← Chapters

အခွင့်အလမ်းတစ်ခုကို အသုံးချပါလား

Vol. 56 Ch. 780

အခွင့်အလမ်းတစ်ခုကို အသုံးချပါလား

Vol. 56 Ch. 780

ဖုန်းချလိုက်ပြီးနောက် ထန်ရှု၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။ ကျွန်းမှ ပြန်လာရာလမ်းတွင် မိသားစုအကြီးအကဲထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိပြီး အထူးကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးသည် သူ့ကို တွေ့လိုကြောင်း ပြောလာသည်။ သို့သော် ယခု သူ့ဆီ ဖုန်းဆက်လာလိမ့်မည်ဟု မမျှော်လင့်ထားဘဲ မနက်ဖြန်တွင် သူနှင့်တွေ့ဆုံရန်ပင် ရုတ်တရက် စီစဉ်လာသည်။

အခြားသူများသည် ဤအထူးကြီးမြတ်သော ပုဂ္ဂိုလ်အကြောင်းကို မသိနိုင်သော်လည်း ဤပုဂ္ဂိုလ်သည် ထူးဆန်းသော အရည်အချင်းများစွာဖြင့် ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သူ ကောင်းစွာ သိသည်။ ဤလူသည် အပေါ်ယံတွင် အဆင့်အတန်း မရှိသယောင် ထင်ရသော်လည်း အားကောင်းသော အာဏာနှင့် လုပ်ပိုင်ခွင့်များကို ပိုင်ဆိုင်ထားသည်။ သို့သော် သူနားမလည်နိုင်သော အချက်တစ်ခု ရှိသည်။ တရုတ်အာဏာပိုင်များသည် ကျွန်း၏ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အဆိုပါ အရည်အချင်း ရှိသူများကို မည်သည့်အတွက်ကြောင့် မစေလွှတ်ခဲ့ခြင်းပင်တည်း။

“ငါတို့ရဲ့တည်ရှိမှုကို လူတွေမသိအောင် လျှို့ဝှက်ထားဆဲမို့ မနက်ဖြန်အစည်းအဝေးကို ထာဝရခန်းမမှာ ကျင်းပလို့မရဘူး။ နောက်ပြီး အဘိုးက အခုမှ သတင်းရလာတာ။ သူပါ အတူတူ လာမလား မသိဘူး။”

မျှော်လင့်ထားသည့်အတိုင်းမိနစ်အနည်းငယ်အကြာတွင် သူ၏ဖုန်းမြည်လာသည်။ ၎င်းသည် သူ၏အဘိုး ထန်ကောရှန့်ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်သည်။ မနက်ဖြန် ကျင်းမန်ကျွန်းသို့ ထိုပုဂ္ဂိုလ်နှင့်အတူ လိုက်ပါလာမည်ဖြစ်ပြီး ထိုပုဂ္ဂိုလ်သည် ကောမောက်ဟိုတယ်တွင် တည်းလိမ့်မည်ဟု အဘိုးအိုက ပြောခဲ့သည်။ ထန်ရှုအား ၎င်းတို့နှင့်တွေ့ဆုံမည့်အချိန်ကို နောက်ပိုင်းတွင် ထိုပုဂ္ဂိုလ်က အကြောင်းကြားပေမည်။

ဖုန်းပြောပြီးနောက် ထန်ရှုသည် မနက်ဖြန်ကိစ္စအား မနက်ဖြန်ရောက်မှ လုပ်မည်ဟုသဘောထားကာ သူ့လက်စွပ်ထဲတွင် ရှိနေသေးသော အဖိုးတန်ဆေးပင်များစွာအား သန့်စင်ရန် လုပ်လိုက်သည်။ သူသည် ကျင်းမန်ကျွန်းတွင်ရှိခိုက် သူ၏အချိန်များကို အကောင်းဆုံးအသုံးချကာ အနာဂါတ်အတွက် လိုအပ်သော ဆေးလုံးတစ်သုတ်ကို သန့်စင်လိုပေသည်။

