ကမ္ဘာကြီးက ကျဥ်းကျဥ်းလေး
Vol. 56 Ch. 782
မိုးများ သည်းထန်စွာ ရွာသွန်းနေပြီး ပြင်းထန်စွာ တိုက်ခတ်နေသော လေပြင်းများကြားတွင် လျှပ်စီးများတဝင်းဝင်း၊ မိုးခြိမ်းသံတဂျိန်းဂျိန်း ထွက်ပေါ်နေကာ ကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။ ပင်လယ်ရေသည် နိမ့်တုံ မြင့်တုံ လှိုင်းထနေပြီး သင်္ဘောနှစ်စင်းသည် ဖြည်းညှင်းစွာ ခုတ်မောင်းနေသည်။ သင်္ဘောတစ်စီး၏ကောင်းမွန်စွာ ပြင်ဆင်ထားသော အခန်းအတွင်းတွင် ခပ်ဟော့ဟော့ အဝတ်အစားများနှင့် မိမိမိုက်မိုက် မိန်းကလေးများသည် ဝမ်ယွီ၏အနီးတစ်ဝိုက်တွင် ဝိုင်းအုံလျက် ရှိနေပေသည်။
ထိုအချိန်တွင် ဝမ်ယွီ၏လက်များက ကောင်မလေးများကို ဘယ်တစ်ဖက် ညာတစ်ဖက် ပွေ့ဖက်ကာ သူမလေးတို့ဆီမှ အနမ်းများကို အချိန်တိုင်းလိုလို ခံယူနေပေသည်။ ရှန်ပိန်ခွက်များသည် ရောင်စုံမီးရောင်များအောက်တွင် မှုန်ရီနေပြီး လှပစွာ ထွင်းထုထားသည့် ပန်းကန်ပြားတစ်ချပ်သည် အသီးအနှံများအပြည့်ရှိနေကာ ဝမ်ယွီတို့၏အရသာ ခံစားမှုကို ဖြည့်ဆည်းပေးနေပေသည်။
ဖုန်းမြည်သံ…
အခန်းတွင်းရှိ စကားပြောစက်က ရုတ်တရက် အသံမြည်လာသည်။
မျက်ခုံးများကို နှိပ်ထားသော ဝမ်ယွီသည် ရေကူးဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ဦးအား လက်ဝှေ့ယမ်းပြလိုက်ရာ ထိုမိန်းကလေးသည် အင်တာကွန်အား ချက်ချင်း ကောက်ယူပေးလိုက်သည်။
"ဘာထူးလို့လဲ။"
ဆက်သွယ်လာသူထံမှ လေးနက်သောအသံဖြင့်
“ငါတို့ ငါးဖမ်းလှေတစ်စင်း တွေ့တယ် သူဌေး။ အဲ့ဒါက အတော် ထူးဆန်းတယ်။”
"ထူးဆန်းတယ်လား။ မင်းက ဘာဖြစ်လို့ အဲ့ဒါကို ထူးဆန်းတယ်လို့ ပြောတာလဲ။" ဝမ်ယွီက အံ့သြစွာ မေးလိုက်သည်။
အင်တာကွန်မှ အသံက ဆက်ပြောသည်မှာ
“ငါးဖမ်းလှေက အတော်လေး သေးပြီး လူ ဆယ်ယောက်လောက်ပဲ ဆန့်နိုင်တယ်။ ကျွန်တော်တို့သင်္ဘောထက် အနည်းဆုံး သုံးဆလောက် သေးငယ်တယ်။ ကျွန်တော်တို့သင်္ဘောတောင်မှ ရာသီဥတုဆိုးရွားတဲ့ ဒီကြမ်းတမ်းတဲ့ပင်လယ်မှာ ချောချောမွေ့မွေ့ ရွက်လွှင့်ဖို့ ပြဿနာတွေနဲ့ ကြုံနေရတုန်းပဲ။ ဒါပေမယ့် ဒီငါးဖမ်းလှေကို ကြည့်ရတာ လွယ်ကူနေပုံရတယ်။ ရွက်လွှင့်နေတာ မဟုတ်ပေမယ့် ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ မျောနေပုံပဲ။”
