← Chapters

ခြုံခိုတိုက်ခိုက်ခြင်း

Vol. 56 Ch. 783

ခြုံခိုတိုက်ခိုက်ခြင်း

Vol. 56 Ch. 783

ဗီဗီယန်နီသည် ဖြူစင်ပြီး အပြစ်ကင်းစင်သူ မဟုတ်ပေ။ အထူးသဖြင့် လတ်တလောကာလများတွင် သူမ၏ လက်များသည် သွေးစွန်းနေခဲ့သည်ဟုပင် ဆိုနိုင်သည်။ တိုက်ပွဲအပြီးတွင် ဆိုးရွားသော မြင်ကွင်းတွေကြောင့် သူမ တုန်လှုပ်နေဆဲဖြစ်သလို သူမ အိပ်ပျော်နေသည့်အချိန်တွင်ပင် သူမ ပြုလုပ်ခဲ့သော သတ်ဖြတ်မှုများကြောင့် ချွေးအေးများ ထွက်သည်ကို ကြုံရပေသည်။

သည်ကဲ့သို့မဖြစ်ခင်တစ်ချိန်က သူမသည် မရေမတွက်နိုင်သော လူများ၏စိတ်ထဲတွင် သူတော်စင် ဖြစ်ခဲ့ဖူးသည့်အပြင် လူသန်းပေါင်းများစွာ၏ ဝတ်ပြုကိုးကွယ်ရာပင် ဖြစ်ခဲ့သည်။

သူမ၏နှလုံးသားတစ်ခုလုံးသည် ဖြူစင်ပြီး သူမ၏သဘာဝသည် တရားဥပေဒနှင့် ညီမျှသော အကောင်းဘက်၌ ရှိနေသည်။ ဘုရားသခင်၏အလင်းရောင်သဖွယ် ပညာရေးကို သင်ကြားပြီးနောက် ကောင်းမြတ်သော အကျင့်သီလ ရှိသူ ဗီဗီယန်နီသည် ၀မ်ယွီထံမှ ကြင်နာမှုကို အလွယ်တကူ လက်ခံခြင်းမပြုပေ။ ၀မ်ယွီကိုယ်တိုင်က သာမန်လူတစ်ယောက်မဟုတ်ရင်တောင်မှ အပြစ်မဲ့သောသူများအား မထိခိုက်စေချင် မပါဝင်စေချင်သောကြောင့်ပင်တည်း။

“ကျွန်မရဲ့ရန်သူတွေက ရှင် စိတ်မကူးနိုင်လောက်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားပြီး ကျွန်မရဲ့ခန့်မှန်းချက်အရဆိုရင် သူတို့တွေ ဒီရေမိုင်ပတ်လည်မှာ ရောက်နေလောက်ပြီ။ ဒါကြောင့် ဒီကိစ္စမှာ ရှင့်ကို ကျွန်မ မပတ်သက်စေချင်ဘူး။ ဆေး၀ါးပစ္စည်းတွေအတွက် အရမ်း ကျေးဇူးတင်ပါတယ်။"

ဗီဗီယန်နီ ပြောပြီးနောက် လှည့်ထွက်သွားသည်။

၀မ်ယွီသည် သူမ၏လမ်းကို လျင်မြန်စွာ ပိတ်တားလိုက်ပြီး လေသံခပ်ပြတ်ပြတ်ဖြင့် “မင်းသာ ဒဏ်ရာ မရှိဘူးဆိုရင် ငါ မင်းကို ထွက်သွားခွင့် ပေးလိုက်မှာပဲ။ ဒါပေမယ့် မင်းရဲ့ရန်သူတွေနဲ့ တွေ့ရင် မင်း သေမှာတော့ သေချာတယ်။ မင်းရဲ့ရန်သူတွေဟာ အရမ်းစွမ်းအားကြီးတယ်လို့ မင်း ပြောခဲ့တယ်မလား။ ဒါပေမယ့် ငါတို့ကလည်း လူပျော့လူညံ့တွေ မဟုတ်ဘူး။ နောက်ပြီး အခုလို ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မျိုးမှာ ပျော်ပျော်ပါးပါး နေချင်သေးတယ်။ ဒါပေါ့ … မင်း ဒီအခြေအနေနဲ့ ပတ်သတ်ပြီး စိုးရိမ်နေသေးရင် ဒီနေရာကနေ ချက်ချင်းထွက်သွားပြီး သူတို့ကိုရှောင်ဖို့ ကျင်းမန်ကျွန်းကို ငါ ခေါ်သွားပေးမယ်။"