နောက်နေ့ ညနေ…

ထန်ရှုသည် အဆီအနှစ်စုဆောင်းခြင်းဆေးလုံးကို သန့်စင်ပြီးသောအခါ ဂူရှောင်ရွှဲ့ အပြေးအလွှား ရောက်လာပြီး အခန်းအပြင်တွင် ထားခဲ့သော သူ၏ဖုန်းကို ယူလာပေးရင်း

"ဆရာအဘိုး … အဲ့ဒါ ဆရာအဘိုးရဲ့အဘိုးဆီက ခေါ်တဲ့ ဖုန်းပါ။"

ထန်ရှု၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး

"ငါက ဆေးလုံးတွေ သန့်စင်ဖို့ လောလောဆယ် အရေးကြီးတဲ့ အခိုက်အတန့်မှာ ရောက်နေတယ်။ နောက်အာရုံတစ်ခု ပြောင်းဖို့ အဆင်မပြေဘူး။ အဘိုးကို နှစ်နာရီကျော်လောက် စောင့်ဖို့ ပြောပေးပါ။ ငါ ပြီးသွားတာနဲ့ ပြန်ခေါ်ပါ့မယ်။”

"နားလည်ပါပြီ။"

ဂူရှောင်ရွှဲ့က ပြန်ဖြေကာ နောက်ပြန်လှည့်ပြီး အပြင်ဘက်သို့ လျှောက်သွားတော့သည်။

ကျင်းမန်ကျွန်း…

ကောမောက်ဟိုတယ်၏ခမ်းနားသောအခန်းအတွင်းတွင် ထန်ကောရှန့်သည် ရှက်ရွံ့သောအကြည့်ဖြင့် ဖုန်းကို ချလိုက်သည်။ သူသည် စိတ်အားထက်သန်နေသော သွမ့်မုလင်းကို ကြည့်ကာ မချိပြုံးပြုံးလိုက်ရင်း “ဒီကောင်က ခေါ်ရတာ အားကြီးခက်တာပဲ။ ငါ့ဖုန်းကိုတောင် မကိုင်ချင်ဘူး။ အခုလောလောဆယ်မှာ ဆေးအချို့ကို သန့်စင်နေလို့ အရေးကြီးတဲ့ အခိုက်အတန့် ဖြစ်နေတယ်လို့ သူ့မြေးတပည့်ကတော့ ပြောတယ်။ ပြီးဖို့ အနည်းဆုံး နှစ်နာရီကျော်လောက်တော့ လိုလိမ့်မယ်။”

"ဆေးသန့်စင်တာလား။"

သွမ့်မုလင်းက အံ့အားသင့်သွားဟန်ဖြင့် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပြောလိုက်သည်။

“ဆေးသန့်စင်တာက တကယ့်ကို အရေးကြီးတဲ့ကိစ္စ ဖြစ်လို့ သူ့ကို သဘာဝအတိုင်း နှောင့်ယှက်လို့ မရဘူး။ ခဏစောင့်ရအောင်။"

ထန်ကောရှန့်၏မျက်နှာပေါ်တွင် စူးစမ်းလိုသည့် အကြည့်တစ်ခု ပေါ်လာသည်။

"ဒါပေမယ့် ငါ တကယ် နားမလည်ဘူး။ မင်း ဘာလို့ ကျင်းမန်ကျွန်းကို အလျင်စလို ခရီးရှည် သွားရတာလဲ။ မင်း သူ့ကို တွေ့ချင်ရင် မြို့တော်ကို လာဖို့ ပြောနိုင်တယ်။ မင်းသာ သူ့ကို အဲ့ဒီကို သွားစေချင်တယ်ဆိုတာ သူ သိရင် သူ အမြန်ပြေးလာမှာ သေချာတယ်။”

"မင်း စိတ်မရှိရင် ငါ ရိုးရိုးသားသား ပြောချင်တယ်။" သွမ့်မုလင်းက ပြုံးပြီး ပြန်ပြောသည်။

"ရိုးရိုးသားသားဟုတ်လား … မင်း ဘာကို ဆိုလိုတာလဲ။" ထန်ကောရှန့်က ထပ်မေးသည်။

“အင်း … ငါ သူ့ကို ကိုယ်တိုင် တွေ့ချင်ရတဲ့ အကြောင်းရင်းက ဆေးဝါးတချို့အတွက် သူ့ကို တောင်းဆိုချင်တာပါ။” သွမ့်မုလင်းက အပြုံးဖြင့် ပြန်ပြောသည်။

