ပြဿနာအားလုံးကို ဖြေရှင်းခြင်း
Vol. 56 Ch. 776
အမှောင်ဗိုင်းရပ်စ်ပြသနာအား ဖြေရှင်းနိုင်ခြင်းသည် ပျော်ရွှင်စရာများကို ဖြစ်ပေါ်စေရုံသာမက လူတိုင်း၏ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ထန်ရှု၏စိတ်ထဲရှိ လေးလံနေသည့် ပြဿနာကို ဖယ်ရှားပေးလိုက်သည်။ တောင်၏အလယ်ဗဟိုဧရိယာသို့ ပြန်ရောက်လာကြပြီးနောက် အဖိုးတန် အရင်းအမြစ်များကို ဆက်လက်ရှာဖွေနေသော ထာဝရခန်းမ၏လူများကို ထန်ရှု စောင့်ကြပ်ပေးခဲ့သည်။
အချိန်နှစ်ရက်သည် လျင်မြန်စွာ ကုန်လွန်သွားပြီ ဖြစ်သည်။
နှစ်ရက်ကြာ ရှာဖွေပြီးနောက် အဖိုးတန်ဆေးပင်များနှင့် အဖိုးတန်သတ္တုရိုင်းခြောက်မျိုးတို့ကို စုဆောင်းနိုင်ခဲ့ပြီး နေရာလွတ်လက်စွပ် ၁၀ကွင်း ရှိသည့်အနက် ၆ကွင်းကို အပြည့်ဖြည့်နိုင်ခဲ့သည်။ ဂူရှောင်ရွှဲ့၏တင်ပြချက်အရ သူတို့စုဆောင်းထားသော အရင်းအမြစ်များသည် အနည်းဆုံး ၃နှစ်မှ ၅နှစ်အထိ ထာဝရခန်းမကို ထောက်ပံ့ပေးရန် လုံလောက်နေပြီဖြစ်သည်။
ထန်ရှု၏စိတ်အခြေအနေ လွန်စွာ ကောင်းနေသည်။ သူ၏လက်စွပ်ထဲတွင် အရင်းအမြစ်မျိုးစုံကို သိမ်းဆည်းထားရာ သူ့အား အပျော်ရွှင်ဆုံး ဖြစ်စေခဲ့သော အရာမှာ စိတ်ဝိညာဉ်ကျောက်စက်နို့ရည် တစ်ခွက် ဖြစ်သည်။
ထိုစိတ်ဝိညာဉ်ကျောက်စက်နို့ရည်သည် တစ်ငုံသောက်ရုံမျှဖြင့် သာမာန်လူများ၏ အသက်ကိုပင် ရှည်လျားစေပြီး ၎င်းတို့၏ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းစေသည်။
အောက်ခြေစိတ်ဝိညာဉ်သွေးကြောဆီ ဦးတည်နေသည့် လမ်းကျဉ်းလေးတစ်ခုဆီသို့ ခေါ်ဆောင်သွားသော တောင်၏အက်ကြောင်းရာအတွင်း၌ စိတ်ဝိညာဉ် သွေးကြောငယ်တစ်ခုကို တွေ့ရှိရခြင်းသည် သူ၏ကံကောင်းခြင်းပင် ဖြစ်သည်။ ထိုစိတ်ဝိညာဉ် ကျောက်စက်နို့ရည်၏ပမာဏသည် မများသည့်တိုင် ကီလိုဂရမ် အနည်းငယ်ခန့် ရပေသေးသည်။
"အပြင်ထွက်ကြစို့။"
သူတို့သည် မြူခိုးဖြူဧရိယာ၏ အပြင်ဘက်တွင် ရှိနေစဉ် ထန်ရှုသည် ထိုမြူခိုးဖြူများ ပျံ့ နှံ့နေသော ဦးတည်ရာဘက်အား နှစ်သက်စွာ ကြည့်နေသည်။ ကမ္ဘာမြေကြီးအပေါ် သူ၏သိလိုစိတ် စူးစမ်းချင်စိတ်သည် ပိုမိုတိုးလာသည်။ အကန့်အသတ်မဲ့သော စကြာဝဠာအလယ်တွင်ရှိသော ကမ္ဘာမြေကဲ့သို့ သေးငယ်သောဂြိုလ်တစ်ခုတွင် ကောင်းကင်ဘုံပစ္စည်းများနှင့် ရတနာများစွာ ရှိနိုင်သည်ကို သူ မယုံကြည်နိုင်ပေ။
