← Chapters

ကျွန်မ ဘယ်သူနဲ့ တွေ့ခဲ့လဲလို့ ရှင်မှန်းကြည့်

Vol. 84 Ch. 1250

ကျွန်မ ဘယ်သူနဲ့ တွေ့ခဲ့လဲလို့ ရှင်မှန်းကြည့်

Vol. 84 Ch. 1250

“ မင်းမေ%..”

“ အဲ့မှာတင် ရပ်…”

စိတ်လက်တစ်ဆစ်လောက်သာ ရှိသည့် ချင်ရန်လင်းမှာ ဒေါပုန်တကြီးဖြင့် လင်းရီထံ ပြေးဝင်လာခဲ့၏။ သို့သော် ချင်ရန်လုံ၏ ဟန့်တားခြင်းကို ခံလိုက်ရလေသည်။

ချင်ရန်လင်း အသိစိတ် ပြန်ကပ်လာပြီး ပြေးလာရင်း တန်းလန်း ရပ်တန့်သွားခဲ့သည်။

သူသည်လင်း လင်းရီ၏ ပြိုင်ဘက် မဟုတ်ကြောင်းကို သူ့ကိုယ်သူ သိ၏။ ယခုအချိန်က စိတ်လိုက်မာန်ပါ ပြုလုပ်ရမည့် အချိန် မဟုတ်သေးချေ။

တစ်လှမ်းချင်း လှမ်းလျက် … ချင်ရန်လုံ လင်းရီအနား တိုးကပ်လာခဲ့သည်။

“ ကောင်လေး… မင်းမှာ ဇတော့ ရှိသား.. ငါ ချင်ရန်လုံ ဒီရောက်လာတာတောင် မင်းက အဲ့လိုစကားမျိုး ပြောဝံ့နေတယ်ပေါ့… ရှန်းရှုရီ ဒီမှာ ရှိနေတာနဲ့ပဲ ငါ မလှုပ်ရှားရဲတော့ဘူးလို့ မင်း စိတ်က သေချာနေတာလား…”

“ ကျုပ်မှာ သူများတွေအပေါ် မှီခိုတတ်တဲ့စိတ် မရှိဘူး..” လင်းရီ သူ၏ လက်ကောက်ဝတ်ကို ရွေ့လျားလိုက်ပြီး “ ခင်များ သူတို့အတွက် လက်စားပြန်ချေချင်တယ်ဆိုလည်း လုပ်လိုက်… ဒီမှာလည်း ဘယ်သူမှ ရှိတာမဟုတ်ဘူး…”

“ အစ်ကိုချင်… ရှင်က လူကြီးနော်…. ရှင့်အဆင့်နဲ့ ကိုယ့်ထက် အသက်ငယ်တဲ့သူကို အနိုင်ကျင့်နေတာကြီးကတော့ မဟုတ်သေးပါဘူး…” ရှန်းရှုရီ အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

“ သူ ငါတို့ ချင်မိသားစုရဲ့ အစီအစဉ်တွေကို ဖျက်စီးခဲ့တယ်… ငါက ဒီကိစ္စ ဒီတိုင်းထားပေးလိုက်ရမှာလား…”

“ မထားပေးလို့ရတယ်.. ဒါပေမယ့် လူငယ်တွေရဲ့ ကိစ္စ လူငယ်တွေပဲ ဖြေရှင်းပါစေပေါ့… ရှင် ဝင်ပါစရာ မလိုပါဘူး.. ကျွန်မ ပြောတာ မှားလား..” ရှန်းရှုရီ ပြောလိုက်ပြီး “ ဘယ်လိုပဲဖြစ်ဖြစ် ရှင်ဆိုတာ ရန်ကျင်းက အထင်ကရ ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်နေသေးတုန်းပဲလေ… လူငယ်တွေရဲ့ ကိစ္စမှာ ဝင်ပြီး စွက်ဖက်မယ်ဆိုရင် ရှင့်အတွက် အရှက်ရစရာ ဖြစ်လိမ့်မယ်…”

“ မင်း အထင်လွဲနေပြီ… ဒါက လူငယ်တွေကြားက ပြဿနာ မဟုတ်ဘူး.. ချင်မိသားစု တစ်ခုလုံးရဲ့ အရေး… ဒီတော့ ငါ ဝင်စွက်ဖက်ပိုင်ခွင့်ရှိတယ်…”

ရှန်းရှုရီနှင့် လင်းရီကို ရင်ဆိုင်စဉ်တွင် ချင်ရန်လုံ၏ သဘောထားက မျက်နှာနှစ်ဖက် ဖြစ်နေသည်။

