ဆရာသခင် … ကျွန်မ ရှင့်ကို လွမ်းတယ်
Vol. 56 Ch. 778
ထန်ရှု၏စကားကြောင့် ကျွန်းအတွက်အစီအရင်ကို အောင်မြင်စွာ စီစဉ်ပြီးသွားပြီဖြစ်ကြောင်း ရန်ချူးရှုံး ချက်ချင်း သဘောပေါက်သွားခဲ့သည်။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှု ပြည့်နေပြီး စစ်သားများကို အမြန်ပြန်ဆုတ်ရန် အမိန့်ထုတ်လိုက်သည်။
“သူတို့အားလုံး ငါးကီလိုမီတာအထိ ဆုတ်ပြီးသွားပြီ မစ္စတာထန်။”
ထန်ရှု၏နှုတ်ခမ်းထောင့်သည် ကော့တက်သွားပြီး သူ၏ခြေလှမ်းများသည် အရှေ့တွင် မမြင်နိုင်သော လှေကားတစ်ခုရှိသကဲ့သို့ ကမ်းရိုးတန်းအတိုင်း မီတာဒါဇင်ပေါင်းများစွာ အရှေ့သို့ တက်လှမ်းကာ လေထဲသို့ နင်းတက်သွားလိုက်သည်။
"ကောင်းကင်ဘုံကြီး … ငါ အခု ဘာ … ဘာကို မြင်နေရတာလဲ။"
ရန်ချူးရှုံး၏နှလုံးခုန်သံများ လျင်မြန်စွာ တုန်ခါလာပြီး မျက်လုံးများပင် ပြူးကျယ်သွားရသည်။ သူကိုယ်တိုင် မျက်စိနှင့် မမြင်လိုက်ရပါက တစ်စုံတစ်ယောက်သည် လေထဲတွင် လျှောက်သွားနိုင်လိမ့်မည်ဟု မည်သည့်အခါမှ ယုံမည်မဟုတ်ပေ။
ဒါ ... သူက လူသားတစ်ယောက်ရော ဟုတ်သေးရဲ့လား။
ရန်ချူးရှုံးတစ်ယောက် တစ်ချိန်က သူ အထင်သေးခဲ့သော လူငယ်အား ကျွန်းရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် နိုင်ငံ၏ပထမခေါင်းဆောင်မှ မည်သည့်အတွက်ကြောင့် စေလွှတ်ခဲ့သည်ကို ဤအချိန်မှပင် သိရှိလာခဲ့သည်။ ဤလူငယ်သည် ရိုးရှင်းစွာပင် နတ်ဘုရားကဲ့သို့ပင် ဖြစ်ပေတော့သည်။
ထန်ရှုသည် အံ့သြတုန်လှုပ်နေသော ရန်ချူးရှုံးကို သတိမထားမိသည့်အပြင် ထိုလူကို ဂရုစိုက်ရန် အချိန်လည်း မရှိခဲ့ပေ။ ဘေးပတ်လည်ကို တစ်ချက် ကြည့်လိုက်ပြီး သူ့လက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ တခဏတွင်းမှာပင် သူ့ခန္ဓာကိုယ်ထဲက ဖိနှိပ်နိုင်စွမ်း ရှိသော အော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ နိုင်ငံ၏ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သော်ငြားလည်း ထန်ရှု၏ အရှိန်အဝါကြောင့် ရန်ချူးရှုံး ရုတ်တရက် ထိတ်လန့်သွားသည်။ ထိုအချိန်တွင် ထန်ရှုထံမှ သူ ခံစားလိုက်ရသော ခံစားချက်သည် သူ့အရှေ့တွင် တောင်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဖိနှိပ်လိုက်သည့်အလားပင်။
