အနာဂတ်ဟောကိန်း၏စွမ်းအား
Vol. 56 Ch. 781
တိုတောင်းသော အစည်းအဝေးပြီးနောက် ထန်ရှုသည် ကောမောက်ဟိုတယ်မှ ထွက်ခွာလာခဲ့သည်။ သွမ့်မုလင်းက ထန်ရှုကို ပေးခဲ့သည့်ပမာဏမှာ မများပြားလှသော်လည်း အကြွင်းအကျန်နေရာအား စူးစမ်းရှာဖွေခြင်းမှ သူသည် ရတနာဝေစုတစ်စုကို ရရှိမည်ဖြစ်သည်။ မေလ ၁ ရက်မတိုင်ခင် လဝက်လောက် အချိန်ရသေးသဖြင့် ထန်ရှု အလျင်မလိုချေ။
ဂူယန်အာကို ၂ရက်တိတိ အဖော်လုပ်ပေးပြီး ကျင်းမန်ကျွန်းမှာ ရှိသော ပြဿနာအများစုကို သူ ဖြေရှင်းပေးပြီးမှ ရှန်ဟိုင်းကို ပြန်ရန် ဆုံးဖြတ်ခဲ့သည်။
ည၏အရိပ်များကြားတွင် ကားနှစ်စီးသည် လမ်းဘေးဝဲယာတွင် မီးရောင်များဖြင့် ထိန်လင်းနေသော လမ်းမကျယ်ကြီးထက်တွင် မောင်းနှင်လျက် ထာဝရပွဲတော်ခန်းမဆီသို့ ဦးတည်သွားနေသည်။ ထန်ရှုသည် ရှေ့ဆုံးကား၏အနောက်ခန်းတွင် ထိုင်နေပြီး သူ၏ချောမောသော မျက်နှာထက်တွင် အပြုံးစစ ရှိနေကာ သွမ့်မုလင်းနှင့် တွေ့ဆုံသည့် မြင်ကွင်းကို ပြန်တွေးပြီး လွန်စွာ ကျေနပ်နေသည်။
သွမ့်မုလင်းနှင့် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိသော အရည်အချင်းရှိသူများ သူ့အား ပြဿနာ မရှာသရွေ့ ထန်မိသားစုသည် အေးအေးဆေးဆေး နေနိုင်မည်ဖြစ်ပြီး သူ ဘာပဲလုပ်လုပ် စိတ်ပူစရာမလိုပေ။ အဆိုပါ ရောဂါဖြစ်ပွားနေသော ကျွန်းသို့ ထန်ရှု မသွားမီ ကတိပေးခဲ့သည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း သိထားပြီး သူ့အား ပေးထားသည့် စာအုပ်စိမ်းကို ပြန်မယူသွားခဲ့ပေ။
ထိုစာအုပ်စိမ်းကို လက်ထဲတွင် ကိုင်ဆောင်ထားပြီး အခြားသူများကို သုတ်သင်ရှင်းလင်းနိုင်မည့် အခွင့်ထူးကို မည်သည့်အာဏာပိုင်ထံမှမဆို ကြိုတင်ခွင့်ပြုချက် တောင်းခံစရာမလိုဘဲ လုပ်ဆောင်နိုင်ပေသည်။
ထန်ရှု၏အကြည့်များသည် ကားပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ ကြည့်လိုက်သည်။ ညဉ့်နက်နေပြီဖြစ်သော်လည်း အချို့ကားများသည် သွားလာနေဆဲဖြစ်သည်။ သူသည် ရက်ပေါင်းများစွာ ကိစ္စများစွာ ဆက်တိုက် လုပ်ဆောင်နေရခြင်းကြောင့် ကားအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ နေရသောအခါ နောက်ဆုံးတွင် သူသည် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်ကို ခံစားခဲ့ရသည်။
