တောင်၏အစောင့်
Vol. 21 Ch. 282
များစွာသော တပည့်များ၏ လေးစားသော အကြည့်များအောက်တွင် ရွေးခြယ်ခြင်းတောင်ထွတ်က တိမ်များအကြား၌ တောက်ပစွာ တည်ရှိနေပေသည်။
ရွှေးချယ်ခြင်း တောင်ထွတ်တွင် နာမည်ရေးထိုးနိုင်သည့် တပည့်များမှာ သည်မျိုးဆက်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော သူများဖြစ်မှန်း သူတို့သိကြပေသည်။ တခြားစကားဖြင့်ပြောပါက သူတို့မှာ ကန်ရွှမ်းကလန်၏ တပည့်များအကြားမှ ဘုရင်များဖြစ်ပြီး အားလုံးကို အပေါ်စီးမှ မိုးပြီး ကြည့်နိုင်သူများဖြစ်ပေသည်။
မရေမတွက်နိုင်သော တပည့်များ၏ မျက်လုံးများတွင် အားကျမှုဖြင့် ပြည့်နေပြီး သူတို့လဲ တစ်နေ့တွင် သည်လို တူညီနေသော အနေအထားကို ရောက်ရန်အတွက် မျှော်လင့်နေကြသည်။ သူတို့သာ တစ်နေ့တွင် ရွေးချယ်ခြင်းတောင်ထွတ်တွင် နာမည်ချန်ထားရစ်နိုင်ခဲ့ပါက လောကကြီးက သူတို့အား မည်သို့သော မြင်ကွင်းမျိုးနှင့် ကြိုဆိုနေမည်နည်း…
သို့သော်လည်း ထိုနေရာသို့ရောက်ရှိရန် ပြင်းထန်သော ကြိုးစာအားထုတ်မှုနှင့် ကံတရားတို့ လိုအပ်ကြောင်း သူတို့အားလုံးနားလည်ပေသည်။
ယခုချိန်တွင် ရွေးချယ်မှုအခမ်းအနား၏ ပထမဆယ်ရောက်မှလွဲ၍ ကျန်သော အခြားတပည့်များမှာ သာမန် အနက်ရောင်ခါးစည်းအဆင့် တပည့်များသာ ဖြစ်ပေသည်။ သူတို့၏ ရှေ့တွင် ရွှေရောင်နှင့် ခရမ်းရောင် ခါးစည်းတပည့်များ ရှိနေပေသေးသည်။
ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်ယောက်တွင်ပါဝင်ရန်က အများအားဖြင့် ကျော်ကြားသော ခရမ်းရောင်ခါးစည်းတပည့်များ အကြားမှယှဉ်ပြိုင်မှုသာ ဖြစ်ပေလိမ့်မည်။ စင်စစ် အားနည်းသော ခရမ်းရောင်တပည့်များပင်လျှင် ယှဉ်ပြိုင်ရန် သတ္တိရှိကြလိမ့်မည် မဟုတ်ပေ။
ထိုအရာကြောင့် သူတို့နှင့် ကြီးမြတ်သော အရွေးချယ်ခံတပည့်များအကြားရှိ ကွာခြားချက်မှာ မည်မျှပင်ကြီးမား လှကြောင်းတွေ့နိုင်ပေသည်။ ထိုအရာမှာ ကောင်းကင်နှင့် မြေပြင်အကြားရှိ ကွာခြားမှုလိုပင် ဖြစ်သည်။
မကြာသေးမှီကမှ အတွင်းတောင်တပည့်အနေဖြင့် အဆင့်တက်ခဲ့သော သူတို့အနေဖြင့် ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်ရောက်နှင့် အဆက်အသွယ်ရရန်ပင် အရည်အချင်းပြည့်မှီလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုတော့ သူတို့အကြားရှိ အဆင့်အတန်းမှာ ကွဲပြားလွန်းပေသည်…
များစွာသော တပည့်များ ညည်းတွားနေစဉ်တွင် တမန်တော်ခုနှစ်ယောက်မှ ရုတ်တရက် တစ်စုံတစ်ရာကို ပြုလုပ်လိုက်ပြီးနောက် မူလချီတိမ်တိုက်ကြီးသည် ချက်ချင်းပင် အပိုင်းခုနှစ်ပိုင်းကွဲ ထွက်သွားခဲ့သည်။
“မင်းတို့နဲ့ သက်ဆိုင်တဲ့ တောင်ထွတ်တွေကိုရောက်ဖို့ အားလုံးကို အတူတူ ခေါ်သွားလို့မရဘူး။ ဒါကြောင့် ဒီနေရာမှာပဲ လမ်းခွဲကြရလိမ့်မယ်။”
တမန်တော် ခုနှစ်ယောက်၏ စကားများကို ကြားရချိန်တွင် တပည့်များက သူတို့၏ သူငယ်ချင်းများ အပေါင်းအဖော်များကို အလျှင်အမြန်ပင် နှုတ်ဆက်စကားဆိုလိုက်ကြသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်လေထုမှာ ရှုပ်ရှပ်ခတ်နေပြီး နွေးထွေးနေပေသည်။
ဇူယွမ်က ပတ်ပတ်လည်သို့ ကြည့်လိုက်လျှင် ချောင်းရှိုး၊ ကျောင်းခွန်၊ စုန့်ဝမ်ရှီတို့ လူစုသည် အသီးသီး ခွဲခွာသွားကြပြီဖြစ်သည်။ သို့သော်လည်း သူနောက်တွင်သော အလွန်ရင်းနှီးသည့် ပုံရိပ်တစ်ခု ကျန်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုသူမှာ ဖက်တီးလေး ရှန့်ဝမ်ကျင်ပင် ဖြစ်သည်။