“အသက်ဝင်…”ထန်ရှု၏ပါးစပ်မှ လေးနက်သော အသံတစ်ခု ထွက်ပေါ်လာပြီး မူလဖရိုဖရဲစွမ်းအား၏ ပြင်းထန်သော စွမ်းအားများအား သူ့လက်များမှ ထုတ်လွှတ်ကာ လေထဲမှပင် အစီအရင်ထဲသို့ ထည့်သွင်းလိုက်သည်။ ရုတ်တရက်ပင် ကောင်းကင်ထက်မှ လှိုင်းထနေသော ချီအလွှာတစ်ခု ထွက်ပေါ်လာသည်။ တန်ဆာဆင်ထားသော၊ မထင်မရှား ရှေးဟောင်းသင်္ကေတများသည် လှိုင်းထနေသော လေထုထဲတွင် ပေါ်လာပြီးနောက် ဘေးနှစ်ဖက်စလုံးဆီသို့ အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ဆယ်မိနစ်အကြာတွင်…
ထန်ရှု၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ရီသွားသည်။ သူ၏မျက်နှာသည် လွန်စွာဖြူဖျော့လာပြီး ခန္ဓာကိုယ်သည် လေထဲမှ လျင်မြန်စွာ ကျဆင်းလာသည်။ မျက်စိတစ်မှိတ်အတွင်း ရန်ချူးရှုံး၏အရှေ့တွင် ပေါ်လာခဲ့သည်။ သူ့ခြေထောက်များ မြေပြင်နှင့် ထိမိချိန်တွင် ခြေလှမ်း နှစ်လှမ်းလောက် ရှေ့သို့ ယိမ်းယိုင်သွားသဖြင့် မိုအားဝူက သူ့အား အလျင်စလို လာတွဲပေးသည်။
“သူဌေး…” မိုအားဝူ၏မျက်နှာထက်တွင် စိုးရိမ်သော အကြည့်တို့ ရှိနေသည်။
ထန်ရှုက သူ၏လက်ကို မြှောက်ပြကာ ခေါင်းယမ်းလိုက်ပြီး
"ငါ အဆင်ပြေပါတယ်။ ငါ့စွမ်းအားကို အလွန်အကျွံ သုံးမိလို့ပါ။ နှစ်ရက်လောက် ကျင့်ကြံပြီးရင် အဆင်ပြေသွားလိမ့်မယ်။ ကျွန်းရဲ့ဧရိယာက ကြီးမားလွန်းတော့ အစီအရင်တစ်ခုလုံးကို အသက်သွင်းဖို့ လိုအပ်တဲ့စွမ်းအင်က အရမ်းကြီးမားတယ်။ ငါ့ရဲ့ကျင့်ကြံမှုအဆင့်က မလုံလောက်သေးဘူးထင်တယ်။”
"ရိုးရိုးသားသား ပြောရရင် မင်းရဲ့ကျင့်ကြံမှုအဆင့်က လျင်မြန်စွာ တိုးတက်နေတာပါ သူဌေး။" မိုအားဝူက ချီးကျူးစကားဆိုသည်။ "သူဌေးက ပိုမြင့်တဲ့အဆင့်ကို မြန်မြန်ရောက်နိုင်မယ်လို့ ငါ ယုံကြည်တယ်။"
ထန်ရှု ဖျော့တော့စွာ ပြုံးလိုက်သည်။ သူက ကြက်သေသေနေသော ရန်ချူးရှုံးကို ကြည့်ကာ "တိုင်းမှူးရန် … မစ်ရှင် ပြီးသွားပါပြီ။ အစီအရင် ခင်းကျင်းပြီးလို့ အသက်ဝင်နေပြီ။ ဒီတိုင်နှစ်တိုင်ကြား အကွာအဝေးက ၂၄ မီတာ ကျယ်တယ်။ ဒီတိုင်တွေက ကျွန်းရဲ့ဝင်ပေါက်ပဲ။ ဒီဝင်ပေါက်ကို ဘယ်လို ဖွင့်ရမလဲဆိုတာ ကျွန်တော် ခင်ဗျားကို ပြောပြမယ်။ နောက်ပိုင်း ဒီနေရာကို စောင့်ကြည့်ဖို့ ခင်ဗျား တာဝန်ပေးတဲ့သူတွေကတော့ ကျွန်တော်နဲ့ မဆိုင်တော့ဘူး။ ထွက်ပေါက်ရဲ့နေရာကိုလည်း ကျွန်တော် ပြောပြမယ်။ ပြီးတော့ ကျန်တဲ့ အသေးအဖွဲကိစ္စတွေကိုတော့ ခင်ဗျား ကိုင်တွယ်ရလိမ့်မယ်။”
