သူ နင့်အနားကနေ ဘယ်တုန်းကမှ ထွက်မသွားခဲ့ဘူး
Vol. 84 Ch. 1248
“ ဟင်….”
ဖုန်းတစ်ဖက်ခြမ်းရှိ လျန်ရူရွှယ်မှာတော့ ကြက်သေသေနေမိလေသည်။
“ ဟဲ့… ဘာလို့ ငါ့အိမ်နဲ့ တူနေရတာလဲ… ပြီးတော့ နင် ငါ့အခန်းထဲမှာမလား..”
“ အိုး.. ဒါ မင့်အိမ်လား…” လင်းရီ ပြုံးလိုက်ပြီး “ မသိပါဘူး... ငါက ဒီတိုင်း မြေခွေးမရဲ့ အိမ်မှာပါဟ….”
လျန်ရူရွှယ်၏ မျက်နှာ ရဲရဲနီသွားလေတော့သည်။ သူမ တစ်ချိန်တည်းတွင် ကြက်သေသေသလို ရှက်လည်း ရှက်ရွံ့နေမိ၏။
“ ငါ့ကိုပြောစမ်း… နင် ဘာလို့ ငါ့ အိမ်ရောက်နေတာလဲ…”
လင်းရီ မည်သည်ကိုမျှ ဖုံးကွယ်မနေပါဘဲ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို လျန်ရူရွှယ်အား ပြောပြလိုက်သည်။
ဘာကြောင့်လဲဆိုတော့ သူက မပြောပြခဲ့လျှင်ပင် သူမ သိရှိသွားဖို့ရာက သိပ်ကြာလိမ့်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ သူ့အဖေ အလုပ်ခရီးထွက်နေသဖြင့် သူ့အမေ အိမ်ခေါ်လာသည်လို့လည်း ပြောလို့ မသင့်ချေ။
ဖြစ်ပျက်ခဲ့သမျှကို သိရှိပြီးတော့ လျန်ရူရွှယ်မှာ အချိန်အတော်ကြာသည့်တိုင်အောင် မှင်တက်နေမိတော့၏။ ထို့နောက်တွင်မှ
“ ဆိုတော့ နင် အခု ဘယ်လိုခံစားရလဲ…”
“ အင်း… ဟိုလို ခံစားချက်ကြီးတွေ ပြင်းထန်နေတာမျိုးတော့ မရှိပါဘူး… “ လင်းရီ ပြောလိုက်ပြီး “ တော်တော်လေး တည်ငြိမ်ပါတယ်….”
“ လုပ်စမ်းပါ နင်ကလည်း.. .. နင်တို့ချင်း မတွေ့ရတာ ဒီလောက် နှစ်တွေ ကြာပြီကို နင်တို့ကြားမှာ နည်းနည်းလေး စိမ်းသက်မနေဘူးလို့တော့ ငါ့လာမပြောနဲ့..”
“ ဟ အဲ့လိုမျိုးတော့ ရှိတာပေါ့…. ဒါပေမယ့် မင်းထင်နေသလောက်ကြီးလည်း ပြင်းထန်မနေပါဘူး…”
ဤသို့ ဖြစ်မည်လို့လည်း လင်းရီ မျှော်လင့်မထားခဲ့ချေ။
သူတို့နှစ်ယောက်၏ ပြန်လည်ဆုံတွေ့မှုက ယခုလိုမျိုး ငြိမ်းချမ်းနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ နောင်ကျရင်ကော … နင် ဒီ ဆက်ဆံရေးကို ဘယ်လို ကိုင်တွယ်သွားဖို့ စဉ်းစားထားလဲ…” လျန်ရူရွှယ် ဂရုတစိုက်နှင့် မေးမြန်းလိုက်သည်။
“ အဲ့လောက်ထိတော့ ငါလည်း မစဉ်းစားရသေးဘူး … သူ့မှာ သူ့ဘဝနဲ့ ရှိသလို ငါ့မှာလည်း ငါ့ဘဝနဲ့ ရှိတယ်… ငါတို့ရဲ့ ကိုယ်စီ ဘဝကို ရှုပ်ထွေးသွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ဆိုတော့ ထွေထူး သက်ရောက်မှုတွေလည်း ရှိလာမှာ မဟုတ်ဘူး…”
“ အွန်း… မှန်တယ်…” လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ “ နှစ်တွေလည်း ကြာပြီ… အခြေအနေတွေကလည်း တည်ငြိမ်သွားပြီ ဆိုတော့ ဒါက တော်တော်လေး ကောင်းတယ်လို့ ထင်တယ်…”
