← Chapters

တောက်ဖန်၏ကျိန်စာ

Vol. 85 Ch. 1179

တောက်ဖန်၏ကျိန်စာ

Vol. 85 Ch. 1179

မဟူရာမြို့နက်သည် ၎င်းကို လွှမ်းခြုံထားသော မီးတောက်မီးလျှံများ မရှိတော့သည့်အတွက် ပို၍ပင် ရှင်းလင်းမြင်သာလာခဲ့၏။ အဖြူရောင်ပေါင်းမြက်နွယ်ပင်များက နံရံတံတိုင်းများပေါ်တွင် ကုပ်ကပ်တွယ်တက်ထားဆဲဖြစ်ပြီး နန်းတော်ကလည်း အလယ်တွင် ရှိနေဆဲဖြစ်သည်။

ပထမဆုံးတစ်ချက်ကြည့်လျှင် ၎င်းသည် သူ စစချင်းမြင်ခဲ့စဉ်ကနှင့် ကွာခြားသွားပုံမပေါ်ပေ။

မန်ဟို မျက်မှောင်ကြုတ်၍ စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ ဧရာမသလွန်ကြီးပေါ်တွင် ခင်းထားသော လူ့အရေခွံပြားကြီး .... မရှိတော့ပေ။

မန်ဟို၏မျက်လုံးများလက်သွားပြီး သူသည် လောကပါလအင်မော်တယ်တန်ခိုးဖြင့် အားဖြည့်ပေးထားသော နတ်ဘုရားအာရုံကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်သည်။ မကြာမီ သဲလွန်စတစ်စုံတစ်ရာမတွေ့ရသဖြင့် သူ့မျက်မှောင်မှာ ပိုကြုတ်သွားတော့သည်။

သူ့ရင်ထဲတွင် ခံစားနေရသော အန္တရာယ်မှာ ပို၍ပင် အားကောင်းလာနေသည်။ တစ်ယောက်ယောက် သူ့ကို ကြည့်နေသလိုပင် နောက်ကျောမလုံဖြစ်လာရသည်။

"တောက်ဖန်ရဲ့ ကျိန်စာ...." မီးစောင့်နတ်မသေခင် ပြောခဲ့သည့်အရာကို သူ ပြန်စဉ်းစားလိုက်သည်။ ယခု သေချာတွေးကြည့်မှ သူ ထိုတောက်ဖန်ကို ဆုံခဲ့ဖူး၏။ ထိုလူ မည်သည့်ပုံစံရှိသလဲ မမြင်ခဲ့ရသော်လည်း သူ လေဟုန်ခွင်းလောက၏အလွန် အာကာသထဲသို့ စိတ်ခရီးနှင်ခဲ့စဉ်တုန်းက ကောင်းကင်ဘုံ ၃၃ ခု၏အပေါ်တွင် ရှိနေသည့် ဖြစ်တည်မှုတစ်ခုကို မြင်‌တွေ့ခဲ့ရသည်။ ထိုဖြစ်တည်မှု၏ နာမည်မှာ တောက်ဖန်ပင်။

မန်ဟိုသည် ဤတောက်ဖန်ဆိုသူအား အထင်မသေးဝံ့ပေ။ တောင်ပင်လယ်လောကအပေါ် သူ၏ နားလည်ထားရသလောက် ကောင်းကင်ဘုံ ၃၃ခု သည် တောင်ပင်လယ်လောကကို ပိတ်လှောင်ထားသော ပထမအတားအဆီးဖြစ်၏။

တောက်ဖန်က ဒုတိယအတားအဆီးဖြစ်သည်။

မန်ဟိုက မျက်လုံးများအရောင်လက်သွားရင်း နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ့ပတ်ပတ်လည်ရှိ လေထုမှာ ရုတ်တရက် ချိတ်ပိတ်ခံလိုက်ရပုံပေါ်ပြီး ထွက်ပေါက်မှာ ပျောက်သွားခဲ့လေပြီ။