အစောပိုင်းက လှိုင်းထနေသော ချီစီးဆင်းမှု တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေသော ရန်ချူးရှုံးသည် အံ့အားသင့်နေပြီးနောက် အသိပြန်ဝင်လာသည်။ သူက ထန်ရှုကို ကြည့်ပြီး
"ငါ စီစဉ်လိုက်မယ် မစ္စတာထန်။"
နောက်တစ်နေ့။
ထန်ရှု၊ မိုအားဝူနှင့်အဖွဲ့သည် နောက်ဆုံးတွင် ကျွန်းမှ ထွက်ခွာလာနိုင်ကြပြီဖြစ်သည်။ သူ၏မူလဖရိုဖရဲစွမ်းအားသည် ထက်ဝက်မျှသာ ပြန်လည်ရရှိခဲ့သော်လည်း သူ ခံစားခဲ့ရသော အားနည်းသော ခံစားမှုသည် လုံးဝပျောက်ကွယ်သွားချေပြီ။ ယခု သူသည် သင်္ဘောပေါ်၌ မတ်တပ်ရပ်ကာ ကျယ်ပြောသော ပင်လယ်ကြီးကို ကြည့်နေရင်း သူ၏မျက်နှာပေါ်တွင် အနည်းငယ် ရှုပ်ထွေးနေသည့် အမူအရာ ရှိနေသည်။
မနေ့ညက ထန်စံအိမ်သိုင်းသင်တန်းကျောင်းမှ ထွက်ခွာလာစဉ် မျက်ရည်လည်ရွှဲဖြင့် သူ့ကို မပြန်စေချင်သော ထန်ဟန်ကို ပြန်သတိရမိသည်။ ဤအခိုက်အတန့်တွင် သူသည် ပြည်မကြီးသို့ ရောက်ပြီး မိသားစုခေါင်းဆောင်နှင့် တွေ့ပါက ကျွန်းရှိကိစ္စများကို သတင်းပို့ခြင်းနှင့် သူ၏စိတ်ကူးများကို အကြံပြုခြင်းကဲ့သို့သော သူ လုပ်ဆောင်ရမည့် ကိစ္စများကို တွေးတောနေသည်။ လက်ရှိ ထန်မိသားစုသည် အတိတ်က ထန်မိသားစုကဲ့သို့ မဟုတ်တော့ဘဲ သူ အသက်ရှင်နေသရွေ့ သူတို့မိသားစု လုံခြုံနေမည်ဖြစ်သည်။ ထို့အပြင် နဂါးကိုးကောင်ကျွန်းရှိ စီမံကိန်းများသည် လအနည်းငယ်အတွင်း ပြီးစီးနိုင်မည်ဖြစ်ပေရာ ထန်မိသားစုအတွက် အရေးအကြီးဆုံး လွတ်မြောက်ရေး အစီအစဉ်အဖြစ် ၎င်းတို့ အသုံးပြုနိုင်မည်ဖြစ်သည်။
"ငါတို့ ကျင်းမန်ကျွန်းကို တိုက်ရိုက်သွားနေတာလား မစ္စတာထန်။"
ထန်ရှု၏အနားသို့ ရောက်လာသော အနက်ရောင်သားရေကုတ်အင်္ကျီကို ဝတ်ထားသည့် ကျန်းလေ့သိုမိုက မေးလိုက်သည်။
ထန်ရှုက သူမ၏မျက်နှာကို ကြည့်ကာ အမူအရာကင်းမဲ့စွာဖြင့်
“ဒါပေါ့…”
"ငါ သူမကို မကြာခင် တွေ့လို့ရမလား။" သူမက အလျင်စလို မေးသည်။
ထန်ရှုက သူမ၏မေးခွန်းကို ချက်ချင်း မဖြေသေးဘဲ “ကျန်းလေ့ … လူတွေက ဘာအတွက် အသက်ရှင် နေကြတာလဲ။ မင်း ပိုပြီးသန်မာလာရင် ဘာလုပ်မလဲ။"
ကျန်းလေ့သိုမို တွေကနဲ ဖြစ်သွားပြီး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