သူ့စကားကြောင့် ဗီဗီယန်နီသည် ကျင်းမန်ကျွန်းတွင် သူမကို ကူညီပေးနိုင်သည့် တစ်စုံတစ်ယောက် ရှိနေပြီး ထိုနေရာ၌ ခိုလှုံနေထိုင်ရန် မျှော်လင့်ချက်တစ်ခုအဖြစ် စိတ်လှုပ်ရှားသွားစေသည်။

"ဒါဆို ကျွန်မတို့ အခုကျင်းမန်ကျွန်းကို သွားကြမလား။" သူမ အလျင်အမြန် စကားကောက်လိုက်ပြီးနောက် မျှော်လင့်ချက် အနည်းငယ်ဖြင့် မေးလိုက်သည်။

"ပြဿနာ မရှိပါဘူး။" ၀မ်ယွီက ခေါင်းညိတ်ပြီး အဖြေပေးသည်။

"ငါတို့ အခု သွားလို့ရတယ်။"

ထို့နောက် ၀မ်ယွီ၏လူများသည် ကြိုးဆွဲချိတ်များကို လွှတ်ပြီး ငါးဖမ်းလှေအား ပင်လယ်ပြင်တွင် လွှတ်ပေးလိုက်သည်။ ထို့နောက် သင်္ဘောနှစ်စင်းသည် ကြမ်းတမ်းသောလေနှင့် လှိုင်းများကို ဖြတ်ကျော်ကာ ကျင်းမန်ကျွန်းဆီသို့ ရွက်လွှင့်လာသည်။ ပင်လယ်ပြင်တွင် မုန်တိုင်းတိုက်ခတ်နေသော်လည်း သင်္ဘောနှစ်စင်းမှာ ထိခိုက်မှုအများအပြားမရှိပေ။

၀မ်ယွီက ဗီဗီယန်နီ၏အရှေ့တွင် ဝိုင်နီတစ်ခွက်ကို ချပေးလိုက်ပြီး နူးညံ့သော အိပ်ရာထက်ကို သွားကာ ပြန်ထိုင်လိုက်ကာ ဆွဲဆောင်မှုရှိသော မိန်းကလေးများကို သူ့ဘေးပတ်ဝန်းကျင်တွင် ၀ိုင်းအုံခွင့်ပြုလိုက်သည်။ ၀မ်ယွီသည် ဤပန်းပွင့်များထံတွင် စိတ်ဓာတ်ပြင်းထန်ခြင်း မရှိတော့ဘဲ သူ့ပတ်ဝန်းကျင်ရှိ အမျိုးသမီးများသည် ဗီဗီယန်နီနှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်တော့ပေ။ သူတို့၏ရုပ်ရည်၊ အမူအရာ မည်သို့ပင်ရှိစေကာမူ ခြားနားချက်မှာ တိမ်များနှင့် ရွှံ့ကြား ကွာခြားချက်ကဲ့သို့ပင်။

“ဒါက ပြင်သစ်နိုင်ငံ ဘော်ဒိုးက ဝိုင်နီဖြစ်ပြီး ၂၂နှစ်ကြာ သိမ်းထားတဲ့ အကောင်းစားဝိုင်နီ ချက်တူးလေ။ အရောင်အသွေးအရရော အရသာအရရော ထိပ်တန်းပဲ။ ကျေးဇူးပြုပြီး မြည်းကြည့်ပါဦး။ ဒီဝိုင်နီကို သောက်ရင် အမျိုးသမီးတွေရဲ့ သွင်ပြင်လှပမှုအပေါ်မှာ အကျိုးသက်ရောက်မှု ကောင်းမွန်စေတယ်။” ၀မ်ယွီက ပြုံးပြီး ပြောလိုက်သည်။

"ကျေးဇူးပါ။"