ဝမ်ယွီက မိန်းကလေးကို တွန်းဖယ်ကာ မတ်တပ်ထရပ်ပြီး
“ရပြီ။ ငါ အပြင်သွားကြည့်လိုက်မယ်။”
သူ အဝတ်အစား ဝတ်ပြီး တခြားမိန်းကလေးတစ်ယောက်က ပေးလာသော မိုးကာအင်္ကျီကို ဝတ်လိုက်သည်။ ထို့နောက် အခန်းထဲက ထွက်ကာ ကုန်းပတ်ပေါ်သို့ တက်လာသည်။ တခြားသင်္ဘောတစ်စီးက ချဉ်းကပ်လာပြီး တောင့်တင်းသန်မာသည့်လူက ပြေးလာကာ ခုန်လိုက်သည်။ ထိုသူသည် လေထဲမှ မီတာများစွာ ပျံသန်းကာ ဝမ်ယွီဘေးတွင် ဆင်းသက်လာသည်။
“အဲ့ဒီငါးဖမ်းလှေကို တစ်ချက်ကြည့်လိုက်ပါဦး သူဌေး” ထိုလူက ဝမ်ယွီကို မှန်ပြောင်းပေးလိုက်ပြီး
“ငါ အဲ့ဒါကို စောင့်ကြည့်နေတာ ကြာပြီ။ အဲ့ဒီပေါ်မှာ ဘယ်သူမှ မရှိသလိုပဲ မီးမှိန်မှိန်လေးပဲ တွေ့တယ်။"
ဝမ်ယွီသည် မိနစ်အတော်ကြာအောင် မှန်ပြောင်းဖြင့် ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်ကာ မှတ်ချက်ပေးလိုက်သည်။
“တကယ်ကို ထူးဆန်းတာပဲ။ ဟိုဘက်ကို တစ်ချက်သွားကြည့်။ ကောင်းမွန်တဲ့ အရာတွေ ကြုံလာဖို့တော့ ငါတို့ မျှော်လင့်တာပဲ။”
ခြောက်မိနစ်ကျော်အကြာတွင် သင်္ဘောနှစ်စင်းသည် ငါးဖမ်းစက်လှေအနီးသို့ ချဉ်းကပ်လာရာ မီတာဆယ်ဂဏန်းသာ ကွာဝေးတော့သည်။ လူလတ်ပိုင်း လေးယောက်က ကြိုးဖြင့် ချိတ်ဆက်ထားသော ချိတ်သေနတ်နှစ်လက်အား ပစ်လိုက်သည်။ ထိုကြိုးချိတ်များသည် ငါးဖမ်းလှေအား ချောချောမောမော တွယ်စိုက်သွားပြီး သင်္ဘောဆီသို့ ဖြည်းဖြည်းချင်း ဆွဲယူလိုက်သည်။
“ဒိုင်း…”
သေနတ်သံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။ ဗီဗီယန်နီသည် ပစ္စတိုတစ်လက် ကိုင်ဆောင်လျက် စုတ်ပြတ်နေသောအဝတ်အစားများဖြင့် အခန်းတွင်းမှ ပြေးထွက်လာသည်။ သူမသည် သေနတ်ပြောင်းကို မိုးပေါ်သို့ ထောင်ထားသော်လည်း ချဉ်းကပ်လာသော သင်္ဘောပေါ်ရှိ ဝမ်ယွီနှင့်သူ၏လူများဆီသို့ သတ်ဖြတ်လိုစိတ် ဦးတည်နေသည်။