လင်းရီနှင့် စကားပြောစဉ်တွင်တော့ သူက မောက်မာ ဝင့်ကြွားပြီး အနည်းငယ်ပင် ကျိုးကြောင်း မသင့်တင့်လိုက်သေးချေ။

သို့သော် ရှန်းရှုရီနှင့် စကားပြောစဉ်တွင်တော့ ပို၍ စိတ်ရှည်နေလျက် ရှိတော့၏။

“ ချင်မိသားစု တစ်ခုလုံး ပါဝင်ပက်သတ်နေတဲ့ အရေးဆိုတော့ ရှင် လင်းရီ တစ်ယောက်တည်းကို ချဉ်းကပ်နေတာတော့ မဟုတ်သေးဘူး… လင်းကျင်ကျန့်ကို တိုက်ရိုက်စကားသွားပြောတာက ပိုပြီး သင့်လျော်မယ် မထင်ဘူးလား…”

လင်းကျင်ကျန့်…..

ထိုနာမည်ကို လင်းရီ သူ့ဘာသူ ရေရွတ်လိုက်၏။

လင်းကျင်ကျန့်၏ အမည်ကို ကြားတော့ ချင်ရန်လုံ၏ ခန္ဓာကိုယ်မှာ မသိစိတ်အလျောက် တုန်ယင်သွားခဲ့လေသည်။

“ ဒါက ငါတို့ ချင်မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ… ငါတို့ ဘယ်လိုကိုင်တွယ်သလဲဆိုတာလည်း ငါတို့ သဘောပဲ… မင်းက ဟွာရန်အုပ်စုနဲ့ လျန်မိသားစုကို စီမံဖို့ပဲ လိုတယ်… ဘာမှ မသိဘဲ မျက်ကန်းဝင်မစွက်ဖက်နဲ့…”

“ မျက်ကန်း ဝင်စွက်ဖက်နေတယ်လို့ ဘယ်လိုတောင်ပြောနေရတာလဲရှင်…” ရှန်းရှုရီ ပြုံးလိုက်ပြီး “ လင်းရီနဲ့ ကျွန်မ သမီးက သိပ်ရင်းနှီးတာလေ… ဒါကြောင့်မို့ သူ အနိုင်ကျင့်ခံနေရတာကို ကျွန်မ ဒီတိုင်း လက်ပိုက်ပြီး ကြည့်မနေနိုင်ဘူး… ရှင်ကော အဲ့လို မထင်ဘူးလား…”

ချင်ရန်လုံ မျက်မှောင်ကုပ်သွားခဲ့သည်။ ချင်ညီအစ်ကိုတို့တတွေ၏ မျက်နှာသည်လည်း ကြည့်လို့ကောင်းမနေချေ။

အကယ်၍ ရှန်းရှုရီသာ ဤကိစ္စတွင် ဝင်စွက်ဖက်ချင်နေသည် ဆိုပါက သူတို့ ယနေ့ လှုပ်ရှားဖို့ မဖြစ်နိုင်တော့ချေ။

ချီးပဲ… တော်တော်ကောက်ကျစ်တဲ့ မိန်းမကြီး…

မနေ့တုန်းကကျ ဝင်မပါဘဲနဲ့ ဒီနေ့ သူတို့ အကြီးအကဲ လိုက်လာတဲ့ အချိန်ကျ ဝင်ပြီး စွက်ဖက်နေတယ်… ဘယ်လိုတောင် ရွံ့ဖို့ ကောင်းထားလဲ..

“ မင်း သေချာလား…”

“ သေချာတယ်…”

ချင်ရန်လုံ မျက်နှာကြောကြီးများ ထောင်ထနေပြီး တစ်ပြင်လုံးလည်း နီရဲနေသည်။ မီးထတောက်မည်ကိုတောင် စိုးရွံ့နေရ၏။

“ ကောင်းပြီ…”

ချင်ရန်လုံ ဒေါသပေါက်ကွဲသွားရမည့်အစား ကျယ်လောင်စွာ နောက်လှန် ရယ်မောလိုက်ရင်း “ မင်းက သူ့ဘက်ကဝင်ပြီး ပြောပေးနေမှတော့ ဒီကနေ့ မင်းကို မျက်နှာသာ ပေးလိုက်ပါမယ်…”

ပြောပြီးနောက် ချင်ရန်လုံ လင်းရီကို ကြည့်လိုက်ပြီး လက်ဆန့်တန်းလာခဲ့ကာ “ ကောင်လေး … ငါတို့ ရန်ဖြစ်ဖူးတာ တစ်ကြိမ် မကတော့ဘူး.. ဒီတော့ အသိတွေလို့ ပြောလို့ရတယ်… လက်ဆွဲနှုတ်ဆက်ကြလို့ အဆင်ပြေတယ်မလား…”