သူသည် အင်မော်တယ်ကမ္ဘာတွင် ထိုကဲ့သို့သော ရတနာကြယ်တစ်ပွင့်ကို တစ်ခါတုန်းက ကြုံတွေ့ခဲ့ဖူးသည်။ ထိုကြယ်နယ်မြေသည် ရတနာများနှင့်ပြည့်နှက်နေသော်လည်း ကမ္ဘာမြေပေါ်တွင် သူတွေ့ရှိခဲ့သော ကောင်းမွန်သောအရာများထက် အနည်းငယ် နိမ့်ကျနေပေသေးသည်။
တစ်ဖက်တွင် ရှိနေသော ထန်ဟန်သည်လည်း မခွဲခွာချင်သော အမူအရာဖြင့် ထိုမြူခိုးဖြူများ ဖုံးလွှမ်းနေသောနေရာကို အပြုံးနှင့် ကြည့်နေသည်။ သူမသည် ကျောက်စက်နို့ရည်အနည်းငယ်ကို ယူခဲ့ပြီး သူမ၏ခန္ဓာကိုယ်ကို သေချာစွာ ပုံပြန်သွင်းခဲ့သည်။ သူမ၏လေ့ကျင့်မှုသည် သိုင်းဆရာကြီးအဆင့်ကို ချိုးဖျက်သွားရုံသာမက သူမ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီသည်လည်း အစစ်အမှန်အဆီအနှစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူမ၏ခွန်အား မြင့်တက်လာရခြင်းမှာ ထန်ရှုပေးသော ကျင့်ကြံနည်းစနစ်ကြောင့် ဖြစ်သည်။
"ဒီနေရာမှာ ထာဝရနေနိုင်ရင် ဘယ်လောက် ကောင်းမလဲ။"
ထန်ဟန်က မချိတင်ကဲ သက်ပြင်းချလိုက်သည်။
"ဟာဟ … သာမန်လူတွေသာ ဒီလိုနေရာမျိုးမှာ ထာဝရနေထိုင်ရရင် သူတို့စိတ်ပျက်သွားလိမ့်မယ် အစ်မကြီး သိလား။"
ထန်ရှုက ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြားဖြတ်ပြောလိုက်သည်။ "ဒါပေမယ့် ဒီကို နောက်ပိုင်း လာချင်ရင် ကျွန်တော့်ကို ကြိုပြောပါ အစ်မကြီး။ ကျွန်တော် အစ်မကြီးကို အထဲခေါ်သွားပေးပါမယ်။"
"ဒါကတိနော်…။" ထန်ဟန်က ပြုံးရယ်ကာ ဆိုသည်။
ထန်ရှုက ဂူရှောင်ရွှဲ့နှင့် ကျန်သောသူများကို ကြည့်ပြီး "မင်းတို့အားလုံး တတ်နိုင်သလောက် တောင်တန်းတွေဆီ သွားပြီး အရင်းအမြစ်တွေ စုဆောင်းပြီးသွားပြီဆိုတော့ ရှောင်ရွှဲ့က အားလုံးကို ဦးဆောင်ပြီး အရင်ပြန်ပါ။ လက်ရှိအချိန်မှာ မင်းတို့ရဲ့ခွန်အားကို တိုးတက်အောင် လုပ်ပါ။ ပိုပြီးမြင့်မားတဲ့အမြင့်ကို တက်ပြီး ရတနာတွေကို ရှာဖို့ အနာဂတ်မှာ ထပ်ပြီးပြန်လာနိုင်တယ်။"
"ဒီနေရာက ပြသနာတွေအားလုံးကို မပြီးသေးဘူးလား ဆရာအဘိုး" ဂူရှောင်ရွှဲ့က စိတ်ဝင်တစား မေးသည်။ “ဆရာအဘိုးက အမှောင်ဗိုင်းရပ်စ်ကို ဖြေရှင်းခဲ့ပြီး ပြည်ပအင်အားစုတွေကိုလည်း မောင်းထုတ်ခဲ့ပြီမလား။ ကျွန်မတို့နဲ့ ကျင်းမန်ကျွန်းကို ဘာလို့ တစ်ခါတည်း ပြန်မလိုက်တာလဲ။"