မြေအောက်ကမ္ဘာ၏ ဒုတိယအထပ်တွင် ရှေးဟောင်းသားရဲကြီးမှာ ပင့်သက်ရှိုက်မိသွားသည်။ တတိယအထပ်သို့ ဦးတည်နေသော လမ်းကြောင်းမှာ အသံပင်မထွက်ဘဲ ပျက်စီးသွားခဲ့ပြီးဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ၎င်းသည် ငေါက်ခနဲ ထရပ်လိုက်တော့၏။

မန်ဟိုက မျက်မှောင်ကြုတ်ရင်း ရပ်နေသည်။ ခံစားနေရသော အန္တရာယ်အာရုံသည် ပို၍ ပြင်းထန်သထက် ပြင်းထန်လာနေ၏။ သူ၏သူငယ်အိမ်များက ကျုံ့သွားပြီး သူက မဟူရာမြို့နက်ကို ငုံ့ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ့မှာ ပင့်သက်မရှိုက်မိဘဲ မနေတော့ပေ။

သူ မြင်လိုက်ရသည်ကား .... မြို့၏အရောင်ပြောင်းနေခြင်း ဖြစ်သည်။ အရောင်သည် ယခုတွင် မည်းနက်မနေတော့ဘဲ ဖြူဖျော့လာ၏။ ထိုအရောင်ကား အရေပြား၏အရောင်နှင့် တူနေသည်။ ထိုမျှသာမက မြို့တံတိုင်းများထက်ရှိ အဖြူရောင်အပင်များမှာလည်း အရေပြားထဲက သွေးကြောများသဖွယ် တဖြည်းဖြည်း အညို‌ရောင်သမ်းလာသည်။

မြို့တံတိုင်းများသာ ပြောင်းလဲနေခြင်းမဟုတ်။ နန်းတော်နှင့် ပတ်၀န်းကျင်ရှိ အဆောက်အအုံများအပါအ၀င် မြို့တစ်မြို့လုံးသည် ဖြူဖျော့ဖျော့အရောင်သို့ ပြောင်းနေ၏။ ထို့နောက် တစ်မြို့လုံးလှုပ်ရွလာသဖြင့် မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။

မြို့သည် အကြောဆွဲသကဲ့သို့ တဆတ်ဆတ် လှုပ်နေ၏။ မြို့နံရံများ၊ နန်းတော်နှင့် အရာအားလုံး လှုပ်ရွနေသည်။ ထိုမျှသာမက အသက်ငွေ့များသည် မြို့ထံမှ တထောင်းထောင်း ထလာ၏။

မြို့တစ်မြို့လုံးကား အသက်မဲ့အရာ၀တ္ထုမဟုတ်တော့ဘဲ အသက်ရှိလာသယောင်ပင်။

တစ်မြို့လုံး တဆတ်ဆတ် လှုပ်နေစဉ် မြို့တံတိုင်းများမှ တဝုန်းဝုန်းမြည်သံများ ထွက်လာသည်။ ထူးဆန်းသောအက်ရာများ ဖြာထွက်လာပြီး မြေကြီးလှုပ်ခတ်လာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် မြို့တံတိုင်း၏ အစိတ်အပိုင်းတစ်ခုက ခွဲထွက်၍ မြောက်တက်သွားကာ ဧရာမလက်ကြီးတစ်ဖက်အသွင် ပြောင်းသွားသည်။ မြို့တံတိုင်း၏ နောက်တစ်ပိုင်းလည်း ပြိုလဲသွားပြီး ဒုတိယလက်မောင်းတစ်ဖက်ဖြစ်လာသည်။

မြို့တံတိုင်း၏ ကျန်အပိုင်းများလည်း တဝုန်းဝုန်း မြည်လာရင်း ခြေထောက်များအသွင် ပြောင်းလာ၏။ ၎င်းတို့ မြေကြီးပေါ် ရပ်လိုက်သည့်အခါ နန်းတော်သည်လည်း ထောင်မတ်သွားပြီး ရင်ဘတ်ပိုင်းဖြစ်လာသည်။ နန်းတော်၏အလယ်ပိုင်းက အင်ပါယာသရဖူအသွင် ပြောင်းနေ၏။