အခြားသော တောင်ထွတ်ခုနှစ်ခုသို့ ဝင်ရောက်သွားသော တပည့်များနှင့် နှိုင်းယှဉ်ပါက သူတော်စင်တောင်ထွတ်သို့ ဝင်ရောက်သော တပည့်အရေအတွက်မှာ အလွန့်ကို နည်းပါးလှပြီး ရာဂဏန်းမျှသာ ရှိပေသည်။ သူတို့အားလုံးက ကလန်ခေါင်းဆောင် ချင်းယန်က မူလသူတော်စင်တောင်ထွတ်အတွက် စဉ်းစားပေးပြီး ခွဲဝေပေးရန်အတွက် အတင်းအကြပ် ရွေးချယ်ခံလိုက်ရသည့် တပည့်အချို့ဖြစ်သည်။ ထိုသို့မဟုတ်ပါက အနည်းငယ်သော တပည့်များပင်လျှင် မူလသူတော်စင်တောင်ထွတ်ကို ရွေးချယ်လိမ့်မည် မဟုတ်ပေ။
ရှန့်ဝမ်ကျင်မှာလည်း ထိုသို့ အတင်းအကြပ် ခွဲဝေပေးရန် ရွေးချယ်ခံရသော တပည့်များထဲမှ တစ်ယောက်ဖြစ်သည်။
သို့သော်လည်း အခြားသော ခါးသီးနေသော မျက်နှာများနှင့် တပည့်များထက်စာလျှင် ရှန့်ဝမ်ကျင်၏ မျက်နှာမျာ အမြင်ကပ်လောက်အောင် ပျော်ရွင်နေဟန်ရပြီး အနည်းငယ်မျှပင် စိတ်ပျက်နေသည့်ပုံ မပေါ်ပေ။
ဇူယွမ်အနေဖြင့် မနေနိုင်တော့ပဲ မေးမြန်းလိုက်သည် “မင်းစိတ်ပျက်မနေဘူးလား။”
ရှန့်ဝမ်ကျင်၏ ဝဖြိုးသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်သည် “ကျွန်တော်သာ အကိုလေးယွမ်နောက်လိုက်ရင် မူလသူတော်စင်တောင်ထွတ် ပြိုကျသွားရင်တောင်မှ အကိုလေး အသက်ရှင် ကျန်နေမယ်လို့ ကျွန်တော်ခံစားမိတယ်။ ဒါကြောင့် အကိုလေးဘယ်သွားသွား ကျွန်တော်က ပျော်ပျော်ရွင်ရွင်နဲ့ လိုက်မှာပဲ။”
သူက ယောင်ယောင်ကို လှမ်းကြည့်လိုက်ပြီး “ဒါ့အပြင် သခင်မကြီး ယောင်ယောင်ကော ဒီမှာရှိတာပဲမလား။”
ဇူယွမ်က မထိန်းနိုင်တော့ပဲ ရယ်မောမိလိုက်လေသည်။ သည်ကောင်ကတော့ အဆုံးထိ သူ့အား မှီခိုရန် တကယ်ကို စီစဉ်ထားတာပဲ…
သို့သော်လည်း သည်ကိစ္စနှင့် ပတ်သက်ပြီး သူက မည်သည်မှာ မပြောတော့ပေ။ သူ့အနေဖြင့် ရှန့်ဝမ်ကျင်က အတော်လေး ကောင်းမွန်သော သူတစ်ဦးဖြစ်မှန်းခံစားမိပေသည်။ ထိုကြောင့် သူတို့နှစ်ယောက် မူလ သူတော်စင်တောင်ထွတ်သို့ ရောက်သည်နှင့် တစ်ယောက်နှင့်တစ်ယောက် ကျောထောက်နောက်ခံ ပြုရပေလိမ့်မည်။
“ဟုတ်ပြီ အကိုလေးယွမ်၊ အမတော် ဂူဟွမ်ဂျီက ကျွန်တော့်ကို ဒီစာပေးခိုင်းလိုက်တယ်။” ရှန့်ဝမ်ကျင်က ရုတ်တရက် စာလိပ်တစ်လိပ်ထုတ်ကာ ပေးလာခဲ့သည်
ဇူယွမ်မှာ အံ့အားသင့်သွားခဲ့ပြီး စာလိပ်ကို လက်ခံရယူကာ ဖွင့်ကြည့်လိုက်သည်နှင့် လှပတင့်တယ်သော လက်ရေးစာလုံးများ ပေါ်လာခဲ့လေသည်။
“လုဟုန်းကို သတိထားပါ။”
“လုဟုန်း…” ဇူယွမ်မှာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ လွန်ခဲ့သော သုံးရက်က မူလသူတော်စင်တောင်ထွတ်၏ အကြီးအကဲသုံးယောက်တွင် တစ်ယောက်က လုဟုန်းဖြစ်မှန်း သူသိခဲ့ရပေသည်။
ဒါပေမယ့် အဘယ်ကြောင့် ဂူဟွမ်ဂျီက သည်ကိစ္စနှင့် ပတ်သက်ပြီး သူ့အား သတိပေးရသနည်း။
ဇူယွမ်၏ အကြည့်မှာ တောက်ပလာခဲ့ပြီး နောက်ဆုံးတွင် အဖြေအပိုင်းအစများကို စုစည်းမိသွားပေသည်။
“လု… သူကလည်း လုဖန်း နဲ့ လုရွှမ်းယင်တို့ရဲ့ လုကလန်ကလား။”
အတိတ်တုန်းက လုဖန်းက ဓားကပ်ဘေးတောင်ထွတ်တွင် လုကလန်မှ စီနီယာတစ်ယောက်က အဆင့်အတန်းမြင့်မားသော အကြီးအကဲ ဖြစ်နေသည်ဟု ပြောခဲ့ဖူးလေသည်။ ဒါပေမယ့် ဒီနေရာက မူလသူတော်စင်တောင်ထွတ်မလား။
