အလွဲသုံးစားမှု
Vol. 56 Ch. 777
မိုအားဝူနှင့် ကျန်သောသူများကို ညနေပိုင်းတွင် ကျွန်း၏ စစ်အခြေစိုက်စခန်းသို့ ဦးဆောင်ကာ ခေါ်လာပြီးနောက် နတ်ဆေးသမားတော် ကွေ့ကျန်းချိုးတစ်ယောက် အမှောင်ဗိုင်းရပ်စ်အဆိပ်ဖြေဆေး ထုတ်လုပ်ရန် ကြီးကြပ်နေကြောင်း ထန်ရှု သိလိုက်ရသဖြင့် ထိုသူ့ကို မနှောင့်ယှက်ရန် စဉ်းစားလိုက်သည်။ ရန်ချူးရှုံး အပြေးအလွှား ရောက်လာပြီး သူတို့နှစ်ယောက်သည် အစည်းအဝေးအခန်းထဲသို့ အတူဝင်လာကြသည်။
“နံပါတ်တစ်ခေါင်းဆောင်က မင်းရဲ့အစီအစဉ်ကို သဘောတူတယ် မစ္စတာထန်။ အခု နိုင်ငံက ကျောက်စိမ်းတွေ အများကြီး စုဆောင်းနေတယ်။ မကြာခင်မှာ ကျွန်းဆီ ပို့ပေးလိမ့်မယ်။”
ရန်ချူးရှုံးသည် ကျွန်းတစ်ခုလုံးကို အစီအရင် ခင်းကျင်းပြီးပါက မဖြိုဖျက်နိုင်သော ခံတပ် ဖြစ်လာမည်ကို လွန်စွာ စိတ်လှုပ်ရှားနေပုံရသည်။ အပြင်လူများ ခိုးဝင်မည့်ပြဿနာအတွက် သူ စိတ်ပူစရာ မလိုတော့ပါချေ။
"ဘယ်လောက်ကြာနိုင်လဲ။" ထန်ရှုက မေးလိုက်သည်။
“ငါ့အထက်လူကြီးတွေရဲ့အပြောအရတော့ နိုင်ငံတွင်းမှာ သိုလှောင်ထားတဲ့ ကျောက်စိမ်းတွေကို ချက်ချင်း ပို့ပေးနိုင်ပေမယ့် အရေအတွက်က ငါးတန်လောက်ပဲ ရှိတယ်။” ရန်ချူးရှုံးက ပြန်ဖြေသည်။
“မလောက်ရင် မင်းကို ကျောက်စိမ်းတွေ ပိုပို့ပေးနိုင်တယ်။ ဒါပေမယ့် အထက်လူကြီးတွေက မင်း ဘယ်လောက် လိုအပ်မယ်ဆိုတာ မသိလို့ အဲ့ဒါကိုလည်း မင်းကို မေးစေချင်ကြတယ်။”
ငါးတန်လား…
ထန်ရှု၏ပါးစပ်သည် အကြိမ်အနည်းငယ် မဲ့ရွဲ့သွားကာ စိတ်ထဲတွင် လှုပ်ရှားနေသည်။ တစ်ခုသိထားရမည်မှာ ကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် အစီအရင်ကို ခင်းကျင်းရန် ကျောက်စိမ်းတစ်တန်သာ လိုအပ်သည်။ သို့သော်လည်း ပထမအသုတ်အနေဖြင့် ကျောက်စိမ်းငါးတန်ကို နိုင်ငံတော်မှ တင်ပို့ပေးမည်ဖြစ်ရာ ကျန်တာကို အလွဲသုံးစား လုပ်ရန် သူ့အတွက် အခွင့်အရေး ပေးနေသည်မဟုတ်ပေလော။
'ငါတော့ ပွပေါက်တိုးတာပဲ။'
သူ စိတ်ထဲတွင် လှုပ်ရှားနေသော်လည်း ထန်ရှု၏အမူအရာသည် အပေါ်ယံတွင် တည်ငြိမ်နေပေသည်။ ထိုအစား သူက တမင်တကာ မျက်မှောင်ကြုတ်ကာ ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပြီး “ကျောက်စိမ်းငါးတန်လောက်တော့ မလောက်ဘူး။ ကျွန်းက တအားကျယ်ဝန်းတော့ ကျောက်စိမ်းတွေ အများကြီး လိုမှာကို ခင်ဗျားလည်း အသိပဲ။ အနည်းဆုံး ၁၅တန်လောက်တော့ လိုလိမ့်မယ်။”