ဝမ်ယွီ၏မျက်နှာသည် ပျက်သွားရသလို ထွားကြိုင်းသောလူသည် သူ၏အရှေ့သို့ ချက်ချင်း ပြေးဝင်လာသဖြင့် သူ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ ကောင်းကင်တွင် လျှပ်စီးများ လက်နေပြီး ဗီဗီယန်နီကို သူ ဆက်ကြည့်နေဆဲဖြစ်သည်။ ဆယ်စက္ကန့်ကျော်ကြာပြီးနောက် သူ၏အရှေ့ မှ ထွားကျိုင်းသောလူအား ညင်သာစွာ တွန်းဖယ်လိုက်ပြီး ကုန်းပတ်ပေါ်တွင် ရပ်လျက် အော်ပြောလိုက်သည်။
“ဟေ့ … မင်းက ဘယ်သူလဲ။ ဒီမုန်တိုင်းထဲမှာ မင်း ဘာတွေ လုပ်နေလဲ။ မင်းရဲ့ငါးဖမ်းလှေလေး မှောက်သွားမှာကို မကြောက်ဘူးလား။"
ထိုအချိန်တွင် ဗီဗီယန်နီသည် စိတ်ဓာတ်ကျနေသည့် အသွင်ဖြစ်သည်။ သူမတွင် ပွန်းပဲ့ဒဏ်ရာများ ပြည့်နေပြီး မောပန်းနွမ်းနယ်နေပေသည်။ သူမ၌ စွမ်းအားအနည်းငယ် ကျန်နေသေးသည်ဆိုလျှင်ပင် အားကုန်နေဆဲဖြစ်၏။ သူမသည် လဝက်အကြာ နောက်က အလိုက်ခံနေရပြီး အဆက်မပြတ် ထွက်ပြေးနေရသည်။ ပြန်လည်နာလန်ထူရန် အခွင့်အလမ်းအနည်းငယ်သာ ရှိသည့်တိုင် ပြန်လည်ကောင်းမွန်လာသည်ထက် သူမ၏စွမ်းအားကို ပိုမိုသုံးစွဲနေရဆဲဖြစ်သည်။
သို့သော်လည်း တံငါလှေကို ထိန်းချုပ်ရန်အတွက် သူမ၏စွမ်းအားကို အသုံးပြုရန် တွန်းအားပေးသည့် မုန်တိုင်းကို သူမ တွေ့ကြုံခဲ့ရပြီး လှိုင်းလုံးများကြားတွင် မှောက်မသွားအောင် ခက်ခက်ခဲခဲ လုပ်နေရသည်။ ယခုမူ သူမ၏ဒုက္ခများ အဆုံးသတ်သွားတော့မည့်ဟန် ရှိနေပုံရသည်။
"ရှင်တို့က ဘယ်သူတွေလဲ။"
ဗီဗီယန်နီ၏အသံသည် အနည်းငယ် အက်ကွဲစူးရှနေသည်။ သူမ၏လည်ပင်းဘယ်ဘက်ခြမ်းတွင် ဒဏ်ရာတစ်ခု ရရှိခဲ့ပြီး အသံအိုးထိခိုက်သွားဟန် ရှိသောကြောင့် သူမ၏ပုံမှန်အသံအတိုင်း မဟုတ်တော့ပေ။
"ငါတို့က တရုတ်လူမျိုး … ဒါက ငါ့လူတွေ။"
ဝမ်ယွီက ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ရာသီဥတုက ကောင်းတယ်ထင်လို့ ပင်လယ်ထဲ ပျော်ဖို့ လာလည်တာ။ ဒါပေမယ့် အခုလို မုန်တိုင်းထန်တဲ့ ရာသီဥတုနဲ့ ကြုံလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ဒါကြောင့် ကျင်းမန်ကျွန်းကို ဦးတည်ဖို့ ပြင်ဆင်နေတယ်။ မင်းက ဘယ်သူလဲ မိန်းကလေး။ ဒုက္ခရောက်နေတာလား။”