နန်းတော်ထဲရှိ ဧရာမသလွန်ကြီးကမူ မျက်နှာကြီးအသွင် ပြောင်းလာသည်။

ဂျိန်း

မန်ဟို၏ အရှေ့တည့်တည့်တွင် တစ်မြို့လုံးသည် အရာအားလုံးကို ပြင်းထန်စွာ တုန်ခါနေစေရင်း အဖြူရောင်အရေပြားနှင့် မီတာ ၃၀၀၀၀ အမြင့် ဧရာမဘီလူးကြီးတစ်ကောင် ဖြစ်လာခဲ့လေပြီ။ မြို့သည် မြို့နှင့် လားလားမျှ မတူတော့ဘဲ ဘီလူးကြီးဖြစ်လာခဲ့၏။

ဘီလူးကြီး၏ခန္ဓာကိုယ်ကို အသွေးအသားဖြင့် တည်ဆောက်ထားပြီး ၎င်း၏အရေပြားထဲ၌ သွေးကြောများကိုပင် မြင်နေရသည်။ ၎င်း မန်ဟို့ကို ငုံ့ကြည့်နေစဉ် ၎င်း၏မျက်လုံးများမှာ အေးစက်လျက်ရှိ၏။

မန်ဟိုသည် မော့ကြည့်လိုက်သောအခါ ဤဘီလူးကြီးမှာ သူ စောစောက မြင်ခဲ့သည့် လူ့အရေပြားကြီးမှတစ်ပါး အခြားမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။

အရေပြားက ‌‌ပျောက်ကွယ်မသွားခဲ့ဘဲ အထူးအတတ်တစ်ခုကို သုံး၍ မြို့နှင့် ပေါင်းစည်းကာ ဘီလူးကြီးတစ်ကောင်အသွင်ပြောင်းခဲ့ခြင်း ဖြစ်တန်ရာသည်။ သို့မဟုတ် မြို့သည် အစကတည်းက ဘီလူးကြီးဖြစ်ခဲ့ကောင်း ဖြစ်ခဲ့လိမ့်မည်။

နောက်အဖြေတစ်ခုလည်း ရှိကောင်းရှိလိမ့်မည်။ လူ့အရေပြားနှင့် မြို့တော်နှစ်ခုလုံးက တောက်ဖန်ကျိန်စာ၏ အစိတ်အပိုင်းများလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဤဖြစ်နိုင်ချေများက ‌မှန်သလား သူ မသေချာပေ။ သို့သော် သူ့မှာ လောလောဆယ်တွင် သေစေနိုင်သောအန္တရာယ်ကို ခံစားနေရသည်။ ဤဘီလူးကြီးက ရှိန်လောက်စရာရန်သူကြီးဖြစ်၏။

သူက ရုတ်တရက် ပြုံးလိုက်ပြီး သူ၏မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ဖြင့် လင်းလက်လာသည်။ သူသည် ယခုတွင် နတ်မီးတောက်၏အစစ်အမှန်အနှစ်သာရဖြင့် ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့် အပြင်အားကိုယ်ကို ပိုင်ဆိုင်ထားသော လောကပါလတာအိုအင်မော်တယ်တစ်ဦး ဖြစ်နေချေပြီ။

ထိုအခြင်းအရာအားလုံးက မန်ဟို့ကို အမြင့်ဆုံး၊ ထိပ်ဆုံးသို့ ရောက်ရှိစေသည်။ သူသည် တာအိုနယ်ပယ်နှင့် တိုက်ခိုက်နိုင်ပြီဖြစ်ရာ ဤမဖြစ်စလောက်ဘီလူးကိုမြင်လျှင် သူ၏ကျင့်ကြံအဆင့်အသစ်ကို စမ်းသပ်ကြည့်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ သူ မည်မျှသန်မာကြောင်း ... သက်သေပြချင်သည်။