လင်းရီ ပြုံးလျက် ခေါင်းညိမ့်ပြီး ဘာမျှ ပြန်မပြောချေ။
“ ဟုတ်သား… နင် ကျိုးဟိုင်မှာ အကောင်းသားကြီးကို ဘာလို့ ရန်ကျင်းရောက်နေရတာ…”
“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ ကိစ္စတစ်ချို့နဲ့ ရောက်လာခဲ့တာလေ…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ အသီးတွေလည်း ရောင်းဖို့ဆိုပြီး ငါနဲ့ သယ်လာသေးတယ်… အဲ့တာ ရောင်းကောင်းမယ့် နေရာတစ်ချို့လောက် သိရင် ပြောဦး… ဖြစ်နိုင်ရင် သူကြွယ်တွေ မှိုလိုပေါနေတဲ့ နေရာဆို ပိုကောင်းတယ်…ထန်ချိန်အိမ်ယာက လူတွေလိုမျိုးလောက်ဆိုရင်ကို အိုကေပြီ…”
ဝမ်ဖူကျင်လမ်းတွင် တစ်နေ့လုံး နေ၍ တစ်ကတ်တီသာလျှင် ရောင်းရကတည်းက လင်းရီ ထိုနေရာကို တော်တော်လေး ဆလံသလိုက်မိသည်။
ထို့ကြောင့် တခြားတနေရာ ရွေ့ရန် ဆုံးဖြတ်လိုက်တော့၏။
“ အင်း..…” လျန်ရူရွှယ် စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်နေပြီးနောက် “ ခိုင်ရွှမ်အိမ်ယာဆိုရင်ရော ဘယ်လိုလဲ… အဲနေရာက ဒီသုံးလေးနှစ်ထဲမှာ အဆင့်တန်းမြင့် နေရာတစ်ခု ဖြစ်လာခဲ့တာပဲ… ငါ မနက်ဖြန်ကျရင် ဖုန်းဆက်ထားပြီး နင့်ဖို့ တစ်နေရာ စီစဉ်ပေးထားလိုက်မယ်လေ… အဲ့လိုဆို မြို့က ရဲတပ်ဖွဲ့လည်း နင့်ကို လာဖမ်းတော့မှာ မဟုတ်ဘူး…”
“ ဟုတ်ကဲ့… အလှလေး အတွင်းရေးမှူးလျန်ကို ကျေးဇူးတင်ပါကြောင်း….”
“ ကျွတ်…. လူကို လာဆွယ်မနေနဲ့…” လျန်ရူရွှယ် မျက်လုံးလှန်ကြည့်လိုက်ပြီး “ ဒါနဲ့ နင့်ကို တစ်ခါတည်း ပြောထားလိုက်မယ်နော်…. နင် ငါ့အခန်းထဲမှာ အိပ်မှာဆိုအိပ်… ဒါပေမယ့် ငါ့ပစ္စည်းတွေတော့ လျှောက်မထိနဲ့…”
“ ဘာလို့… မင်းမှာ လျှို့ဝှက်ချက် သေးသေးလေးတွေ ရှိနေလို့လား..” လင်းရီ အိပ်ယာအောက်သို့ ဆင်းလိုက်ပြီး “ အဲ့လိုဆိုရင် ဒီကလည်း ရှာကြည့်ဦးမှပါ…”
“ အား….” လျန်ရူရွှယ် ဖုန်းထဲမှ ခုန်ပေါက် အော်ဟစ်နေရင်း “ ငါ နင့်ကို သတ်မယ်… နင် ရွေ့ရဲရွေ့ကြည့် ကျိုးဟိုင်ပြန်လာတာနဲ့ နင့်ကို သင်ခန်းစာ ပေးပစ်မယ်…”
“ ငါက ဘာလို့ ကြောက်ရမှာ… “
“ ကျွတ်.. ဒါဆိုလည်း ကြည့်ပေါ့.. ဒီတိုင်း အတွင်းခံလေး နည်းနည်းပါးပါးနဲ့ ငါ့ပစ္စည်း တစ်ချို့ပါပဲ.. ငါ မကြောက်ပါဘူးနော်…”
သူမ လင်းရီကို မရပ်တန့်နိုင်မှန်း သိတော့ လျန်ရူရွှယ် ဂရုမစိုက်တော့ချေ။
“ အာ… ဒီတိုင်း အတွင်းခံလေးပဲလား.. အဲ့လိုဆိုရင်တော့ မကြည့်တော့ဘူး..”
“ နင် ဒါက ဘာသဘောတုန်း..”