သို့သော် ဗီဗီယန်နီသည် ဝိုင်နီခွက်ကို မထိသေးဘဲ စားပွဲပေါ်ရှိ သစ်သီးများနှင့်အချိုပွဲများကို မြည်းစမ်းကြည့်နေဆဲဖြစ်သည်။ ပင်လယ်ပြင်တွင် ၀မ်ယွီအား တွေ့ဆုံရသဖြင့် သူမ၏စိတ်ထဲတွင် အနည်းငယ် သတိထားနေရပါသေးသည်။ ရာသီဥတုသည် လက်ရှိတွင် ဆိုးရွားလွန်းသော်လည်း ၀မ်ယွီက အပျော်ရှာရင်း သည်နေရာကို ရောက်ရှိလာခြင်းသည် မသင့်လျော်သလို ပုံမှန်မဟုတ်လည်း မဟုတ်ချေ။

သင်္ဘောဦးပိုင်းပေါ်တွင်…

သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးသည် မတ်တပ်ရပ်လျက် ပတ်ဝန်းကျင်ရေပြင်အနေအထားကို ဂရုတစိုက် ကြည့်နေသည်။ ကောင်းကင်သည် ပိုမိုလင်းလာပြီး နေ့မှသည် ညဘက်သို့ တဖြည်းဖြည်းနှင့် ပြောင်းလဲလာသော်လည်း မုန်တိုင်းသည် အားမလျော့ဘဲ ပိုမိုပြင်းထန်လာသောကြောင့် သူ၏စိတ်ထဲတွင် အနည်းငယ် ဂနာမငြိမ် ဖြစ်နေပေသည်။ လျှပ်စီးတ၀င်း၀င်းနှင့် မိုးခြိမ်းသံများက မုန်တိုင်းသည် ပိုမိုအားကောင်းလာကြောင်း ညွှန်ပြနေသည်။

"ဟင်…"

ရုတ်တရက် သူ၏အကြည့်များသည် တစ်နေရာသို့ အာရုံစိုက်သွားပြီး အဝေးက ပင်လယ်ပြင်ရှိ အမဲစက်တစ်စက်အား စူးစိုက်ကြည့်ရင်း သူ၏မျက်နှာ အနည်းငယ် ပျက်သွားသည်။ ချက်ချင်းပင် အ၀ေးကြည့် မှန်ပြောင်းကို ကောက်ကိုင်လိုက်ပြီး ထိုနေရာသို့ ကြည့်လိုက်သည်။

"ကုန်တင်သင်္ဘောလား။"

သစ္စာရှိကာ ကျိုးနွံသော ထိုသူသည် ၀မ်ယွီနှင့် ဗီဗီယန်နီတို့ ပြောသောစကားများကို ပြန်သတိရပြီး သူ၏သတိရှိမှု တိုးမြင့်လာသည်။ သူသည် လူလတ်ပိုင်းတစ်ဦးအား လက်ဟန်ပြကာ ထိုလူအား စကားအနည်းငယ်ပြောလိုက်ရာ ထိုလူသည် သင်္ဘောအခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။  ဗီဗီယန်နီ သင်္ဘောပေါ်ရောက်ကတည်းက ထိုလူနှင့် တခြားအစောင့်နှစ်ယောက်သည် တခြားသင်္ဘောတစ်စီးဆီ ပြန်မသွားကြသေးချေ။ ၀မ်ယွီကိုယ်တိုင်က လွန်စွာသန်မာသည့်တိုင် သူတို့ စိုးစဥ်းမျှ မပေါ့ဆရဲပေ။

"ငါ​တို့ ​ရှေ့ ​မှာ ပြသနာ​တွေ ကြုံနိုင်တယ်​ သူဌေး။"

"ဘာပြသနာတွေလဲ" ၀မ်ယွီက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"မုန်တိုင်းက ပိုပြီးအားကောင်းလာလို့လား ဒါမှမဟုတ် မစ္စဗီဗီယန်နီရဲ့ ရန်သူတွေက ငါတို့ကို အမီလိုက်လာတာလား။"

“အလတ်စား ကုန်တင်သင်္ဘောတစ်စင်းက ငါတို့နဲ့ မိုင်အတော်၀ေးဝေးမှာ ပေါ်လာတယ်။” ထိုအမျိုးသားက တင်ပြသည်။

