အစွမ်းထက်ဆုံးသောအဆင့်
Vol. 85 Ch. 1180
ဘီလူးကြီးကိုယ်ပေါ်ရှိ မှော်သင်္ကေတများမှာ မရေမတွက်နိုင်အောင် များပြားသယောင် ထင်ရသော်လည်း သေချာကြည့်ပါက ကိုးခုသာ ရှိကြောင်း မြင်ရပေမည်။ ထိုမှော်သင်္ကေတများက အဆက်မပြတ်ပုံတူများ ခွဲထွက်နေကြ၍သာ များပြားသည်ဟု ထင်ရခြင်းဖြစ်သည်။
မည်သို့ဆိုစေ ထိုမှော်သင်္ကေတကိုးခုက မိုးနှင့်မြေတွင် အံ့မခန်းလိလိပြောင်းလဲမှုများကို လှုံ့ဆော်လိုက်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သင်္ကေတများသည် ကမ္ဘာဦးအစမှ အရင်းခံသကဲ့သို့ ရှေးကျနေပြီး မှိတ်တုတ်မှိတ်တုတ် လက်နေစဉ် ဘီလူးကြီး၏ ပတ်ပတ်လည်တွင် မှော်ဒိုင်းကိုးခုအား ဖြစ်ပေါ်လာစေသည်။
မှော်သင်္ကေတဒိုင်းများ၏ အလင်းရောင်က ဘီလူကြီးကို ပို၍ပင် ရှိန်စရာကောင်းသွားစေ၏။ သူက လက်များကို မြေကြီးပေါ် ဖိတွန်း၍ ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး တုန်ခါလှိုင်းကြီးတစ်လုံးက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။
အဝေးမှကြည့်လျှင် ထိုဒိုင်းကြီးကား အလယ်တွင် မှော်သင်္ကေကိုးခုဖြင့် တဝေါဝေါလည်ရင်း သောင်းကျန်းနေသည့် လေဆင်နှာမောင်းကြီးအလားပင်။ ချက်ချင်းဆိုသလို ဘီလူးကြီးသည် အနိုင်ယူ၍မရသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသယောင် ထင်ရသည်။
မန်ဟိုက မျက်မှောင်ကြုတ်လျက် မှော်သင်္ကေတကိုးခုကို လေ့လာနေသည်။ ထိုသင်္ကေတများမှ တောက်ဖန်၏အရှိန်အဝါကို သူ ခံစားနေရ၏။ သူသည် တောက်ဖန်ကို တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း လေဟုန်ခွင်းလောက၏အပြင်၊ ကောင်းကင်ဘုံ ၃၃ ခု ၏အထက်သို့ စိတ်ခရီးနှင်ခဲ့စဉ်တုန်းက ဆုံခဲ့ဖူးလေသည်။ သူ့မှာ ထိုလူ၏ တိုက်ခိုက်ခြင်းပင် ခံခဲ့ရ၏။ ထိုစဉ်တုန်းက ခံစားခဲ့ရသည့် ခံစားချက်က ဤမှော်သင်္ကေတများမှ ရရှိနေသော ခံစားချက်နှင့် ထပ်တူညီသည်။
"တောက်ဖန်ရဲ့ ကျိန်စာ..." မန်ဟို၏ မျက်လုံးများအရောင်လက်သွားသော်လည်း သူက ခြေတစ်လှမ်းမျှပင် နောက်မဆုတ်ပေ။ ထိုအစား လက်သီးသုံးချက်ထိုး၍ ဒိုင်းများအပေါ်သို့ ကြောက်ခမန်းလိလိ စွမ်းအားကြီးအား သက်ရောက်စေလိုက်ရင်း ရှေ့ပြေးတက်သွားသည်။