ဗီဗီယန်နီ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ အကူအညီတစ်ခုခုရရန် သူမ မျှော်လင့်ထားသော်လည်း လက်ရှိကြုံတွေ့နေရသော အကျပ်အတည်းကိုလည်း သူမ သိရှိသည်။ သည်လဝက်လောက်တွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံအရ သူမသာ သည်လူများ၏အကူအညီကို ယူလိုက်ပါက ထိုသူများပါ ဘေးဥပဒ်ဖြစ်သွားစေမည့် သူမ၏ရန်သူ ရှိနေသည်ကို သေချာပေါက် သိပေသည်။
"ဝေးဝေး သွားစမ်း။ ရှင်တို့အကူအညီ မလိုဘူး။"
သူမသည် ကိုယ့်ကိုယ်ကို တည်ငြိမ်စေပြီး လှေဦးပိုင်းသို့ လှမ်းတက်လိုက်သည်။ ထို့နောက် သေနတ်နှစ်ချက် ပစ်ခတ်လိုက်ရာ ကြိုးချိတ်နှစ်ချောင်းကို တိကျစွာ ထိမှန်ပြီး ပြတ်တောက်သွားစေသည်။
'ဘယ်လောက်ထိ ပြောင်မြောက်လိုက်လေလဲ။'
"မင်းက လက်အရမ်းတည့်တာပဲ မိန်းကလေး။" ဝမ်ယွီ၏မျက်လုံးများ လင်းလက်လာကာ ပြောလိုက်သည်။
"ဒီလိုရာသီဥတုမျိုးက သာမန်လူတွေရဲ့အမြင်အာရုံကို အဟန့်အတားဖြစ်မှာ သေချာတယ်။ ဒါပေမယ့် မင်းက တိကျတဲ့ပစ်ချက်တွေကို ပစ်ခတ်နိုင်တုန်းပဲ။ ငါ မင်းကို တကယ်လေးစားတယ်။ ဒါပေမယ့် အခု မင်း ဒဏ်ရာ ရနေတယ်မလား။ ငါ့ဆီမှာ ဆေးမျိုးစုံပါတဲ့ ဆေးသေတ္တာ ရှိတယ်။ မင်း အဲ့ဒါတွေကို လိုအပ်မယ်ထင်တယ်။"
ဗီဗီယန်နီ မဖြေချေ။ အမှန်တကယ်ပင် သူမအတွက် ဆေးဝါး အရေးတကြီးလိုအပ်နေသော်လည်း သူမသည် ထိုလူများကို ဒုက္ခပေးမိမည်ကို ကြောက်နေသည်။ သူမသည် ကူကယ်ရာမဲ့စွာ ခံစားရပြီး ခဏတာ ဘာလုပ်ရမှန်းမသိ ဖြစ်နေရသည်။
"ကြိုးချိတ်ကို ထပ်ပြီး ပစ်ပါ။" ဝမ်ယွီသည် ဗီဗီယန်နီ၏ တုံ့ဆိုင်းမှုကို သတိပြုမိသဖြင့် ချက်ချင်း အမိန့်ပေးလိုက်သည်။
ကြိုးဖြင့် တွယ်ဆက်ထားသော ချိတ်သည် ထပ်မံပစ်ခတ်ခံရပြီး ဗီဗီယန်နီ၏နေရာဆီသို့ ပျံသန်းသွားခဲ့သည်။ ထို့နောက် သန်မာသော လူခုနစ်ဦးသည် ငါးဖမ်းလှေအား အင်အားဖြင့် တင်းတင်းဆွဲလိုက်သဖြင့် နောက်ဆုံးတွင် ငါးဖမ်းလှေသည် သင်္ဘောဘေးတွင် ရပ်သွားသည်။ ဝမ်ယွီသည် အန္တရာယ်မပေးပါဟူသော အမူအရာဖြင့် သူ၏လက်ကို မြှောက်လျက် ငါးဖမ်းလှေပေါ်သို့ ခုန်ဆင်းလိုက်ပြီး
