုံးများမှာ ဂဏာမငြိမ် ဖြစ်လာပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည် “ဒါက ရွေးချယ်ခြင်းတောင်ထွတ်လား။”

အချို့သော သူများက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည် “ရွေးချယ်ခြင်းတောင်ထွတ်ဆိုတာ ဘာလဲ။”

“ငါ့တို့ရဲ့ ကန်ရွှမ်းကလန်မှာ မျိုးဆက်တိုင်းမှာ ယှဉ်ပြိုင်မှုရှိပြီးတော့ အသန်မာဆုံး ဆယ်ယောက်ကို ရွေးချယ်ထားပြီး အဲ့ဆယ်ယောက်ကို ကန်ရွှမ်းကလန်၏ ကြီးမြတ်သော ရွေးချယ်ခံ ဆယ်ယောက်လို့ ခေါ်တယ်။ သူတို့က တပည့်အားလုံးရဲ့ အဆင့်အတန်းက အထက်မှာ တည်ရှိနေတယ်။”

“ကန်ရွှမ်းကလန်မှာ ရွေးချယ်ခြင်း တောင်ထွတ်ကို တည်ထောင်ထားတာက တပည့်တွေကို တွန်းအားဖြစ်စေဖို့ပဲ ရွေးချယ်ခြင်းတောင်ထွတ်ရဲ့ နေရာဆယ်ခုမှာ နာမည်ရေးထိုးနိုင်ခဲ့ရင် များစွာသော တပည့်များရဲ့ လေးစားခြင်းကို ရရှိလိမ့်မယ်။”

“ရွေးချယ်ခြင်းတောင်ထွတ်မှာ နာမည်ချန်ထားရစ်ခဲ့နိုင်တဲ့ တပည့်တစ်ယောက်ဖြစ်လာဖို့က ကန်ရွှမ်းကလန်ရဲ့ တပည့်တိုင်းရဲ့ အဆုံးစွန်သော အိမ်မက်လို့ ပြောလို့ရတယ်။”

ထိုစကားကို ကြားရသည့်အချိန်တွင် တပည့်များ၏ ရွေးချယ်ခြင်းတောင်ထွတ်ကို ကြည့်သော အကြည့်များမှာ လေးစားမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဇူယွမ်က ချောမွတ်နေသော တောင်နံရံကြီးကို သိချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။

သူ၏ အကြည့်က အောက်ခြေမှတစ်ဆင့် အပေါ်သို့ တဖြည်းဖြည်း တက်သွားခဲ့သည်။

“ကျောက်ကျူး၊ ဒဿမအဆင့်၊ ဓားကပ်ဘေးတောင်ထွတ်။”

“ယဲ့ကယ်၊ နဝမအဆင့်၊ သူတော်စင်မှော်စာလုံးတောင်ထွတ်။”

“…”

ဇူယွမ်က နာမည်တစ်ခုပြီးတစ်ခု ကြည့်နေရင်းမှ နာမည်တစ်ခုစီတွင် ပါဝင်သော အင်အားများကို ခံစားမိပြီး သူတို့ထဲမှ တစ်ယောက်ကိုပင် လျော့မတွက်ရဲတော့ပေ။

“စန်းချွန်းချိုး၊ စတုတ္ထအဆင့်၊ ဟုန်ယာတောင်ထွတ်။”

“လီချင်းချန်၊ တတိယအဆင့်၊ နှင်းပဒုမ္မာတောင်ထွတ်။”

“ခုန်းစိန်၊ ဒုတိယအဆင်၊ ဓားကပ်ဘေးတောင်ထွတ်။”

“ချူးချင်း၊ ပထမအဆင့်၊ ကန်ရွှမ်းတောင်ထွတ်။”

များစွာသောတပည့်များမှာ တိတ်ဆိတ်နေခဲ့ပြီး သူတို့၏ မျက်လုံးများတွင် လေးစားမှုများ တောက်လောင်စွာဖြင့် နံရံပေါ်တွင် ရေးထိုးထား‌သော နာမည်ဆယ်ခုကို စိုက်ကြည့်နေခဲ့ကြသည်။

ဇူယွမ်၏ မျက်လုံးများမှာလည်း တောက်ပနေခဲ့သည်။ သူ့အနေဖြင့် သည်လူဆယ်ယောက်မှာ ယခုမျိုးဆက်တွင် အလွှမ်းမိုးနိုင်ဆုံးသော သူများ ဖြစ်ကြောင်းသိပေသည်။

သို့သော်လည်း ထိုထဲတွင် မူလသူတော်စင်တောင်ထွတ်မှ တစ်ယောက်မှ မပါဝင်ပေ။

သူက ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။

ကြည့်ရသည်မှာ ယခုအချိန်တွင် မူလသူတော်စင်တောင်ထွတ်မှာ အနည်းငယ် နုံချာပေသည်…

All Chapters