ဖုန်းမြည်သံ…
မည်မျှကြာအောင် ထန်ရှု အိပ်ပျော်နေသည်မသိ ဖုန်းမြည်သံကြောင့် သူ လန့်နိုးသွားသည်။ ကားသည် ထာဝရခန်းမ၏ကားရပ်နားရာသို့ ပြန်ရောက်နေသည်ကို သူ တွေ့ရှိခဲ့သည်။ မိုအားဝူသည် မောင်းသူနေရာတွင် မလှုပ်မယှက်ထိုင်နေပြီး ကျင်းရှီနှင့် ကျန်သောသူများက သူ့ကို အနှောင့်အယှက်မပေးဘဲ ပတ်ဝန်းကျင်ဆီသို့ ဖြန့်ကျက်ထားကြသည်။
"ငါ အိပ်တာ ဘယ်လောက်ကြာသွားလဲ။" ထန်ရှုက သူ့ဖုန်းကို ယူရင်း မေးလိုက်သည်။
မိုအားဝူက လှည့်ကြည့်လာပြီး
“လေးနာရီ ရှိသွားပြီ သူဌေး။ အခု မနက် ၄း၃၀ရှိနေပြီ။ သူဌေး မြန်မြန်အိပ်မောကျသွားကတည်းက မနှောင့်ယှက်ဖို့ ငါ ဆုံးဖြတ်ခဲ့တယ်။"
ထန်ရှု ခပ်ဖွဖွပြုံးပြီး ဖုန်းကို စိုက်ကြည့်လိုက်သည်။ ရွှယ်ယုမှ ဖုန်းခေါ်ခြင်းဖြစ်သည်။ သူက ချက်ချင်း ဖုန်းကိုင်လိုက်ပြီး
"ဟယ်လို ရွှယ်ယု။ မင်း မအိပ်သေးဘူးလား။"
"ရှင့်ကို ကျွန်မ ပြောစရာရှိတယ် ထန်ရှု…"
"ပြောလေ။"
“မနေ့ညက ကျွန်မရဲ့ကျင့်ကြံမှုမှာ အဆင့်တက်ခဲ့ပြီး ရှင့်ရဲ့အနာဂတ်နဲ့ ရှင်နဲ့ပတ်သက်တဲ့ လူတချို့ကို ဟောကိန်းထုတ်ဖို့ စိတ်ကူးရခဲ့တယ်။ ရှင့်ရဲ့အနာဂတ်ကို ကျွန်မ မကြည့်နိုင်ခဲ့ပေမယ့် တခြားအခြေအနေကို မြင်ခဲ့ရတယ်။ ရှင့်အတွက် အဲ့ဒီလူက မဝေးတော့တဲ့ အနာဂတ်မှာ အရေးကြီးမလားမသိပေမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ လူတစ်ယောက် ရှိနေတယ်။ အခု သူက တောင်ဘက်အရပ်မှာ ရှိတယ်…”
ထန်ရှု ထိတ်လန့်သွားပြီး
“ဘယ်သူများလဲ။”
“ဘယ်သူလဲတော့ ကျွန်မ မသိဘူး။ တိကျတဲ့ အချက်အလက်တွေ ကျွန်မ မရခဲ့ပေမယ့် သူက အမျိုးသမီးတစ်ယောက်ဆိုတာ သေချာတယ်။” ရွှယ်ယုက အားတင်းပြုံးကာ ပြောလိုက်သည်။
“နောက်ပြီး သူမက အသက်ဘေးက သီသီလေး လွတ်လာတဲ့ပုံပဲ။ သူမရဲ့တည်နေရာအတိအကျက ကျင်းမန်ကျွန်းအနီးနား ရေပြင်မှာ။ ဟုတ်သားပဲ - မိုးကြိုးမုန်တိုင်းတစ်ခုလည်း ရှိနေတယ်။ သူမက ကျင်းမန်ကျွန်းအနီး ဖြစ်ပွားနေတဲ့ မိုးကြိုးမုန်တိုင်းထဲ ရောက်နေတယ်။"
"အခြားသဲလွန်စ ရှိသေးလား။" ထန်ရှုက မေးလိုက်သည်။
“ရှိတယ်။ သူမက တရုတ်လူမျိုး မဟုတ်သလို လူသားစစ်စစ်လည်း မဟုတ်သလိုပဲ။” ရွှယ်ယုက ပြန်ပြောလိုက်သည်။