သူကခေါင်းကို မော့လိုက်ပြီးနောက် အခြားသော ဂူဟွမ်ဂျီရှိနေသည့် တိမ်တိုက်ပေါ်ကို လှမ်းကြည့်လိုက်သည်။ မျက်တောင်တစ်ခတ်စာ အကြာတွင် သူ၏ မြင်ကွင်းအတွင်း၌ ဂူဟွမ်ဂျီ၏ မျက်ဝန်းပေါ်လာခဲ့လေသည်။
ဇူယွမ်က ကျေးဇူးတင်ဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
ထိုအချိန်မှာ တမန်တော် ခုနှစ်ယောက်က သူတို့၏ လက်မောင်းအိုးများကို ဝှေ့ယမ်းလိုက်ပြီးနောက် မူလချီတိမ်တိုက်များမှာ ရွေ့လျားသွားပြီး ကန်ရွှမ်းကလန် အတွင်းတောင်ရှိ အရပ်ခုနှစ်ခုသို့ ခွဲခွာကာ ဦးတည် ပျံသန်းသွားတော့သည်။
ဇူယွမ်တို့ လူစု၏ ရှေ့တွင် မူလသူတော်စင်တောင်ထွတ်မှ တမန်တော်ရှိနေခဲ့ပြီး သူက သဘာဝဆန်သော မျက်နှာနှင့် သတ်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။ သူက အနောက်သို့ လှည့်လာပြီး ပြုံးလျက် ပြောလိုက်သည် “ငါက မူလသူတော်စင်တောင်ထွတ်မှာ ကြိုဆိုရေး တာဝန်ကို ယူထားရတဲ့ ဘဏ္ဍာစိုး တစ်ယောက်ပါ။ ငါ့ကို ဘဏ္ဍာစိုးဖန်းကျိန်းလို့ သိကြတယ်။”
တပည့်များက သူ့အား နှုတ်ဆက်စကားဆိုလိုက်ကြသည်။
“ငါက မင်းတို့ကို မူလသူတော်စင်တောင်ထွတ်ဆီခေါ်သွားပေးမယ်” ဖန်းကျိန်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မူလချီတိမ်တိုက်မှာ မြင့်တက်လာပြီး တပည့်များကို ခေါ်ဆောင်ကာ အဝေးသို့ ပျောက်ကွယ်သွားတော့သည်။
မူလချီတိမ်တိုက်က များစွာသော ရှေးဟောင်းနေရာများစွာကို ဖြတ်သန်းလာခဲ့ပြီး တောင်များစွာမှာလဲ သူတို့၏ အနောက်တွင် ကျန်နေခဲ့ပြီ ဖြစ်သည်။ အလင်းတန်းများ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားသည်ကိုလည်း မြင်တွေ့ခဲ့ရပြီး သူတို့ထဲမှ အများစုမှာ လူငယ်များ ဖြစ်ကြပေသည်။ သို့သော်လည်း လူတိုင်းတွင် စွမ်းအားပြည့်ဝသော မူလချီများ ပိုင်ဆိုင်ထားကြပြီး သူတို့၏ ခါးတွင် အနက်ရောင်နှင့် ရွှေရောင် ခါးစည်းများ စည်းနှောင်ထားကြပေသည်…
အပြင်ဖက်တောင်နှင့် နှိုင်းယှဉ်ပါက အတွင်းတောင်မှာ ကန်ရွှမ်းကလန်၏ စစ်မှန်သော အခြေခံအုတ်မြစ် ဖြစ်သည်။
အမွှေးတိုင် တစ်ဝက်စာမျှ ကုန်ချိန်လောက်တွင် ဖန်းကျိန်းက သူတို့၏ အမြန်နှုန်းကို ဖြေးဖြေးချင်းလျော့ချ လိုက်သည်။ ဇူယွမ်တို့လူစုက ခေါင်းလှည့်ကြည့်လိုက်လျှင် ကောင်းကင်ယံသို့ပင် ထိုးဖောက်နေသော မဆုံးနိုင်သည့် တောင်တန်းကြီးကို မြင်တွေ့လိုက်၇ပေသည်။ သည်တောင်များပေါ်တွင် များစွာသော အဆောက်အဦးများ ခမ်းနားကြီးကျယ်ပြီး အံ့ဖွယ်ကောင်းသော အဆောက်အဦးများဖြင့် တန်ဆာဆင်ထားပေသည်။
တောင်များ အကြားတွင် လျှို့ဝှက်ဆန်းကျယ်သော အရှိန်အဝါများ ပြန့်လွင့်လျက်ရှိပြီး လူတိုင်းအား နှလုံးခုန် မြန်စေခဲ့ပေသည်။
“ဒါက မူလသူတော်စင်တောင်ထွတ်ပဲ။”
ဖန်းကျိန်း၏ စကားများကို ကြားရချိန်တွင် တပည့်များက မြူခိုးများနှင့် ဖုန်းအုပ်နေသော တောင်များဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ထိုတောင်များအား မြူခိုးများနှင့် ယှက်သိုင်းနေသည့် အစစ်အမှန် နဂါးကြီး တစ်ကောင်အလား မသဲမကွဲ မြင်လိုက်ကြရသည်။
သို့သော်လည်း ထိုနေရာမှ ဖြာထွက်နေသည့် ဆန်းကြယ်သော ဖိအားတစ်မျိုးကိုတော့ လူတိုင်း ရှင်းလင်းစွာ ခံစားမိပေသည်။