အဝေးမှကြည့်လျှင် သူကား မိုးကောင်းကင်နှင့်မြေကြီးထဲရှိ တစ်ခုတည်းရှိသောအလင်းရောင် မိုးပြာရောင်နေမင်းကြီးအလားပင်။ သူ၏ လက်သီးကလည်း မိုးပြာရောင်ဖြစ်နေပြီး ကောင်းကင်ဘုံများကို ဖျက်စီး၍ ကမ္ဘာမြေကို ဖယ်ရှားပစ်နိုင်သော စွမ်းအားဖြင့် ပြည့်နေပုံရသည်။
တဂျုန်းဂျုန်း မြည်သံများ ပဲ့တင်ထပ်သွားပြီး လက်သီးချက်များ ကျရောက်လာသည့်အခါ ဘီလူကြီး၏ လေဆင်နှာမောင်းဒိုင်းကား သိမ့်သိမ့်ခါရင်း တခဏကြာသော် ဝုန်းခနဲ ပေါက်ကွဲသွား၏။ မှော်သင်္ကေကိုးခုကမူ တဖျတ်ဖျတ်လက်သွားသော်လည်း ပျက်စီးမသွားဘဲ အတန်ငယ် ကျုံ့သွားသည်။ သို့သော် ဘီလူးကြီးမှာ အကာအကွယ်ခံထားရဆဲဖြစ်၍ နည်းနည်းလေးမှ ထိခိုက်မသွားခဲ့ပေ။
တောက်ဖန်၏အရှိန်အဝါလည်း နည်းနည်းလေးမျှပင် လွင့်ပျယ်သွားခဲ့ခြင်းမရှိ။ ၎င်းက လိမ့်ထွက်ရိုက်ခတ်ကာ မန်ဟို့ကို ဖိနှိပ်လိုက်သော ဖိအားကြီးအသွင် ပြောင်းသွားသည်။ မန်ဟိုမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရသဖြင့် ခြေလှမ်းခုနစ်လှမ်းအထိ ဆုတ်လိုက်ရပြီးနောက်မှ ရပ်လိုက်နိုင်သည်။ ထို့နောက် သူက ခေါင်းမော့၍ မာန်သွင်းဟိန်းဟောက်လိုက်သည်။
ထိုဟိန်းဟောက်သံက လောကပါလတာအိုအင်မော်အဆင့် ကျင့်ကြံခြင်းအခြေခံကို တန်ခိုးတို့ဖြင့် လှုပ်ရှားလာစေပြီး သူ့အပြင်အားကိုယ်ခွန်အားကိုလည်း စုစည်းလိုက်သည်။ ထိုသို့ စုစည်းပြီးသောအခါ သူက မိုးကြိုးတန်းသဖွယ် ပြေးတက်သွားသည်။ လေထုသည် တုန်ခါသွားပြီး လေများ တဝေါဝေါ တိုက်လာ၏။ ၎င်းတို့အားလုံးက ပြေးတက်လာသော မန်ဟိုကြောင့် ကြေမွသွားသော မှော်သင်္ကေတများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဘီလူးကြီး၏မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် လက်သွားပြီး သူက ရှေ့တစ်လှမ်းတက်လိုက်ရာ မြေကြီးသည် တသိမ့်သိမ့် တုန်သွား၏။ တစ်ဆက်တည်းမှာပင် သူက ညာလက်ကို လေပေါ်မြှောက်လိုက်သည်။
"အရှင်တောက်ဖန်" သူက ဟစ်ကြွေးသည်။ ထိုအသံက မှော်သင်္ကေကိုးခုကို တဖျက်ဖျက် လင်းလက်၍ အတူတကွ ပေါင်းစည်းသွားစေသည်။
ထိုပေါင်းစည်းမှုက တောက်ဖန်၏ အရှိန်အဝါကို ပို၍ပင် အားကောင်းလာစေ၏။ မျက်စိတစ်မှိတ်အတွင်း မှော်သင်္ကေကိုးခုသည် ဘီလူးကြီးကို ဖုံးလွှမ်းလိုက်သော ချပ်၀တ်တန်တာတစ်စုံအသွင် ပြောင်းသွားခဲ့၍ ၎င်းအား တန်ခိုးကြီးမားသော နတ်ဘုရားကြီးသဖွယ် ဖြစ်သွားစေတော့သည်။