ရန်ချူးရှုံးက တခဏတိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်ကာ
“ကျောက်စိမ်း ၁၅တန်က အရေအတွက် အများကြီးတော့ မဟုတ်ပါဘူး။ ငါတို့နိုင်ငံရဲ့ ကျောက်စိမ်းတွင်းကထွက်တဲ့ ကျောက်စိမ်း အရေအတွက်က အဲဒီ့ထက် အများကြီး ပိုများပေမယ့် အများစုကတော့ ပုဂ္ဂလိကပိုင် ပိုင်ရှင်တွေရဲ့ လက်အောက်မှာ ရှိနေတာဆိုတော့ ဝယ်ဖို့ အချိန်တစ်ခု လိုလိမ့်မယ်။ ခဏလောက် စောင့်ပေးပါ။ ကျောက်စိမ်းတွေ အားလုံးကို စုဆောင်းပြီး ဆယ်ရက်ခွဲအတွင်း တင်ပို့ပေးမယ်။”
"ကောင်းပြီ။" ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်သည်။
ထို့နောက် ထန်ရှုသည် ရန်ချူးရှုံးနှင့် ညစာစားခဲ့သည်။ ထန်ရှု စစ်အခြေစိုက်စခန်းသို့ ပြန်လာကြောင်းကို နတ်ဆေးသမားတော် ကွေ့ကျန်းချိုး သိသောအခါ သူနှင့် အပြေးအလွှား လာတွေ့ပြီး အတူတူသောက်ကြသည်။ ထန်ရှု စစ်စခန်းမှ ပြန်ထွက်ခွာခါနီးတွင် နတ်ဘုရားဝတ်ရည်ဝိုင်သေတ္တာနှစ်လုံးကိုလည်း လက်ဆောင်ပေးခဲ့သဖြင့် အဘိုးအိုသည် ဝမ်းသာအားရ ဖြစ်သွားသည်။
အလားတူ ရန်ချူးရှုံးသည်လည်း နတ်ဘုရားဝတ်ရည်ဝိုင်ကို လက်ဆောင်ကို ရရှိခဲ့သည်။ သေချာသည်ကတော့ ထိုလက်ဆောင်ကို ထန်ရှု အလကား ပေးခဲ့ခြင်း မဟုတ်ပေ။ ထန်ဟန်အား စစ်တပ်ဖြတ်သန်းသွားလာခွင့် ရရှိစေရန် ထန်ရှုတစ်ယောက် ရန်ချူးရှုံးအား မုသားမပါ လင်္ကာမချော စီကုံးခဲ့သဖြင့် သူမသည် အစီအရင်ခင်းကျင်းပြီးသည်နှင့် ကျွန်းမှ လွတ်လပ်စွာ ဝင်ထွက်လာနိုင်မည်ဖြစ်သည်။
ညဉ့်နက်ချိန်…
ထန်ရှုသည် အခန်းထဲတွင် တင်ပျဉ်ခွေထိုင်နေစဉ် ခြံတံခါးကို ခေါက်သံကြားလိုက်ရပြီး အပြင်ဘက်မှ မိုအားဝူ၏အသံကို ကြားလိုက်ရသည်။
“သူဌေး … ပြည်မကြီးက တယောက်ယောက် လာနေတယ်။ သူဌေးရဲ့အမျိုးသမီးပဲ - မုဝမ်ရင်တဲ့။"
အမ် … သူဌေးရဲ့အမျိုးသမီး…
ထန်ရှု မချိပြုံး ပြုံးကာ တံခါးဖွင့်လိုက်ပြီး
“အခု ဘယ်မှာလဲ။”
"ကျင်းရှီက သူ့ကို စစ်တပ်ဝင်းထဲ စောင့်ရှောက်ပြီး ခေါ်လာနေတယ်။ သူတို့ ဒီကိုလာတဲ့ လမ်းပေါ် ရောက်နေပြီဆိုတော့ မိနစ်အနည်းငယ်အတွင်း ရောက်လိမ့်မယ်။” မိုအားဝူက ပြောပြသည်။