"မင်း သူ့ကို ဆေးအတွက် ရှာနေတာလား။" ထန်ကောရှန့်၏မျက်ခုံးများ တွန့်သွားပြီး

“မသေနိုင်တဲ့အရာကိုပါ ရရှိဖို့ တွေးနေတာလား။”

“မသေနိုင်တဲ့အရာထိတော့ ငါ မတွေးဝံ့ပါဘူး။” သွမ့်မုလင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။

“ငါ လိုချင်တာက ငါ့အသက်ကို နှစ်အတော်ကြာအောင် ရှည်စေချင်တယ်။ ငါ့ရဲ့ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တစ်ခုအရဆိုရင် ဟောင်ကောင်က အဘိုးကြီးလီဆို အသက်အဆီအနှစ်ဆေးလုံး ဆယ်လုံးကို ရခဲ့တယ်။ မြို့တော်မှာ တသီးတခြားနေတဲ့ အဘွားအိုပြောပြတာတော့ ဆေးလုံးက သူ့သက်တမ်းကို ရှည်စေတယ်လို့ ကြားခဲ့ရတယ်။ အသက်စွမ်းအားရှိတဲ့ လူတစ်ယောက်က သေခြင်းနတ်ဘုရားဆီကနေ နှစ်ပေါင်းများစွာ အချိန်တွေကို ခိုးယူနိုင်တယ်လို့ သူမက ဆိုပါတယ်။ သူ အသက်ရှင်ဖို့ အနည်းဆုံး ဆယ်နှစ် ကျန်သေးတယ်လို့ အဘွားကြီးက ပြောခဲ့ပေမယ့် အဲ့ဒီ ဆေးလုံးကိုယူပြီး အခြေအနေအတွက် ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။”

ထန်ကောရှန့်၏အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ့မြေးက အသက်ကို ရှည်စေနိုင်သော အသက်အဆီအနှစ်ကို ဖန်တီးနိုင်လိမ့်မည်ဟု တစ်ခါမှ အိပ်မက် မမက်ဖူးပါချေ။ စက္ကန့်တိုင်းတွင် သူတို့၏အသက်စွမ်းအားနှင့် လုပ်ကိုင်စွမ်းအား ကျဆင်းနေသော လူအိုများက တိုင်းပြည်ကို အုပ်ချုပ်သည်။ ဤအထူးပုဂ္ဂိုလ်များသည် ကြီးကျယ်သော အာဏာနှင့် အခွင့်ထူးများ ရှိလျှင်ပင် ၎င်းတို့သည် အနာဂတ်တွင် သေခြင်းတရားထံမှ ကင်းလွတ်ခွင့်ရှိမည်ဟု မပြောနိုင်ပေ။

ထန်ကောရှန့်၏မျက်လုံးများထဲတွင် အံ့အားသင့်နေသော အရိပ်အယောင် တောက်ပနေဆဲဖြစ်သည်။ ဤအထူးပုဂ္ဂိုလ်သည် သူ၏မြေးကို တွေ့ရန်အတွက် မိုင်ထောင်ပေါင်းများစွာ ဝေးသော ကျင်းမန်ကျွန်းသို့ လာရန် ကြိုးပမ်းခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပေ။ သူ့ဆီကနေ အကူအညီတစ်ခုခု တောင်းချင်နေခဲ့တာပဲ။

'ဟားဟားဟား…'

'ဒါက တကယ်ကောင်းတဲ့ ကိစ္စပဲ။ ငါ့ရဲ့ အဖိုးတန်မြေးက ဒီအခွင့်အရေးကို အခွင့်ကောင်းမယူဘူးဆိုရင်တောင် သူရောထန်မိသားစုရော မှားယွင်းဆက်ဆံခံရဖို့ မဟုတ်ဘူးဆိုတာ သေချာသလို သူ့ဆီကနေ အကျိုးကျေးဇူးတွေလည်း ရနိုင်ဦးမှာပဲ...'