“ ငါမှ စိတ်မဝင်စားတာ…”
“ နင်က ငါ့ အတွင်းခံကို စိတ်မဝင်စားတော့ဘူးပေါ့…. ဟုတ်လား…. ဘာလို့လဲ… နင်ငါ့ကို စိတ်မဝင်စားတော့ဘူးပေါ့… နင် ငါ့အပေါ် စိတ်တွေ ကုန်နေပြီပေါ့…. ဟုတ်လား…”
ဟာ...
“ မင်းပဲ ငါ့ကို မကြည့်နဲ့ဆို… ခု ငါ မကြည့်ဘူး ဆိုပြန်တော့လည်း မင်းအပေါ် စိတ်ကုန်နေပါပြီလို့ ယိုးစွပ်နေပြန်ပြီ… ဒါ ဘယ်လိုတောင် မျက်နှာနှစ်ဖက် ဆန်လိုက်လဲ…”
“ သေလိုက် သေလိုက် သေလိုက်… နင်ကမှ မျက်နှာနှစ်ဖက်နဲ့ကောင်…” လျန်ရူရွှယ် ကျွဲမြီးတိုသွားခဲ့ပြီး “ နောက်ကျနေပြီ.. မြန်မြန်အိပ်တော့ … ငါ ဖတ်ရမယ့် စာရွက်စာတမ်းတွေ ရှိသေးတုန်းပဲ… ဆက်ပြီး မနှောင့်ယှက်နဲ့တော့…”
“ ဒါဆို မင်းလည်း စောစောအိပ်….ညဉ့်နက်မှ အိပ်တာ မကောင်းဘူး…”
“ အင်း.. ငါ သန်းခေါင် မကျော်ခင် အိပ်မယ်…”
ဖုန်းချပြီးနောက် လင်းရီ တခြား မည်သည့် ထူးဆန်းတာမျှ မလုပ်ခဲ့ချေ။
လျန်ရူရွှယ် ချန်ထားရစ်ခဲ့သည့် အတွင်းခံများ အပေါ်တွင်လည်း စိတ်ဝင်စားမှု မရှိ။ အကယ်၍ ဝတ်ဆင်ထားခြင်း မရှိပါက သာမန် အဝတ်စများသာ ဖြစ်လေသည်။
အကယ်၍ သူသာ အမှန်ပင် စိတ်ပါသည်ဆိုကလည်း ကျိုးဟိုင်သို့သွား၍ လျန်ရူရွှယ်အနား တောင်းကြည့်၍ရသည်။ စိတ်ကူးယဉ်နေစရာ အကြောင်း မရှိချေ။
နောက် တစ်နေ့ နံနက် ခုနစ်နာရီထိုးလောက်ကျတော့ လင်းရီ အပြင်ဘက်၌ အိုးခွက် ပန်းကန်သံများကို ကြားနေရလေသည်။
သူ နိုးလာသည့် အချိန်တွင် အမျိုးသမီး နှစ်ယောက်မှာ စတင် ချက်ပြုတ် ပြင်ဆင်နေပြီ ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။
ချင်ရင်ယွဲ့က ချက်ပြုတ်နေစဉ် ရှန်းရှုရီက ဘေးမှနေ၍ ကူညီပေး၏။
“ မျက်နှာသွားသစ်ချည်… အမေတို့ ခဏနေဆို စားကြမယ်…”
“ အင်း…”
လင်းရီ ခေါင်းညိမ့်၍ ရေချိုးခန်းထဲသွား၊ ကိုယ်လက်သန့်စင်ပြီး ထမင်းစားပွဲထံသို့ ပြန်လာသည်။
ဤတစ်ကြိမ် စားသောက်ရမည့် မနက်စာများကတော့
ကြက်ဥပေါင်း၊ ဆန်ပြုတ်၊ ပဲနို့၊ အီကြာကွေး စသဖြင့် တော်တော်လေးကို ဖွယ်ရာ များပြားလှ၏။
“ စားလေ… ဘာတွေ ကြည့်နေတာ.. အကုန် နင့်အကြိုက်တွေချည်း မဟုတ်ဘူးလား….”
လင်းရီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
နေစမ်းပါဦး.. သူ မနက်စာကို ဒီလိုစားရတာ ကြိုက်မှန်း ဘယ်လိုလုပ်ပြီး သိတာလဲတဲ့….