ထန်ရှုက ခေါင်းညိတ်ပြပြီး ကုတ်အင်္ကျီ ထပ်ဝတ်ရန် အခန်းထဲ ပြန်ဝင်သွားသည်။ နှစ်ထပ်တိုက်အဝင်ဝသို့ သူ ရောက်သောအခါ မုဝမ်ရင်သည် လူလတ်ပိုင်း အမျိုးသား၊အမျိုးသမီးလေးဦးနှင့်အတူ စစ်တပ်ဂျစ်ကားနှစ်စီးထဲမှ ထွက်လာပြီး ကျင်းရှီ၏အနောက်မှ ပါလာသည်ကို တွေ့လိုက်ရသည်။
"ထန်ရှု…"
ထန်ရှုကို မြင်လိုက်ရသဖြင့် မုဝမ်ရင်တစ်ယောက် လွန်စွာ စိတ်လှုပ်ရှားသွားရလေသည်။ ထန်ရှုသည် ဟိုတလောကမှ သူမအား စီးပွားဖက်များစွာနှင့် မိတ်ဆက်ပေးခဲ့သဖြင့် သူမ လွန်စွာ အလုပ်များနေခဲ့သည်။ ထိုကာလအတွင်း သူမသည် ထန်ရှုနှင့် ဖုန်းအဆက်အသွယ်သာ ရှိပေသည်။
“ကောင်းပြီ … ဒီည ကောင်းကောင်း အနားယူလိုက်ဦး။ မင်း လမ်းမှာ အချိန်တော်တော် ကုန်ခဲ့ရတာလေ။"
ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"မနက်ဖြန် ချင်းယွမ်အဖွဲ့ကို ငါ လိုက်ပို့ပေးမယ်။"
မုဝမ်ရင် ညင်သာစွာ ခေါင်းညိတ်ပြရင်း ထန်ရှု၏ နံဘေးသို့ ရောက်ရှိလာသည်။ ထန်ရှုကို ပွေ့ဖက်လိုသည့် သူမ၏ဆန္ဒကို ထိန်းထားလျက် လက်မောင်းကိုသာ ဆုပ်ကိုင်လိုက်ပြီး ချစ်မြတ်နိုးစွာဖြင့်
“ရှင့်ကို လွမ်းတယ်။ ရှင့်ကို အရမ်းလွမ်းတယ် ထန်ရှု။"
ထန်ရှုက အပြုံးဖြင့် တုံ့ပြန်ကာ သူမ၏ပုခုံးကို ညင်သာစွာ ပုတ်လိုက်သည်။ အဆောက်အဦးငယ်ဆီသို့ ပြန်လှည့်လာပြီး မုဝမ်ရင်နှင့်အတူ ခေါ်ဆောင်လာသော လူလေးယောက်၏စားဝတ်နေရေးအတွက် စီမံခန့်ခွဲရေး ဝန်ထမ်းများကို ဆက်သွယ်ရန် မိုအားဝူကို ညွှန်ကြားပြီးနောက် မုဝမ်ရင်ကို ဒုတိယထပ်သို့ ခေါ်လာသည်။
"ဒီနေရာကို မင်း ပထမဆုံး ရောက်ဖူးတာလား။" ထန်ရှု အခန်းထဲဝင်လာပြီးနောက် သူ၏ကုတ်အင်္ကျီကို ချွတ်ကာ မေးလိုက်သည်။
“ဟုတ်တယ် … ဒါ ငါ့ရဲ့ပထမဆုံးအကြိမ်ပဲ။” မုဝမ်ရင် ခေါင်းညိတ်သည်။
“ဒီနေရာအကြောင်း အဖေ့ဆီက အကြိမ်ပေါင်းများစွာ ကြားခဲ့ရပေမယ့် ရှုခင်းကို ဒီလောက်လှမယ်လို့ မထင်ခဲ့မိဘူး။ အပြင်မှာ လုပ်စရာတွေ အများကြီးမရှိရင် ဒီမှာ ခဏလောက်နေချင်မိသား။”
“ဒီနေရာက အရမ်းကောင်းတဲ့ ပတ်ဝန်းကျင် ရှိတယ်။ အနည်းဆုံးတော့ ဒီနေရာရဲ့လေထုက ရှန်ဟိုင်းထက် အများကြီး ပိုကောင်းတယ်။” ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။
“ဒီနေရာကို ကြိုက်တယ်ဆိုရင် ဘာလို့ ဒီမှာ အိမ်ခြံမြေ မဝယ်တာလဲ။ မင်းဆန္ဒရှိရင် အားလပ်ရက် ဒီနေရာမှာ အနားယူလို့ရတာပဲ။”