“အ၀ေးကြည့်မှန်ပြောင်းနဲ့ ကြည့်တော့ ကုန်တင်သင်္ဘောမှာ သေနတ်ကိုင်ဆောင်ထားသူတွေ ရှိတယ်။ အကြီးစား စက်သေနတ်တွေတောင် ပါတဲ့အတွက် သူတို့မှာ လက်နက်ကြီးတွေ ပါလာတယ်လို့ ပြောလို့ရတယ်။ ငါ သူတို့ကို တွေ့တဲ့အချိန်မှာ သူတို့ကလည်း ငါတို့ကို တွေ့သွားမှာပဲ။ နောက်ပြီး ကြည့်ရတာ ကုန်တင်သင်္ဘောရဲ့ဦးတည်ရာက ငါတို့သင်္ဘောဆီကို ဦးတည်နေတဲ့ပုံရတယ်။”

၀မ်ယွီက ဗီဗီယန်နီကို လှည့်ကြည့်လိုက်ပြီး "မင်းရန်သူရဲ့နောက်ခံအကြောင်း ငါတို့ကို ပြောပြလို့ရမလား။ ငါ့ကို အထင်မလွဲနဲ့နော်။ မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို စူးစမ်းချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလူတွေက မင်းရဲ့ရန်သူ တကယ်ဖြစ်ရင် ငါတို့ ပုန်းလို့ မရနိုင်ဘူး။ တိုက်ပွဲမှာ ရန်သူ့အကြောင်းကို သိရင် အောင်နိုင်မယ်ဆိုတဲ့ တရုတ်ရှေးဆိုရိုးစကား ရှိတယ်။ ငါတို့ ရင်ဆိုင်နေရတဲ့ လူအမျိုးအစားကို ငါ သိချင်တယ်။ ဒါမှ သူတို့ကို ကိုင်တွယ်ရတာ ပိုလွယ်လာလိမ့်မယ်။”

ဗီဗီယန်နီသည် ဆိုဖာပေါ်မှ မတ်တပ်ထရပ်လိုက်သည်။ သူမ၏တင့်တယ်လှသော မျက်နှာလေးပေါ်တွင် မသိမသာ နီရဲနေရာမှ မျှော်လင့်ချက်ကင်းမဲ့သွားသော အကြည့် ၀င်ရောက်လာပြီး ခါးသီးသောလေသံဖြင့်

"သူတို့တွေက မြေအောက်လောကရဲ့အင်အားစုတစ်ခု ဖြစ်တဲ့ ရှေးဟောင်းဆင်ရိုင်းအဖွဲ့ပဲ။"

သူ့လူကို ၀မ်ယွီ လှည့်ကြည့်လိုက်ရာ ထိုသူ၏မျက်နှာသည် သိသိသာသာ ပျက်သွားသည်ကို တွေ့လိုက်ရသည်။ သူ၏မျက်ခုံးကို အသာဖိပြီး မေးလိုက်သည်။

“မစ္စဗီဗီယန်နီ ခုနက ပြောသွားခဲ့တဲ့ လူတွေကို မင်း သိတယ်မဟုတ်လား။”

“အဲ့ဒီရှေးဟောင်းဆင်ရိုင်းအဖွဲ့ဆိုတာ အင်အားကြီးတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး ဥရောပမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အလွန်သန်မာတဲ့ အဖွဲ့အစည်းတစ်ခုပါ။” ၀မ်ယွီ၏လူက ခေါင်းညိတ်ပြပြီး ခါးသီးစွာ ပြောလာသည်။

"ငါ အဲ့ဒီအဖွဲ့ကလူတွေနဲ့ တစ်ခါ ကြုံဖူးတယ်။ သူတို့တွေက တအားရိုင်းစိုင်းပြီး ရူးသွပ်နေတဲ့သူတွေလိုပဲ။ သူတို့ရဲ့ရန်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တယ်။ အတိအကျပြောရရင် လူသားတွေ မဟုတ်ဘူးလို့တောင် ပြောလို့ရတယ်။”