နာရီဝက်ခန့် ကြာပြီးနောက် သုံးယောက်သားလည်း မနက်စာ သုံးဆောင်လို့ ပြီးစီးသွားခဲ့ပြီး ချင်ရင်ယွဲ့ သူမ လက်ကောက်ဝတ်ရှိ နာရီကို ကြည့်ရင်း “ အချိန်ကျပြီ.. ငါသွားတော့မယ်…”
“ နည်းနည်းလောက်လေး မနေတော့ဘူးလား နင်ကလည်း… လေယာဉ်ချိန် နောက်ကျမှာတွေ ပူစရာလည်း မလိုဘဲနဲ့ကို ဘာတွေ အလျင်လိုနေတာ…”
“ မဟုတ်လည်း သွားရမယ့်အတူတူ ဘာလို့ အချိန်ဆွဲနေမှာလဲ…”
ချင်ရင်ယွဲ့သည်လည်း လင်းရီနှင့် ပြန်လည်ဆုံစည်းခါစ ဖြစ်၍ ကောက်ကာငင်ကာကြီး ထွက်မသွားရက်ပေ။
သို့ပေမယ့် သူမသည်က တင်းတိမ်ရောင့်ရဲတတ်သူ တစ်ဦးဖြစ်၏။ လင်းရီ သူမကို ‘ အမေ ‘ ဟူ၍ အသိအမှတ်ပြုသည်နှင့်တင် ဘုရားသခင် ပေးအပ်ခဲ့သည့် အကောင်းမွန်ဆုံးသော လက်ဆောင်မွန်ပင်။
ထို့ထက်ပို၍လည်း သူမ မတောင်းဆိုဝံ့တော့ချေ။
ထို့ကြောင့် သူမ ဂုဏ်သိက္ခာရှိရှိနှင့်ပဲ ထွက်ခွာသွားမည်။ သူမ ကျေနပ်ပါသည်။
“ နင် ဘယ်တော့ ပြန်လာခဲ့မှာ..” ရှန်းရှုရီ မေးမြန်းလိုက်၏။
“ ပြောဖို့ခက်တယ်…”
“ နင်လည်း ငါ့အခြေအနေကို သိပါတယ်… ဒီနှစ်တွေမှာ ဒီလိုချည်းပဲလေ… အချိန်မရွေး ပြန်လာချင်လည်း ပြန်လာနိုင်တယ်… ပြီးတော့ ငါတို့နှစ်ယောက်က ဝီချက်ကနေ စကားပြောလို့ ရနေတာပဲ မဟုတ်ဘူးလား…. နင်က ဘာတွေ စိုးရိမ်နေတာ…”
“ အဲ့လိုပြောရတော့ကော ဘာထူးမှာမို့လို့… အပြင်မှာ လူချင်းတွေ့ရတာလောက်တောင် မကောင်းပဲကို…” ရှန်းရှုရီ ပြောလိုက်ပြီး “ နောက် သုံးနှစ်ကနေ ငါးနှစ်ဆို ငါ အနားယူတော့မှာ… နင့်အချိန်တွေကို အပြင်မှာပဲ လျှောက်သွားရင်းနဲ့ ဖြုန်းတီးမနေနဲ့ဦး သိလား.. မြန်မြန် ပြန်လာခဲ့….”
“ အေးပါ အေးပါ … ငါ သိပါတယ်… နင် အနားယူပြီးတဲ့ အခါကျရင် ငါ ကျိန်းသေပေါက် ရန်ကျင်း ပြန်လာခဲ့မယ်…”
“ အဲ့လိုမှပေါ့…”
ရှန်းရှုရီ သူမ၏ ကုတ်အင်္ကျီကို အပေါ်မှ ထပ်လိုက်ရင်း လင်းရီကို ပြောလိုက်၏။
“ လေဆိပ်ကို သွားစို့…”
“ အိုကေ…”
သုံးယောက်သား အောက်ထပ်သို့ ဆင်း၍ ရှန်းရှုရီ၏ Audi A8 ထဲ ဝင်လိုက်ကြသည်။ ထို့နောက် လေဆိပ်သို့ မောင်းထွက်လာကြတော့၏။
ဟိုရောက်တော့ လင်းရီ၏ လေယာဉ်မှာ ပြေးလမ်းပေါ်တွင် အသင့်စောင့်ဆိုင်းနေပြီး ဖြစ်လေသည်။
“ ငါ အခုသွားရတော့မယ်… အစကတော့ အန်တီစုန့်ဆီ သွားလည်ဦးမလို့ကို ခုကြည့်ရတာတော့ သွားမလည်နိုင်တော့ဘူးနဲ့ တူပါတယ်လေ… နင် အားရင် ငါ့ကိုယ်စား ရှင်းပြပေးလိုက်ပါဦး..”