"ငါတို့တရုတ်လူမျိုးတွေက လူတွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံရတဲ့ အကြောင်းရင်းကို ကံကြမ္မာလို့ ပြောကြတယ်။ ဒီလိုဆိုးရွားတဲ့ရာသီဥတုမှာ ပင်လယ်ထဲမှာ ဆုံတွေ့ကြတဲ့အတွက် ကောင်းကင်က ဖန်တီးတဲ့ ကံကြမ္မာကို ဆိုလိုတာပဲ ဖြစ်မယ်။ ဒါနဲ့ မင်းနာမည်ကို သိလို့ ရမလား။"
ဗီဗီယန်နီ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူမက ချက်ချင်းပင် နောက်သို့ တစ်မီတာကျော်ကျော် ပြန်ဆုတ်လိုက်ပြီး ဖျော့တော့စွာဖြင့်
"ရှင့်ကို ကျွန်မ သိတယ်။"
ဝမ်ယွီ အံ့အားသင့်သွားပြီး သူမကို အသေအချာ အကဲခတ်လိုက်ရာ ဗီဗီယန်နီအား အမှန်တကယ်ပင် သိသလိုလို ရှိသည်ဟု သူ ခံစားမိသည်။ သို့သော် သူမ၏ ဖြူဖျော့ညစ်ပတ်နေသော မျက်နှာကြောင့် မမှတ်မိတော့ဘဲ
"မင်းကို မမှတ်မိဘူးဖြစ်နေတယ် မိန်းကလေး။ ငါ့နာမည် ဝမ်ယွီ … မင်းကိုယ်မင်း မိတ်ဆက်ပေးလို့ ရမလား။"
“ဗီဗီယန်နီပါ…”
“အမ်…”
ဝမ်ယွီသည် ဆိုင်ပန်တွင် တစ်ချိန်က သူ တွေ့ဖူးသော နိုင်ငံခြားအမျိုးသမီးတစ်ဦး၏ရင်သပ်ရှုမောဖွယ် တင့်တယ်သော မျက်နှာလေးကို ရုတ်တရက် သတိရသွားသည်။ ထိုနေရာရှိ လောင်းကစားစားပွဲတွင် အဆိုပါအမျိုးသမီးအား သူ အမှတ်မထင် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုအမျိုးသမီး၏အမည်မှာ ဗီဗီယန်နီ ဖြစ်ပြီး သူမ၏ မျက်နှာအမူအရာနှင့် အမှန်တကယ် ခြားနားမှု မရှိကြောင်း သိလိုက်ရသည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ။ မင်း ဘယ်လို…”
သူ့မျက်နှာထက်တွင် မယုံကြည်နိုင်ဟန်ဖြင့် ဝမ်ယွီက ဗီဗီယန်နီကို ကြည့်ပြီး မေးလိုက်မိသည်။ အမှန်တော့ သူ့အရှေ့က အမျိုးသမီး၏ပုံစံသည် သူ ဟိုအရင်က တွေ့ဖူးခဲ့သော ပုံစံနှင့်ယှဉ်ပါက ရွှံ့သာသာပင်။
ဗီဗီယန်နီထံမှ အဖြေတစ်စုံတစ်ရာမရှိဘဲ မိနစ်ဝက်ခန့် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူမက ဖြည်းညှင်းစွာ ပြောပြလာသည်။
“ကျွန်မရဲ့ရန်သူတွေလက်ထဲကနေ ပြေးနေရပြီး ဒီလိုရှက်စရာကောင်းတဲ့ အခြေအနေကို ရောက်သွားတယ်။ ရှင် ကျွန်မကို ဆေးဝါးပေးလို့ရမလား မစ္စတာဝမ်။ ကျွန်မ ဒဏ်ရာရထားလို့ တတ်နိုင်သမျှ ဆေးအမြန်ဆုံး လိုနေတယ်။ စိတ်မပူပါနဲ့။ ဆေးတွေ ရပြီးတာနဲ့ ကျွန်မ ချက်ခြင်းထွက်သွားမှာမို့ ရှင့်ကို ဒုက္ခမဖြစ်စေရပါဘူး။"