"ရှင် သူ့ကို ကယ်မယ်ဆိုရင် ရှင့်ရဲ့လုံခြုံရေးကို ဂရုစိုက်ပါ။"
ထန်ရှု အံ့အားသင့်သွားသည်။ အန္တရာယ်ရှိနိုင်မည့် သူ သိသောသူများကို တွေးတောရန် သူ၏ဦးနှောက်ကို အလုပ်ပေးလိုက်သည်။
'တရုတ်လူမျိုး မဟုတ်ဘူး ... လူစစ်စစ်လည်း မဟုတ်ဘူး။ ဒါပေမယ့် သူက ငါ့အတွက် အရေးကြီးလာမယ်။'
ထန်ရှု ဆက်ပြီး တွေးတောနေသည်။ ရွှယ်ယုက အကြောင်းပြချက်မရှိဘဲ သည်ပြဿနာကို ကြိုမြင်မည် မဟုတ်ဟု သူ ခံစားမိသောကြောင့် ကားတံခါးကိုဖွင့်ပြီး မိုအားဝူကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
"ငါ့အမိန့်ကို တခြားသူတွေဆီ ပို့ပေး။ အခုလက်ရှိ မိုးကြိုးမုန်တိုင်း ရှိနေတဲ့ ကျင်းမန်ကျွန်းအနီးတဝိုက်က နေရာကို မြန်မြန်လေး ရှာကြည့်ပါလို့။”
“ကောင်းပြီ။”
မိုအားဝူနှင့် ကျန်လူများက ပတ်ဝန်းကျင်သို့ လူစုခွဲကာ ထွက်သွားကြသည်။
မိနစ်အနည်းငယ်အကြာတွင် မိုအားဝူသည် အပြေးအလွှား ပြန်ရောက်လာပြီး ထာဝရခန်းမ၏ ထောက်လှမ်းရေးအရာရှိတစ်ဦးကို ခေါ်ဆောင်လာပြီး ကျင်းမန်ကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၁၈၀အကွာရှိ ရေပြင်တွင် အမြင့်ပေကိုးမီတာခန့် ရှိသော လှိုင်းလုံးများဖြင့် မိုးကြိုးမုန်တိုင်းတစ်ခု ဖြစ်ပေါ်နေကြောင်း ထန်ရှုဆီသို့ သတင်းပို့လာသည်။
“သင်္ဘောပြင်ဆင်ဖို့ ဆိပ်ကမ်းကို ဖုန်းဆက်ပါ။ ငါတို့ အဲ့ဒီနေရာကို ချက်ချင်းရောက်မယ်လို့ သူတို့ကို ပြောလိုက်။"
ထန်ရှုသည် အနည်းငယ် မှုန်ကုပ်နေသော အမူအရာဖြင့် ကားထဲတွင် ပြန်ထိုင်လိုက်သည်။
ဝှစ်…
လျှပ်စီးတန်းအရှိန်ဖြင့် ပုံရိပ်တစ်ခု ကားရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် လမ်းလျှောက်တုတ် ကိုင်ဆောင်ထားသော ကျိချွိမိန် ဖြစ်သည်။ သူမသည်
“အရှင် အလျင်လိုနေရင် အရှင့်နောက်ကို လိုက်ပေးနိုင်ပါတယ်။”
ထန်ရှု တခဏလောက် တွေဝစွော စိုက်ကြည့်ရင်း ခေါင်းယမ်းလိုက်သည်။ သူက ကားတံခါးကို ဖွင့်ပြီး ကျိချွိမိန်ဆီသို့ လာကာ
"ချွိမိန် … ငါ့ကို ကျင်းမန်ကျွန်းရဲ့အရှေ့တောင်ဘက် ရေမိုင်၁၈၀ဆီ ခေါ်သွားပေးပါ။ အားဝူ … မင်းတို့အားလုံး ဒီမှာပဲ နေခဲ့။"
"အမိန့်အတိုင်းပါ…"