“ အင်းပါ… နင် စိတ်ချလက်ချသာသွား…”
ချင်ရင်ယွဲ့ သူမ၏ ခရီးဆောင်အိတ်အားချ၍ ချင်ရင်ယွဲ့အား ပွေ့ဖက်လိုက်သည်။
နှုတ်ဆက်သည် ဆိုသော်ငြား သူမ မျက်နှာထက်တွင် အပြုံးပန်းတို့ ဝေဆာနေသည်။
သူမ သား၏ အသိအမှတ်ပြုမူကို ရယူနိုင်ခြင်းကပင် ယခုတစ်ခေါက် သူမထွက်လာခဲ့သည့် ခရီးစဉ်တွင် အပျော်ရွှင်ဆုံး တစ်ခုဖြစ်၏။
“ လေယာဉ်ဆင်းပြီဆိုလည်း ဖုန်းဆက်ဖို့ မမေ့နဲ့ဦး…”
“ အင်းပါ..”
ရှန်းရှုရီနှင့် ပွေ့ဖက်ပြီးနောက် လင်းရီ သူ၏ လက်မောင်းကို ဖွင့်ပေးလိုက်သည်။ အရင်းနှီးဆုံး သူစိမ်းတစ်ယောက်ကို သူ ပွေ့ဖက်ရန် အဆင်သင့် ဖြစ်နေလေသည်။
ပွေ့ဖက်သည့် အချိန်ကာလက တိုတောင်း၏။ မျက်ရည်များလည်း ကျမလာချေ။ သို့သော် ရင်ဘက်ထဲတွင်တော့ ဝမ်းနည်းနေမိသည်။
ချင်ရင်ယွဲ့ သူတို့ နှစ်ယောက်ကို လက်ဝှေ့ယမ်းပြရင်း ခရီးဆောင်အိတ်နှင့်အတူ လေယာဉ်ပေါ်သို့ တက်သွားခဲ့သည်။
“ သွားကြစို့… အဲ့အတိုင်းချည်းပဲ ရပ်မနေနဲ့…” ရှန်းရှုရီ လင်းရီကို တံတောင်ဖြင့် တွတ်လိုက်၏။
လင်းရီ ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။ ထို့နောက် နှစ်ယောက်သား နောက်ပြန်လှည့်၍ လေဆိပ်မှ ထွက်လာခဲ့ကြလေသည်။
“ သူက………”
လင်းရီ တစ်စုံတစ်ရာ ပြောလိုက်ချင်သည်။ သို့သော် တစ်ချိန်တည်းတွင် သူ တုံ့ဆိုင်းနေခဲ့မိ၏။
“ ဒီအချိန်ကျမှ နင်က ဘာတွေ လျှို့ဝှက်ချင်နေသေးတာ… နင် ပြောချင်တာ ပြောလိုက်…”
အတန်ငယ်ကြာအောင် တိတ်ဆိတ်နေပြီးနောက် လင်းရီမှ “ သူ ကျွန်တော့်အကြောင်းကို ကောင်းကောင်းကြီး သိနေသလိုပဲ….”
ယနေ့ မနက်စာကို အဓိက ပြုလုပ်ခဲ့သူက ချင်ရင်ယွဲ့ဖြစ်ကြောင်းကို လင်းရီ ကောင်းကောင်းကြီး မှတ်မိသည်။ ရှန်းရှုရီက ကူညီရုံမျှသာ ကူညီပေးနေခြင်း ဖြစ်၏။ သူမက သူ့အကြိုက်များကို ပြောပြဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် လျန်ရူရွှယ်ပင် သူ မနက်စာ မည်သည်များ စားရသည်ကို နှစ်သက်ကြောင်း မသိရှိသောကြောင့် ဖြစ်လေသည်။
လေအဝှေ့တွင် ရှန်းရှုရီ သူမ၏ ဆံပင်များကို ဖြီးသပ်လိုက်ရင်း “ အဲ့တာ ဒီနှစ်တွေထဲမှာ သူ နင့်အနားကနေ ဘယ်တုန်းကမှ ထွက်မသွားခဲ့လို့ပဲ… သူ နင့်အကြောင်းတွေ အများကြီး သိသလို နင် ဘာတွေ စားရတာကို ကြိုက်တယ်ဆိုတာလည်း သိတယ်… ဒါကြောင့်မို့ ဒီမနက် သူ လုပ်သမျှအရာတွေက နင့်အကြိုက်တွေချည်း ဖြစ်နေတာလေ….”