အဆိုပါချပ်ဝတ်တန်ဆာမှာ ထိုးထွက်နေသော ဆူးချွန်ချွန်များ၊ တစ်ခုကိုတစ်ခု အငမ်းမရစားရင်း အော်ဟစ်ညည်းတွားနေသော မျက်နှာများ၏ပုံရိပ်တို့ဖြင့် ဖုံးလွှမ်းလျက်ရှိသည့် အစိမ်းရောင်ချပ်ဝတ်တန်ဆာဖြစ်သည်။ ၎င်း၏အတွင်း၌ သရဲတစ္ဆေများ အကျဉ်းကျနေသယောင် ထင်ရသည်။
ချပ်ဝတ်တန်ဆာ၏ ရင်ဘတ်ပေါ်တွင် ... မျောက်တစ်ကောင်၏ မျက်နှာတစ်ဖက် ရှိနေသည်။
မျောက်၏မျက်လုံးများက စစချင်းပိတ်နေသော်လည်း ဖျတ်ခနဲ ပွင့်လာသည်။ မျောက်သည် မန်ဟို့ကို ရက်စက်ကြမ်းကြုတ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေရာ မန်ဟို့မျက်ဆံများအား ကျုံ့သွားစေသည်။
ဤချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်သည့်အခါ ဘီလူးကြီး၏စွမ်းအားသည် တဟုန်ထိုးမြင့်တက်သွားခဲ့ပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားအဆင့်သည်လည်း နှစ်ဆခုန်တက်သွား၏။
တစ်ဆက်တည်းမှာပင် ဘီလူးကြီးက ဟိန်းဟောက်ရင်း ညာလက်ကို မြှောက်ကာ ထုချလိုက်သည်။ မြေပြင်များ တုန်ခါလှုပ်ရမ်းသွားပြီး ဘီလူးကြီးကို ဗဟိုပြုလျက် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြာထွက်သွား၏။ မြေကြီးကား ပြိုကျတော့မည့်အလားပင်။
မြေပြင်တစ်လျှောက် လိမ့်ထွက်သွားခဲ့သော လှိုင်းများက တောင်တန်းများကို မြင့်တက်၍ ချိုင့်ဝှမ်းများကို နိမ့်ကျသွားစေပြီး အလွန်ကြီးမားသော ချောက်နက်ကြီးတစ်ခုကို ချန်ရစ်ခဲ့သည်။ ဤအရာအားလုံးမှာ အသက်ရှူချိန်အနည်းငယ်လေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။
“ပြန်လာ” ဘီလူးကြီးရေရွတ်လိုက်သော ထိုရိုးရိုးရှင်းရှင်းစကားလုံးက မြေများကို မြောက်တက်လာစေသည်။ ဖုန်သဲမှုန်များ တထောင်းထောင်း ထနေစဉ် မြေကြီးထဲမှ တစ်စုံတစ်ခု ထိုးထွက်လာသည်။ ၎င်းကား ... တိုင်လုံးကြီးနှင့်တူသော်လည်း တကယ်တမ်း .....
ဧရာမတုတ်ကြီးတစ်ချောင်းဖြစ်နေသည်။
ဧရာမတုတ်ကြီးသည် မည်းနက်နေပြီး မည်သည့်အသားဖြင့် ပြုလုပ်ထားသလဲ ပြောရခက်သည်။ ၎င်းကား မည်သည့်သေမျိုးဆို ဧရာမကြီးမားလှသည်ဟု ယူဆမည့် မီတာသုံးသောင်းအရွယ်အစားအထိ ရှည်လျားသော်လည်း ဘီလူးကြီးအတွက်မူ အပိုအလိုမရှိ ကွက်တိဖြစ်နေ၏။
ဘီလူးကြီး၏လက်က မဟူရာတုတ်ကို ဆုပ်ကိုင်၍ လှည့်ပတ်လွှဲရမ်းလိုက်သည်။ မိုးနှင့်မြေတွင် တဝုန်းဝုန်းမြည်သံများ ပြည့်နှက်သွားပြီး အရာအားလုံး တုန်ခါလာသည်။ ဘီလူးကြီး၏စွမ်းအားက ထပ်မံမြင့်တက်သွားပြန်၏။