"မဟုတ်သေးဘူး။ အဲ့ဒီကိစ္စတွေနဲ့ ငါ့တာဝန်တွေကို ဖြေရှင်းလို့ပြီးသွားပေမယ့် ငါ ဒီမှာ ခဏလောက်နေဖို့ လိုသေးတယ်။"
ထန်ရှုက ခေါင်းယမ်းကာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်းရဲ့ပတ်ဝန်းကျင်မှာ ဖုန်းရွှေအစီအရင် ခင်းကျင်းဖို့ ကျွန်းရဲ့တိုင်းမှူးကို အကြံပြုခဲ့တယ်။ အဲ့ဒါ မပြီးသေးတော့ သွားလို့မရသေးဘူး။"
"ကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ဖုန်းရွှေအစီအရင်ကို ခင်းကျင်းချင်တာလား။ ဘာလို့လဲ။"
ဂူရှောင်ရွှဲ့ အံ့သြတကြီး မေးလိုက်သည်။
“နိုင်ငံသူနိုင်ငံသားတိုင်းက တိုင်းပြည်အပေါ် ထမ်းဆောင်ရမယ့် တာဝန် မဟုတ်ဘူးလား။”
ထန်ရှုက ရယ်ရယ်မောမော ပြောသည်။
“ဒါပေမယ့် ဒီလိုဖွဲ့စည်းမှုခင်းကျင်းမှုမှာ လိုအပ်မယ့် ကျောက်စိမ်းအမြောက်အမြားကို နိုင်ငံတော်က ပံ့ပိုးပေးမယ်ဟုတ်။ စဉ်းစားကြည့်လေ … ဒီနေရာကနေ ပိုက်ဆံရှာဖို့ အခွင့်အလမ်းကို ငါ ဘာကြောင့် မယူရမှာလဲ။ ပြီးခဲ့တဲ့ရက်တွေက လုပ်ဆောင်ပေးရတဲ့ ပင်ပန်းမှုတွေအတွက် ပြန်လည်ပေးဆပ်မှုအဖြစ် ငါ မစဉ်းစားသင့်ဘူးလား။"
“ဟာဟ…”
ဂူရှောင်ရွှဲ့သည် ထိုခဏတွင် ထန်ရှု၏နည်းပရိယာယ်ကို တွေးပြီး မပြုံးဘဲမနေနိုင်ပေ။
“ဆရာအဘိုး … ရှင်ကတော့ တကယ်ကို စံပါပဲ။”
ထန်ရှုက အကြောင်းအရာကို ဆက်မပြောတော့ဘဲ “ကောင်းပြီ။ မင်းတို့ တန်းပြန်တော့။ ဒီကပြဿနာကို ဖြေရှင်းပြီးရင် ငါ ကျင်းမန်ကျွန်းကို လာခဲ့မယ်။"
“ကောင်းပါပြီ။”
ဂူရှောင်ရွှဲ့က အဖွဲ့ကို ခေါ်ကာ ထွက်သွားပြီး ထန်ရှုက တောင်ပိုင်းရွာကို သွားခဲ့သည်။ မိုအားဝူနှင့် ကျန်သောသူများသည် ထိုနေရာတွင် သူ့အား စောင့်နေကြသည်။ ထန်ရှု ပြန်ရောက်လာသည်ကို မြင်ရတော့မှ စိတ်အေးသွားဟန်ဖြင့် ချက်ချင်း ပြုံးလိုက်ကြသည်။ တစ်ဖက်တွင် မျက်နှာတစ်ခုလုံး ဖူးရောင်ကာ ပွန်းပဲ့နေသော ရှုကွေ့ကို မြင်လိုက်ရသဖြင့် ထန်ရှုသည် သိလိုစိတ်ဖြစ်သွားသည်။
"ဟ … မင်း ဘာဖြစ်ထားတာလဲ။"
ရှုကွေ့ကို ကြည့်ရင်း ထန်ရှုက မေးလိုက်သည်။
ကျန်းလေ့သိုမိုက မော့ကြည့်ပြီး သူ့အစား ဖြေလိုက်သည်။
"အဲ့ဒါက ငါ သူ့ကို ရိုက်လိုက်တာ။"
သူမသည် တံခါးဝတွင် ရပ်ကာ ဓားမြှောင်တစ်ချောင်းကို လက်ထဲတွင် ကစားနေသည်။