အသက်ရှင်ရခြင်း၏အဓိပ္ပါယ်မှာ မည်သည်နည်း။ ပျော်ရွှင်စွာ နေထိုင်ရန်အတွက်လော။ သည့်ထက်ပိုပြီး ခွန်အားတွေရလာပါက သူမ မည်သည့်အရာတွေ လုပ်ရမည်နည်း။ စည်းစိမ်ဥစ္စာနဲ့ ချမ်းသာခြင်း ရှိရန် အတွက်လား။ သို့မဟုတ် ... အာဏာနဲ့အခွင့်ထူးများ ရှိရန် အတွက်လား။
သူမ အချိန်အတော်ကြာအောင် တွေးတောရင်း ခေါင်းကို ခါယမ်းကာ
“ကျွန်မ မသိဘူး။ အသက်ရှင်ချင်တယ်၊ ရှင်သန်ချင်တယ်၊ အသက်ရှည်ချင်တယ်။ ပိုကောင်းအောင် နေချင်တယ်။"
“မင်းရဲ့လက်ရှိခွန်အားနဲ့ဆို လူလက်တစ်ဆုပ်စာကပဲ မင်းရဲ့အသက်ကို တောင်းယူနိုင်တယ်။ အခုဆို မင်းက အခြေခံတည်ထောင်ခြင်းအဆင့် ရောက်နေပြီဆိုတော့ သာမာန်လူတွေထက် အများကြီး အသက် ပိုရှည်နေပြီလေ။” ပြောရင်းဖြင့် ထန်ရှုက ထပ်မေးလိုက်သည်။
“အသက်ရှည်ရှည်နေဖို့အပြင် တခြားကြိုးစားချင်တာ ရှိသေးလား။"
"နင်ကရော … နင့်မှာ ကြိုးစားချင်တဲ့ အရာတွေ ရှိလား။" ကျန်းလေ့သိုမိုက မေးသည်။
"မင်းက ငါ့ရဲ့ကြိုးစားချင်တဲ့ အရာတွေအကြောင်း သိချင်တာလား။"
ထန်ရှု၏မျက်နှာပေါ်တွင် အနည်းငယ် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာပြီး ဖြည်းညှင်းစွာ ပြန်ဖြေသည်။ "ငါ ဖြစ်ချင်တာက မင်း ဖြစ်ချင်တာထက် ပိုကြီးမားနိုင်တယ်။ ကောင်းကင်နဲ့မြေကြီးရှိနေသရွေ့ ငါ အသက်ရှင်ချင်တယ်။ လူမျိုးပေါင်းစုံရဲ့ အထက်မှာ ရပ်တည်ချင်တယ်။ ဖြစ်နိုင်ရင် ငါက တစ်နေ့မှာ နတ်ဘုရား ဖြစ်လာပြီး ဒဏ္ဍာရီထဲကလို နတ်ဘုရားနယ်မြေကို တက်သွားချင်မိတယ်။"
နတ်ဘုရားနယ်မြေမှာ နတ်ဘုရား ဖြစ်ချင်တာလား။
ဤကမ္ဘာပေါ်တွင် အင်မော်တယ်များ သို့မဟုတ် နတ်ဘုရားများ ရှိသည်ကို သူမ မည်သည့်အခါကမှ မယုံကြည်သောကြောင့် သူမ၏မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုမှုများရှိနေသည်။ အင်မော်တယ်များနှင့် နတ်ဘုရားများသာ အမှန်တကယ် တည်ရှိနေပါက ကမ္ဘာမြေသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ထန်ရှုသည် စိတ်ကူးယဉ်ကမ္ဘာတွင် နစ်မြောနေပြီး ထင်ယောင်ထင်မှား ဖြစ်အောင် နေထိုင်နေသည်ဟု သူမ တွေးနေမိသည်။
ထန်ရှုသည် ကျန်းလေသိုမို၏မျက်နှာထက်မှ လှောင်ပြောင်လိုရိပ်ကို ကောင်းစွာ သတိပြုမိသည်။ သူက အေးအေးဆေးဆေး အပြုံးဖြင့်
“ကဲ … ငါ့ကို ပြောပါဦး။ အနာဂတ်မှာ မင်း တကယ် လုပ်ချင်တာက ဘာလဲ။"
“ကမ္ဘာပေါ်က ရာဇဝတ်အဖွဲ့အစည်းအားလုံးရဲ့ ဧကရီ ဖြစ်ချင်တယ်။” ကျန်းလေ့သိုမိုက အသက်ပြင်းပြင်း ရှူပြီးနောက် ပြန်ပြောသည်။
အဟွတ် … အဟွတ် …