“မဟုတ်သေးပါဘူး။” ဝမ်ယွီက ခေါင်းခါလိုက်ပြီး "ငါတို့ တစ်ယောက်ကို တစ်ယောက် ဆုံတွေ့စေခဲ့တာ ကံကြမ္မာပါပဲ မစ္စဗီဗီယန်နီ။ ဒီလိုဆိုးရွားတဲ့ ရာသီဥတုမှာ ပင်လယ်ထဲမှာ ဆုံတွေ့ခဲ့ကြတယ်။ ပြီးတော့ ဆေးဝါးအချို့ပဲ လိုအပ်တာလောက် မရိုးရှင်းဘူးလို့ ငါ ယုံတယ်။ ငါ့သင်္ဘောကို လိုက်ခဲ့ပါ။ သက်တောင့်သက်သာရှိအောင် ရေမိုးချိုးပြီး သန့်ရှင်းတဲ့အဝတ်အစားတွေ လဲလို့ရပါတယ်။ မင်းဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ဆိုရင် အချိန်အနည်းငယ် ယူရဦးမယ်။ နောက်ပြီး မင်းကို လိုက်ဖမ်းနေတဲ့ မင်းရဲ့ရန်သူကလည်း ဒီအထိ လိုက်လာနိုင်လိမ့်မယ်လို့ ငါ မထင်ဘူး။ သူတို့ မင်းကို အမီလိုက်နိုင်ရင်တောင် ငါတို့က မင်းကို ကူညီပြီး ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုတာ အာမခံတယ်။"
“အဲ့လို မလုပ်နိုင်ဘူး။ ကျွန်မရဲ့ရန်သူက ဘယ်လို လူမျိုးလဲဆိုတာ ရှင် မသိပါဘူး မစ္စတာဝမ်။” ဗီဗီယန်နီက ခေါင်းယမ်းပြီး
“ကျွန်မ ရှင့်ကို ဒီကိစ္စထဲ တကယ် မပတ်သက်စေချင်ဘူး။ ကျေးဇူးပြုပြီး ဆေးဝါးပစ္စည်းပဲ ပေးလိုက်ရုံပါ။ ရှင့်ရဲ့ဖုန်းနံပါတ်ကို ပေးပါ။ လုံခြုံတဲ့ နေရာကိုရောက်လို့ အသက်ရှင်နေနိုင်ရင် ရှင့်ကျေးဖူးကို ကျွန်မ အဆတစ်ရာ ပြန်ဆပ်နိုင်မှာပါ။"
ဝမ်ယွီသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရပြီး သူ့အား အထင်သေးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ထံမှ အားကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာပြီး လေးနက်သော လေသံဖြင့်
“မစ္စဗီဗီယန်နီ … ငါတို့တရုတ်ရှေးစကားမှာ စွမ်းအား မရှိဘဲ ဘယ်တော့မှ မဆိုဘူးလို့ ဆိုရိုး ရှိတယ်။ မင်းရဲ့ လုံခြုံမှုကို အပြည့်အဝ ငါ အာမခံနိုင်တယ်။ မင်း ငါတို့ကို ဒုက္ခပေးမိမှာကို မင်း စိတ်ပူနေစရာ မလိုဘူး။"