ထန်ရှု ဇဝဇေဝါဖြစ်ကာ မျက်မှောင်ကြုတ်သွားရင်း
“ဘာဖြစ်ကြတာလဲ။”
"ရှုကွေ့နဲ့ ကျန်းလေ့သိုမိုတို့ ပဋိပက္ခ ဖြစ်ကြတာသူဌေး။" မိုအားဝူက မချိပြုံး ပြုံးလိုက်ပြီး
"ရှုကွေ့ ရှုံးသွားတော့ ဆိုးဆိုးရွားရွား အရိုက်ခံလိုက်ရတယ်။ ပထမတော့ လက်စားချေဖို့ သူ ဆန္ဒရှိပေမယ့် သူဌေးရဲ့အမိန့်ကြောင့် သူ့ဆန္ဒကို မျိုသိပ်ထားရတာ။ ဒါပေမယ့် အခု သူက ကျန်းလေ့ရဲ့ ပြိုင်ဘက်မဟုတ်မှန်း သိသွားပြီမို့ သူ့ရင်ထဲက ဒေါသတွေ အများကြီး သက်သာသွားပြီ။”
ထန်ရှု လျင်မြန်စွာ သဘောပေါက်သွားသော်လည်း ရှုကွေ့ကို ကြည့်ရင်း သူ့အမူအရာမှာ အနည်းငယ် ပဟေဠိဖြစ်နေသည်။ ထို့နောက် သူ၏အကြည့်များသည် ပူပန်ကြောင့်ကြမဲ့စွာဖြင့် ကျန်းလေ့သိုမိုကို စိုက်ကြည့်ပြီး
“ကောင်းပြီ။ အဲ့ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်တော့။ မင်းတို့နှစ်ယောက် ရန်ထပ်ဖြစ်တာ ငါ မမြင်ချင်ဘူး။ မင်းတို့တကယ်သေတဲ့အထိ တိုက်ပွဲဝင်ချင်တယ်ဆိုရင် ငါ အရေးကြီးဆုံးအဆင့်ကို ကျော်ဖြတ်ပြီးတဲ့အထိ စောင့်လိုက်ဦး။ အဲ့ဒါမှ မင်းတို့တိုက်ပွဲအတွက် ငါ သက်သေ လုပ်ပေးနိုင်လိမ့်မယ်။"
ရှုကွေ့က ကျန်းလေ့သိုမိုကို လှည့်ကြည့်လိုက်ပြီး
“ငါ တွေးပြီးသွားပြီ သူဌေး။ သူမက ငါတို့အားလုံးနဲ့ တကယ်ပဲ တူတယ်ဆိုရင် ငါ့ရဲ့လက်စားချေမှုကို လက်လျှော့လိုက်ပါမယ်။ နောက်ပြီး ထာဝရခန်းမရဲ့ စည်းမျဉ်းတွေအရ ငါတို့တွေအချင်းချင်း ရန်မဖြစ်ရဘူးဆိုပေမယ့်လည်း သူမက ငါ့ကို လျော်ကြေး နည်းနည်းတော့ ပေးစေချင်တယ်။"
ထန်ရှု၏အမူအရာ ပြောင်းသွားပြီး ကျန်းလေ့သိုမိုကို
ကြည့်ကာ
"မင်းကို နောက်တစ်ကြိမ် ထပ်မေးပါရစေ။ မင်းက ယန်အာရဲ့ မွေးစားတာကို ခံရပြီး သူ့အမွေကို ရခဲ့တာ တကယ်လား။”
“ဟုတ်ပါတယ်။” ကျန်းလေ့သိုမိုက ဖြေသည်။
"ငါတို့ ကျင်းမန်ကျွန်းကို ရောက်ပြီး ယန်အာက ဒီကိစ္စကို ဆုံးဖြတ်ပြီးသွားရင် မင်း ထာဝရခန်းမထဲကိုဝင်ချင်လား" ထန်ရှုက မေးလိုက်သည်။
“ဒီအကြောင်းကို အခု ရှင်းရှင်းလင်းလင်း ပြောပြမယ်။ မင်းက ထာဝရခန်းမရဲ့အဖွဲ့ဝင် ဖြစ်လာတယ်ဆိုရင် မင်း အသက်ရှင်နေတဲ့အချိန် ထာဝရအဖွဲ့ဝင် ဖြစ်လာလိမ့်မယ်။ မင်း သေဆုံးသွားရင်လည်း ထာဝရခန်းမရဲ့ဝိညာဉ်အသွင်အနေနဲ့ ရှိနေဦးမယ်။ မင်းက ထာဝရခန်းမရဲ့ရန်သူ ဖြစ်လာတာနဲ့ သူတို့တွေက မင်းကို သုတ်သင်ရှင်းလင်းလိမ့်မယ်။"