ဘီလူးကြီးထံမှ အလွန်ကျယ်လောင်သော အသံကြီးက ကောင်းကင်ဘုံလာအင်အားကြီးကဲ့သို့ ထိတ်လန့်ချောက်ချားဖွယ်အစွမ်းအပြည့်ဖြင့် ဟိန်းထွက်လာသည်။ မြေကြီးသည် တသိမ့်သိမ့်တုန်သွားပြီး အရာအားလုံး လှုပ်ရမ်းကုန်၏။ “အဲဒီမီးပွားကို ပြန်ပေးလိုက်၊ မင်း အသတ်ပဲခံရမယ်။ မပေးရင်တော့ မင်း တစ်မျိုးနွယ်လုံးကို သတ်ပစ်မယ်”

မန်ဟိုက ဘီလူးကြီးကို ကြည့်၍ အေးစက်စက်ပြုံးကာ ထိုနည်းတူ တင်တင်စီးစီး ပြောလိုက်သည်။ “ငါ့နောက်လိုက်လုပ်၊ မင်းကို မသတ်ဘူး။ ငြင်းရင် မင်းခန္ဓာနဲ့ဝိညာဉ် အိုးစားကွဲစေရမယ်”

ဘီလူးကြီးသည် မန်ဟို့ကို သွေးအေးအေးကြည့်၍ ညာလက်ကို မြှောက်ကာ လက်သီးဆုပ်လိုက်သည်။ ကြောက်မက်ဖွယ်အားလှိုင်းကြီး လိမ့်ထွက်လာသဖြင့် လေထုမှာ ပြိုပျက်တော့မတတ် ဖြစ်သွားသည်။ သူက မန်ဟို့ထံသို့ ထိုးချလိုက်ပြီး သူ့လက်သီးကြီးက တစ်လောကလုံးကို လွှမ်းမိုးရင်း လျင်မြန်စွာ ရွေ့လျားလာသည်။

မန်ဟိုက အေးတိအေးစက် နှာမှုတ်လိုက်သည်။ နောက်ဆုတ်မည့်အစား သူလည်း ညာလက်ကို ဆုပ်၍ အသက်နုတ်လက်သီးဖြင့် ထိုးချလိုက်သည်။

လက်သီးနှစ်လုံး တစ်လုံးကို တစ်လုံး ဆုံတွေ့သောအခါ အုန်းခနဲ ရိုက်ညောင်းသွားသည်။ ၎င်းတို့နှစ်ခုအကြားရှိ မြေကြီးသည် ကြေမွသွားပြီး ချောက်နက်ကြီး ပွင့်ထွက်လာ၏။ မန်ဟို ချောက်အပေါ်မှ ကျော်လွှားကာ ဘီလူးကြီး၏အပေါ် ဆင်းသက်၍ ၎င်း၏လည်မျိုအထိ ပြေးတက်သွားသည်။ ပြေးနေသည့်အချိန်မှာပင် သူ့ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ရာ အင်မော်တယ်တောင်များအား ကျဆင်းလာစေသည်။ ထို့နောက် သူက ခန္ဓာစတေးလက်သီးဖြင့် ထိုးချလိုက်၏။

ဘီလူးကြီး၏မျက်လုံးများ အရောင်လက်သွားပြီး ၎င်းတစ်ကိုယ်လုံး တုန်ရီသွားသည်။ ထိုတုန်ရီမှုက ၎င်းကို အမျက်တချောင်းချောင်း ထွက်လာစေသည်။ ၎င်းသည် ဘယ်လက်ကို မြှောက်၍ မန်ဟိုရှိရှာသို့ ရိုက်ချလိုက်၏။ ဧရာမလက်ဝါးကြီးက မိုးကောင်းကင်ကို ပိတ်ကွယ်သွားလေပြီ။ ဘီလူးကြီးကား ယင်တစ်ကောင်ကို ရိုက်ဖို့ပြင်နေသည့်အလားပင်။

