နင် ဘယ်မြေခွေးမရဲ့ အိမ်မှာလဲ
Vol. 84 Ch. 1247
“ ကျွန်တော် အမေတို့ကို မမုန်းပါဘူး…..”
အဆိုပါ တိုးညှင်း ရိုးရှင်းသည့် စကားတစ်ခွန်းက ချင်ရင်ယွဲ့၏ ရင်ကို လေးလံသည့် တူကြီးနှင့် ထုနှက်ရိုက်လိုက်သကဲ့သို့ ခံစားသွားစေခဲ့ရပြီး မျက်ဝန်းအိမ်နှစ်ဖက်ထဲမှ မျက်ရည်တို့က ဖြိုင်ဖြိုင်ကျလာလေတော့သည်။
အမေနှင့် သားမှာ တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာ ထွေးပွေ့ထားကြ၏။
ချင်ရင်ယွဲ့၏ ငိုညည်းရှိုက်သံက မြေအောက်ကားပါကင်တစ်ခုလုံးသို့ ပျံ့နှံ့နေလေသည်။
ဤထွက်ပေါက်မှ ထွက်ချင်နေသည့် ကားဆရာကြီးများပင် သူတို့၏ ကားများကို ပြန်လှည့်လိုက်ကြ၏။ တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ငိုကြွေးနေကြသူ နှစ်ဦး၏ ခံစားချက်များကို သူတို့ မဖျက်ဆီးလိုကြပေ။
ရှန်းရှုရီ တိတ်တဆိတ် ဘေးကပ်ရပ်နေလိုက်၏။
သူမ အနည်းငယ် စိတ်ခံစားချက်တို့ ပြင်းထန်နေသော်လည်းပဲ ဝမ်းသာသည့် စိတ်တို့က ပိုသည်။
ကမ္ဘာပေါ်ရှိ အနုစိတ်လွန်းသော စီစဉ်ပြင်ဆင်မှုများကပင် ရုတ်တရက်ဆန်သည့် ဤဖြစ်ရပ်ထက်ပို၍ ပြီးပြည့်စုံနိုင်မှု မရှိလောက်တော့ချေ။
မည်သူမျှ မမြင်ခင်တွင် ရှန်းရှုရီ မျက်လုံးထောင့်စွန်းရှိ မျက်ရည်များအား လက်ဖြင့် သပ်လိုက်၏။
ဆယ်စုနှစ် နှစ်ခုကျော် ကြာပြီးသည့်နောက် အမေနှင့်သားမှာ ပြန်လည် ဆုံစည်းနိုင်ခဲ့လေပြီ။
အချိန်အတော်ကြာပြီးနောက် သားအမိနှစ်ယောက်လုံး ပြန်ခွဲလိုက်ကြသည်။ ချင်ရင်ယွဲ့ သူမ၏ မျက်ရည်များကို လက်ဖြင့် သပ်ရင်း “ သွားစို့… ဒီနေရာက အမေတို့ စကားပြောသင့်တဲ့ နေရာမဟုတ်ဘူး…”
“ အင်း…”
လင်းရီ စိတ်သက်သာရစွာဖြင့် လေးပင့်သည့် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ မျက်ရည်ကျလာလိမ့်မည်လို့ သူ့ကိုယ်သူ မထင်ထားခဲ့ချေ။
သို့ပေမယ့် ထိုအခိုက်အတန့်တွင် သွေးဆိုသည်မှာ ရေထက်ပျစ်သည်ဟူသော စကားကို သူယုံကြည်သွားခဲ့၏။ သူ မည်သို့ပင် တွေးတောစေကာမူ 'မိသားစု' ဟူသည့် ခံစားချက်က သူ့ရင်ထဲရှိ ခံစားချက်များကို လှုံ့ဆော်ပေးလာခဲ့ပြီး မျက်ရည်များ စီးဆင်းလာမှုအား မည်သို့မျှ တားဆီးမရနိုင်ခဲ့ချေ။
“ အရင်ဆုံး ကားထဲဝင်ကြ… တို့တွေ အိမ်ရောက်မှ ဆက်ပြီးပြောကြတာပေါ့…”