“မူလသူတော်စင်တောင်ထွတ်က မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းသေပြီးကတည်းက အဓိကတောင်ထွတ်က ချိတ်ပိတ်သွားခဲ့တယ်။ ဒါပေမယ့် ကလန်စည်းမျဉ်းအရတော့ မင်းတို့အားလုံး အဓိကတောင်ထွတ်ပေါ်ခြေချတာနဲ့ အရိုအသေ ပြုရမယ်။” ဖန်းကျိန်းက ရယ်မောလိုက်ပြီးနောက် တိမ်များကြားထဲမှ ပိုမိုခမ်းနားထည်ဝါစွာ တည်ရှိနေသော တောင်ထွတ်တစ်ခုကို ညွှန်ပြလိုက်သည်။ ထိုတောင်ထွတ်မှ မြင့်မားလှသည့် အတွက် သူတို့ရောက်ရှိနေသော နေရာမှ တောင်ထွတ်အပေါ်ကိုပင် မမြင်နိုင်အောင် ဖြစ်ရပေသည်။
တစ်ခုသော တောင်ခြေ၏ ရှေးဟောင်းခန်းမတစ်ခုရှေ့သို့ ရောက်သောအခါ ဖန်းကျိန်း၏ အမှုအယာက တည်ကြည် လေးနက်သွားခဲ့သည်။
ဖန်းကျိန်း၏ လေးနက်သွားသော အမှုအယာကြောင့် တပည့်များမှာ မည်သည့် ဆူညံမှုမှ မလုပ်ဝံ့သောပဲ ပတ်ဝန်းကျင်လေထုမှာ တိတ်ဆိတ်သွားတော့သည်။
ရှေးဟောင်းခန်းမကြီး၏ ကျောက်တုံးစင်မြင့်တစ်ခုပေါ်တွင် တပည့်များအားလုံးက ရိုးရှင်းသော ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးကုန်း အဖိုးကြီးတစ်ဦးမှလွှဲ၍ မည်သူမှကို မတွေ့ရှိခဲ့ပေ။
သူတို့အားလုံး၏ အကြည့်များက ထိုအဖိုးကြီးဆီသို့ ရောက်သွားချိန်တွင် အဖိုးအိုထံမှ မည်သည့်ချီစွမ်းအင် လှိုင်းများ ဖြာထွက်မှုကို အာရုံမခံမိသောကြောင့် သူတို့အားလုံးက ထိုသူအား ထပ်မံ၍ ဂရုစိုက်မနေကြတော့ပေ။
သို့သော်လည်း ဖန်းကျိန်းက ထိုအဖိုးကြီးကို မြင်သောအခါ၌ လေးနက်စွာ အရိုအသေပြုလိုက်လေသည်။
အဖိုးကြီးက ဆွံအ နားမကြားသူ တစ်ယောက်အလား မည်သည့် တုန့်ပြန်ချက်မှ မပေးပေ။
ဖန်းကျိန်းက တပည့်များဖက်သို့ လှည့်ကာ အသံကို နိုမ့်ပြီး ပြောလိုက်သည် “သည်စီနီယာကြီးက မျိုးနွယ်စုခေါင်းဆောင်ရဲ့ နောက်ကို အချိန်ကြာမြင့်စွာ လိုက်ခဲ့တဲ့ အစေခံတစ်ယောက်ပဲ။ ဒါပေမယ့် သူမှာ ပါရမီမပါလာတဲ့အတွက် သူရဲ့ချီကျင့်ကြံမှုက အခြေခံအဆင့်မှာပဲ ရပ်တန့်နေခဲ့တယ်။ ”
“သူ့ရဲ့ သစ္စာရှိမှုကြောင့် မျိုးနွယ်စုခေါင်းဆောင်က သူအတွက် အသက်ရှည်ဆေး အမြောက်အများကို စုဆောင်းပေးခဲ့ပြီး သူ့ရဲ့သက်တမ်းကို ရှည်စေခဲ့တယ်။ ပြောကြတာကတော့ သူကလည်း မိုးကြိုးအကျဉ်းတောင်ထွတ်ရဲ့ ဆရာသခင် နဲ့ စီနီယာကျတဲ့နေရာမှာ အတူတူပဲတဲ့ ”
“သူမှာ အကျင့်စာရိတ္တ တော်တော်လေး ကောင်းမွန်တာက လွဲရင် စွမ်းအားနဲ့ လွှမ်းမိုးနိုင်မှုတွေ မရှိခဲ့ဘူး။ မျိုးနွယ်စုခေါင်းဆောင် သေဆုံးပြီးတာနဲ့ သူက မူလသူတော်စင်တောင်ထွတ်မှာ အစောင့်အဖြစ် လာနေခဲ့တာပဲ။”
ဖန်းကျိန်း၏ မျက်နှာထားက တင်းမာသွားပြီး ပြောလိုက်သည် “အဘိုးအို ရွှမ်းကို မြန်မြန် နှုတ်ဆက်လိုက်ကြ။”
တပည့်များက တုံ့ဆိုင်းမနေဝံ့တော့ပဲ အဖိုးကြီးအား လျှင်မြန်စွာ အရိုအသေပြုလိုက်ကြသည်။
ဇူယွမ်က အဘိုးအိုကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ အတိတ်တွင် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း ထိုအဘိုးအိုနှင့် ပတ်သတ်ပြီး မည်သည့်စကားမှ မပြောခဲ့ပေ။ ကြည့်ရသည်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက သူနှင့် ပတ်သက်ပြီး စိတ်ထဲတွင် ရှိပုံမရပေ။
ဇူယွမ်၏ အကြည့်က တောင်ခြေကို ကျော်လွန်သွားကာ တောင်တစ်လျှောက် ကြည့်ရင်းနှင့် မူခိုးများဖြင့် ပိတ်ဖုံးနေသည့် အဓိက တောင်ထွတ်ဆီသို့ ရောက်ရှိသွားတော့သည်။
ထိုအချိန်မှာပဲ သူ၏ မျက်ဝန်းအိမ် အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသော သူတော်စင်မှော်စာလုံးက ရုတ်တရက် တုန်ခါလာသည်ကို ခံစားမိလိုက်သည်။