ထိုအတွေးကြောင့် ထန်ကောရှန့်၏ရင်ထဲ ဖရဏပီတိ ဂွမ်းဆီထိ ဖြစ်နေရသည်။ အကယ်၍ ထိုလူသာ သူ့ရှေ့တွင် လောလောဆယ် မရှိခဲ့ပါက သူ အားရပါးရ ရယ်မောမိပေလိမ့်မည်။

သန်းခေါင်ယံအချိန် ရောက်သောအခါ ထန်ရှုသည် ကောမောက်ဟိုတယ်သို့ အပြေးသွားခဲ့သည်။ သွမ့်မုလင်းသည် တိတ်တဆိတ် ရောက်လာခြင်း ဖြစ်သော်လည်း ဤနေရာတွင် လုံခြုံရေး လွန်စွာ တင်းကြပ်ထားသည်။ ထန်ရှု၏အိုင်ဒီကို အကြိမ်ရေ အနည်းငယ် စစ်ဆေးပြီးနောက် သွမ့်မုလင်း၏အမိန့်အရ ထန်ရှုသည် သွမ့်မုလင်း ခေတ္တနေသော အခန်းသို့ ချောမွေ့စွာ ရောက်ရှိလာသည်။

"မင်း တကယ်ပဲ အလုပ်များနေတာလား လူကလေး။ မင်းက ဒီလူကြီးနှစ်ယောက်ကို အခုအချိန်အထိ စောင့်ခိုင်းရဲတဲ့အတွက် မင်း ငါ့ကို တကယ် စိတ်တိုအောင် လုပ်နေတာဘဲ။"

ထန်ကောရှန့်က သူ့မြေးကို တွေ့ရသဖြင့် လွန်စွာ စိတ်လှုပ်ရှားနေသော်လည်း ဆူပူကြိမ်းမောင်းရင်း ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

သွမ့်မုလင်းက လက်ကို ဝှေ့ယမ်းပြီး အပြုံးဖြင့် ကြားဖြတ်ပြောလိုက်သည်။

“လူငယ်တစ်ယောက်က အမြဲတမ်း အလုပ်များနေတယ်ဆိုတာ တကယ်ကောင်းတဲ့ အရာပဲ အဘိုးကြီးထန်။ သူ့ကို ဒီလို ဆုံးမနေစရာ မလိုပါဘူး။ သူ တကယ် အရမ်းကောင်းပါတယ်။ ကျွန်းရဲ့ပြဿနာတွေကို ဖြေရှင်းရာမှာ တော်တယ်ဆိုပြီး ကျွန်းရဲ့အာဏာပိုင်တွေဆီက သတင်းပို့လိုက်တယ်။ အဲ့ဒါအတွက် သူ့ကိုတောင် ချီးကျူးရဦးမှာပါ။”

ထန်ကောရှန့်က အပြုံးဖြင့် သွမ့်မုလင်းကို ညွှန်ပြပြီး "ကောင်းပြီ … ဒီလူကြီးက သွမ့်မုလင်း။ ရှုအာက နှုတ်ဆက်ပြီး သူ့ကို အဘိုးသွမ့်မုလို့ ခေါ်လိုက်ဦး။"

ထန်ရှုက သွမ့်မုလင်းကို ကြည့်ပြီး အပြုံးဖြင့် ဆိုလိုက်သည်။

"အကြီးအကဲတွေက ကျွန်တော့်ကို တွေ့ဖို့ အရမ်းခက်ခဲတဲ့ခရီးကို လာတာကို ဒီထန်ရှုက အရမ်း ဂုဏ်ယူမိပါတယ်။ အခုခေတ် တရုတ်နိုင်ငံမှာ ကျွန်တော် လေးစားထိုက်တဲ့လူက နည်းနည်းပဲ ရှိပြီး အဘိုးသွမ့်မုက သေချာပေါက် သူတို့ထဲက တစ်ယောက်ပါပဲ။”