“အင်း … ဒါပေမယ့် နင် ငါ့ကို အဖော်လိုက်ပေးရမယ်။” မုဝမ်ရင်က ပြုံးပြီး ပြန်ပြောသည်။
ထန်ရှုက ရယ်မောလိုက်ပြီး
"ငါ အချိန်ရရင် လိုက်ပေးပါ့မယ်။"
ထို့နောက် ၎င်းတို့နှစ်ဦးသည် လတ်တလော ဖြစ်ရပ်များအကြောင်း ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင် မုဝမ်ရင်က စိုးရိမ်ပူပန်နေသော မျက်နှာဖြင့်
"နင် သိလား … ငါ့အဖေက ချင်းယွမ်အုပ်စုရဲ့ အခြေအနေကို ကြားပြီး အတော် စိတ်ဆိုးနေတာ။ အထူးသဖြင့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့သူက နင်မှန်း သူ သိသွားတဲ့အခါပေါ့။”
"ဒါဆို မင်း ဘယ်လို တွေးလဲ။"
ထန်ရှုက ပြုံးပြီး မေးလိုက်သည်။
"နင် ငါ့ကို မေးရင် နင့်ရဲ့စိတ်ကူးကို ငါ နားလည်ပါတယ်။" မုဝမ်ရင်က အပြုံးဖြင့် ပြန်ဖြေသည်။ "ဒီနှစ်တွေမှာ ငါ့အဖေ ကျိုးကြောင်းမဆီလျော်တာ ငါ သိတယ်။ ငါ့မှာ ချင်းယွမ်အုပ်စုရဲ့ရှယ်ယာ ၂၅% ရှိလာပြီ ဆိုတော့ သူ့အမြတ်အစွန်းက ငါ့အပေါ် မှီခိုနေရတယ်လို့ ဆိုလိုတာပဲ။ နင် အဲ့ဒီအကြောင်းကို စိတ်အေးအေး ထားလို့ရတယ်။ အနာဂတ်မှာ ပိုက်ဆံလိုအပ်တဲ့အတွက် အဖေက နင့်အကြောင်း ဘာမှ လေသံတောင် မဟဝံ့ဘူး။"
ထန်ရှုသည် ထိုစကားကို ကြားပြီးနောက် မရယ်ဘဲ မနေနိုင်တော့ပေ။
“မင်းအဖေက မင်းစိတ်ထဲမှာ ဘာတွေရှိတယ်ဆိုတာ သိလို့ကတော့ တကယ်ကို ဒေါသဖြစ်မှာစိုးရတယ် သိလား။ အရွယ်ရောက်ပြီး အိမ်ထောင်ကျသွားတဲ့ သမီးကို အိမ်မှာ မထိန်းသိမ်းနိုင်တော့ဘူးလို့ သူ တွေးနေမှာ အသေအချာပဲ … ဟားဟားဟား။”
မုဝမ်ရင် အနည်းငယ် ရှက်သွားဟန်ရသော်လည်း တုံ့ပြန်လိုက်သေးသည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူက အိမ်ထောင်ကျသွားတဲ့သမီးကို ပြန်ယူလို့ မရပါဘူး။ ငါ သူ့ကို လေးစားပေမယ့် သူ့ဒေါသကို မခံနိုင်တော့ဘူး။ အဖေ့ကြောင့် အမေက ဒီနှစ်တွေတစ်လျှောက်လုံး မတရားမှုများစွာကို ခံခဲ့ရပြီး စိတ်မကောင်း ဖြစ်ခဲ့ရတာ။ နင့်အပေါ် ငါ ထပ်မှားခွင့် မပြုနိုင်တော့ဘူး။”
"မင်းလို ရည်းစားတစ်ယောက် ရှိရတာ တကယ်ကို ကောင်းတဲ့ကိစ္စပဲ။"
ထန်ရှုက ပြုံးပြီး ကြားဖြတ်ပြောလိုက်သည်။