ထိုအရာက သေးငယ်သော တုန်ခါမှုလေးသာ ဖြစ်သော်လည်း ဇူယွမ်၏ နှလုံးသားကို ပြင်းထန်စွာ တုန်ခါစေပေသည်။ ထိုခံစားချက်က သူ၏ နှလုံးသားမှာ လှိုင်းထန်နေသည့် ပင်လယ်ပြင်အလားပင်…
သို့သော်လည်း သူ၏ အမှုအယာမှာ တည်ငြိမ်နေခဲ့ပြီး တင်းကြပ်စွာ ဆုပ်ထားသော လက်သီးများကသာလျှင် သူ၏ စိတ်ခံစားချက်ကို ဖော်ပြနေပေသည်။
သည်တစ်ကြိမ်က အနက်ဖော်သူတော်စင်စာလုံးထံမှ တုန့်ပြန်မှု တစ်ခုကို သူပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်သည်။ ကြည့်၇သည်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းပြောခဲ့သည့်အတိုင်း အတိအကျပင် ဒုတိယမြောက် သူတော်စင်မှော်စာလုံးက အဓိကတောင်ထွတ်တွင် ရှိနေပေသည်။
သို့သော်လည်း အဓိကတောင်ထွတ်က လက်ရှိအခြအနေတွင် ချိတ်ပိတ်ထားပြီး ထိုအတွင်းသို့ သူမည်သို့ ဝင်ရောက် ရမည်နည်း။
အပိုင်း(၂၈၃) ချိတ်ပိတ်ထားသော အဓိက တောင်ထွတ်
ဇူယွမ်၏ အကြည့်က ထူးဆန်းသော မြူများ လွှမ်းခြုံနေသည့် တောင်ထွတ်ဆီမှ ဖယ်ခွာလိုက်ပြီးနောက် လေးလံစွာ သက်ပြင်းချလိုက်သည်။
ထိုနေတွင် ရှိသော ဒုတိယမှော်စာလုံးကို အရယူရန် သူလာခဲ့သော်လည်း အခုချိန်တွင် ထိုနေရာသို့ မည်သို့ ဝင်ရမလဲဆိုသည်က ပြသာနာဖြစ်နေချေပြီ…
သူ့အနေဖြင့်လဲ ဒုတိယမြောက် သူတော်စင် မှော်စာလုံး၏ သတင်းအချက်အလက်များကို ထုတ်ဖော်၍ မရပေ။ ထိုသို့လုပ်ဆောင်ခဲ့ပါက ကန်ရွှမ်းကလန်၏ အတွင်းရေးနှင့် ပတ်သတ်ပြီး သူမသိရှိသောကြောင့် သူ့အတွက် ဒုက္ခများနိုင်ပေသည်။
ထို့အပြင် သူတော်စင်မှော်စာလုံးများသည် ကန်ရွှမ်းသူတော်စင် တံဆိပ်တော်နှင့်လည်း ဆက်စပ်မှုရှိနေပေသေးသည်။ ထိုအရာက ဘယ်သူ့ကို မဆို ကန်ရွှမ်းကောင်းကင်ဒေသ၏ သခင် ဖြစ်သွားစေနိုင်မည့် အခွင့်အရေးပင် ဖြစ်သည်။ ထိုအရာ၏ သွေးဆောင်မှုသည် အလွန်ကြီးမားသောကြောင့် ဇူယွမ်အနေဖြင့် ထိုအရာကို ကာကွယ်ရန်အတွက် အားနည်းနေပေသေးသည်။
ဇူယွမ်က ခဏမျှ တွေးဆနေခဲ့ပြီးနောက် သူက ရုတ်တရက် ဖန်းကျိန်းထံသို့ လှမ်းကြည့်ကာ မေးလိုက်သည် “ဆရာဦးလေဖန်း၊ ဘယ်အချိန်မှာ ကျွန်တော်တို့ သူတော်စင် တောင်ထွတ်ရဲ့ အဓိကတောင်ထွတ်က ချိတ်ပိတ်ထားတာ ပြေမှာလဲ။”
ဖန်းကျိန်းက နူးညံ့ပျော့ပြောင်းကာ သည်းခံတတ်သော သူတစ်ယောက်ဖြစ်ကာ သူက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည် “အမှန်တိုင်းပြောရမယ်ဆိုရင် တောင်ထွတ်ရဲ့ ချိတ်ပိတ်ထားတာကို ဖျက်ပစ်ဖို့က မခက်ခဲပါဘူး။ သူတော်စင်တောင်ထွတ်ရဲ့ တောင်ထွတ်ဆရာသခင် တံဆိပ်တော်က ချိတ်ပိတ်ထားတာကို ပယ်ဖျက်နိုင်တယ်။”
“ဒါပေမယ့် အခုလက်ရှိပြသာနာက ငါတို့မှာ တောင်ထွတ်ဆရာသခင် မရှိတာပဲ။ ပြီးတော့… တောင်ထွတ်ကို ချိတ်ပိတ်ပြီး ထွက်သွားတာက မျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင်ချိတ်ပိတ်ခဲ့တာ သူကိုယ်တိုင် ချိတ်ပိတ်တာကို လာဖြေရင်ဖြေ မဟုတ်ရင် သူ့ထက်သန်မာတဲ့သူတစ်ယောက်ဆိုရင်တောင် ချိတ်ပိတ်အစီအရင်ရဲ့ တိုက်ခိုက်တာကို ခံရလိမ့်မယ်။ ”
“ကလန်ခေါင်းဆောင် ချင်းယန်တောင်မှ လွယ်လွယ်နဲ့ အထဲကို မဝင်ရဲဘူး။ ”
ထိုစကားကို ကြားသည်နှင့် ဇူယွမ်မှာ ခေါင်းကိုက်သွားတော့သည်။