ကျန်းလေ့၏တုံ့ပြန်မှုက ထန်ရှုအား သေလုနီးပါး သီးသွားစေသည်။
သူမက စုစည်းထားသော ရာဇဝတ်အဖွဲ့အစည်းများ၏ ဧကရီဘုရင်မ ဖြစ်လိုတာတဲ့လား…
အဲ့ဒါကြီးက ဘယ်လိုစိတ်ကူးကြီးလဲ။
ကောင်းကင်ဘုံကို လွန်ဆန်ရမည့် ကျင့်ကြံသူ ဖြစ်သော်လည်း ထိုအစား လူဆိုးဂိုဏ်းများ၏ ခေါင်းဆောင်ဖြစ်လိုသည့် မိန်းမတစ်ယောက်အဖြစ် စိတ်ကူးကြည့်ရန်မှာမူ သူ့အတွက် လွန်စွာ ခဲယဉ်းလှပေသည်။
ကျန်းလေ့သိုမို၏စိတ်ကူးအိပ်မက်သည် ထန်ရှုအား ပြောစရာစကားမဲ့စေသည်။ သူမအား စနောက်ရန်ပင် အင်အားမရှိတော့ပါချေ။ သူ နောက်ပြန်လှည့်ကာ အခန်းထဲသို့ တန်းပြန်သွားပြီး ကျင်းမန်ကျွန်းသို့ ရောက်မည့်သင်္ဘောကိုသာ စောင့်နေလိုက်သည်။ ကျွန်းတွင် သူ၏ ကြိုးစားအားထုတ်မှုသည် များပြားစွာသော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသည်ဟု ဆိုနိုင်သည်။ အနည်းဆုံးတော့ အချိန်ကာလတစ်ခုထိ ကျင့်ကြံမှု အရင်းအမြစ်များ ရရှိရန် အခက်အခဲ မရှိတော့ပါချေ။
သူသည် မကြာမီ ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိလာနိုင်မည်ဟုပင် ဆိုနိုင်သည်။ ထို့အပြင် ဂူယန်အာ၏ခွန်အား ပြန်လည်ရရှိပြီးသွားသည်နှင့် သူသည် ကမ္ဘာမြေပေါ်ရှိ မည်သည့်နေရာကိုမဆို သူမနှင့်အတူ အတားအဆီးမရှိ သွားနိုင်ပေလိမ့်မည်။
ညနေ လေးနာရီ…
ခရီးသည်တင်သင်္ဘောသည် ကျင်းမန်ကျွန်း၏ ကမ်းစပ်တွင် ဆိုက်ကပ်ခဲ့သည်။ ထန်ရှု သင်္ဘောအခန်းတွင်းမှ ထွက်လာစဉ် သွယ်လျလျဖြင့် ကျက်သရေရှိသော ဂူယန်အာ၏ပုံဟန်လေးအား ကမ်းစပ်တွင် တွေ့လိုက်ရသည်။ ဖြူလွလွဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏လှပသော ရုပ်ရည်နှင့် စိတ်လှုပ်ရှားနေသော အမူအရာသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော အမျိုးသမီးနှင့်တူပေသည်။
ဝှစ်…
ထန်ရှု၏အနောက်မှ အလင်းတန်းတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းလေ့သိုမိုသည် ဂူယန်အာ၏အရှေ့တွင် ပေါ်လာခဲ့သည်။
“ရှင်က…”
ကျန်းလေ့သိုမိုသည် ဂူယန်အာကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ ဂူယန်အာ၏မျက်နှာကို သူမ၏နှလုံးသားအတွင်း၌ နက်နဲစွာ ထွင်းထုထားသော်လည်း ဆယ်စုနှစ်နှစ်ခု ကြာခဲ့ပြီ ဖြစ်သည့်တိုင် ဂူယန်အာ၏အသွင်အပြင်သည် အနည်းငယ်မျှ ပြောင်းလဲခြင်းမရှိပေ။ ဂူယန်အာသည် ငယ်ရွယ်နုပျိုလှပနေသေးသဖြင့် သူမ၏ရင်တွင်း၌ မယုံနိုင်လောက်သော ခံစားချက်များ ဖြစ်ပေါ်နေသည်။