“ငါ့အတွက် မင်းက ယင်တစ်ကောင်ထက် မပိုဘူး” ဘီလူးကြီးက သွေးအေးအေး ပြောသည်။ လက်ဝါးနှင့်လက်သီးတို့ ဆုံတွေ့၍ ဘီလူးကြီး၏ ဘယ်လက်မောင်းတစ်ဖက်လုံး တုန်ခါသွားသည်။ မန်ဟို့မျက်နှာမှာ ဖြူဖျော့သွားပြီး သူ့မှာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။ သို့သော် သူ၏တိုက်ခိုက်လိုစိတ်ကား အရှိန်ပြင်းပြင်း တောက်လောင်လျက်ရှိပြိး သူက ခေါင်းနောက်လှန်၍ တဟားဟား ရယ်တော့သည်။

“ယင်ကောင်တဲ့လား” သူက ပြောသည်။ မိုးပြာရောင်အလင်းက သူ့ပတ်ပတ်လည်တွင် ကွန့်မြူးလာပြီး လောကပါလတာအိုအင်မော်တယ်တန်ခိုး ပေါ်ထွက်လာသည်။ မိုးပြာရောင်အလင်းတို့ အရပ်လေးမျက်နှာတွင် မီတာသုံးထောင်အထိ ဖြာထွက်နေစဉ် သူသည် ကြီးထွားလာ၏။ မျက်စိတစ်မှိတ်အတွင်း သူကား မီတာသုံးထောင် မြင့်မားလာခဲ့လေပြီ။

ဘီလူးကြီးနှင့်ယှဉ်လျှင် သေးငယ်နေသေးသော်လည်း သူသည် စောစောကနှင့် မတူတော့ပေ။ ဘီလူးကြီးမှာ မိုးပြာရောင်အလင်းကို မြင်လျှင် မျက်လုံးများ လင်းလက်သွားပြီး ရုတ်တရက် မန်ဟို့ထံမှ အန္တရာယ်ကို ခံစားလိုက်ရတော့သည်။ သူ့စိတ်နှလုံးတုန်ရီနေစဉ်မှာပင် မန်ဟိုက ရှေ့တစ်လှမ်းတက်လိုက်သည်။ သူသည် သေးငယ်နေသော်လည်း လျှပ်စီးလို မြန်၏။

သူက မီတာသုံးထောင်ရှည်လျားသော မိုးပြာရောင်သိမ်းငှက်တစ်ကောင်အသွင် ပြောင်းလိုက်သည်။ ထို့နောက် တောင်ပံနှစ်ဖက်ကို ဖြန့်ရင်း ခက်ထန်သောအသံတစ်သံပြုကာ ဘီလူးကြီးဆီ ပြေးဝင်လာပြီး ခြေသည်းများဖြင့် ပိုင်းချလိုက်၏။ ဘီလူးကြီးက ဟိန်းဟောက်ရင်း မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ ၎င်းပတ်ပတ်လည်တွင် မိုးထစ်ချုန်းသွားစေသည်။

မိုးကြိုးတန်းတစ်တန်းစီသည် ပြစ်ဒဏ်မိုးကြိုးနှင့်တူ၏။ ၎င်းတို့ ထိုးဆင်းလာစဉ် မိုးပြာရောင်သိမ်းငှက်၏ပါးစပ်မှ နတ်မီးတောက်အနှစ်သာရ ထွက်လာသည်။ ဤနတ်မီးတောက်အနှစ်သာရသည် မန်ဟို ယခင်က အသုံးပြုခဲ့သော နတ်မီးတောက်အဆီအနှစ်နှင့် မတူပေ။ ၎င်းက နတ်မီးတောက်အနှစ်သာရစစ်စစ် ဖြစ်ပြီး ၎င်း ဘွားခနဲ ပေါ်လာခြင်းက ဘီလူးကြီး၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ သူက မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း လေပြင်းတစ်ချက်အား လေနဂါးကြီးသဖွယ် ထွက်သွားစေ၏။