လင်းရီ မျက်ခုံးပင့်လျက် ဆန့်ထုတ်လာသည့် လက်ကို ကြည့်လိုက်သည်။ ယင်းက စမ်းသပ်ချက် တစ်ခုဆိုသည်မှာ သိသာနေသည်။

သို့ဖြစ်သည့်တိုင် လင်းရီ လက်ကို ဆန့်တန်းလိုက်ဆဲဖြစ်၏။

သူတို့ လက်ဖဝါးချင်း ထိတွေ့သည့် အခိုက်အတန့်တွင်ပဲ လင်းရီ ချင်ရန်လုံ၏ လက်မှ ပြင်းထန်သည့် အင်အားဖြင့် သူ့အား ဖျစ်ညစ်လာသည်ကို ခံစားလိုက်ရသည်။

ဤသို့ဖြစ်မည်ကိုလည်း လင်းရီ မျှော်လင့်ထားပြီးဖြစ်၏။

အပြုံးတစ်ခုက ချင်ရန်လုံ၏ မျက်နှာထက် ထွက်ပေါ်လာသည်။

ရှန်းရှုရီ ဤနေရာတွင်ရှိနေ၍ လင်းရီကို မတိုက်ခိုက်နိုင်ဘူး ဆိုသော်ငြားလည်း လွယ်လွယ်ကူကူနှင့် လွှတ်ပေးလိုသည့် ဆန္ဒ သူ့တွင် မရှိချေ။

သူ၏ C အဆင့် ခွန်အားဖြင့် လင်းရီကို ဖိအားပေးဖို့ဆိုသည်မှာ အလွယ်လေးပင်။

ချင်ရန်လင်းနှင့် ချင်ရန်ဖူတို့သည်လည်း ထို့နည်းတူ တွေးတောနေခဲ့ကြ၏။ သို့သော် လက်တွေ့ အခြေအနေမှာမူကား သူတို့ စိတ်ကူးထားသည်နှင့် တပ်တပ်စင်အောင် လွဲချော်နေတော့၏။

ရုတ်တရက်ဆိုသလိုပဲ….

ချင်ရန်လုံ သူ အောင်မြင်ပြီဟူ၍ အတွေးဘဝင်ခိုက်နေစဉ်တွင် ပြင်းထန်အားကောင်းသည့် ဖိအားတစ်ရပ်က လင်းရီ လက်ဖဝါးမှ နေ၍ ရုတ်တရက် ထွက်ပေါ်လာသည်။

ယင်းက သူနှင့် တန်းတူ အင်အားအဆင့်သို့တိုင် ရောက်ရှိနေပြီးဖြစ်သည်။

‘ ဘာ... ဒါ… ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..’

ချင်ရန်လုံ ရင်ထဲ ဝရုန်းသုန်းကား ဖြစ်ပျက်သွားခဲ့တော့သည်။

ဒီခွေးသားလေးက ပါမွှား D အဆင့်လေးရယ်ကို ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အားကောင်းနေရတာပါလိမ့်…

နှစ်ယောက်မှာ သူတို့၏ ခွန်အားများကို တစ်ချိန်တည်းတွင် ညှစ်ထုတ်၍ တိတ်တဆိတ် ယှဉ်ပြိုင်နေကြခြင်းဖြစ်ပြီး တင်းမာနေသည့် လေထုကို သာမန်မျက်လုံးဖြင့်ပင် မြင်တွေ့နေနိုင်သည်။

ချင်ညီအစ်ကိုနှစ်ယောက်မှာ အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။လင်းရီ၏ ခွန်အားက သူတို့ ထင်မှတ်ထားသည်ထက်ကို နောက်တစ်ကြိမ် ကျော်လွန်နေပြန်ချေပြီ။

လင်းရီက သူတို့ ဦးလေးကို ဘယ်လိုတောင် အကြာကြီး ရင်ဆိုင်နေနိုင်တာ… သူ အသံတစ်ချက်လေးတောင် မထွက်ဘူးပဲ…

“ အသက်ကဖြင့် ဒီလောက်ကြီးနေပြီကို ဒီလို ညစ်ပတ်တဲ့ လှည့်ကွက်တွေနဲ့ကစားနေသေးတုန်းပေါ့.. ပျင်းဖို့ကောင်းတယ် မထင်ဘူးလား…” လင်းရီ ခပ်ထေ့ထေ့ ပြောလိုက်ပြီး “ ခင်များတို့ ချင်မိသားစုတွေ ဒီနှစ်ထဲမှာ နိမ့်ကျလာခဲ့ကြတာ မဆန်းတော့ပါဘူး… ခင်များတို့ကိုက လူရွှင်တော်တွေ ဖြစ်နေကြတာကိုး…”

“ မင်း….”