“ပြီးတော့ ကျွန်တော်တို့ရဲ့ သူတော်စင်တောင်ထွတ်က နောက်ထပ် တောင်ထွတ်ဆရာသခင်တစ်ယောက် ထပ်မထားဘူးလား။” ဇူယွမ်က နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ သူတို့အနေဖြင့် တောင်ထွတ်ဆရာသခင် တံဆိပ်တော် မကိုင်နိုင်လျှင်ပင် အနည်းဆုံးတော့ တောင်ထွတ်ဆရာသခင်တစ်ယောက်တော့ ရွေးချယ်ထားသင့်သည် မဟုတ်ပါလား။
ယခုအချိန်တွင် မူလသူတော်စင်တောင်ထွတ်မှာ ခေါင်းဆောင်တစ်ယောက်ပင် ရှိမနေပေ။
ဖန်းကျိန်းက ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။ “ကန်ရွှမ်းကလန်ရဲ့ စည်းမျဉ်းတွေအရ တောင်ထွတ်ဆရာသခင်ရဲ့ တံဆိပ်တော်ဆိုတာ တောင်ထွတ်ဆရာသခင်တွေရဲ့ အမှတ်အသား သင်္ကေတပဲ။ အဲ့တာသာ မရှိရင် တရားဝင် အသိအမှတ်ပြုမှု ရမှာ မဟုတ်ဘူး။ ဒါ့အပြင် တောင်ထွတ်ခုနှစ်ခုရဲ့ တံဆိပ်တော်တွေက မျိုးနွယ်စုခေါင်းဆောင် ကိုယ်တိုင် ပြုလုပ်ပေးထားတဲ့ အရာတွေပဲ။ ပြီးတော့ အကန့်အသတ်မဲ့တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်တဲ့ အလွန်စွမ်းအားရှိတဲ့ ရတနာတွေလဲ ဖြစ်တယ်။ အဲ့တာတွေကို ကန်ရွှမ်းကလန်ရဲ့ အမြင့်မြတ်ဆုံး ရတနာတွေလို့ ခေါ်လို့ရတယ်။ ”
“ဒါကြောင့် ငါတို့က တောင်ထွတ်ဆရာသခင်တစ်ယောက် ခန့်အပ်ချင်ရင် မူလသူတော်စင်တောင်ထွတ်ရဲ့ ဆရာသခင် တံဆိပ်တော်ရှိဖို့ လိုအပ်တယ်။”
ယခုချိန်တွင် ဇူယွမ်မှာ စကားမပြောနိုင်ဖြစ်သွားရုံမျှမက အခြားသောတပည့်များကလည်း ခါးသက်သက်သာ ပြုံးလိုက်ကြတော့သည်။
တောင်ထွတ်ဆရာသခင်တစ်ယောက် ရွေးချယ်ရန် တောင်ထွတ်ဆရာသခင် တံဆိပ်တော်လိုအပ်သည်။ သို့သော်လည်း တံဆိပ်တော်ကို အဓိကတောင်ထွတ်တွင် ချိတ်ပိတ်ထားသောကြောင့် မည်သူတွင်မှ အခွင့်အလမ်းမရှိပေ။ ထိုအရာက ဖြေရှင်းရန် မဖြစ်နိုင်သည့် ကွင်းဆက် ပြသာနာကြီး မဟုတ်ပါလော။
“ကလန်ခေါင်းဆောင်တို့ကကော အဲ့အတွက် ဖြေရှင်းဖို့ နည်းလမ်း မတွေ့ခဲ့ကြဘူးလား။” ဇူယွမ်က မူလသူတော်စင်တေင်ထွတ်အကြောင်း အလွန်စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။
ဇူယွမ်က သူတော်စင်တောင်ထွတ်အတွက် စိတ်ပူနေသည်ဟန်ကို မြင်ရသောအခါ ဖန်းကျိန်းက သဘောကျသွားပြီး ပြုံးကာ ပြောလိုက်သည် “သူတို့ နည်းလမ်းတစ်ခု စဉ်းစားမိခဲ့တယ်။ အဓိကတောင်ထွတ်မှာ ချိတ်ပိတ်ထားတဲ့ တံဆိပ်တော်က စွမ်းအားပိုကြီးတဲ့သူတစ်ယောက်ကို ပိုကြီးတဲ့ စွမ်းအားနဲ့ တုန့်ပြန်တယ်။ ဒါကြောင့် ကလန်ခေါင်ဆောင်နဲ့ အခြားခေါင်းဆောင်တွေ ပူးပေါင်းရင်တောင် မအောင်မြင်နိုင်ဘူး။ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်ပြီးတဲ့အခါမှာ ကလန်ခေါင်းဆောင်တို့က တပည့်တွေမှာ အခွင့်အရေးတစ်ခုရှိတာကို တွေ့ခဲ့တယ်။”
“ဒါကြောင့် ကလန်ခေါင်းဆောင်တို့ကမူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်တွေကို သည်အရေးကြီးတဲ့ တာဝန်ကို ယူခိုင်းလိုက်ကြတယ်။ ”
ထိုအချက်ရောက်မှာ ဖန်းကျိန်းက ခါးသက်သက် ပြုံးကာ ခေါင်းခါယမ်းလိုက်သည် “ဒါပေမယ့် ဒီလောက်နှစ်တွေအများကြီး ကြာတာတောင် တစ်ယောက်မှ မအောင်မြင်သေးဘူး။”
“ဘာလို့လဲ။” တပည့်တစ်ယောက်က မနေနိုင်ပဲ မေးလိုက်သည်။
ဖန်းကျိန်း၏ မျက်နှာမှာ အောင့်သက်သက် ဖြစ်သွားပြီး ရှက်ရွံနေဟန်ဖြင့် ပြောလိုက်သည် “ငါတို့ရဲ့ သူတော်စင်တောင်ထွတ်နဲ့ အခြားတောင်ထွတ်ကြားမှာ ကွားခြားချက် အချို့ရှိတယ်။ အခြားတောင်ထွတ်ခြောက်ခုရဲ့ တပည့် ခေါင်းဆောင်တွေကတော့ ကြီးမြတ်သော အရွေးချယ်ခံ တပည့်ဆယ်ယောက်စာရင်းမှာ ပါဝင်ခဲ့ကြပြီး ငါတို့ မူလသူတော်စင်တောင်ထွတ်က တပည့်တွေကတော့ မြင့်မားတဲ့ အဆင့်တွေကို မရတာ နှစ်အတော်ကြာပြီ။”