ဗီဗီယန်နီက သူ့ကို တားမြစ်တော့မည့်ဆဲဆဲတွင် ဝမ်ယွီက သူမအရှေ့တွင် ရှိနေကာ လှုပ်ရှားနေပြီဖြစ်သည်။ ထိုသူက ယဉ်ကျေးသိမ်မွေ့သော အပြုအမူကို ထိန်းသိမ်းထားလျက် သူမအား သင်္ဘောပေါ်တက်ရန် ဖိတ်ခေါ်သည့် အမူအရာ ပြုခဲ့သည်။ သူ့အား နောက်တစ်ကြိမ် အထင်သေးမည်ကို စိုးရိမ်သောကြောင့် အလေးအနက် စကားဆိုလိုက်သေးသည်။
“မြင့်မြတ်တဲ့ မစ္စဗီဗီယန်နီ အကျပ်အတည်း ကြုံနေချိန်မှာ ရိုးရိုးသားသား ကူညီချင်တဲ့ ငါ့ဆန္ဒကြောင့် ဖိတ်ကြားချက်ကို မပယ်ချလောက်ဘူးလို့ ငါ မျှော်လင့်ပါတယ်။”
ဗီဗီယန်နီသည် စိတ်ထဲတွင် မချိပြုံးသာ ပြုံးနိုင်ခဲ့သည်။ သူမ၏ရန်သူများသည် အချိန်တိုအတွင်း သူမကို အမီလိုက်နိုင်လိမ့်မည်မဟုတ်ဟု တွေးပြီးနောက် ဝမ်ယွီအား ယုံကြည်ရန် ရွေးချယ်ပြီး သူ့နောက်လိုက်ကာ သင်္ဘောပေါ်တက်ခဲ့သည်။ သင်္ဘောပေါ်သို့ ရောက်သောအခါ သူမ၏ထက်မြက်သော အကြည့်များသည် သစ္စာရှိကာ ကျိုးနွံသော အမျိုးသားအယောက်၂၀အား ဝေ့ဝဲကြည့်လိုက်ပြီး နောက်ဆုံးတွင် သင်္ဘောဝမ်းဗိုက်ခန်းထဲသို့ လျှောက်သွားလိုက်သည်။
"အယ်…"
ဗီဗီယန်နီသည် ယခု သူမရှေ့တွင် မြင်နေရသော မြင်ကွင်းကဲ့သို့ အလွန်မျက်စိရှက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးနှင့် ကြုံတွေ့ရမည်ဟု အနည်းငယ်မျှပင် မမျှော်လင့်ခဲ့ပေ။ အခန်းအတွင်းတွင် အမျိုးသမီး ဆယ်ဦးထက်မနည်း ရှိနေပြီး ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ကို ဖော်ပြနေသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ အခန်းထဲသို့ ဝင်လိုက်စဉ်ခဏ ထိုအမျိုးသမီးများသည် ဝမ်ယွီ၏အနီးသို့ စုဝေးရောက်ရှိလာပြီး ထိုသူ့အပေါ် ကလူ၏သို့ မြူ၏သို့ အမူအရာများဖြင့် ချီးမွမ်းစကားဆိုကြသည်။
ဝမ်ယွီကိုယ်တိုင်လည်း ထူးမခြားနားဟန်ဖြင့် ရွှေအိုရောင်ဆံပင်ပိုင်ရှင်မိန်းကလေး၏ တင်ပါးကို အသာရိုက်ကာ အပြုံးဖြင့်
“မစ္စဗီဗီယန်နီအတွက် သန့် ရှင်းတဲ့ အဝတ်အစား အသစ်တစ်စုံ ကူရှာပေးပါဦး။ နောက်ပြီး သူ့ခန္ဓာကိုယ်နဲ့ ဒဏ်ရာတွေကို သန့်စင်နိုင်အောင်လို့ သူမကို လိုက်ပို့ပေးလိုက်ပါ။ ဒဏ်ရာတွေကို ဆေးထည့်ပြီးရင် အဝတ်အစားသစ်တွေ ပြင်ဆင်ပေးလိုက်ပါ။”