ရှန်းရှုရီ ရောက်လာပြီး နှစ်ယောက်ကို ကားထဲဝင်ရန် ပြောလိုက်၏။ ထို့နောက် သူမတို့ မောင်းထွက်လာခဲ့ကြလေသည်။
သို့သော် အိမ်ပေါက်ဝကို ရောက်တော့ ရှန်းရှုရီ လင်းရီကို ထွက်သွားခွင့် မပေးဘဲ ဇွတ်အတင်း အိမ်တွင်နေရန် ပြောလာတော့သည်။
အကယ်၍ ယခု ကိစ္စသာ ဖြစ်ပျက်မလာခဲ့ဘူး ဆိုပါက အခြား ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားမည် ဆိုသော်လည်းပဲ ယခု အမေနှင့် သားမှာ ပြန်ဆုံစည်းပြီ ဖြစ်သဖြင့် အချိန်ပေး၍ စကားလေး ဘာလေး ပြောပေးသင့်၏။
နောင်တွင် ယခုလို အခွင့်အရေး ရဖို့ ဆိုသည်မှာ မသေချာပေ။
လင်းရီ စစချင်းတုန်းကတော့ ငြင်းလိုက်ချင်သည်။ သို့သော် တစ်ချို့သော စကားလုံးများက စိတ်ထင်တိုင်း ပြောလို့ မကောင်းလေရာ သူ ရှန်းရှုရီ၏ စကားကို နာခံလိုက်သည်။
ရှန်းရှုရီ၏ အိမ်က သေးသေးမွှားမွှားလေး မဟုတ်။ စတုရန်း မီတာ ၂၀၀ မျှ ကျယ်ဝန်းသည်။
ရှန်းရှုရီ၏ ကြွယ်ဝမှုဖြင့် ဆိုပါက စတုရန်း မီတာ ၂၀၀ ကို မဆိုးထားနှင့်၊ ၂,၀၀၀ စတုရန်း မီတာ ကျယ်သည့် ဗီလာတစ်လုံးဆိုလျှင်ပင် တတ်နိုင်သည်။
သို့သော် ပြဿနာက လျန်ချွင်းရှောင်၏ အထောက်အထား ဖြစ်ပြီး ယခုလို အိမ်ကြီးကြီးတစ်လုံးတွင် နေနိုင်သည်ကပင် သတ်မှတ်ထားသည့် စံချိန်စံနှုန်းတို့အား ကျော်လွန်နေပြီး ဖြစ်သည်။
အိမ်ကြီးက ဧရာမ။ ထို့ပြင် အတွင်းပိုင်း ဒီဇိုင်း အပြင်အဆင်ကလည်း အင်မတန် ခေတ်ဆန်လွန်းသည်။
အိမ်ကို ပြုပြင် ပြောင်းလဲ၍ မရသော်ငြား မွမ်းမံပြင်ဆင်မှုတို့ကတော့ ပြုလုပ်၍ရ၏။
ထို့ကြောင့် နှစ်နှစ် သုံးနှစ်တိုင်းတွင် လျန်မိသားစုမှ အတွင်းပိုင်း ဒီဇိုင်း အပြင်အဆင်ကို ပြောင်းလဲလေ့ ရှိသည်။
ထိုအချိန် ရိုးရိုးရှင်းရှင်း နေတတ်သည့် လျန်ချွင်းရှောင်မှာတော့ မိန်းမနှင့် သမီးကြားတွင် အင်မတန်ကို ကိုးရို့ကားယားနိုင်သည့် အနေအထားတွင် ရောက်ရှိနေလျက် ရှိတော့၏။ ယင်းက ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံ သူ အလုပ်ခရီးကို တစ်လကျော်ကျော်ခန့် ထွက်ရလေ့ ရှိလေသည်။
သူ အိမ်က ထွက်ခွာစဉ်တွင် အရာအားလုံးက ပုံမှန်ပင်။ သို့သော် သူ ပြန်ရောက်လာသည့် အခါတွင်တော့ အိမ်မှာ လုံးဝကို မမှတ်မိနိုင်လောက်သည်အထိ ပြောင်းလဲသွားခဲ့တော့၏။ အကြိမ်တိုင်းလည်း သူ့ကိုယ်သူ အိမ်မှား ဝင်လာမိသည်ဟူ၍ ခံစားနေရတော့သည်။