ကျန်းလေ့သိုမို၏အမူအရာ လေးနက်သွားသည်။ သူမ အချိန်အတော်ကြာ တွေးတောနေပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။
"သူမက ငါ့ရဲ့အသက်၊ ငါ့ရဲ့ လက်ရှိအောင်မြင်မှုတွေ အားလုံးကို ပေးခဲ့တဲ့သူပါ။ ငါ့အတွက်ကတော့ သူက အမေတစ်ယောက်လိုပဲမို့ သူ လုပ်စေချင်တာမှန်သမျှ ငါ လုပ်မယ်။"
“ထာဝရခန်းမမှာ မင်း ပါဝင်ဖို့ ယန်အာက သဘောတူရင် ရှုကွေ့ကို မင်းရဲ့အရင်းအမြစ်ခွဲတမ်း တစ်နှစ်စာ လျော်ကြေးအဖြစ် ပေးရလိမ့်မယ်။ မင်း အဲ့ဒီလို လုပ်ရင် အဆင်ပြေရဲ့လား။" ထန်ရှုက မေးလိုက်သည်။
အရင်းအမြစ် ထောက်ပံ့တာလား…
ကျန်းလေ့သိုမိုက သူမသည် ထာဝရခန်းမ၏ အဖွဲ့ဝင် ဖြစ်သင့်သည်ဟု တွေးခဲ့ပြီး သူမသည်လည်း ငွေကြေးနှင့်လစာအချို့ကို ရနိုင်သည်ဟု ထင်ခဲ့သည်။ သို့သော် သူမသည် ငွေကြေးပြတ်လတ်သောသူ မဟုတ်သည့်အပြင် ဘီလျံနာတစ်ဦးပင်ဖြစ်ရာ ခေါင်းညိတ်ကာ
"ငါက ဒီကိစ္စမှာ ပြဿနာမရှိဘူး၊ ရန်ငြိုးကို မေ့ထားလို့ ရတယ်။"
"မင်းကရော … သဘောတူတယ်မလား။" ထန်ရှုက ရှုကွေ့ကို မေးလိုက်သည်။
“ငါ သဘောတူတယ်။” ရှုကွေ့က တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။
“ကောင်းပြီ။ ဒါဆို အားလုံး ပြေလည်သွားကြပြီ။ နောက်ပိုင်း မင်းတို့ရဲ့ရန်ငြိုးကို ဖယ်ရှားပစ်လိုက်တော့။" ထန်ရှု ခေါင်းညိတ်ပြီး အပြုံးဖြင့်
“နောက်ပြီး မင်းတို့နှစ်ယောက်စလုံး အရင်တုန်းက မတူညီတဲ့စခန်းတွေမှာ ပါဝင်ခဲ့ရတာဆိုတော့ ဘယ်သူက မှားတယ်၊ မှန်တယ်ဆိုတာ ဆုံးဖြတ်ရခက်တယ်။ တိုတိုပြောရရင် မင်းတို့နှစ်ယောက်လုံး ငြိုးသူရန်ဘက်တွေ မဟုတ်ကြဘဲ ဘေးချင်းယှဉ်ပြီး တိုက်နေတဲ့ ညီအကိုမောင်နှမတွေ ဖြစ်လာနိုင်မယ်လို့ ငါ မျှော်လင့်တယ်။”
“ကောင်းပါပြီ။” ရှုကွေ့က တည်ကြည်စွာဖြင့် ခေါင်းညိတ်သည်။
ကျန်းလေ့သိုမိုက သိပ်များများစားစား ဂရုမစိုက်ဘဲ ထန်ရှု၏ဆုံးဖြတ်ချက်ကို သဘောတူကြောင်း ဖော်ပြသည်။ ထာဝရခန်းမတွင် ပါဝင်ခြင်းအား သူမအနေဖြင့် အမှန်တကယ်တော့ နည်းနည်းလေးမှပင် စိတ်မဝင်စားဘဲ သူမ၏မျက်လုံးထဲတွင် ထန်ရှုမှလွဲ၍ ထာဝရခန်းမတွင် မည်သူမျှ သူမ၏ပြိုင်ဖက် မဖြစ်နိုင်ပေ။ သူမသည် ထိုကဲ့သို့သော အာဏာရှိ အဖွဲ့အစည်းတွင် ပါဝင်နိုင်သော်လည်း ၎င်းတို့က သူမကို ချုပ်နှောင်ထားနိုင်မည်မဟုတ်ပေ။