ယခင်အချိန်များဆိုပါက မုဝမ်ရင်သည် ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာအပေါ် လျစ်လျူရှုခြင်းနှင့်အတူ သူမသည် အခြားကမ္ဘာက ကောင်းကင်ဘုံအမျိုးသမီးတစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့ပြီး သိက္ခာရှိသော အမျိုးသမီးလေးတစ်ဦးသဖွယ် ဖြစ်သည်။ သို့သော် ယခုအခိုက်အတန့်တွင် သူမအား စိတ်အတွင်းမှ နားမလည်နိုင်သော တွန်းအားတစ်ခုက တွန်းအားပေးနေသည့်အလား
“နင် တကယ်ပျော်ရင် ငါ့ကို စောစော လက်ထပ်လေ။”
“အာ…”
ထန်ရှု အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားရသည်။ သူ ဘာစကားမှ မပြောနိုင်ဘဲ ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း
“ငါတို့က ငယ်ပါသေးတယ်။ တရားဝင်လက်ထပ်လို့ရတဲ့ အသက်တောင်မှ မရောက်သေးဘူး။ နောက်ပြီး ငါတို့က ကျောင်းသား ဖြစ်နေတုန်းလေ။ တက္ကသိုလ်ကျောင်းပြီးတဲ့အထိ စောင့်ကြတာပေါ့။”
“ကျောင်းပြီးရင် လက်ထပ်ကြရအောင်။” မုဝမ်ရင်က နူးညံ့စွာ ပြောလိုက်သည်။
ထန်ရှုသည် စိတ်ထဲက သက်ပြင်းကြိတ်ချမိသော်လည်း မျက်နှာထက်တွင် အပြုံးဖြင့်
"ပြသနာ မရှိပါဘူး။"
ယနေ့ညတွင် မုဝမ်ရင်သည် ထန်ရှု၏အခန်းတွင် တစ်ညတာ ကုန်ဆုံးခဲ့စဉ်တွင် ထန်ရှုကမူ မအိပ်ဘဲ တစ်ညလုံး ကျင့်ကြံနေခဲ့သည်။ နောက်တစ်နေ့ ရောက်သောအခါ သူသည် မုဝမ်ရင်ကို ချင်းယွမ်အုပ်စုသို့ စိတ်အားတက်ကြွစွာ ခေါ်ဆောင်ကာ ကုမ္ပဏီရှယ်ယာကိစ္စများအား ကိုင်တွယ်ပေးလိုက်သေးသည်။ အားလုံးပြီးစီးသွားသည့်အခါ သူမကို လိုက်ပို့ပေးပြီး စစ်အခြေစိုက်စခန်းဆီသို့ ပြန်လာခဲ့သည်။
နှစ်ရက်စောင့်ဆိုင်းပြီးနောက် အရည်အသွေးမြင့် ကျောက်စိမ်းငါးတန် ရောက်လာခဲ့ပြီဖြစ်သည်။ ထိုကျောက်စိမ်းများကို မြင်သောအခါ ထန်ရှု၏ မျက်လုံးများ အရောင်တဖျတ်ဖျတ် လက်လာသည်။ သူသည် ကြယ်တာရာတွင် ရှိစဉ်က ကျောက်စိမ်းပွဲကို သွားရောက်ခဲ့ပြီး ကျောက်စိမ်းတုံးအလောင်းအစား လုပ်ခဲ့သည့်အပြင် ကျောက်စိမ်းဝယ်ရန် ငွေအမြောက်အမြားကိုပင် သုံးစွဲခဲ့သည်။ သူ ပါးစပ်ဆတ်ဆော့ကာ အလောင်းအစား လုပ်လိုက်သော်လည်း သူ ရရှိသော ကျောက်စိမ်း အရေအတွက်သည် အဆတစ်ရာခန့် ပိုများခဲ့သည်။ ထိုကဲ့သို့ လန်းဆန်းသော ခံစားချက်က သူ၏စိတ်အခြေနေကို မြင့်မားစေခဲ့သည်။
"ဒီကျောက်စိမ်းတွေက ဘယ်လိုလဲ မစ္စတာထန်။"
ထန်ရှုနှင့်အတူ ကုန်တင်ကားပေါ်ရှိ ကျောက်စိမ်းများကို ကြည့်ရှုရင်း ဘေးမှ လိုက်ပါလာသော ရန်ချူးရှုံးက မေးလိုက်သည်။
"အရည်အသွေး အရမ်းကောင်းတယ်။"