ချက်ချင်းပင် တပည့်များ၏ အမှုအယာမှာ ပျက်ယွင်းသွားတော့သည်။ အချိန်ကြာမြင့်စွာ သူများ၏ အနောက်သို့ ရောက်ရှိခဲ့ပြီးနောက်တွင် သူတို့၏ မူလသူတော်စင်တောင်ထွတ်မှ အထွတ်အထိပ်တပည့်များသည် တောင်ထွတ်ဆရာသခင်၏ တံဆိပ်တော်ကို အဓိကတောင်ထွတ်မှ သွားယူရမည့် တာဝန်ကို ထမ်းဆောင်ရန် လုံလောက်သော သန်မာမှု မရှိကြပေ။
တပည့်များအားလုံး၏ စိတ်ထဲတွင် ရှုံးနိုမ့်မှုကို ခံစားလိုက်ရသည်။ မူလသူတော်စင်တောင်ထွတ်က တော်တော်လေး သနားစရာကောင်းလွန်းပေသည်။ သည်နေရာက သူတို့အတွက် အိမ်ကောင်းတစ်လုံး မဖြစ်နိုင်တော့ပေ။
ထိုသို့ စိတ်ပျက်လက်ပျက်ဖြစ်သွားသော အခြေအနေကို မြင်တွေ့လိုက်ရသည်နှင့် ဖန်းကျိန်းက အလျှင်အမြန်ပြောလိုက်သည် “ဒါပေမယ့် မင်းတိုတွေ စိတ်ပူစရာမလိုတော့ပါဘူး။ ဒီပြသာနာက မကြာခင် ဖြေရှင်းပြီးတော့မယ်။”
တပည့်များက နားမလည်သည့်ဟန်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
ဖန်းကျိန်းက ရှင်းပြလိုက်သည် “မူလသူတော်စင်တောင်ထွတ်က အထွတ်အထိပ်တပည့်တွေ နှစ်ပေါင်းများစွာ မအောင်မြင်ပဲ ဖြစ်နေတာကို ကလန်ခေါင်းဆောင် ချင်းယန်တို့က သတိပြုမိသွားခဲ့တယ်။ ဒါကြောင့် နောက်ထပ် ဆွေးနွေးမှု တစ်ခုမှ တောင်ထွတ်ဆရာသခင် လင်ကျွမ်းက သူရဲ့ ဓားကပ်ဘေးတောင်ထွတ်က အကြီးအကဲ လုဟုန်းနဲ့ သူ့ရဲ့တပည့်တွေကို ငါတုိ့ရဲ့ မူလသူတော်စင်တောင်ထွတ်ကို ဝင်ရောက်ဖို့ အကြံပြုခဲ့တယ်။ အကြီးအကဲ လုဟုန်းရဲ့ လက်အောက်မှာ ပါရမီရှိတဲ့ တပည့်တွေ အများအပြားရှိတယ်။ သူ့ရဲ့ပထမတပည့် ယွမ်ဟုန်းကသူတို့အဖွဲ့ထဲမှာတောင်မှာ လွှမ်းမိုးနိုင်မှု အရှိဆုံးပဲ။ လူတော်တွေနဲ့ ပြည့်နှက်နေတဲ့ ဓားကပ်ဘေးတောင်ထွတ်မှာတောင် သူ့ရဲ့အဆင့်က တတိယလောက်ရှိတယ်။ ”
“ယွမ်ဟုန်းက အရွေးချယ်ခံ ဆယ်ယောက်မှာ မပါဝင်ခဲ့ပေမယ့်လည်း သူ့က နောက်ထပ်တစ်ကြိမ်ကျရင် ပါဝင်လာနိုင်တဲ့ လူတစ်ယောက်ပဲ။”
“ဒီလိုနဲ့ တစ်နှစ်အတွင်းမှာ ယွမ်ဟုန်းက မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင် ဖြစ်လာခဲ့ရင် သူ့အနေနဲ့ အဓိကတောင်ထွတ်ကို ဝင်ရောက်ပြီး တောင်ထွတ်ဆရာသခင် တံဆိပ်တော်ကို သွားယူဖို့ အခွင့်အရေးရလာလိမ့်မယ်။”
“သူသာ အောင်မြင်သွားရင်တော့ ငါတို့မှာ တောင်ထွတ်ဆရာသခင် ပြန်ရှိလာနိုင်တော့မယ်။”
တပည့်များက တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်လိုက်ကြပြီး သူတို့နှလုံးသားတွင် ရှုံးနိုမ့်ခြင်းကြောင့် တလိပ်လိပ်ဖြစ်ပေါ်လာသော ခံစားချက်များသည် သူတို့၏ နှုတ်ခမ်းထောင့်စွန်းများတွင် ပေါ်လာခဲ့သည်။ မူလသူတော်စင်တောင်ထွန်မှာ တပည့်များသည် သူတို့ပြသာနာကို သူတို့ကိုယ်တိုင် ဖြေရှင်းနိုင်စွမ်း မရှိသည့်အတွက်ကြောင့် အခြားသော တောင်ထွတ်မှ တပည့်များက သူတို့တောင်ထွတ်မှ အထွတ်အထိပ်တပည့်များ၏ နေရာကို ယူရသည်တဲ့လား…
ထိုအရာက အနည်းငယ် ရှက်ဖို့ကောင်းပေသည်။
သို့သော်လည်း သူတို့အားလုံးက ထိုအရာမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များ ကောင်းမွန်ခြင်း မရှိသည့်အတွက်ကြောင့် ဖြစ်မှန်းသိကြပေသည်။ သည်ကဲ့သို့ အရေးကြီးတာဝန်ကို သူတို့၏ ပခုံးပေါ်တွင် ထမ်းထားရပါက အမြဲတမ်း ကျရှုံးနေမည်သာ ဖြစ်သည်။