"မဆိုးပါဘူး။ နောက်ဆုံးတော့ ငါ မင်းရဲ့အားသာချက်တစ်ခုကို တွေ့ခဲ့ရပြီ။ မင်းက လူတွေကို စိတ်ကျနပ်အောင် ပြောဆိုတတ်တာပဲ။” သွမ့်မုလင်းက ပြုံးပြီး ပြန်ဖြေသည်။

ထန်ရှုက မရယ်ဘဲ မနေနိုင်တော့ပေ။ သူသည် သွမ့်မုလင်း၏အရှေ့တွင် ထိန်းထိန်းသိမ်းသိမ်း မနေပါချေ။ သို့သော် ဤလူသည် သူ့လက်ထဲတွင် ကြီးမားသော အာဏာကို ကိုင်ထားသောကြောင့် ထန်ရှုသည် ပေါ့ပေါ့ပါးပါး၊ရောထွေးနေသော ရင်းနှီးမှုနှင့် နှိမ့်ချမှုကို ဟန်ချက်ညီအောင် မလုပ်ချင်ပေ။ သူက ဆက်မေးလိုက်သည်။

"ဒါနဲ့ ကျွန်တော့်ကို ချီးမွမ်းဖို့သက်သက်တော့ ကျင်းမန်ကျွန်းကို လာတာမဟုတ်ဘူးမလား။ ကျွန်တော့်ဆီက ဘာများ လိုအပ်လဲဆိုတာ သိလို့ရမလား။"

ထန်ရှု အခန်းထဲသို့ ဝင်လာသောအခါ သူ့ထံမှ ဆေးပင်များ၏အနံ့ကို ရှူရှိုက်မိသဖြင့် ထန်ရှုတစ်ယောက် အမှန်တကယ် ဆေးလုံးသန့်စင်နေကြောင်း သွမ့်မုလင်း သိခဲ့သည်။ ထန်ရှု၏မေးခွန်းကြောင့် သူသည် သွယ်ဝိုက်မနေတော့ဘဲ

“မင်းပြောတာ မှန်ပါတယ်။ ငါ မင်းကို ကိုယ်တိုင် မေးစရာရှိလို့ ဒီကို လာခဲ့တာ။"

“ဆိုတော့ … အဲ့ဒါက ဘာများလဲ။” ထန်ရှုက မေးလိုက်သည်။

“အသက်အဆီအနှစ်ဆေးလုံးကိစ္စ…” သွမ့်မုလင်းက ပြန်ဖြေသည်။

ထန်ရှု အနည်းငယ် အံ့အားသင့်သွားသော်လည်း မချိပြုံး ပြုံးလိုက်သည်။

“အဘိုးသွမ့်မုဆီ ဒီလိုသတင်းကောင်း ရောက်သွားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ အဘိုးသွမ့်မုက ဒီသတင်းကို ကြားပြီးနေပြီ။ ဟိုလူကြီးလီကျွီရန်က အဲ့ဒါကို ပြောလိုက်တယ်နဲ့ တူတယ် ဟုတ်တယ်မလား။ ကျွန်တော့်မိသားစုဝင်တွေအတွက် ပြင်ဆင်ထားတဲ့ အသက်အဆီအနှစ်ဆေးလုံးတွေတော့ ကျန်ပါသေးတယ်။ ဒါပေမယ့် အကြီးအကဲက ခင်ဗျားကို ဒီအကြောင်း ပြောပြီးပြီဆိုတော့ ကျွန်တော် အရင် ပေးလိုက်ပါမယ်။ အဘိုးသွမ့်မုက တိုင်းပြည်အတွက် ကြိုးကြိုးစားစား လုပ်ခဲ့တာပဲ။ ဒါက ထိုက်တန်ပါတယ်။"

ထိုစကားပြောပြီးနောက် ထန်ရှုသည် သူ့လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းကို ထုတ်သည်ကို ဖုံးကွယ်ရန်အတွက် သူ့လက်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက သွမ့်မုလင်းအား “ဒီပုလင်းထဲမှာ အသက်အဆီအနှစ်ဆေးလုံး ပါတယ်။ ဆေးသောက်ရင် သုံးနှစ်ကနေ ငါးနှစ်အထိ သက်တမ်း တိုးနိုင်ပါတယ်။”