သို့ထိတိုင် လေနဂါးမှာ မန်ဟိုနှင့် မီးပွားမှ ပေါက်ကွဲထွက်လာသော နတ်မီးတောက်အဆီအနှစ်ကို တားဖို့ မလုံလောက်ပေ။ မီးပင်လယ်တစ်စင်းက မန်ဟို့ကို ခြံရံလိုက်ပြီးနောက် ဘီလူးကြီးကို ဝါးမြိုရန် ဖြာထွက်လာသည်။ ဘီလူးကြီးမှာ မီးတောက်မီးလျှံများအတွင်း ချက်ချင်း လွှမ်းခြုံခံလိုက်ရ၍ နာကျင်စွာ အော်ညည်းနေရတော့သည်။ ရုတ်တရက် ဘီလူးကြီးက ပုလဲတစ်လုံး ထွေးထုတ်လိုက်သည်။

ပုလဲသည် မည်းနက်နေပြီး ရှေးကျသောအငွေ့အသက်များ ရှိ၏။ ၎င်းက ပေါ်လာလျှင်ချင်း ကြေမွသွားပြီး ၎င်း၏အပိုင်းအစများက မန္တန်ဝင်္ကပါတစ်ခုကို ဖော်ဆောင်လိုက်သည်။

“တောင်သရဲချိတ်စည်း နတ်မီးမိုးကြိုးဝိညာဉ်ပြုစားခြင်း” ဘီလူးကြီးက ဟိန်းဟောက်လိုက်သည်။ မန်ဟို့နတ်မီးတောက်က မန္တန်ဝင်္ကပါကို ဝိုင်းလိုက်သော်လည်း မထိုးဖောက်နိုင်သဖြင့် ရပ်လိုက်ရသည်။

မန်ဟိုက ဤအခြင်းအရာကြောင့် အံ့ဩမသွားပေ။ ဤသို့ဖြစ်ရခြင်းမှာ နတ်မီးတောက်၏အစွမ်း အားနည်းခြင်းကြောင့်မဟုတ်ဘဲ ... ဤနေရာ၏အစောင့်အရှောက်ဖြစ်သော ဘီလူးသည် နတ်မီးတောက်အနှစ်သာရကို ရင်ဆိုင်ဖို့ ပြင်ဆင်ထား၍ဖြစ်သည်။ ဤနေရာသာ အပြင်လောကရှိ တစ်နေရာဖြစ်နေလျှင် ၊ ရန်သူက တခြားတစ်ယောက်သာ ဖြစ်နေလျှင် မုချသေရလိမ့်မည်။

မိုးပြာရောင်သိမ်းငှက်သည် ဖျတ်ခနဲ မန်ဟို့အသွင် ပြန်ပြောင်းသွား၏။ သူက အေးစက်စက်နှာမှုတ်ရင်း ရှေ့တက်လာကာ မုဒြာလက်ကွက်ဖော်၍ အကွဲကြောင်းထဲမှ သွေးမိစ္ဆာအား ဆင့်ခေါ်လိုက်သည်။ သွေးမိစ္ဆာက ဘီလူးကြီး၏လည်မျိုကို ဆုပ်ကိုင်၍  ပါးစပ်ကြီးဖြဲကာ အားပါးတရ ကိုက်ချလိုက်သည်။ မန်ဟိုက လက်ကိုဝှေ့ယမ်းလိုက်ပြီး ခရမ်းလအမှတ်အသားသည် ဘီလူးကြီး၏ခေါင်းပေါ်၌ ပေါ်လာ၏။ ထို့နောက် မန်ဟိုသည် နောက်တစ်လှမ်းလှမ်းလိုက်ပြီး သူ့ဘယ်လက်က မဟာပေါက်ကွဲခြင်းအစွမ်းဖြင့် ဆန့်တန်းသွားသည်။