မိုအားဝူတို့အဖွဲ့သည် ကျိချွိမိန် မည်မျှ ကြောက်စရာ ကောင်းသည်ကို သိကြသည်။ ကျိချွိမိန်က ထန်ရှု၏လက်ကို ဆုပ်ကိုင်ပြီး ကောင်းကင်ပေါ်သို့ တက်သွားသည်ကို အားကျစိတ်ဖြင့်သာ စောင့်ကြည့်နေခဲ့သည်။
ပျံသန်းခြင်းနှင့်ပတ်သက်၍ ၎င်းတို့သည် အမှန်တကယ် ပျံသန်းနိုင်ကြသော်လည်း မိုင်ထောင်ပေါင်းများစွာအထိ မပျံသန်းနိုင်ခဲ့ကြပေ။ လက်ရှိတွင် နာရီဝက်လောက်သာ ပျံသန်းနိုင်သေးပေသည်။ ပျံသန်းခြင်းသည် ၎င်းတို့၏ အစစ်အမှန်အဆီအနှစ်ကို အပြည့်အဝ ကုန်ဆုံးစေသည်။ ဓားပျံဖြင့် ပျံသန်းခြင်းပင်လျှင် ၎င်းတို့ကို တစ်နာရီအောက်သာ အထောက်အပံ့ ပေးနိုင်ပေသည်။
ထန်ရှုနှင့် ကျိချွိမိန်တို့ မိုးကြိုးမုန်တိုင်းကြားတွင် ပေါ်လာသော်လည်း ရာသီဥတုဆိုးရွားမှုက ၎င်းတို့အပေါ် အနည်းငယ်မျှ သက်ရောက်မှုမရှိပေ။
"ငါတို့ ဒီနေရာကို ဘာအတွက် ရောက်နေရတာလဲ အရှင်။" ကျိချွိမိန်က စိတ်ဝင်တစား မေးသည်။
“ချွိမိန် … မင်းရဲ့စိတ်ဝိညာဉ်အာရုံနဲ့ ကီလိုမီတာ၁၀၀အတွင်း ဧရိယာကို ရှာဖွေဖို့ ကူညီပေးပါ။ ငါ ရှာချင်တဲ့ မိန်းကလေးတစ်ယောက် ရှိတယ်။ သူမက တရုတ်လူမျိုး မဟုတ် … ထားလိုက်တော့။ ကီလိုမီတာ ၁၀၀အတွင်း ဧရိယာအနီးအနားမှာ တစ်ယောက်ယောက် ရှိမရှိ ကြည့်ပေးပါ" ထန်ရှုက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ကျိချွိမိန် တလေးတစား ခေါင်းညိတ်ပြပြီးနောက် အရပ်မျက်နှာ အရပ်ရပ်သို့ ပျံ့နှံ့သွားသော စိတ်ဝိညာဉ်အာရုံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကီလိုမီတာ ၁၀၀အကွာအဝေး ဧရိယာအား လျှပ်တစ်ပြက်အတွင်း ဖုံးလွှမ်းလိုက်ကာ လူတစ်ဦးဖြစ်စေ၊ ငါးဖြစ်စေ၊ ရေတစ်စက်ဖြစ်စေ အရာအားလုံးကို သူမ 'မြင်နိုင်ပေသည်'။
“ငါတို့နဲ့အရှေ့တောင်ဘက် ၁၄ကီလိုမီတာအကွာမှာ လှိုင်းကြီးရင် မှောက်သွားနိုင်တဲ့ ငါးဖမ်းလှေအိုတစ်စင်း ရှိတယ်။ အနောက်တောင်ဘက်မှာတော့ လူပေါင်း ၄၆ဦးပါတဲ့ ဇိမ်ခံသင်္ဘောနှစ်စင်းလည်း ရှိတယ်။ တစ်စီးမှာ မလုံမလဲ ဝတ်စားထားတဲ့ အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းတယ်။ အနောက်မြောက်မှာတော့ ဓားတွေ သေနတ်တွေ ကိုင်ဆောင်ထားပြီး တရုတ်လူမျိုး မဟုတ်တဲ့ လူ၂၄ ဦး ပါ ကုန်တင်သင်္ဘောတစ်စီး ရှိတယ်။