သွမ့်မုလင်းသည် စိတ်တွင်းမှ မတုန်လှုပ်ဘဲ မနေနိုင်ပါပေ။ သူသည် ကျောက်စိမ်းပုလင်းကို လက်နှစ်ဘက်ဖြင့် လက်ခံကာ အချိန်အတော်ကြာ စေ့စေ့သေချာစွာ စစ်ဆေးလိုက်ပြီး ကျေနပ်နေသော အမူအရာဖြင့်

“လူတိုင်း နောက်ထပ်နှစ်ပေါင်းများစွာ အသက်ရှင်လိုကြပေမယ့် ဘယ်သူမှ မိခင်သဘာဝတရားကြီးကို မလွန်ဆန်နိုင်ကြဘူး။ ထန်ရှု … မင်းမှာ ထူးခြားတဲ့ပုံရိပ်တစ်ခု ရှိတာမို့ ချမ်းသာမှုကို မနှစ်သက်လောက်ဘူး။ ဒီတော့ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။ မင်းတို့ ကျင့်ကြံသူတွေဆိုတာ ကံကောင်းတဲ့ ဆုံတွေ့မှုအကြောင်း အမြဲပြောနေကြတာ မလား။”

"အဘိုးသွမ့်မု ပြောနေတာက ဘယ်လိုကံကောင်းတဲ့ တွေ့ဆုံမှုမျိုးလဲ။" ထန်ရှု အံ့အားသင့်သွားသလို သိလိုစိတ်လည်း ဖြစ်သွားသည်။

"ကြယ်သုံးပွင့် အကြွင်းအကျန်…" သွမ့်မုလင်းက ဖြေသည်။

"ကြယ်သုံးပွင့် အကြွင်းအကျန်ဆိုတာ ဘာများလဲ။" ထန်ရှုက ထပ်မေးလိုက်သည်။

“ကမ္ဘာမြေပေါ်မှာ အခြားပြင်ပက သတ္တဝါတချို့ ပေါ်လာတယ်။ ဒါက အလွန်အရေးကြီးတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် ဖြစ်တာမို့ လူအနည်းငယ်ကပဲ ဒီအချက်အလက်ကို သိပိုင်ခွင့်ရှိတယ်။ မင်းက အပြင်လူ မဟုတ်တဲ့အတွက် ငါ တာဝန်ယူပြီး မင်းကို ပြောပြနိုင်တယ်။ အဲ့ဒီပြင်ပကနေ အသိဉာဏ်ရှိတဲ့ သတ္တဝါတွေ မမျှော်လင့်ဘဲ ရောက်ရှိလာတာက ဘေးဒုက္ခလို့ ဆိုနိုင်ပေမယ့်လည်း လေ့လာမှုနဲ့ သုတေသနတွေအတွက်ကျတော့ အခွင့်အလမ်းကောင်းတွေကို ဆောင်ယူပေးနိုင်တယ်။ ဒီပြဿနာအပေါ်  နိုင်ငံတကာဥပဒေအရ ပြောရရင် လူသားအကြွင်းအကျန်အချို့ကို တွေ့ရှိခဲ့လို့ ၎င်းတို့ကို ကြယ်တစ်ပွင့်၊ ကြယ်နှစ်ပွင့်၊ ကြယ်သုံးပွင့်၊ ကြယ်လေးပွင့်နဲ့ ကြယ်ငါးပွင့် အကြွင်းအကျန်တွေဆိုပြီး အသီးသီး ခွဲခြားခဲ့ကြတယ်။