အိမ်ထဲကို ရောက်တော့ ရှန်းရှုရီမှ အကြမ်းအိုးဖောက်ရန် ရေနွေးတည်သည်။
ချင်ရင်ယွဲ့မှာတော့ သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် ပြုလုပ်နေပြီး လင်းရီသည်လည်း စိတ်ဟိုရောက်လိုက် ဒီရောက်လိုက်နှင့် အနည်းငယ် ဂနာမငြိမ် ဖြစ်နေတော့၏။
သူ လက်ရှိတွေ့ကြုံနေရသည့် ခံစားချက်များကို ကြေညှက်အောင် အချိန်တစ်ချို့ ညှိယူရပေမည်။
“ ချင်မိသားစုက နင် ဒီရောက်နေတာ ရှာတွေ့သွားပြီဆိုတော့ နင် ဘာဆက်လုပ်မယ် စဉ်းစားထားလဲ…” ရှန်းရှုရီမှ မေးမြန်းလိုက်သည်။
“ ငါ မနက်ဖြန် ပြန်တော့မယ်…” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ သူက ဒူဘိုင်းမှာ.. ဒီတော့ ငါသူ့ဆီ သွားတော့မယ်… ဘာပဲပြောပြော ငါလည်း ဒီရန်ကျင်းမှာ ဆက်နေလို့က မဖြစ်တော့ဘူးလေ…”
“ အမေ သူတို့ဆီကနေ တိမ်းရှောင်နေစရာ မလိုပါဘူး..” လင်းရီ အမှုမထားသည့်ဟန်ဖြင့် ပြောဆိုလိုက်ပြီး “ တကယ်လို့ ချင်မိသားစုက နောက်ထပ် ပြဿနာ လာရှာရဲတယ်ဆိုရင် ကျွန်တော် နောက်တစ်ကြိမ် သင်ခန်းစာ ပေးပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး…”
ရှန်းရှုရီနှင့် ချင်ရင်ယွဲ့တို့ အချင်းချင်းကြည့်၍ ပြုံးလိုက်ကြသည်။
ဤသို့သော အကြောက်အလန့်ကင်းမှု….
ယင်းက အမွေဆက်ခံ ရရှိထားသည်မှာ ကျိန်းသေသည်။
“ ကောင်စုတ်လေး... ရန်ကျင်းက မိသားစုကြီးတွေရဲ့ လွှမ်းမိုးမှုက နင်ထင်သလောက် ရိုးရှင်းမနေဘူး..” ရှန်းရှုရီမှ အပြုံးလေးဖြင့် တုံ့ပြန်လိုက်ပြီး “ ငါတို့ လျန်မိသားစုရဲ့ အဆင့်အတန်းက တည်တည်ငြိမ်ငြိမ်နဲ့ မြင့်တက်လာပြီဆိုရင်တောင် ချင်မိသားစုကို တမင်တကာ ထိပါးနိုင်တဲ့ အခွင့်အရေး မရှိသေးဘူး… မဟုတ်ရင် လုအဘိုးကြီးကလည်း သူတို့နဲ့ ဘော်လီဘောပုတ်တမ်း ကစားပြီး စိတ်အနှောင့်အယှက် ဖြစ်ခံနေမှာ မဟုတ်ဘူး…”
လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်မိသွားခဲ့၏။ “ အရင်တုန်းက ဘာတွေလဲ ဖြစ်ခဲ့တာ…. ဒီလောက် နှစ်တွေ ကြာပြီးတာတောင် သူတို့က မကျေအေးနိုင်ကြသေးဘူးပေါ့..”
“ နင် ဒီနေ့ သူတို့ကို လုပ်ခဲ့သလိုပဲလေ..”