ဘီလူးကြီး ဧရာတုတ်ကြီးကို ကိုင်လိုက်သည့်အချိန်မှာပင် သူ့အသံက မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်လာခဲ့သည်။ “အရှင်တောက်ဖန်ရဲ့ အမိန့်တော်ကို ငါ နာခံတယ်။ အင်မော်တယ်တွေဟာ မီးပွားကို ယူခွင့်မရှိဘူး။ အမိန့်ကို ချိုးဖောက်တဲ့ ဘယ်သူမဆို တစ်မျိုးနွယ်လုံး အမြစ်ဖြုတ်သုတ်သင်ခြင်းခံရမယ်”
မန်ဟိုမှာ လက်ရှိကျင့်ကြံခြင်းအခြေခံဖြင့်ပင် ဘီလူးကြီးထံမှ ထုတ်လွှတ်နေသောတန်ခိုးကြောင့် မကြောက်ရွံ့မိဘဲ မနေပေ။ အန္တရာယ်အချက်ပေးခေါင်းလောင်းသံများက သူ့ခေါင်းထဲတွင် ဆူညံနေပြီး သူ့မျက်လုံးများသည် လင်းလက်တောက်ပစပြုလာ၏။
“ငါ မီးပွားကို စုပ်ယူပြီးသွားပြီ” သူက အေးစက်စက် ပြောသည်။ “ငါ့အသက်က .... မင်း အလွယ်တကူ ယူလို့ရတဲ့ အရာမဟုတ်ဘူး။ ငါ့ မျိုးနွယ်ကို အမြစ်ဖြုတ်အတွက်ကတော့ ... မင်းက အရည်အချင်းမပြည့်မှီသေးဘူး” မန်ဟို၏သုံးသပ်မှုအရ ဘီလူးကြီးသည် ယခုတွင် အနှစ်သာရ ၃ ခု တာအိုသခင် သို့မဟုတ် အနည်းဆုံး အနှစ်သာရ ၂ ခု အထွတ်အထိပ်မျှ အစွမ်းထက်နေလေပြီ။
သူက သိုလှောင်အိတ်ကို ပုတ်၍ အော်ခေါ်လိုက်သည်။ “ကြက်တူရွေး အသားဂျယ်လီ ထွက်လာခဲ့စမ်း”
ချက်ချင်းပင် ကြက်တူရွေးနှင့် အသားဂျယ်လီက အလင်းတန်းများထဲမှ ထွက်လာသည်။ ထွက်လာလျှင်ချင်း ဘီလူးကြီးကို မြင်သော် အသားဂျယ်လီက စူးစူးဝါးဝါး အော်တော့သည်။ “တောက်ဖန်ရဲ့ အရှိန်အဝါကြီးဟ”
ထို့နောက် ၎င်းက သိုလှောင်အိတ်ထဲ ပြန်ဝင်ဖို့ ပြင်သည်။ သို့သော် မန်ဟိုက ၎င်းကို ဖမ်းလိုက်၏။
“ငါ မင်းကို လူယုတ်မာသုံးကောင်ပေးမယ်” သူက ပြောသည်။ “ချပ်ဝတ်တစ်ခုခုအဖြစ် ပြောင်းလိုက်စမ်းပါ”
“လူယုတ်မာလေးကောင်” အသားဂျယ်လီက အသည်းအသန် အော်သည်။ “ငါ လူယုတ်မာလေးကောင် လိုချင်တယ်။ လေးက သုံးထက်ပိုများတယ်ဆိုတာ ငါ အခုတလော လေ့လာထားတယ်ကွ။ လူယုတ်မာလေးကောင်ပေး၊ အစွမ်းကုန်ထုတ်ပေးမယ်”
မန်ဟိုမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
အသားဂျယ်လီမှာ မျက်လုံးများနီရဲနေလျက် တောက်ပလာပြီးနောက် မန်ဟို့လက်မှစ၍ တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက ကြက်တူရွေးကို ကြည့်သည်။
“စစ်လက်နက်” သူက ဆင့်ခေါ်လိုက်သည်။ ကြက်တူရွေးမှာ ခပ်ယဲ့ယဲ့ ပြုံးလိုက်လေသည်။ ၎င်းက ပွစိပွစိပြောရင်း မန်ဟို့ထံ ပြေးဝင်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွား၏။ ထို့နောက် ကြေးမုံက မန်ဟို့သိုလှောင်အိတ်ထဲမှ ပျံထွက်လာကာ အလင်းတန်းနှင့် ပေါင်းစည်းသွားသည်။