"ဟင် … မဟုတ်သေးဘူး။ အရှေ့တောင်ဘက် ၁၄ကီလိုမီတာအကွာက ငါးဖမ်းလှေအိုဆိုရင် ဒီလိုမုန်တိုင်းကြောင့် မှောက်ပြီး ပင်လယ်နက်ထဲ နစ်မြုပ်သင့်တယ်မဟုတ်လား။ တစ်ချိန်လုံး ဘယ်လို အန္တရာယ်ကင်းကင်း ရှိနေနိုင်ပါ့မလဲ။ အရှင် … အဲ့ဒီလှေပေါ်မှာ အမျိုးသမီးတစ်ယောက် ရှိနေတယ်။ တရုတ်လူမျိုး မဟုတ်ဘူး။ ဆံပင်ရွှေရောင်နဲ့ လက်ရှိမှာ ဒဏ်ရာတွေ ရထားတယ်။”
"ဒါဆို အရှေ့တောင်ဘက်ကို သွားကြစို့။"
ထန်ရှုက ချက်ချင်း ပြောလိုက်သည်။
“ကောင်းပြီ။”
ကျိချွိမိန်သည် မဆိုင်းမတွပင် ထိုလမ်းကြောင်းဆီသို့ ဦးတည်သွားခဲ့သည်။ ထန်ရှုနှင့်အတူ သူမသည် တံငါလှေအိုအထက်တွင် ချက်ချင်း ပေါ်လာသည်။ သူတို့နှစ်ယောက် နီးကပ်လာသည်နှင့်အမျှ ထူးခြားသော အတက်အကျ စွမ်းအင်များကို ထိုနေရာတွင် အာရုံခံစားနိုင်ကာ ရွှယ်ယုပြောသည့်စကားကို ထန်ရှု ချက်ချင်း ရှင်းလင်းသွားတော့သည်။
သည်နိုင်ငံခြားသားအမျိုးသမီးက သူနှင့် ပတ်သက်သည်ဟု ပြောခဲ့သော်လည်း သူနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိသည်ဟု မဆိုခဲ့ပေ။ သို့တိုင် ထိုအဓိပ္ပါယ်အနည်းငယ်ကွဲလွဲမှုကပင် ထန်ရှုအား စိုးရိမ်ပူပန်စိတ် ဖြစ်ပေါ်စေခဲ့သေးသည်။
ထိုအမျိုးသမီးသည် ဗီဗီယန်နီ ဖြစ်သည်။
သူမသည် ဗာတီကန်၏သူတော်စင်တစ်ဦးဖြစ်ခဲ့ဖူးပြီး အထူးစွမ်းအားတစ်ခု ပိုင်ဆိုင်ထားသော်လည်း တိုက်ခိုက်ရေးစွမ်းရည် များစွာ မရှိပေ။ သူမ၏အကျင့်စာရိတ္တသည် လွန်စွာဖြူစင်ပြီး ကြင်နာတတ်သောကြောင့် အခြားသူများကို များစွာ အကူအညီပေးခဲ့သည်။ သို့သော် သူမသည် သူမ၏အိမ်၊ ချစ်ရသူများနှင့်အရာအားလုံးနီးပါးကို ဆုံးရှုံးခဲ့ရသည်။ ဆိုင်ပန်ရှိ ကာစီနိုတွင် သူမကို တွေ့ပြီးနောက် သူမ ဘာဆက်ဖြစ်သည်ကို ထန်ရှုလည်း မသိတော့ပေ။ ထိုအချိန်တုန်းကတော့ သူမကိစ္စအကြောင်း သူ မေးမြန်းခဲ့ပြီး ယခုအချိန်အထိ အဆက်အသွယ် မရခဲ့ချေ။
"အရှင် … သူ့ကို ကယ်မှာလား။"