"ဗိုင်းရပ်စ်ပြန့်ပွားမှုပြဿနာကို ဖြေရှင်းပြီးသွားသလို ပြည်ပအင်အားစုတွေကိုလည်း မောင်းထုတ်ပြီးခဲ့ပြီ။ ငါတို့ အခုလုပ်စရာတစ်ခုပဲ ကျန်တော့တယ်။ ကျွန်းတစ်ခုလုံးနဲ့ ကျွန်းပတ်ဝန်းကျင်ကို လွှမ်းခြုံဖို့အတွက် အစီအရင်တစ်ခု ခင်းကျင်းဖို့ပဲ။ ငါတို့ အဲ့ဒါကို စီစဉ်ပြီးသွားရင် ကျင်းမန်ကျွန်းကို သွားကြတာပေါ့။" ထန်ရှု အပြုံးဖြင့် ပြောနေရင်းမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် “စကားမစပ် … ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျွန်းပေါ်မှာ တရားဥပဒေစိုးမိုးရေး ကိစ္စကရော ဘယ်လိုလဲ။”
“ငါတို့ လူတချို့ကို သတ်ပြခဲ့ပြီး အလွန်ကောင်းမွန်တဲ့ အဟန့်အတားတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ပါတယ် သူဌေး…။ အမှောင်ဗိုင်းရပ်စ်အတွက် ဖြေဆေးကို သုတေသနပြုထားပြီးဖြစ်လို့ ကျွန်းသူကျွန်းသားတွေကို စိတ်ချလက်ချ ဖြစ်စေတဲ့အတွက် အများပြည်သူ ဘေးကင်းရေးပြဿနာကို ထိန်းချုပ်ထားနိုင်တယ်လို့ ပြောလို့ရတယ်။ နောက်ပြီး အဆိပ်ဖြေဆေးကိုလည်း အခု အကြီးအကျယ် ထုတ်လုပ်နေကြတယ်။ ရဲတပ်ဖွဲ့က တာဝန်ထမ်းဆောင်နေချိန်မှာ တပ်မတော်နဲ့ အစိုးရဝန်ထမ်းတွေက အဆိပ်ဖြေဆေးကို ထုတ်လုပ်နေကြတယ်။”
ကျင်းရှီက သဘောကျစွာ ရယ်ပြီး
“သူဌေး အခု နာမည်ကြီးနေပြီနော်။ ကျွန်းကလူတိုင်း သူဌေးရဲ့နာမည်ကို အခုဆို သိနေကြပြီး ကျေးဇူးတွေ တင်နေကြတာ။ သူတို့က သူဌေးကို ဘုရားကျောင်း ဆောက်ပြီး ကိုးကွယ်ချင်နေတာ သူဌေးသိလား။"
"မင်း ဘာကို ဆိုလိုတာလဲ။ ငါ နားမလည်ဘူး။" ထန်ရှုက ပြောလိုက်သည်။
"ဒီလိုသူဌေးရ … နတ်ဆေးသမားတော် ကွေ့ကျန်းချိုးက သူဌေးရဲ့သုတေသနအကြံအစည်ကို အခြေခံပြီး အဆိပ်ဖြေဆေးကို တီထွင်ခဲ့တယ်။ အဲ့ဒါက လက်ရှိရလဒ်ကို ဦးတည်နေတာလေ။ နတ်ဆေးသမားတော်ကို မီဒီယာတွေ တွေ့ဆုံမေးမြန်းတုန်းက အဆိပ်ဖြေဆေး ဖွံ့ဖြိုးတိုးတက်ရေးမှာ သူဌေးက အကြီးကျယ်ဆုံး ပံ့ပိုးကူညီသူဖြစ်တယ်လို့ ရှင်းပြခဲ့တယ်။" ကျင်းရှီက ရှင်းပြလိုက်သည်။