ထန်ရှုက ကျေနပ်သော အကြည့်ဖြင့် ခေါင်းညိတ်သည်။ “အစီအရင်အတွက် သူတို့ကို အသုံးပြုရင် ပြသနာ မရှိလောက်ပါဘူး။ ဒါပေမယ့် ကျွန်တော် အစီအရင်ကို တတ်နိုင်သမျှ အမြန်ဆုံး ခင်းကျင်းပြီး မြန်မြန် ပြန်သွားလို့ရအောင် နောက်ကျောက်စိမ်းတွေကိုလည်း စောစော ပို့ပေးစေချင်ပါတယ်။”
"ဒါတော့ မင်း စိတ်ချပါ။" ရန်ချူးရှုံးက ပြောလိုက်သည်။ "ဒါက နံပါတ်တစ်ခေါင်းဆောင်ရဲ့အမိန့်မို့လို့ ဘယ်သူမှ မနှောင့်နှေးရဲဘူး။ နောက်ငါးရက်အတွင်း ကျောက်စိမ်းအားလုံးကို ကျွန်းဆီ ပို့ပေးမယ်လို့ သတင်းစကားပါးလိုက်တယ်။ မင်းကရော အစီအရင်ကို ဘယ်အချိန်မှာ စပြီး ခင်းကျင်းမှာလဲ။"
"ကျွန်းရဲ့ပတ်ပတ်လည်အနေအထားကို စစ်ဆေးဖို့ ၂ရက်လောက် အချိန်ယူပြီး အလုပ်ချက်ချင်းစနိုင်မှာပါ။" ထန်ရှုက ဖြေလိုက်သည်။
“ဒီကျောက်စိမ်းတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ ကျွန်တော် မြှုပ်ရမယ်။ နောက်ကျောက်စိမ်းတွေကို ငါးရက်အတွင်း တင်ပို့နိုင်ရင် အစီအရင်ခင်းကျင်းမှုက တစ်လခွဲဆို ပြီးနိုင်မှာပါ။”
"ဒါဆို ကိစ္စမရှိပါဘူး။" ရန်ချူးရှုံးက စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာရာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ပတ် ကုန်သွားခဲ့ချေပြီ။ ထန်ရှုသည် အရည်အသွေးကောင်း ကျောက်စိမ်းစုစုပေါင်း ၁၅တန်ကို စုဆောင်းခဲ့သည်။ နေရာအနေအထားကို စစ်ဆေးပြီးနောက် ဤနေရာတွင် အစီအရင်ခင်းကျင်းရန် ကျောက်စိမ်းတစ်တန်ခန့်သာ လိုမည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ကျန်၁၄တန်အား သူ့အိတ်ထဲ ထည့်လိုက်တော့သည်။
ကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် ကြီးမားသော အစီအရင်ကို ခင်းကျင်းခြင်းသည် သေးငယ်သော စီမံကိန်းတစ်ခု မဟုတ်ချေ။ သို့သော် မိုအားဝူနှင့် အခြားသူများ၏အကူအညီဖြင့် ထန်ရှုသည် ကျွန်းတစ်ဝိုက်၏ရင်းမြစ်ဖြစ်သော အရေးကြီးသော အုတ်မြစ်(၁၆)ခုအတွင်းထဲ ကျောက်စိမ်းများကို မြှုပ်နှံကာ ခင်းကျင်းနိုင်သောကြောင့် ၎င်းကို မြန်မြန်ဆန်ဆန် စီစဉ်နိုင်ခဲ့သည်။
“သူဌေး … ကျွန်းရဲ့အာဏာပိုင်တွေက အခုပဲ ဖုန်းဆက်ပြီး သူဌေးကို တွေ့ချင်နေကြတယ်။ နောက်ပြီး တီဗွီဌာနက သတင်းထောက်တချို့ကလည်း သူဌေးကို အင်တာဗျူးချင်နေကြတယ်။ ငါ သူတို့ကို ဘယ်လို ပြန်ပြောပေးရမလဲ။"