“ထပ်ပြီး အသေးစိတ် ရှင်းပြပါဦး။” ၀မ်ယွီက မေးလိုက်သည်။

“ရှေးဟောင်းဆင်ရိုင်းအဖွဲ့ဆိုတာ အရင်တုန်းက အင်အားစုသေးသေးလေးပဲ။ သူတို့ရဲ့အဓိက စီးပွားရေးလုပ်ငန်းက လက်နက်နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာပါ။” ထိုလူက ဆက်ရှင်းပြသည်။ “ဒါပေမယ့် လွန်ခဲ့တဲ့ဆယ်စုနှစ်အနည်းငယ်မှာ အဲဒီအဖွဲ့အစည်းက သားရဲတွေရဲ့သွေးတွေကို လူ့ခန္ဓာကိုယ်ထဲကို သွင်းပေးနိုင်တဲ့ ဆေးတချို့ကို လျှို့ဝှက်တီထွင်လိုက်ပြီး လူ့ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇကို ပြောင်းလဲစေတယ်။ အရမ်းအန္တရာယ်များလွန်းတဲ့ အဲ့ဒီဆေးကို ထိုးသူဆယ်ဦးမှာ နှစ်ဦးပဲ အသက်ရှင်ကျန်ရစ်တယ်ဆိုပေမယ့် သူတို့တွေကတော့ သားရဲရိုင်းတွေရဲ့ အစွမ်းအစတွေ ရှိလာကြတယ်…”

“တစ်ခါတုန်းက အဲ့လိုဆေးထိုးသွင်းထားတဲ့ ရှေးဟောင်းဆင်ရိုင်းအဖွဲ့က လူနှစ်ယောက်နဲ့ ကြုံဖူးတယ်။ သူတို့ကို ဖော်ပြဖို့ စကားတစ်ခွန်းတည်းပဲ ရှိတယ် … သိပ်ကြောက်စရာကောင်းတယ်။ ကီလိုဂရမ် ရာဂဏန်းလောက် မ,နိုင်ရင် သာမန်လူတွေအတွက် ကြောက်စရာကောင်းနေပြီ။ ဒါပေမယ့် အဲ့ဒီလူနှစ်ယောက်က အလေးချိန် ၂-၃ တန်ရှိတဲ့ ကားတစ်စီးကို ပင့်မြှောက်နိုင်ခဲ့တယ်။”

“အဲ့ဒါကြောင့် ဒီအဖွဲ့က ဆယ်စုနှစ်တစ်စုအတွင်း အလျှင်အမြန် ဆက်လက်ကြီးထွားလာတာ။ သူတို့တွေက လတ်လတ်ဆတ်ဆတ်သွေးတွေကို ဆက်လက်စုပ်ယူပြီး ကြီးမားသော အင်အားတစ်ခု ဖြစ်လာစေတယ်။ ပြင်ပလူတွေက ကမ္ဘာမှာ အဓိက အင်အားစုသုံးခုဖြစ်တဲ့ ပိရမစ်၊ လခြမ်းကွေးခရူးဆိတ် အသင်းကြီးနဲ့ မဟူရာကလပ်တို့ကိုပဲ သတိပြုမိနေကြတာ။ ရှေးဟောင်းဆင်ရိုင်းအဖွဲ့ ရှိတာကို လူနည်းစုလောက်ကပဲ သိတယ်။ ဒါပေါ့ … ရှေးဟောင်းဆင်ရိုင်းအဖွဲ့က အဲ့ဒီအဓိက အင်အားစုသုံးခုထက်တော့ အားနည်းပါတယ်။ ဒါပေမယ့် တူညီတဲ့ အင်အားစုတွေကတော့ သူတို့ကို နှိုးဆွဖို့ သတ္တိမရှိဘူး။”

ထိုသူ၏နောက်ဆုံးစကားအနည်းငယ်အဓိပ္ပာယ်က ၀မ်ယွီအား ဒီပြဿနာထဲက လက်ရှောင်စေလိုသည်မှာ သိသာထင်ရှားနေပေသည်။ ၀မ်ယွီအနေဖြင့် ထိုရှေးဟောင်းဆင်ရိုင်းအဖွဲ့အား မထိတွေ့နိုင်သည်ကို သူ ကောင်းစွာ သိပေသည်။

၀မ်ယွီ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင် ယောက်ယက်ခတ်နေသည်။

သူသည် ဗီဗီယန်နီအား ခိုလှုံခွင့်ပေးနိုင်ကြောင်း အာမခံချက် ပေးထားမိပြီး သူမကို အမဲလိုက်နေသော လူများနှင့် ရင်ဆိုင်နိုင်သည်ဟုပင် ကြီးကြီးကျယ်ကျယ် ပြောထားမိပေရာ သူ့စကားကို ပြန်ပြင်ပြောပါက သူ မျက်နှာပျက်သွားရပေလိမ့်မည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ၀မ်ယွီက ရုတ်တရက် ပြောလိုက်သည်။