ဂူယန်အာ၏အကြည့်များသည် ထန်ရှုဆီမှ တုံ့ဆိုင်းစွာ ဖယ်ခွာသွားပြီးနောက် ကျန်းလေ့သိုမို၏မျက်နှာပေါ်သို့ ကျရောက်လာသည်။ သူမသည် အနည်းငယ် အံ့အားသင့်သွားပြီး မျက်လုံးလေးများ ဝိုင်းစက်သွားကာ "နင်က ... သိုမိုလေးလား…။"
ကျန်းလေ့သိုမို၏မျက်နှာထက်တွင် မျက်ရည်များ ဖြိုင်ဖြိုင်ကျနေပြီး သွားဖြူဖြူလေးများဖြင့် အောက်နှုတ်ခမ်းကို ကိုက်ကာ တုန်ရီသောလေသံဖြင့် “ရှင် တကယ်ပဲ … ကျွန်မ အိပ်မက်မက်နေတာ မဟုတ်ဘူးပဲ။ ဒါပေမယ့် ရှင် ... ရှင်က နုပျိုလှပနေတုန်းပဲ။"
သူမ၏မျက်နှာထက်တွင် ပျော်ရွှင်နေသော အရိပ်အယောင်ဖြင့် ဂူယန်အာက ပြုံးကာ ပြန်ပြောလိုက်သည်။
"နှစ်တွေအတော်ကြာပြီးမှ နင်နဲ့ထပ်တွေ့မယ်လို့လည်း ငါ မမျှော်လင့်ထားဘူး။ နင်က ကြီးလာခဲ့ပြီပဲ သိုမိုလေး"
"အရင်တုန်းက တရုတ်ပြည်ကို မလာဖို့ ရှင်က တားမြစ်ခဲ့တယ်။ ကျွန်မ ရှင့်ကို ထပ်ပြီး တွေ့ချင်တဲ့စိတ်တွေကို အကြိမ်ကြိမ် ဖိနှိပ်ခဲ့ရတယ်။ ကျွန်မ … ရှင့်ကို မေ … မေမေလို့ ခေါ်လို့ ရမလား။ ဘာ … ဘာလို့လဲဆိုတော့ ရှင်က ကျွန်မရဲ့နှလုံးသားထဲမှာ နေရာယူထားတဲ့ အမေဖြစ်နေလို့ပါ။"
အမေတဲ့လား…
ဂူယန်အာ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ သူမသည် တစ်ခါမှ အိမ်ထောင်မပြုဖူးခဲ့ရာ မည်ကဲ့သို့ ကလေးတစ်ယောက် ရှိနိုင်ပါမည်နည်း။ ထို့အပြင် သူမ ပြုစုပျိုးထောင်ပေးခဲ့သော ကလေးများသည် ရာနှင့်ချီ ရှိကြ၏။ သူတို့အားလုံးကသာ သူမအား မေမေဟုသာ ခေါ်မည်ဆိုပါက သူမသည် ကလေးအများဆုံးရှိသော အမျိုးသမီးတစ်ဦး ဖြစ်လာပေတော့မည် မဟုတ်တုံလော။
"ငါ့ကို ဆရာသခင်လို့ပဲ ခေါ်ပါ။"
ချဉ်းကပ်လာနေသော ထန်ရှုအား အမှတ်တမဲ့ ကြည့်မိပြီး ဖြည်းညှင်းစွာ ပြန်ဖြေသည်။ သူမသည် ကလေးချစ်သော်လည်း သူမကိုယ်တိုင် မွေးဖွားသော ကလေးကိုသာ လိုလားပြီး အရေးအကြီးဆုံးမှာ ထိုကလေးသည် သူနှင့်ရသော ကလေး ဖြစ်စေလိုသည်။
ကျန်းလေ့သိုမိုသည် 'ဆရာသခင်' ၏အဓိပ္ပါယ်ကို ကောင်းစွာ သိသောကြောင့် ဂူယန်အာ၏အရှေ့တွင် ဒူးထောက်ရန် တုံ့ဆိုင်းမနေဘဲ သုံးကြိမ်သုံးခါ ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။
"ဒါပေမယ့် ဆရာသခင် ကျွန်မကို တစ်ယောက်တည်း ထပ်မထားခဲ့ပါနဲ့တော့။”