“ အစ်ကိုချင်… ကျွန်မတို့ သွားရတော့မယ်… ရှင် ကောင်လေး တစ်ယောက်ရဲ့ လက်ကို ဘာလို့ အဲ့လောက်တောင် တင်းတင်းကြီး ဆုပ်ထားနေတာလဲ…” ရှန်းရှုရီ ပြောလိုက်၏။

“ ဟမ့်…”

ချင်ရန်လုံ အေးစက်စက် နှာသံပြု၍ လင်းရီလက်ကို လွှတ်ပေးလိုက်သည်။ သို့သော် သူ့ လက်ချောင်းများ နာကျင်နေသည်ကိုတော့ ခံစားလိုက်ရလေသည်။

“ ကျွန်မတို့ အရင်သွားနှင့်ပြီ… အားမှ ပြန်ဆုံကြတာပေါ့…”

ရှန်းရှုရီ လင်းရီကို ကားထဲခေါ်၍ မောင်းထွက်သွားခဲ့လေသည်။

“ သေစမ်း… သောက်ဘိုးတော်က အားတော့ တော်တော်ကောင်းတယ်…”

လင်းရီ ကားမောင်းရင်းဖြင့် သူ့ လက်ဖဝါးကို ခါရမ်းလျက် သွေးပြန်လျှောက်အောင် ပြုလုပ်နေတော့သည်။

အကယ်၍ လင်းရီသည်သာ သာမည D အဆင့် အင်အားရှိသူ တစ်ဦးဆိုပါက တစ်ဖက်သူ၏ ညှစ်အား တောင့်ခံနိုင်လိမ့်မည် မဟုတ်ပါချေ။

ကံကောင်းထောက်မစွာဖြင့် စနစ်မှ ပေးအပ်သည့် အခြားသော ကာယကြံ့ခိုင်မှုများလည်း ရှိနေခဲ့သည်။ မဟုတ်ပါက ယခုလောက်ဆို နာကျင်မှုကြောင့် တီကောင် ဆားနှင့် တို့သကဲ့သို့ ဖြစ်နေလောက်ချေပြီ ဖြစ်၏။

“ သူ့ကို ကျုံးဝေ့တပ်ဖွဲ့ထဲမှာတောင် အကြီးအကဲတစ်ယောက် သတ်မှတ်လို့ရတယ်… ဒီတော့ သူ့အဆင့်ကလည်း မြင့်မှာ သဘာဝပဲလေ…. နင်တို့ ခေါင်းဆောင်နဲ့လည်း တစ်သုတ်တည်းရယ်… နင် ဒီလောက်ထိ ခုခံနိုင်တာတောင်မှ အထင်ကြီးဖို့ ကောင်းနေပြီ ပြောရမယ်…” ရှန်းရှုရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါ… သူက နင့် ဦးလေး ဖြစ်နေသေးတုန်းပဲလေ… သူ့ မကောင်းကြောင်း ပြောတာတော့ မဟုတ်သေးဘူးထင်တယ်…”

“ သူ့ဘာသူ ဘာကြီးနေနေ ကျွန်တော်တော့ ဂရုမစိုက်ဘူး..”

“ ကားကို လမ်းဘေးမှာ ခဏထိုးရပ်လိုက်ပါလား… နင့်အန်တီရှေ့မှာ ယောက်ျားပီသလွန်းတဲ့ ပုံစံ လုပ်နေစရာမလိုပါဘူးဟယ်.. ဖြည်းဖြည်း အချိန်ယူပေါ့…”

“ ရပါတယ် ရပါတယ်… ခဏဆို အဆင်ပြေပြီ…”

……….