“ကြယ်ငါးပွင့်အကြွင်းအကျန်သွင်ပြင်ကို ငါ တစ်ခါမှ မကြားဖူးပေမယ့် ကြယ်လေးပွင့် ပေါ်လာတာတော့ နှစ်ကြိမ်ရှိပြီ။ ပထမတစ်ခုက အီဂျစ်မှာရှိတဲ့ ပိရမစ်တွေ၊ ဒုတိယတစ်ခုက ဘာမြူဒါတြိဂံ။ အကြွင်းအကျန်နှစ်ခုကို စူးစမ်းလေ့လာခဲ့တုန်းက ပြောရမယ်ဆိုရင် နိုင်ငံအသီးသီးက ကောင်းမွန်တဲ့ ရတနာတွေ ရခဲ့တယ်ဆိုပေမယ့် အရေးကြီးဆုံး ပင်မလျှို့ဝှက်ချက်ကို အခုအချိန်အထိ မရရှိကြသေးဘူး။ နောက်ပြီး အထူးကန့်သတ်ချက်တွေ ရှိနေတဲ့ ဒုတိယအကြွင်းအကျန်ဖြစ်တဲ့ ဘာမြူဒါတြိဂံကို စူးစမ်းလေ့လာလို့ မရသေးဘူး။

“ကြယ်သုံးပွင့်အကြွင်းအကျန်တွေက နိုင်ငံတိုင်းကို သေစေလောက်တဲ့ သွေးဆောင်မှုတွေ ဆောင်ယူလာတယ်။ နိုင်ငံအားလုံးရဲ့ သိပ္ပံနဲ့နည်းပညာကလည်း လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ခု -၃ခုအတွင်း တအားကို ဖွံ့ဖြိုးတိုးတက်လာကြတာ။ အဲ့ဒါကလည်း အကြွင်းအကျန်တွေဆီကနေ ရလာတဲ့ နည်းပညာအရိပ်တွေဆီကနေ ထွက်လာတဲ့ ထုတ်ကုန်တစ်ခုလို့တောင် ဆိုနိုင်တယ်။ အမေရိကန်နိုင်ငံက အမေဇုန်မိုးသစ်တောထဲ ဂြိုလ်သားအာကာသယာဉ်ဟောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲ့ဒါက အမေရိကန်နိုင်ငံကို ကြီးမားတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ထူထောင်စေခဲ့ပြီး သူတို့ရဲ့ သိပ္ပံနဲ့ နည်းပညာကို အရှိန်အဟုန်နဲ့ မြှင့်တင်စေခဲ့တယ်။”

“ကြယ်နှစ်စင်းနဲ့ ကြယ်တစ်ပွင့် အကြွင်းအကျန်တွေ အတွက်ကတော့ သေးငယ်တဲ့ အကြွင်းအကျန်တွေလို့ ခွဲခြားနိုင်တယ်။ အချို့သတ္တဝါတွေက ကမ္ဘာမြေပေါ် လူသားတွေရဲ့မျိုးရိုးအဖြစ် ကျန်ရစ်ခဲ့ပြီး အချို့ကတော့ ပြင်ပသတ္တဝါတွေကနေ မူလအတိုင်း ဆင်းသက်တယ်။ ဒီအကြွင်းအကျန်တွေဆီကနေ နိုင်ငံအသီးသီးရသွားတဲ့ ရတနာတွေကတော့ မပြောပလောက်ပါဘူး။”

သွမ့်မုလင်းက သည်နေရာအထိ ပြောပြီးချိန်တွင် သူ့မျက်လုံးထဲတွင် ကူကယ်ရာမဲ့သော အရိပ်အယောင် အနည်းငယ် ပေါ်လာခဲ့သည်။ သူက အားယူပြုံးပြီး ဆက်ပြောလိုက်သည်။

“မင်းကို အခွင့်အရေးတစ်ခု ပေးချင်တယ်လို့ ငါ ပြောခဲ့မိတယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရရင်တော့ တိုင်းပြည်ကို အကျိုးပြုစေချင်တာပါ။ တကယ်တော့ ဒီကြယ်သုံးပွင့်အကြွင်းအကျန်က သိပ်မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိခဲ့တာ။ ဂြိုလ်သားနည်းပညာတွေ အမြောက်အမြား ရရှိလာမယ်ဆိုရင် ငါတို့နိုင်ငံရဲ့စွမ်းအားအတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ဖြစ်လာစေလိမ့်မယ်။”