“ ဟင်…”
“ နင့်အဖေဆိုတာ အဲ့ဒီတုန်းက ရန်ကျင်းမှာ အင်အားအရာမှာဆိုရင် သိပ်ကို သာလွန်သူပေါ့.. နင့်အမေအတွက်နဲ့ နင့်အမေရဲ့ အစ်ကိုကြီးနှစ်ယောက်_ တစ်နည်း နင့်ဦးလေး နှစ်ယောက်ကို ရိုက်နှက်ခဲ့တယ်… ပြီးတော့ အဲ့ဒီတုန်းက ချင်မိသားစုရဲ့ အင်အားနဲ့ နင့်အဖေအတွက်လည်း တော်တော်ကြီး ပြဿနာ တက်သွားခဲ့တယ်… အဲ့ဒါကြောင့်မို့လည်း ဒီနေ့ထိအောင် ဒီကိစ္စ မကြေအေးနိုင်ကြသေးတာ…” ရှန်းရှုရီ ရှင်းပြလိုက်ပြီး “ နောက် အနှစ် ၂၀ ကျော်ကြာတော့ နင်က သူတို့ရဲ့သားကို သွားပြီး ရိုက်နှက်နေပြန်တယ်… နင် အဲ့တာသာ စဉ်းစားကြည့်တော့….”
“ အာ…” လင်းရီ ကိုးရို့ကားယား နိုင်စွာဖြင့် ခေါင်းကုတ်လိုက်ပြီး “ ကျွန်တော် တကယ်ကို စိတ်မကောင်းဘူး..”
“ အဲ့တာအပြင်ကို နင့်အဖေရဲ့ လုပ်ရပ်တွေက ချင်မိသားစုရဲ့ အဆင့်အတန်းကို နိမ့်ပါးသွားစေခဲ့တယ်လေ… အဲ့လိုကြောင့်သာ မဟုတ်ရင် သူတို့က ခုချိန်ထိကို ထိပ်တန်း မိသားစုကြီး သုံးခုထဲက တစ်ခုဖြစ်နေသေးဦးမှာ…”
“ ဒါပေမယ့် ဒါက ရေရှည်အတွက်ကျ ကောင်းမွန်တဲ့ ဖြေရှင်းချက် မဟုတ်သေးဘူးနော်…” လင်းရီ သူ့အမြင်ကို ထုတ်ဖော်ပြောလိုက်သည်။
“ ရတယ်… အမေလည်း ဒီကို တစ်ခါတစ်လေလောက်လေး လာဖြစ်တာ.. ဒီနှစ်တွေထဲ လျှောက်သွားနေရတာကို ကျင့်သားရပြီးနေပြီ.. ခုဆို တစ်နေရာတည်းမှာ အကြာကြီးနေလိုက်ရင်တောင် စိတ်ထဲ တစ်မျိုးကြီးပဲ…”
ရှန်းရှုရီလည်း ခေါင်းညိမ့်လိုက်သည်။ “ နင် ဒီကိစ္စ စိတ်ပူနေစရာမလိုဘူး… တကယ်လို့ နင့်အမေသာ ဖြေရှင်းချင်တယ်ဆိုရင် ဒီကိစ္စ အသာလေး ဖြေရှင်းလိုက်လို့ရတယ်… ဒီတိုင်း သူကိုက မလုပ်ချင်လို့…”
ခွန်အားအရာတွင်တော့ လင်းရီနှင့် လင်းကျင်ကျန့်ကြား ကွာဟမှုက မိုးနှင့်မြေပင်။ အကယ်၍ လင်းကျင်ကျန့်သာ ချင်မိသားစုကို ဖြေရှင်းချင်သည်ဆိုပါက အလျင်အမြန်ပဲ ဖြေရှင်းလိုက်၍ရသည်။
သို့သော် နှစ်များစွာ ကြာပြီးသည့်တိုင်အောင် လင်းကျင်ကျန့်နှင့် ချင်ရင်ယွဲ့က မဖြေရှင်းခဲ့ကြချေ။ ဆိုလိုသည်က သူတို့ စိတ်မဝင်စားဘူး ဟူသည့် သဘောပင် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ အကုန်လုံးက သွေးမျိုးဆက် တစ်ခုတည်းမှ ပေါက်ဖွားလာခြင်းဖြစ်ကာ ချင်ရင်ယွဲ့သည်လည်း ကျောက်ဆစ်လို နှလုံးသားနှင့် လူစားမျိုး မဟုတ်ခဲ့ပါချေ။