ကျိချွိမိန်နှင့် ထန်ရှုတို့သည် သင်္ဘောဝမ်းအတွင်းရှိ အခန်းတစ်ခန်းအတွင်းမှ ဗီဗီယန်နီအား သူတို့၏စိတ်ဝိညာဉ်အာရုံဖြင့် မြင်နိုင်ကြသည်။ ယခုအချိန်တွင် ထန်ရှု မြင်တွေ့ရသော သူမ၏အသွင်အပြင်သည် သူတော်စင်ပုံရိပ်နှင့် လွန်စွာ ဝေးကွာနေပြီး အလွန် စုတ်ပြတ်သတ်နေသော သူတောင်းစားတစ်ယောက်အလားပင်။ မဟုတ်သေးချေ … သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အတွင်းကြေဒဏ်ရာများသည် မြင်နေရသည်ထက်ပင် ပိုဆိုးနေပေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် စုတ်ပြဲနေပြီး အရှက်လုံရုံသာ ရှိပေသည်။
"အရင်စောင့်ကြတာပေါ့။"
ထန်ရှုက ကျိချွိမိန် အစောပိုင်းက ပြောခဲ့သည်ကို ပြန်သတိရပြီး ချက်ချင်း ပြုံးလိုက်သည်။ ၎င်းသည် ဗီဗီယန်နီကို ခြိမ်းခြောက်မည့် မုန်တိုင်း မဟုတ်သော်လည်း သည်နေရာကနေ အရှေ့မြောက်ဘက်တွင် ရှိသည့် ကုန်တင်သင်္ဘောပေါ်က လူ ၂၄ ယောက်ကို ရည်ရွယ်ကြောင်း သူ သဘောပေါက်လာခဲ့သည်။ ဗီဗီယန်နီသည် လက်စားချေရန်အတွက် ဆိုင်ပန်မှ ထွက်ခွာသွားကြောင်း သူ ရှင်းရှင်းလင်းလင်း မှတ်မိခဲ့ပြီး ကြည့်ရသည်မှာ သူမသည် ထိုပဋိပက္ခဟောင်းကြောင့် ယခုကဲ့သို့ အလိုက်ခံနေရပုံပေါ်သည်။
“သင်္ဘောဝမ်းဗိုက်က တခြားအခန်းကို သွားပြီးတော့ အဲ့ဒီမှာ စောင့်ရအောင်။ ငါတို့ လောလောဆယ် သူ့ကို အနှောက်အယှက် မပေးသေးဘူး။” ထန်ရှုမှ လေသံတိုးတိုးဖြင့် အမိန့်ပေးသည်။
ကျိချွိမိန်က ခေါင်းညိတ်ပြပြီး ထန်ရှုအနောက်မှ လိုက်ကာ အခြားအခန်းတစ်ခန်းသို့ တိတ်တဆိတ် သွားလိုက်သည် ။ အခန်းထဲသို့ ဝင်သွားသောအခါတွင် သူမသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး အပြင်ဘက်သို့ အာရုံစူးစိုက်ဖြန့်ကျက်ထားလိုက်သည်။
“အရှင် … အရှေ့မြောက်ဘက်က ကုန်တင်သင်္ဘောက ဒီငါးဖမ်းလှေကို နှစ်နာရီအတွင်း မီလာလိမ့်မယ်။ ဒါပေမယ့် စောစောကသင်္ဘောနှစ်စင်းက ငါးဖမ်းလှေကို အရင်မီလိမ့်မယ်။” ကျိချွိမိန်၏အသံ ထွက်ပေါ်လာသည်။
"ဒီလိုဆိုးရွားတဲ့ ရာသီဥတုမှာ အပျော်စီးရွက်လွှင့်တဲ့ လူတွေ ရှိနေတာလား။" ထန်ရှုက အထူးအဆန်း ဖြစ်သွားဟန်ဖြင့် ပြန်ပြောသည်။
"ဒါက တကယ်ကို ထူးဆန်းတယ် ချွိမိန်။ အဲ့ဒီသင်္ဘောနှစ်စီးမှာ ဘယ်သူတွေ ပါနေလဲ။"
"အဲ့ဒီသင်္ဘောနှစ်စီးထဲက တစ်စီးမှာ အမျိုးသား အယောက်နှစ်ဆယ် လိုက်ပါပြီး သူတို့ဟာ ကိုယ်ခံပညာ ရှင်တွေ ဖြစ်တယ်။ နောက်သင်္ဘောတစ်စီးမှာ အပျော်အပါးမက်တဲ့ ပုံစံနဲ့ လူရွယ်တစ်ယောက်ရှိပြီး သူ့ကြည့်ရတာ မိန်းကလေးတွေအများကြီးနဲ့ ကောင်းမွန်တဲ့ အချိန်ရှိနေပုံပဲ။"