ထန်ရှုသည် ဂြိုလ်သားတို့၏ သိပ္ပံနှင့်နည်းပညာအပေါ် စိတ်ဝင်စားမှု အနည်းငယ်သာရှိခဲ့သည်။ သူသည် အင်မော်တယ် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ဖူးပေရာ သူ၏ရည်မှန်းချက်မှာ ကောင်းကင်ဘုံ၏ အဟန့်အတားများကို သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ချိုးဖျက်ပြီး အထက်ဘုံသို့ တက်ရောက်ကာ နောက်ဆုံးတွင် အင်မော်တယ်တစ်ယောက် ဖြစ်လာရန်ပင်တည်း။

သို့သော်လည်း သွမ့်မုလင်း၏ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် သူသည် ကျင့်ကြံမှု အရင်းအမြစ်ကြွယ်ဝရန် လိုအပ်နေသေးသောကြောင့် ထိုနေရာသို့ ခရီးထွက်ရန် စိတ်ပိုင်းဖြတ်ထားသည်။ သူသည် ဤဂြိုလ်သားနည်းပညာကို ရယူနိုင်ခဲ့ပါက ၎င်းသည် အနာဂတ်တွင် ကျင့်ကြံမှုအရင်းအမြစ်များ ပိုမိုရရှိရန် ကြိုးပမ်းရာတွင် အထောက်အကူဖြစ်စေမည့် ကြီးမားသောကြွယ်ဝမှုကို ရရှိနိုင်ပေလိမ့်မည်။

"အခု အသစ်တွေ့ရှိထားတဲ့ ကြယ်သုံးပွင့် အကြွင်းအကျန်ရဲ့ အခြေအနေအကြောင်း ကျွန်တော့်ကို ပြောပြပေးလို့ ရမလား။"

“ရေကြောင်းလမ်းဆုံဖြစ်တဲ့ မလက္ကာရေလက်ကြားလို့ လူသိများတဲ့နေရာမှာ တည်ရှိတယ်။” သွမ့်မုလင်းက ပြန်ပြောသည်။

“အနောက်ဘက်မှာတော့ မြန်မာ့ပင်လယ်၊ အရှေ့တောင်ဘက်ခြမ်းမှာတော့ တောင်တရုတ်ပင်လယ်နဲ့ ချိတ်ဆက်နေယ်။ ရေလက်ကြားတစ်ခုလုံးရဲ့အရှည်က ၁၀၈၀ ကီလိုမီတာခန့် ရှိမယ်။ အရှေ့တောင်ဘက်အပိုင်းက ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ချိတ်ဆက်ထားတယ်။ အသစ်တွေ့ရှိထားတဲ့ ဒီကြယ်သုံးပွင့်အကြွင်းအကျန်က ပင်လယ်အောက်ခြေက လမ်းဆုံမှာ တည်ရှိတယ်။”

"ဟင်…" ထန်ရှု အံ့သြသွားပြီး ကြားဖြတ်ပြောလိုက်သည်။

"ဒီလိုနေရာမျိုးက ကြယ်သုံးပွင့်အကြွင်းအကျန်ကို စူးစမ်းဖို့ ဘယ်နိုင်ငံတွေ စေလွှတ်နိုင်လဲ။"

"ငါတို့နိုင်ငံကတော့ အနည်းဆုံး သိုင်းဆရာကြီးအဆင့် ရှိတဲ့သူတွေကို စေလွှတ်ပေးမှာ သေချာတယ်။" သွမ့်မုလင်းက လေးနက်သောအမူအရာဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

“တကယ်တမ်းတော့ ငါတို့က အဖွဲ့တစ်ဖွဲ့ကို စုစည်းထားပြီးသားမို့ သူတို့တွေ မေလ ၁ ရက်နေ့ မတိုင်ခင် အဲ့ဒီကိုရောက်အောင် အပြေးအလွှား သွားနေကြပြီ။ အခြားနိုင်ငံအချို့ကလည်း ထူးခြားတဲ့ အရည်အချင်းရှိသူတွေကို စေလွှတ်လိမ့်မယ်။ ဘယ်လိုလူတွေကို စေလွှတ်မယ်ဆိုတာ အတိအကျ မသိပေမယ့် သူတို့ထဲကတစ်ယောက်မှတော့ သာမန်လူတွေ မဟုတ်ဘူးဆိုတာတော့ သေချာတယ်။”

All Chapters