သူမတွင် ရွေးချယ်စရာ မရှိသေးသရွေ့တော့ ထိုကဲ့သို့သော ကိစ္စမျိုးကို ပြုလိမ့်မည် မဟုတ်ချေ။
“ ဒါဆိုလည်း ပြီးတာပဲလေ…” လင်းရီ ပြုံးလိုက်ရင်း “ ဖြစ်ချင်တော့ ကျွန်တော့်ရဲ့ လေယာဉ်ကလည်း လေဆိပ်မှာ သိမ်းထားတာ… အဲ့တာ စီးပြီး သွားလိုက်လို့ရတယ်…”
“ အမေ မလိုပါဘူး… ဒီတိုင်း လေကြောင်းလိုင်းက လေယာဉ်ပဲ စီးသွားလိုက်မယ်.. အဲ့လောက်ထိ ဒုက္ခခံမနေနဲ့…” ချင်ရင်ယွဲ့ ငြင်းဆန်လိုက်ပြီး “ ပြီးတော့ ပျံသန်းတယ်ဆိုတာကလည်း ဆီအများကြီး ကုန်မှာ… မလိုပါဘူး…”
“ ဘာကို မလိုဘူးတွေ ပြောနေတာ..” ရှန်းရှုရီမှ ဝင်ထောက်၍ “ နင့်သားက ခု ဘယ်လောက်ထိ အံ့ဩဖို့ ကောင်းနေပြီလဲ နင် သိလား.. သူရှာထားတဲ့ ပိုက်ဆံဆိုတာ သူသုံးလို့တောင် မကုန်နိုင်ဘူး.. အမေဖြစ်တဲ့ နင်က သားရှာထားတဲ့ စည်းစိမ်ကို ခံစားသင့်တာ သဘာဝပဲ မဟုတ်ဘူးလား…”
လင်းရီ ပြုံးလျက် ခေါင်းညိမ့်လိုက်သည်။ “ အဲ့လိုပဲ လုပ်ကြတာပေါ့..”
သုံးယောက်သား ည ၁၁ ကျော်သည်ထိတိုင်အောင် စကားဝိုင်း ကောင်းနေကြပြီး ထို့နောက်တွင်မှ ကိုယ်စီ အခန်းသို့ ပြန်၍ အနားယူလိုက်ကြသည်။
ရှန်းရှုရီမှာတော့ ကြားမှ သံတမန်တဖွယ် ဆောင်ရွက်နေလျက် ရှိသောကြောင့် နှစ်ယောက်ကြားတွင် ကိုးရို့ကားယားနိုင်သည့် မရင်းနှီးမှုတစ်ချို့ ရှိခဲ့ကြသော်လည်း ယခုအခါတွင်တော့ အနည်းငယ် ပို၍ ရင်းနှီးသွားကြလေပြီ။
ဟွာရှတစ်ခုလုံးတွင် ရှန်းရှုရီကို ယခုလို ပြုမူအောင် စေစားနိုင်သည့်လူမှာ ချင်ရင်ယွဲ့တစ်ဦးတည်းသာလျှင် ရှိပါလိမ့်မည်။
သူတို့ ညဉ့်နက်ပိုင်း အိပ်ရာဝင်တော့ ရှန်းရှုရီမှ လင်းရီကို လျန်ရူရွှယ်၏ အခန်းထဲ ဝင်အိပ်ဖို့ပြော၏။ ထိုအချင်းအရာကိုတော့ လင်းရီ အားတောင့်အားနာ နှစ်ခါပင် ပြန်မငြင်းပါချေ။
လျန်ရူရွှယ်၏ အခန်းက တော်တော်ကြီးကို ကြီးမားလှပြီး စတုရန်းမီတာ ၃၀ မျှ ကျယ်ဝန်းသည်။ အခန်းက သန့်ရှင်းသပ်ရပ်၍ အပြာရောင် ဖျော့ဖျော့နှင့် မီးခိုးရောင် ကာလာကို အဓိက အသုံးပြုထားကာ သူမ၏ စိတ်နေစရိုက်နှင့် တစ်ထပ်တည်း ထင်ဟပ်နေစေသည်။ သူမ၏ ကိုယ်သင်းနံ့ ဖျော့ဖျော့လေးကလည်း စောင်နှင့် အိပ်ရာခင်းတို့တွင် သင်းပျံ့နေတော့၏။