“ကောင်းပါပြီရှင်။”
ရွှေအိုရောင်ဆံပင်ပိုင်ရှင်သည် တွန့်ဆုတ်နေဟန် ရသော်လည်း အမိန့်ကို လိုက်နာဆဲဖြစ်သည်။ ဗီဗီယန်နီကို သူမက အခြားအခန်းတစ်ခန်းသို့ ဦးဆောင်ခေါ်သွားပြီးနောက် အစောပိုင်းက လူထွားကြီးသည် ဝမ်ယွီထံသို့ ရောက်ရှိလာပြီး
"ငါးဖမ်းလှေကို ငါတို့ စစ်ဆေးပြီးသွားပြီ။ အဲဒီ့အမျိုးသမီးကလွဲရင် ဘယ်သူမှ မရှိဘူး။ အဲ့ဒီမှာ တိုက်ပွဲဖြစ်ထားတဲ့ အရိပ်အယောင်တွေ ရှိတယ်။ ဒါပေမယ့် ထူးထူးခြားခြား ရှာမတွေ့ဘူး။”
"ကောင်းပြီ။ ဒါပေမယ့် ဆက်စောင့်ကြည့်ပြီး သတိထားပါ။" ဝမ်ယွီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဗီဗီယန်နီက ငါတို့ကိုပါ ရှုပ်ထွေးသွားမှာကို စိုးရိမ်တယ်လို့ ပြောတယ်။ ဆိုလိုတာက ပြသနာက မပြီးသေးဘူး။ ငါတို့ကို အမှီလိုက်ပြီး ပဋိပက္ခ ဖြစ်စေနိုင်မယ့် သူတွေနဲ့ ငါတို့ရင်ဆိုင်ရနိုင်တယ်။”
နာရီဝက်အကြာတွင် ဗီဗီယန်နီသည် ရေချိုးပြီး သူမ၏ ဒဏ်ရာများကို ဆေးထည့်ပြီးခဲ့သည်။ ယခုအခါ သူမသည် သန့်ရှင်းသပ်ရပ်သော ဝတ်စုံအသစ်အား ဝတ်ဆင်ထားသည်။ ဝမ်ယွီ၏အရှေ့သို့ တစ်ဖန်ပြန်ရောက်လာသောအခါ သူမ၏ ရင်သပ်ရှုမောဖွယ် အသွင်အပြင်သည် မိန်းမလှများစွာကို မြင်တွေ့ဖူးသော သူ့အား အံ့အားသင့်စေကာ အထင်ကြီးသွားစေသည်။ ထို့ကြောင့် ဝမ်ယွီ သက်ပြင်းချလိုက်မိပြီး
“မင်းက တကယ်ကို လှတာပဲ မစ္စဗီဗီယန်နီ။ ဆိုင်ပန်မှာ တွေ့တုန်းက မင်းကို အထင်ကြီးစေခဲ့တဲ့ လှပတဲ့မင်းနဲ့ အတူတူပါပဲ။ တစ်ကယ်တော့ ကံကြမ္မာက ငါတို့နှစ်ယောက်ကို ဆုံတွေ့စေခဲ့တာဖြစ်ရမယ်။ ငါတို့နောက်ဆုံးတွေ့ဆုံမှုပြီးတော့ ဒီမှာ ပြန်ပြီး ဆုံတွေ့နိုင်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူး။”
"ကျေးဇူးတင်ပါတယ် မစ္စတာဝမ်။" ဗီဗီယန်နီက ခေါင်းကို အသာညိတ်လိုက်ပြီး
" ရှင့်ရဲ့ကြင်နာမှုကို ကျွန်မ အမြဲသတိရနေမှာပါ။ ဒါပေမယ့် ရှင်နဲ့ဒီမှာ ကြာကြာမနေနိုင်တော့ဘူး။ ရှင် ကျွန်မကို ဘာမှ တောင်းဆိုစရာ မရှိရင် ရှင့်ကို နှုတ်ဆက်ခဲ့ပါတယ်။"