"အဲ့ဒီအဖွဲ့က အတော်ကြောက်မက်ဖွယ်ကောင်းတဲ့ အဖွဲ့အစည်းတစ်ခုဆိုပေမယ့် ဥရောပမှာ အခြေစိုက်ထားတာမဟုတ်လား။ ဒီရေပြင်က တရုတ်နိုင်ငံပိုင်နက်ထဲမှာ ရှိတယ်။ အဲ့ဒီလူတွေက ဒီနေရာမှာ လူသတ်ဝံ့ပါ့မလား။ ဟမ့် ... သူတို့အဖွဲ့အစည်းတစ်ခုလုံးကို လောလောဆယ် မရင်ဆိုင်ရသရွေ့တော့ ပြဿနာတစ်ခု မဟုတ်ဘူး။ တခြားလူတွေကို ပြောထားပြီး ရန်သူ ချဉ်းကပ်လာရင် ချက်ချင်း သတိပေးချက်ထုတ်ပြန်။ သူတို့က ငါတို့ရဲ့သတိပေးချက်ကို လျစ်လျူရှုရင် တိုက်ပွဲအတွက် အသင့်ပြင်ထားတော့။”

ပြီးခဲ့သောအခိုက်အတန့်တွင် ၀မ်ယွီ တုံ့ဆိုင်းနေသည်ကို ဗီဗီယန်နီ သတိထားမိခဲ့သည်။ ထိုလူသည် စိတ်ပိုင်းဖြတ်ပြီးဟန် ရှိသော်လည်း ဗီဗီယန်နီသည် စိုးရိမ်မှုအချို့ရှိနေဆဲဖြစ်သည်။ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် သူမက

" ရှင့်သင်္ဘောပေါ် မှာ စပိဘုတ်တစ်စီးရှိတယ်မလား။"

"ရှိတယ်လေ။ ဘာဖြစ်လို့လဲ။"

၀မ်ယွီ ခေါင်းညိတ်လိုက်သည်။

“ကျွန်မကို စပိဘုတ်ပေးပါ … ကျွန်မ တစ်ယောက်တည်း ထွက်သွားလိုက်မယ်။ မစ္စတာ၀မ် … အဲ့ဒီအဖွဲ့က ကျွမ်းကျင်သူတွေကို စေလွှတ်ထားတယ်။ ဒီတစ်ခေါက်က များတယ်။ ကျွန်မ သူတို့ကို ဖယ်ထုတ်ဖို့ အများကြီး အားစိုက်ခဲ့ပေမယ့် ကျွန်မ မတတ်နိုင်ခဲ့လို့ ဒီပြသနာနဲ့ပတ်သက်ပြီး ရှင့်ကို မပါ၀င် မပတ်သက်စေချင်ဘူး။"

၀မ်ယွီသည် သူ့လက်ကို မြှောက်ကာ စကားပြောတော့မည့်ဆဲဆဲတွင် ရုတ်တရက် ဒေါသတကြီး ကြိမ်း၀ါးသံများသည် အခန်းအပြင်မှ ထွက်ပေါ်လာသဖြင့် သူ၏စကားများကို ပြန်မျိုချလိုက်ရသည်။

"မင်းတို့ သေရမယ် ငိုးမသားတွေ။"

သင်္ဘောကုန်းပတ်ပေါ်တွင် မိုးရေများရွှဲရွှဲစိုနေသော နိုင်ငံခြားသားလူရွယ်နှစ်ဦးသည် ၀မ်ယွီ၏လူတစ်ဦးကို ဓားမြှောင်များနှင့် ဝိုင်းရံထားသည်။ ၀မ်ယွီ၏ အခြားလူတစ်ယောက်သည် လည်ပင်းကို အလှီးခံထားရပြီး ကြမ်းပြင်ပေါ်တွင် အကြောဆွဲနေသည်။