ထန်ရှု၏အနားကို ရောက်လာသော မိုအားဝူက တီးတိုးမေးလိုက်သည်။
အဝေးက မြူခိုးဖြူတွေကို ငေးကြည့်ရင်း ထန်ရှုက မဆိုင်းမတွ ပြန်ဖြေသည်။
“သူတို့အားလုံးကို ငြင်းလိုက်ပါ။ အရေးကြီးတဲ့ အရာတွေကို ကိုင်တွယ်ဖို့ အရမ်းအလုပ်များနေတဲ့အတွက် အင်တာဗျူးတွေ ဒါမှမဟုတ် တွေ့ဖို့အချိန်တွေ မရှိတဲ့ကြောင်း သူတို့ကို ရှင်းပြလိုက်။ သူတို့တွေ စီမံကိန်းအကြောင်း တစ်ခုခု သိချင်ရင် ရန်ချူးရှုံးနဲ့ ဆက်သွယ်ခိုင်းလိုက်။”
မိုအားဝူသည် အမိန့်ကို လက်ခံပြီး ဆက်သွယ်ရေးကိရိယာကို ယူကာ ထွက်ခွာသွားသည်။
အချိန်များ မြန်ဆန်စွာ ကုန်သွားပြန်ချပြီ။ ၁၃ရက်မြောက်နေ့တွင် ကျောက်စိမ်းအားလုံးကို ပေးပို့ပြီးနောက် ထန်ရှုသည် ချိတ်ဆက်နေသော အစီအရင်တစ်ခုလုံးကို ခင်းကျင်းခဲ့သည်။ ထိုအစီအရင်သည် ခံစစ်နှင့်ထိုးစစ်နှစ်မျိုးလုံးကို စွမ်းဆောင်နိုင်ပေသည်။
ကျွန်း၏တောင်ဘက်ကမ်းရိုးတန်းတွင်…
ထောင်ချီသော စစ်သားများသည် မည်သူမျှ ကျွန်းမှ ထွက်ခွာခြင်း သို့မဟုတ် ကျွန်းသို့ ဝင်ရောက်ခြင်း မပြုနိုင်ရန် ကီလိုမီတာ တစ်ဒါဇင်အတွင်း ဧရိယာအားလုံးကို ပိတ်ဆို့ထားရာ လက်ရှိအချိန်တွင် ကျွန်းသည် လုံးဝပိတ်ဆို့ခြင်းကို ခံထားရပေသည်။
ရန်ချူးရှုံးသည် ၁၈မီတာမြင့်သော တိုင်နှစ်တိုင်ကို ငေးကြည့်ရင်း ထန်ရှု၏အနားတွင် ရပ်နေသည်။ သူ၏စိတ်ထဲတွင် ပဟေဠိများနှင့် ပြည့်နှက်နေပြီး အဘယ်ကြောင့် ဤတိုင်နှစ်တိုင်အား ဤနေရာတွင် ထားရှိရခြင်းအကြောင်း ထန်ရှုကို မေးရန် အကြိမ်ကြိမ် ကြံရွယ်နေသော်လည်း ထန်ရှု၏လေးနက်သော အမူအရာကို သူ မြင်လိုက်ရသည်တွင် နှောင့်ယှက်ရန် မသင့်တော်သည်ကို နားလည်သွားခဲ့ပေသည်။
“အချိန်နီးပြီ။”
အဝေးမှ တလိမ့်လိမ့်တက်နေသော မြူခိုးဖြူများ ရှိရာ အနောက်ဘက်ဆီမှ နေဝင်ချိန်ကို လှမ်းကြည့်နေသော ထန်ရှုသည် နောက်ဆုံးတွင် ရန်ချူးရှုံးဘက်သို့ လှည့်ကာ စကားပြောလာသည်။
"ဘယ်အချိန်ကို နီးနေပြီပြောတာလဲ။"
ရန်ချူးရှုံးက ဇဝဇေဝါဟန်ဖြင့် မေးလိုက်သည်။
"အံ့သြဖွယ်ရာကို သက်သေပြဖို့ အချိန်နီးနေပြီလေ။" ထန်ရှုက ပြုံးပြီး ပြောသည်။
"တိုင်းမှူးရန် … ခင်ဗျားရဲ့တပ်သားတွေကို အဲ့ဒီနေရာကနေ ဖယ်ခိုင်းပြီး အနောက်ကို ငါးကီလိုမီတာကို ပြန်ဆုတ်ခိုင်းလိုက်။"