"အတိတ်တုန်းက အရေးတကြီး ကိုင်တွယ်စရာ ကိစ္စတွေ ရှိခဲ့တယ်။ ဒါကြောင့် မင်းကို နိုင်ငံခြားမှာ ထားခဲ့ရတာပါ။ ငါ့ရဲ့ခန္ဓာကိုယ်အခြေအနေအရလည်း အပြင်ကို ထွက်လို့မရဘူးလေ။"
ဂူယန်အာက သက်ပြင်းချကာ ပြောလိုက်ရင်း "ဒါပေမယ့်... နင့်ဆရာအဘိုးနဲ့ ဘယ်လို ပြန်လာတာလဲ။"
ဆရာအဘိုး…
"ဆရာသခင် ဆိုလိုတာက ... သူက ...ဆရာဘိုးဘေး…" ကျန်းလေ့သိုမိုသည် ထန်ရှုကို အံ့သြတုန်လှုပ်စွာ ကြည့်မိသွားသည်။
"မယဉ်မကျေးမလုပ်နဲ့ သိုမိုလေး။" ဂူယန်အာက ချက်ချင်းပင် ပြောလိုက်သည်။
“သူက ငါ့ဆရာဆိုတော့ သဘာဝအတိုင်း မင်းရဲ့ဆရာအဘိုးပဲ။”
“ဒါ … ဒါပေမယ့် ဆရာသခင် … သူ့အသက်က…” ကျန်းလေ့သိုမိုက မယုံကြည်နိုင်စွာ ပြန်ဖြေသည်။ “ဆရာ… ကျွန်မရဲ့အမှားကို သိပါပြီ။ နှုတ်ခွန်းဆက်ပါတယ် ဆရာအဘိုး။"
ထန်ရှုက ခပ်ဖွဖွပြုံးပြီး
"ငါက ဘာလို့ အရမ်းငယ်နေတာလဲလို့ မင်း မေးချင်နေတာမလား။ ဟားဟား ... ကြည့်ရတာငါက တကယ်ကို ငယ်ရွယ်တဲ့ပုံပေါ်တယ်နဲ့တူတယ်။ ဒါပေမယ့် မင်းရဲ့ဆရာသခင်ကိုလည်း ကြည့်ပါဦး။ သူကရော အရမ်းငယ်တဲ့ပုံ မပေါ်ဘူးလား။ တကယ်တော့ ကျင့်ကြံသူတွေက အလွန်မြင့်မားတဲ့ နယ်ပယ်ကို ရောက်သွားခဲ့ရင် သူတို့ရဲ့ အိုမင်းမှုဟာ အတော်နှေးကွေးသွားပြီး ထာဝရ နုပျိုနေလိမ့်မယ်။”
ထိုအချင်းအရာက ကျန်းလေ့သိုမိုကို တုန်လှုပ်လန့်သွားစေသည်။ သူမသည် မိန်းမတစ်ယောက် ဖြစ်ပေရာ ထာဝရ မနုပျိုချင်ဘဲ မည်သို့ ရှိပါမည်နည်း။ သူမ၏အမူအရာက ရုတ်တရက် တောက်ပသွားသည်။
သူတို့ ခြေလှမ်းအနည်းငယ်မျှ အတူလျှောက်သွားရင်း ဂူယန်အာသည် ထန်ရှုကို ကြည့်လိုက်သည်။ သူမက သူ့ကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး
"ဆရာသခင် … ယန်အာက အရမ်းလွမ်းနေခဲ့တာ။"
သူမ၏အပြုအမူကြောင့် ထန်ရှု ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
"ယန်အာ … ငါတို့ကို ဒီမှာ လူတွေအများကြီး ကြည့်နေကြတယ်။ မင်းရဲ့တပည့်တွေတောင် ဒီကို ရောက်နေတာ မင်း သိလား။"
ဂူယန်အာ ခေါင်းယမ်းလိုက်ပြီး သိမ်မွေ့နူးညံ့သောအသံလေးဖြင့်
“ယန်အာက နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေခဲ့တယ်။ ယန်အာ မကြုံဖူးတဲ့ အရာမျိုးရယ်လို့ မရှိတော့ဘူး။ ဆရာသခင်က ယန်အာရဲ့ နှလုံးသားထဲ အမြဲ အရေးကြီးဆုံးပါ။ ယန်အာ လွမ်းနေခဲ့တာ။ ဆရာသခင့်ကို တကယ် လွမ်းနေခဲ့ရတာ။ အဲ့ဒါကို ဘယ်သူ့ရှေ့မှာမှ ဖုံးကွယ်ထားဖို့ မလိုပါဘူး။”