၀မ်ယွီနှင့် စကားပြောနေသောလူသည် အခန်းတွင်းမှ လျှပ်စီးလက်သည့်အလား အမြန်ခုန်ဆင်းသွားသည်။ သင်္ဘောဦးပိုင်းတွင် ပေါ်လာသည်နှင့် ထိုသူ၏ခါးပေါ်ရှိ မစ်ဆူဘီရှီ စစ်သုံးဓားတစ်ချောင်းကို ချက်ချင်း ဆွဲထုတ်ကာ ရေများစိုရွှဲနေသော နိုင်ငံခြား လူရွယ်များဆီ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သူ၏လှုပ်ရှားမှုသည် အလွန်မြန်ဆန်ပြီး ပြင်းထန်သော ခွန်အားနှင့်အတူ အနည်းဆုံး သိုင်းပညာရှင်ကြီးအဆင့်တွင် ရှိပေသည်။ အသက်နှစ်ရှိုက်အတွင်း သူ၏လက်ထဲက မစ်ဆူဘီရှီ စစ်သုံးဓားသည် ထိုနိုင်ငံခြားသားလူရွယ်တစ်ဦး၏ နောက်ကျောအား ဓားဖြင့် ထိုးစိုက်လိုက်ပြီးဖြစ်သည်။

“နောက်ပြန်ဆုတ်…”

ဒဏ်ရာရသွားသော လူရွယ်ထံမှ အီတလီဘာသာဖြင့် နောက်ဆုတ်ရန် အမိန့်ထွက်လာပြီး ထိုနှစ်ဦးသည် မဆိုင်းမတွပင် ပင်လယ်ဆီသို့ ခုန်ဆင်းသွားကြသည်။

လူထွားကြီးတစ်ဦးနှင့် လူလတ်ပိုင်းတစ်ဦးသည် သင်္ဘောကုန်းပတ်ဘေးတွင် ရပ်ကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ရေထဲသို့ ခုန်ဆင်းသွားသော နိုင်ငံခြားသား လူရွယ်နှစ်ဦးကို စောင့်ကြည့်နေသည်။ ၀မ်ယွီသည် သူတို့ကို အမီလိုက်လာပြီး ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော သူ့လူတစ်ဦးကို ချက်ချင်း စစ်ဆေးလိုက်သည်။ ထိုလူ၏အကြောဆွဲခြင်း အားနည်းလာသည်ကို တွေ့ရပြီး ဖြည်းဖြည်းချင်း အသက်ရှုလျော့လာသည်ကို တွေ့ရသည်။

“ရှေးဟောင်းဆင်ရိုင်း … ယီးပဲ။”

၀မ်ယွီသည် မတ်တပ်ရပ်လိုက်ပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ရှေးဟောင်းဆင်ရိုင်းအဖွဲ့၏လူများသည် သူတို့သင်္ဘောတွင် ဗီဗီယန်နီမပါရှိရင်တောင်မှ ၎င်းတို့အပေါ် ရည်ရွယ်ချက်ကောင်းများမရှိနိုင်သည်ကို ယခု သူ သေချာနေပြီဖြစ်သည်။ သင်္ဘောပေါ်တွင် သူမနှင့်အတူ ရှိမရှိကိုပင် မစစ်ဆေးခဲ့ဘဲ ၎င်းတို့အား ချောင်းမြောင်းတိုက်ခိုက်ရန် သူတို့၏လူများကို အရှက်မရှိ စေလွှတ်ခဲ့သည်။

ဗီဗီယန်နီသည် ၀မ်ယွီ၏အနောက်သို့ တိတ်တဆိတ် လိုက်လာပြီး သူမ၏အကြည့်များက လူသေဆီ ကျရောက်သွားကာ တောင်းပန်စကားဆိုလိုက်သည်။ “တကယ်တောင်းပန်ပါတယ်။ ရှင့်လူတွေကို ပါဝင်ပတ်သက်စေမိပြီ။"

“မဟုတ်ဘူး။ မင်းနဲ့ ငါအတူရှိနေတယ်ဆိုတာ သူတို့ မသိပေမယ့် ငါတို့ကို အလစ်၀င်တိုက်ခိုက်နေတုန်းပဲ။" ၀မ်ယွီက ခေါင်းယမ်းလိုက်ပြီး

"ဒီရှေးဟောင်းဆင်ရိုင်းအဖွဲ့က တကယ်ကို အစွမ်းထက်တယ်။ ဒီလိုဆိုးရွားတဲ့ ရာသီဥတုနဲ့ လှိုင်းလုံးကြီးတွေကြားထဲမှာတောင် ငါ့လူတွေကို အလစ်၀င်တိုက်ခိုက်ဖို့ ဒီနေရာကို တိတ်တဆိတ် လာရောက်ခဲ့ကြသေးတယ်။ ကြည့်ရတာ မကြာခင် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ရှိလာမယ့်ပုံပဲ။”

All Chapters