အပျော်အပါးမက်တဲ့ လူရွယ်တစ်ယောက် ပျော်ရွှင်နေတာလား။
ထန်ရှုသည် အံ့အားသင့်သွားပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ ရှေးဆိုရိုးစကားတစ်ခုက ကမ္ဘာကြီးတွင် ဘဝအလွှာပေါင်းစုံ ရှိသည်ဟု ဆိုထားသည်။ သည်ငနဲသည် ကျယ်ပြောသော ပင်လယ်ပြင်တွင် သူ့ကို သေစေနိုင်သည့် မုန်တိုင်းအန္တရာယ်အား မကြောက်ရွံ့ပေဘူးလော။
"အဲ့ဒီကောင်က ကျင့်ကြံသူလား ဒါမှမဟုတ် သူ့မှာ ထူးခြားတဲ့ အရည်အချင်းတွေ တစ်ခုခု ရှိလို့လား ပြောပါဦး။"
ထန်ရှု၏အမူအရာ ပြောင်းသွားပြီး အလျင်အမြန် မေးလိုက်သည်။
"နို့မဟုတ်ရင် ငါတို့က သူ့သင်္ဘောသားတွေကို ဒီနေရာကနေ ထွက်သွားခိုင်းပြီး ဘေးကင်းအောင် ကျင်းမန်ကျွန်းရဲ့ဆိပ်ကမ်းကို ချက်ချင်း သွားခိုင်းသင့်တယ်။"
ချွိမိန်က ခေါင်းယမ်းပြီး
“သူက ကျင့်ကြံသူ မဟုတ်သလို ထူးထူးခြားခြား စွမ်းရည်လည်း ရှိဟန်မတူဘူး။ သူက ကမ္ဘာ့ သိုင်းပညာအဆင့်အရ သိုင်းဆရာကြီးအဆင့် တစ်ယောက် ဖြစ်လိမ့်မယ်။
"ငယ်ရွယ်တဲ့ သိုင်းဆရာကြီးအဆင့်လား။"
ထန်ရှု၏မျက်လုံးအစုံ ကျဉ်းမြောင်းသွားကာ သူနှင့် ရင်းနှီးသောသူဖြစ်လေမလားဟု ဦးနှောက်ကို ဖျစ်ညစ်စဉ်းစားသော်လည်း မပေါ်လာချေ။ ချက်ချင်းပင် လျစ်လျူရှုရန် ဆုံးဖြတ်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
အချိန်များ ကုန်ဆုံးလာခဲ့ရာ နာရီဝက်ဟူသော အချိန်သည် လျင်မြန်စွာ ကုန်သွားခဲ့သည်။ သင်္ဘောနှစ်စင်းသည် ငါးဖမ်းစက်လှေနှင့် ပိုမို နီးကပ်လာသည်နှင့်အမျှ သင်္ဘောတစ်စီးပေါ်မှ ထွားကျိုင်းကြံ့ခိုင်သောသော အမျိုးသားတစ်ဦးသည် နောက်ဆုံးတွင် ငါးဖမ်းလှေကို ရှာဖွေတွေ့ရှိသွားသည်။
"ငါတို့ ဒီနေရာမှာ ငါးဖမ်းစက်လှေတစ်စီးကို တွေ့တယ်လို့ သူဌေးကို ပြောလိုက်။"
သင်္ဘောရှိ မှန်ပြောင်းကို အသုံးပြုနေသော မိုးကာအင်္ကျီ ဝတ်ဆင်ထားသည့် ထွားကျိုင်းကြံ့ခိုင်သော အမျိုးသားသည် နောက်သို့ လှည့်လာပြီး သူ့နောက်မှ လူအနည်းငယ်ကို အမိန့်ပေးလိုက်သည်။
"နားလည်ပြီ။"
ထိုသူတို့ထဲက တစ်ယောက်က ပြန်ဖြေပြီး အခန်းထဲသို့ အမြန်ဝင်သွားသည်။