ထိုအခိုက်အတန့်တွင် မန်ဟို၏စွမ်းအားသည် မှန်းဆ၍ပင် မရနိုင်သောအတိုင်းအတာအထိ မြင့်တက်သွားခဲ့၏။ မပျက်စီးနိုင်သောအငွေ့အသက်များ ထုတ်လွှတ်လျက် ရှေးကျကျအသွင်အပြင်နှင့် မီးခိုးရောင်ချပ်ဝတ်တန်ဆာအသားဂျယ်လီထံမှ လေမုန်တိုင်းတစ်လုံး တိုက်ခတ်လာသည်။
ထိုချပ်ဝတ်တန်ဆာမှာ ဖျက်စီး၍ မရနိုင်ပေ။ အသားဂျယ်လီ အသက်ရှင်နေသရွေ့ ထိုချပ်ဝတ်တန်ဆာက တောင်ခံနိုင်လိမ့်မည်။ အသားဂျယ်လီမှာ ချပ်ဝတ်တန်ဆာအသွင်ဖြင့်သာ ဖြစ်လင့်ကစား ဖျက်စီး၍မရနိုင်သည့်အရာ မဟုတ်ပါလော။
ဤချပ်ဝတ်တန်ဆာဖြင့် မန်ဟို့အတိုက်အခိုက်စွမ်းရည်သည် ပို၍ပင် မြင့်တက်လာ၏။
တစ်ဆက်တည်းမှာပင် ကြက်တူရွေးနှင့်ကြေးမုံက သူ့ညာလက်ပေါ်တွင် စစ်လက်နက်အသွင်ပြောင်းရင်း ပေါင်းစပ်သွားသည်။
စစ်လက်နက်သည် အထူးသဖြင့် ပုံဆောင်မဲ့၍ မန်ဟိုဆန္ဒရှိရာအတိုင်း အသွင်ပြောင်းနိုင်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းက ယခုတွင် ဘလတ်ဓားသွားတမျှ ချွန်မြသော မီတာသုံးသောင်းအရှည် ဓားပြားကြီးဖြစ်နေချေပြီ။ ၎င်းက ထက်မြက်သောအငွေ့အသက်ကို ထုတ်လွှတ်နေသည့်အပြင် ၎င်းမျက်နှာပြင်ပေါ်၌ ထူးဆန်းသောအလင်းများပင် ကူးလူးဖြတ်ပြေးနေသည်။ အလင်းလှိုင်းများကား မိုးနှင့်မြေကို ဖျက်စီးပစ်နိုင်သောအငွေ့အသက်များနှင့် သက်ရှိသတ္တဝါအားလုံးကို ဝပ်တွားရှိခိုးစေနိုင်သောအရှိန်အဝါကို ထုတ်လွှတ်နေသည်။
ဤသည်ကား စစ်လက်နက်ဖြစ်ချေ၏။
ယခုတွင် မန်ဟိုသည် လောကပါလတာအိုအင်မော်တယ်တစ်ဦးဖြစ်နေ၍ သူ၏ကြေးမုံက အံ့ဖွယ်စွမ်းအားဖြင့် ပြည့်နှက်လာသည်။ ကနဦးအဆင့်သာဖြစ်သော်လည်း ၎င်းက အလွန်တရာကြောက်စရာကောင်းသော စစ်လက်နက်တစ်လက် ဖြစ်နေသေး၏။
မန်ဟို့ကျင့်ကြံခြင်းအခြေခံ မြင့်တက်လာနေစဉ် သူကကား ဘီလူးကြီး၏ပုံပန်းသွင်ပြင်ထက်ပင် ဩဇာကြီးမားနေတော့သည်။
“သွေးခွေးကြီး” သူက ညာလက်စကို ခါရမ်းရင်း ပြောသည်။ ချက်ချင်းပင် သွေးရောင်အလင်းသည် ပျံထွက်လာပြီး မန်ဟို့ကျောပေါ် ဆင်းသက်လာသည်။ ၎င်းက ခြုံထည်ဖြစ်ပြီး ထို့အပေါ်တွင် အရုပ်တစ်ရုပ်ရေးဆွဲထားသည်ကို မြင်ရနိုင်သည်။ ထိုအရုပ်ကား .... သွေးခွေးကြီးမှတစ်ပါး အခြားမဟုတ်ပေ။ (ခြုံထည်က စူပါမန်းနဲ့ဘတ်မန်းရဲ့ ခြုံထည်ပုံစံမျိုးပါ)