တစ်ချိန်တည်းတွင် ချင်မိသားစု သုံးယောက်သည်လည်း ကားထံသို့ ပြန်လာခဲ့ကြသည်။

ချင်ရန်လုံ သူ့လက်ကို ခါရမ်းလျက် လင်းရီ၏ ကြောက်မက်ဖွယ်ကောင်းသည့် အင်အားက သူ့အတွက် အနည်းငယ် များပြားနေခဲ့လေသည်။

“ အဖေ… ဘယ်လိုဖြစ်တာလဲ.. အဲ့ကောင် တောင့်ခံနိုင်ခဲ့တာလား…”

“ သူက တောင့်ခံနိုင်ရုံတင်မကဘူး… ငါ့ကိုပါ ဖိအားပြန်ပေးလိုက်နိုင်တာ… သူ့ခွန်အားက D အဆင့်ကိုတောင် ကျော်နေပြီ… မင်း သူ့ဆီ ရှုံးသွားတယ်ဆိုတာ နားလည်ပေးလိုက်လို့ရတယ်…”

“ ဒါပေမယ့် အဖေက C အဆင့် ရောက်ပြီကို သူက ဘယ်လိုလုပ်ပြီး အဖေနဲ့ ခွန်အားချင်း ယှဉ်ပြိုင်နေနိုင်တာ…”

“ ငါလည်း အဲ့တာတော့ ဘယ်သိမှာ..” ချင်ရန်လုံ မျက်လုံး ကျဉ်းမြောင်းသွားခဲ့ပြီး “ သောက်ကလေးက တကယ့်ကို လူထူးဆန်း.. ဝမ်မြန်ကလွဲရင် ရန်ကျင်းက လူငယ်မျိုးဆက်ထဲမှာ သူနဲ့ ယှဉ်နိုင်တဲ့လူဆိုတာ ရှိတော့မှာ မဟုတ်ဘူး…”

“ ဒါဆို သူ့ကို နောင်ကျ ဘယ်လိုထပ်လုပ်ဖို့ ရှိသေးလဲ..” ချင်ရန်ဖူ မေးမြန်းလိုက်သည်။

“ နောင်ကိစ္စ နောင်မှ ပြောကြတာပေါ့… သူ့ ကျောထောက် နောက်ခံတွေက ခေတဲ့ သူတွေ မဟုတ်ဘူး… သူ့ကို ထိပါးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ..” ချင်ရန်လုံ ပြောလိုက်ပြီးနောက် လူငယ်နှစ်ယောက်ကို ကြည့်လျက် “ မင်းတို့ကောင်တွေ မကျေနပ်ကြဘူးဆိုတာ ငါသိတယ်… ဒါပေမယ့် ငါ့ အမိန့်မပါဘဲနဲ့ မဆင်မခြင် လျှောက်လုပ်မယ် မကြံနဲ့… ဝမ်နဲ့ ဟန်မိသားစုက ငါတို့အတွက် ဥပမာကောင်းပဲ… နားလည်လား…”

“ ဟုတ်ကဲ့…”

……………….

Gulfstream G650

လေယာဉ်ပေါ်သို့ တက်ပြီးနောက် ချင်ရင်ယွဲ့ ပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းတို့အား တွေဝေစွာ ငေးမောကြည့်နေမိသည်။ သို့သော် သူမ နှုတ်ခမ်းထက်ရှိ အပြုံးလေးများကတော့ ဘယ်သောအခါမှ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပါချေ။

ရုတ်ချည်းဆိုသလို သူမ တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် ဖုန်းထုတ်၍ အမည်မရေးထားသည့် ဖုန်းနံပါတ်တစ်ခုအား ခေါ်ဆိုလိုက်၏။

“ ပြန်လာပြီလား…”

ပျင်းတိပျင်းရွဲ လေးပင်သည့် အသံတစ်သံမှာ ဖုန်းတစ်ဖက်ခြမ်းမှ နေ၍ ထွက်ပေါ်လာခဲ့၏။

ရန်ကျင်းတွင် မနက် ၁၀ နာရီ ဆိုသော်လည်း ဒူဘိုင်းတွင် မနက် ၆ နာရီမျှသာ ရှိသေးသည်။ ၎င်းတို့ကြားတွင် လေးနာရီမျှ အချိန်ကွာဟနေလျက် ရှိကာ အချိန်ဇုန်တစ်ဖက်ကမ်းရှိ လူတို့အဖို့ ယခုအချိန်က အိပ်လို့ကောင်းသေးသည့် အချိန်ပင်။

ထိုသို့ ပြောလာခဲ့သူကတော့ လင်းရီ၏ ဖခင် လင်းကျင်ကျန့်ပင်။

“ ကျွန်မ ရှင့်ဆီကို လာနေပြီ…” ချင်ရင်ယွဲ့ ညင်သာစွာ ပြုံးလျက် ပြောလိုက်ရင်း “ ကျွန်မ ဒီတစ်ခေါက် ရန်ကျင်းမှာ ဘယ်သူနဲ့ တွေ့ခဲ့လဲလို့ ရှင်မှန်းကြည့်ကြည့်…”

All Chapters