ရုတ်တရက် အိပ်ယာပြောင်းအိပ်နေရသဖြင့် လင်းရီ တော်တော်နှင့် အိပ်လို့ မပျော်ချေ။ ထို့ကြောင့် သူ ဖုန်းထုတ်ပြီး လျန်ရူရွှယ်ထံ ဝီချက် ဗွီဒီယိုကော ခေါ်လိုက်တော့၏။
ဗွီဒီယိုကောက အလျင်အမြန်ပဲ ဝင်သွားခဲ့ပြီး လျန်ရူရွှယ်၏ မျက်နှာမှာ ဖုန်းစခရင်အထက်တွင် ထွက်ပေါ်လာသည်။ ညဉ့်နက်နေပြီ ဆိုသော်လည်းပဲ သူမက အလုပ်စားပွဲတွင်ပဲ ရှိသေးကာ လက်ထဲတွင် စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေခဲ့၏။
“ အလုပ်များနေသေးတုန်းပေါ့…”
“ ဟုတ်တယ်... ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် လုပ်နေဆဲ ပရောဂျက် တစ်ချို့ ရှိလို့ အဲ့တာတွေ ပြန်ပြီး ဆန်းစစ်ကြည့်နေတာ…” လျန်ရူရွှယ် ပြောပြီးနောက် မကျေမနပ် စောဒကတက်လိုက်၏။ “ အိုင်းယိုး…. နောက် သုံးလ နှစ်ဖြတ်အတွက် တားဂတ်မထိဘူးဆိုရင် ငါတော့ အစားထိုးခံရတော့မယ်..”
“ ရို… တို့ရဲ့ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ အလှလေးလျန်က အစားထိုးခံရမှာကျ ကြောက်နေတယ်ပေါ့…”
“ ကြောက်တာပေါ့… တစ်ချို့ အကျင့်ပုတ်တဲ့သူတွေက ငါ့ကို နိုင်ငံရေး အောင်မြင်မှု နည်းနည်းလေးတောင် မပေးချင်ကြဘူးလေ… ဒီတော့လည်း ကိုယ့်အားကိုယ် ကိုးရတော့တာပေါ့..” လျန်ရူရွှယ် ဆောင့်အောင့်စူပုပ်နေသည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး “ ဘာလဲ… ဒီလောက် ညနက်နေပြီကို ဖုန်းဆက်လာတာ ဘာပြောမို့လဲ…”
“ မှန်းကြည့်ပေါ့….”
“ မမှန်းနိုင်ပေါင်…” လျန်ရူရွှယ် မော်ကြွားစွာ ပြောလိုက်ရင်း “ ဒါနဲ့ နင် ဘယ်လဲ ရောက်နေတာ… နင့်အိမ်နဲ့လည်း မတူသလိုပဲ…”
“ ဘာတွေလာပြောနေတာ…. ငါ့အိမ်မှာပါပဲ…”
“ လျှောက်ပြီး ဖုံးဖိပြောမနေနဲ့… ငါ့ကိုများ ကျိုကျုံးဗီလာ မရောက်ဖူးဘူးများ ထင်နေလား..” လျန်ရူရွှယ် ပြောလိုက်ပြီး တစ်စုံတစ်ခုကို အနံ့ရသွားသည့်ဟန်ဖြင့် “ ပြောစမ်း... နင် ဘယ် မြေခွေးမ တစ်ကောင်ကောင်ရဲ့ အိမ်ကို ရောက်နေတာလဲ …”
“ အမ်… တကယ်တော့… မင်းပြောတာကလည်း မမှားဘူးပဲ..… ဘယ်မြေခွေးမရဲ့ အိမ်လည်း ဆိုတာ မင်းကို ပြမယ်…”
ပြောပြီးနောက် လင်းရီ ကင်မရာကို ရှေ့သို့လှည့်လိုက်ပြီး အခန်းပတ်ပတ်လည်ကို ဝေ့ဝိုက်ပြလိုက်သည်။