ဤတစ်ကြိမ်တွင် မဟာပေါက်ကွဲခြင်းအစွမ်းက ပတ်ဝန်းကျင်ရှိ မည်သည့်အလင်းရောင်ကိုမှ မစုပ်ယူပေ။ မန်ဟိုက အဆုံးမဲ့မိုးပြာရောင်အလင်းကို သူ့လက်ထဲအပြင်သို့ ဖြန့်ကျက်ရင်း မဟာပေါက်ကွဲခြင်းအစွမ်းထဲ ဝင်ရောက်သွားစေသည်။ ထိုအစွမ်းထဲရှိ ကြယ်သည် လျင်မြန်စွာ ကြီးမားလာပြီး အဖျက်စီးလှိုင်းများကို ထုတ်လွှတ်ရင်း ဘီလူးကြီးထံ ပြေးဝင်သွားတော့၏။

ဝုန်းးးးးးးး

ဘီလူးကြီးမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရသဖြင့် ရင်တုန်သွား၏။ သို့သော် မန်ဟိုက မရပ်သေး။ သူက ရှေ့သို့ သုံးလှမ်းဆက်တိုက် လှမ်းလိုက်သည်။ သူ့စွမ်းအားသည် ကြောက်ခမန်းလိလိ မြင့်တက်လာ၏။ စောစောက ခြေလှမ်းများကိုပါ ထည့်ပေါင်းလိုက်လျှင် မန်ဟိုကား နတ်ဘုရားခြေခုနစ်လှမ်းကို အသုံးပြုခဲ့ပြီးလေပြီ။

သူ ခုနစ်လှမ်းမြောက်ကို လှမ်းလိုက်သည့်အခါ သူ့စွမ်းအားသည် တဟုန်ထိုး မြင့်တက်လာ၏။ အဆုံးမဲ့မိုးပြာရောင်အလင်းများ ကွန့်မြူးတောက်ပနေစဉ် သူက ညာလက်သီးဖြင့် ထိုးချလိုက်သည်။ အသက်နုတ်လက်သီး၊ ခန္ဓာစတေးလက်သီးနှင့် နတ်ဘုရားသုတ်သင်ခြင်းလက်သီးတို့အားလုံး လေကို တဝုန်းဝုန်း ခွင်းသွားကြသည်။

မန်ဟို့ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားကိုယ်၏ အထွတ်အထိပ်တန်ခိုးဖြင့် အားဖြည့်ပေးထားသော နတ်ဘုရားခြေခုနစ်လှမ်းနှင့် လက်သီးသုံးချက်က .... အနှစ်သာရ ၂ ခုနှင့် ၂ ခု အောက် တာအိုနယ်ပယ်ပညာရှင်များကိုပင် ... အသက်နုတ်ရန် လုံလောက်သည်။

ပြင်းထန်သောဖိအားက အလင်းရောင်အားလုံးကို မှိန်ကျလာစေသည်။ မိုးနှင့်မြေသည် တုန်ခါနေပြီး မြေကြီးများ အက်ကွဲလာ၏။ လှိုင်းဂယက်များက ဖြာထွက်သွားပြီး မန်ဟိုကား မိုးပြာရောင်နေတစ်စင်းသဖွယ် မိုးပြာရောင်အလင်းများဖြင့် တောက်ပလျက်ရှိချေသည်။

ဘီလူးကြီးမှာ မျက်စိမျက်နှာပျက်သွားပြီး အစွမ်းကုန်ပြန်ခုခံလိုက်သည်။ သူက ဟိန်းဟောက်ကြုံးဝါးရင်း လက်နှစ်ဖက်လုံးဖြင့် မြေကြီးကို ထုရိုက်လိုက်သည်။ အရာအားလုံး တသိမ့်သိမ့်တုန်သွားကာ မှော်သင်္ကေတများသည် ဘီလူးကြီး၏ခန္ဓာကိုယ်အနှံ့အပြားတွင် ပေါ်လာ၏။ မှော်သင်္ကေတများက မန်ဟို့နတ်ဘုရားခြေခုနစ်လှမ်းနှင့် လက်သီးချက်သုံးချက်၏ ကြောက်ခမန်းလိလိစွမ်းအားကို ခုခံရန် ရှေးဆန်သောအငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။

All Chapters