ထန်ရှု အံ့အားသင့်သွားသည်။ နတ်ဆေးသမားတော် ကွေ့ကျန်းချိုးက သူ့ဆီ မမျှော်လင့်ဘဲ အကျိုးကျေးဇူးကို တိုက်ရိုက်တွန်းပို့လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ သူသည် ဤအကျပ်အတည်းကို ဖြေရှင်းရမည့်စစ်ဆင်ရေးတစ်ခုဖြင့် ကျွန်းဆီသို့ ရောက်လာသည်။ အမှန်ပင် ယင်းမှာ သူ၏တာဝန်တစ်ခု ဖြစ်သော်လည်း ထင်ရှားပေါ်လွင်စေရန် တွန်းပို့ခံရလိမ့်မည်ဟု မထင်ခဲ့ပေ။
“အဲ့ဒါကို စိတ်ထဲ မထည့်တော့ဘူး။ ကျောက်စိမ်း အမြောက်အမြား ဒီနေရာကို ပို့လာဖို့ပဲ ငါ စောင့်နေတာ။ ကျွန်းအတွက် အစီအရင်ကို ခင်းကျင်းပြီးတာနဲ့ ချက်ချင်း ထွက်ခွာသွားတော့မှာပဲ။ နောက်ပြီး ဒီနေရာမှာ နာမည်ကြီးတာက နောက်ပိုင်း ငါ့အပေါ် သက်ရောက်မှု ဖြစ်မှာမဟုတ်ပါဘူး။”
ထန်ရှုက ထိုအကြောင်းကို ခဏလောက် စဉ်းစားပြီး လွယ်လွယ်ကူကူ စိတ်လျှော့လိုက်သည်။
သူ့ဘေးတွင် ရပ်နေသည့် ထန်ဟန်က ရုတ်တရက် မေးလာသည်။
"နင်နဲ့ငါ ထန်စံအိမ်သိုင်းသင်တန်းကျောင်းကို အတူ ပြန်သွားရင် ငါတို့ကြားက ဆက်ဆံရေးကို ဖော်ထုတ်ခံရမှာလား။"
"အတိအကျပဲ။"
ထန်ရှုသည် မီဒီယာ၏ စွမ်းအားကို ကောင်းစွာ သိရှိသည်။ သူသည် ယခုအခါတွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေရာ ထန်စံအိမ် သိုင်းသင်တန်းကျောင်းတွင် သူ ပေါ်လာသည်နှင့် ဂျာနယ်သတင်းထောက်များသည် မကြာမီတွင် အနံ့တစ်ခုခု ရလာလိမ့်မည်။ ထိုအချိန်တွင် သူသည် ထန်စံအိမ်သိုင်းသင်တန်းကျောင်းသို့ ရောက်ဖူးကြောင်းကို မီဒီယာများက ပိုမိုနက်ရှိုင်းစွာ တူးဖော်နိုင်ဖွယ်ရှိသည်။
"ကျွန်တော်တို့ အခုသိုင်းသင်တန်းကျောင်းကို မသွားတော့ဘူး အစ်မကြီး။ နောက်ရက်အနည်းငယ်အတွင်း ကျွန်တော့်ကို တွေ့ချင်ရင် ဖုန်းနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဒီနေရာကနေ မထွက်ခွာခင် အတူတူ ထမင်းစားကြတာပေါ့။ နောက်ပြီး အစ်မကြီး ကျွန်တော့်ကို သတိရရင် ကျွန်းကနေ ထွက်ပြီး ကျွန်တော့်ကို ရှာနိုင်ဖို့ ကျွန်းကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်အောင် ကူညီနိုင်မယ့်နည်းလမ်းကို ကျွန်တော် ရှာတွေ့မှာပါ။"
ထန်ဟန်သည် ထန်ရှုနှင့် အချိန်ပိုနေပေးချင်သော်လည်း သူ့တာဝန်ကို သူမ သိနေသောကြောင့် ခေါင်းညိတ်တုံ့ပြန်သည်။
“အဲ့ဒါဆိုရင် ငါ အရင်သွားတော့မယ်။ ဒါပေမယ့် နင် ထွက်သွားတော့မယ့်အချိန် ငါ့ကိုဖုန်းဆက်ဖို့မမေ့နဲ့နော်။ အစ်မကြီးက နင့်အတွက် ထမင်းဟင်းချက်ကျွေးမယ်။"
"ဟုတ်ကဲ့ပါ။"