ထိုအချိန်တွင် တပည့်များတွေးမိသည်က အကြီးအကဲ လုဟုန်းသည် တော်တော်လေး စွမ်းရှည်ရှိပြီး ထိုအကြီးအကဲနှင့် ပူးပေါင်းပါက သူတို့၏ ဘဝများ ပိုမိုကောင်းမွန်သွားမည်ဟူသော အချက်ကိုပင် ဖြစ်သည်။
တပည့်များ၏ စိတ်ထဲတွင် အတွေးများ ပွားနေချိန်၌ ဇူယွမ်နှင့် ယောင်ယောင်တို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ လုဟုန်းဆိုတာ လုရွှမ်းယင်ရဲ့ အကြီးအကဲမလား…
ဇူယွမ်၏ မျက်လုံးအစုံမှာ အတွေးမျာကြောင့် လင်းလက်နေသည်။ လုဟုန်းလက်အောက်မှ တပည့်များသာ တောင်ထွတ်ဆရာသခင် တံဆိပ်တော်ကို ရယူနိုင်ခဲ့ပါက လုဟုန်းက ထိုအချက်ကို အသုံးချ၍ သူ့ကိုယ်သူ တောင်ထွတ် ဆရာသခင် ဖြစ်လာစေရန် ပြုလုပ်မည်လော…
သူသည် လုဟုန်းနှင့် မတွေ့ဆုံဖူးသေးသော်လည်း လုဟုန်း တောင်ထွတ်ဆရာသခင် ဖြစ်လာသည်က သူ့အတွက် ကောင်းမွန်သော ကိစ္စ မဟုတ်မှန်း ခံစားမိပေသည်။
ပိုပြီး အရေးကြီးသည်က ဇူယွမ်အနေဖြင့် နောက်တက်လာမည့် တောင်ထွတ်ဆရာသခင်က ဒုတိယမြောက် သူတော်စင်မှော်စာလုံးကို ရှာတွေ့သွားမလား ဆိုသည်ကိုပင်။
ကန်ရွှမ်းကလန်တွင် ဖုံးကွယ်နေသော အန္တရာယ်များကို အတည်မပြုသေးရမှီ ဒုတိယမြောက်သူတော်စင် မှော်စာလုံးကို အခြားသူများ ရှာမတွေ့သွားသည်က အကောင်းဆုံးဖြစ်မည်ဟု ဇူယွမ်ခံစားမိပေသည်။ မဟုတ်လျှင် အဆိုးဆုံး ကိစ္စမှာ သူ့အနေဖြင့် ဒုတိယသူတော်စင်မှော်စာလုံးကို မရရှိနိုင်တော့ပဲ အခြားတစ်ယောက်က သူတွင်လည်း သူတော်စင်မှော်စာလုံးတစ်ခု ရှိနေသည်ကိုပင် သိရှိသွားနိုင်လိမ့်မည်။ ထိုသို့ဖြစ်သွားပါက သူ့အတွက် ကောင်းသည်များဖြစ်မလား ဆိုးရွားမှုများ ဖြစ်ပျက်မလားကို မည်သူမှ မသိနိုင်ပေ။
“ဘယ်လောက်တောင် ပြသာနာများလိုက်လဲ။”
ဇူယွမ်က ကူကယ်ရာမဲ့စွာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သို့သော်လည်း ယခုချိန်တွင် သူ့အနေဖြင့် မည်သည်မှ မလုပ်နိုင်သေးသဖြင့် တစ်လှမ်းချင်းဆီသာ သွားရမည် ဖြစ်သည်။ တကယ်တော့ တပည့်ခေါင်းဆောင် ရွေးချယ်ရန် တစ်နှစ်မျှလိုပေသေးသည်။
ဖန်းကျိန်းက လက်ခုပ်တီးကာ ပြောလိုက်သည် “ကောင်းပြီ။ အားလုံး အဓိကတောင်ထွတ်ကို ဂါဝရပြုပြီးပြီ ဆိုတော့ ငါတို့ဆက်သွားရအောင်။ ငါမင်းတို့ကို အကြီးအကဲသုံးယောက်နဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်။ အဲ့နေရာမှာ မင်းတို့နောက်လိုက်လုပ်ချင်တဲ့ အကြီးအကဲကို ရွေးချယ်ပြီးရင်တော့ မင်းတို့အားလုံး မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်တွေဖြစ်ပြီ။”
စကားပြောပြီးသည်နှင့် သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ပြီး မူလချီတိမ်တိုက်မှာ အပေါ်သို့ တက်လာကာ လူတိုင်းကို ခေါ်ဆောင်ပြီး လေထဲသို့ ထပ်ပြီး ပျံတက်သွားခဲ့သည်။
မူလချီတိမ်တိုက်က ကောင်းကင်ထဲသို့ မြင့်တက်သွားသည်နှင့် ခါးကုန်းအကြီးအကဲက ခဏမျှ တုန့်ဆိုင်းသွားပြီးမှ သူ၏ အိုမင်းနေသော မျက်နှာက အပေါ်သို့ မော့လာကာ ပျောက်ကွယ်သွားသော တပည့်များကို ကြည့်လိုက်ပြီး သူ၏ နက်မှောင်နေသော မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန်များ တစ်စွန်းတစပေါ်လာခဲ့ပြီး
“ငါဘာလို့ အရမ်းရင်းနှီးတဲ့ ခံစားချက်တစ်ခုကို ခံစားမိတာပါလိမ့်…”
အာခေါင်အတွင်းမှာ လာသော အသံဖြင့် ရေရွတ်လိုက်လေသည်။