ဤအခိုက်အတန့်တွင် မန်ဟိုကား ကျင့်ကြံခြင်းစတင်သည့်အချိန်မှစ၍ အစွမ်းထက်ခဲ့ဖူးသည်ထက်ပို၍ အစွမ်းထက်နေလေပြီ။
“ကဲ” သူက ပြောသည်။ “မင်း ငါ့စစ်လက်နက်ဆီက ဓားချက်ဘယ်နှချက်ကို ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့” သူ့အသံက အလွန်အေးစက်လွန်းသဖြင့် မြေပြင်တွင် ဆီးနှင်းများပင် ခဲကုန်သည်။ သူ ရှေ့တက်လာသည့်အခါ ဘီလူးကြီးက ဟိန်းဟောက်ရင်း ၎င်း၏မဟူရာတုတ်ကို လွှဲရမ်း၍ ပြေးတက်လာသည်။ သို့သော် ဘီလူကြီး၏မျက်လုံးများကိုကြည့်ပါက လေးနက်နေမှုနှင့် အံ့အားသင့်နေမှုကိုပင် မြင်ရလိမ့်မည်။ ယခုတွင် ၎င်းသည် မန်ဟို့ထံမှ .... ပြင်းထန်သောအန္တရာယ်ကို ခံစားလိုက်ရလေပြီ။
သူတို့ တစ်ယောက်ဆီတစ်ယောက် ပြေးတက်သွားစဉ် စစ်လက်နက်က လေကို ပိုင်းခြမ်းကာ မဟူရာတုတ်အပေါ် ကျဆင်းသွားသည်။
ထိလိုက်သည်နှင့် တုတ်မှာ တုန်ခါလာ၏။ ၎င်းကား အက်ကွဲမသွား... အစိတ်စိတ်အမြွှာမြွှာ ကြေမွ၍ ရစရာမရှိအောင် ပျက်စီးသွားတော့သည်။
“အနှစ်သာရသုတ်သင်ခြင်း” ဘီလူးကြီးက အထိတ်တလန့် အော်သည်။ “အဲဒါ ဘာမှော်ပစ္စည်းမျိုးလဲ၊ ဘယ်လိုလုပ်ပြီး ဒဏ္ဍာရီလာအနှစ်သာရသုတ်သင်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားနိုင်တာတုန်း။ မဖြစ်နိုင်တာ၊ လုံးဝမဖြစ်နိုင်ဘူး"
ဘီလူးကြီးအော်ဟစ်နေသည့်အချိန် မန်ဟိုက အလင်းရောင်များဖြင့် ခြံရံလျက် တိုက်စစ်ဆင်လာသည်။
“မလုပ်နဲ့” ဘီလူးကြီးက ကူကယ်ရာမဲ့စွာ အော်သည်။ ၎င်းသည် ရုတ်တရက် လက်နှစ်ဖက်လုံးအား ချပ်ဝတ်တန်ဆာအပေါ် ဖိချကာ စစ်လက်နက်ကို ခုခံရန် မှော်သင်္ကေတများအား ထွက်သွားစေသည်။ ၎င်းတို့ဝင်တိုက်လိုက်သည့်အခါ မှော်သင်္ကေတများသည် ကြေမွသွားရတော့၏။
တစ်ခု၊ နှစ်ခု၊ သုံးခု ... မျက်စိတစ်မှိတ်အတွင်း မှော်သင်္ကေတခုနစ်ခုကား ဖျက်စီးခံလိုက်ရလေပြီ။
ထို့နောက် ... ရှစ်ခုမြောက်၊ နောက်ဆုံး ... ကိုးခုမြောက်။
ကိုးခုမြောက်မှော်သင်္ကေတ ပျက်စီးသွားသောအခါ ဘီလူးကြီး၏ချပ်ဝတ်တန်ဆာသည် အစိတ်စိတ်အမြွှာမြွှာကွဲသွားတော့၏။
တဖျတ်ဖျတ်လက်နေသော ဓားပြားကြီးက ဘီလူးကြီး၏လည်မျိုအပေါ် ဆက်လက်ကျဆင်းလာသည်။
(တောက်ဖန်- တောက်ဖန်ရဲ့ အသွင်အပြင်က စွန်းဝူခုန်းနဲ့တူပါတယ်။ သူ့မှာလည်း မဟူရာတုတ်တစ်ချောင်းရှိတယ်။ သူက အမှန်တရားရှာပုံတော်မှာ စုမင်ရဲ့ မျောက်မိတ်ဆွေဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်)