← Chapters

အံ့အားသင့်ဖို့ အကောင်းဆုံး ဆိုတဲ့ အသင်း ၁

Vol. 84 Ch. 1251

အံ့အားသင့်ဖို့ အကောင်းဆုံး ဆိုတဲ့ အသင်း ၁

Vol. 84 Ch. 1251

“ ရန်ကျင်းမှာ မင်းတွေ့နိုင်တဲ့ လူဆိုလို့ နည်းနည်းလေးရှိတာကို ဘယ်သူနဲ့ တွေ့ခဲ့ရဦးမှာ…” လင်းကျင်ကျန့် အိပ်ချင်မူးတူး လေသံဖြင့် ပြန်ပြောလိုက်သည်။ သို့ဖြစ်သည့်တိုင် သူ၏ လေသံက လူကိုတော့ စိတ်အနှောင့်အယှက် မဖြစ်စေပေ။

“ ကျွန်မ ရှင့်သားလေးနဲ့ တွေ့ခဲ့တယ်…”

“ ဟင်… ငါတို့သားလေးလား…”

“ ဘယ်သူလို့ ရှင်ထင်လို့…”

“ အဲ့တော့… သူက ရန်ကျင်းကို ဘာလာလုပ်တာ.. ကျုံးဝေ့တပ်ဖွဲ့ကြောင့်လား…”

လင်းကျင်ကျန့်၏ လေသံမှာ အံ့အားသင့်သွားသည့်ပုံ မပေါ်ချေ။ မည်သို့ပင်ဆိုစေ ဤနှစ်များတွင် သူ့ အမျိုးသမီးက သူ့သားအနားတွင် ရှိနေသောကြောင့် သူနှင့် တွေ့သည်မှာ မထူးဆန်းချေ။

“ ကျွန်မတို့ ထမင်းအတူ စားခဲ့ကြတယ်… ပြီးတော့…..”

“ ဟင်… နေစမ်းပါဦး… မင်းတို့နှစ်ယောက်က ထမင်း အတူစားခဲ့တယ် ဟုတ်လား…”

အဆိုပါ သတင်းက အိပ်ချင်မူးတူး ဖြစ်နေသည့် လင်းကျင်ကျန့်အဖို့တော့ ဗုံးပေါက်ကွဲထွက်သွားသည့်နှယ်ပင်။

သူ့ မျက်လုံးတို့ပင် ပြူးကျယ်လာသည်ထင်ရ၏။

အရင်က သူ့ကို အဝေးကနေပဲ လှမ်းကြည့်နေကြ မဟုတ်ဘူးလား… ဘယ်လိုဖြစ်ပြီး ထမင်းတွေပါ အတူစားနေကြတာ…

“ ပြီးတော့ကော.. ဘာလဲ… ဆက်ပြောလေ… ”

“ ပြီးတော့ ကျွန်မ ဘယ်သူဆိုတာ သူသိသွားတယ်… ခု ကျွန်မတို့ချင်း ရင်းနှီးသွားကြပြီ…”

ဘုတ်….

ကြားရသလောက်တော့ ဖုန်းပြုတ်ကျသွားသည့် အသံပင်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် လင်းကျင်ကျန့်၏ အသံမှာ ဖုန်းတစ်ဖက်ခြမ်းမှနေ၍ ပြန်ထွက်ပေါ်လာခဲ့ပြီး “ သူက မင်းဘယ်သူဆိုတာကို သိသွားပြီ ဟုတ်လား… ဘာတွေ ဖြစ်နေတာ…”

နောက် နာရီဝက်ကြာသည်အထိ ချင်ရင်ယွဲ့ ယမန်နေ့က ဖြစ်ပျက်ခဲ့သမျှကို လင်းကျင်ကျန့်အား လိပ်ပတ်လည်အောင် ပြန်ပြောပြလိုက်တော့သည်။

အကြောင်းစုံကို နားလည်သွားပြီးနောက် လင်းကျင်ကျန့် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း “ ဒါ တော်တော်ကြီးကို စိတ်ဝင်စားစရာပဲ…”

“ အဆိုးထဲက အကောင်းပေါ့…”

“ အနည်းဆုံးတော့ အဲ့ကောင်က အသိတရား ရှိသေးတယ်တော့ ပြောလို့ရတယ်…”

“ ရှင်အဲ့လို မပြောနဲ့လေ… ဘာပဲဆိုဆို ကျွန်မတို့က သူ့ကို ပြုစုပျိုးထောင်လာခဲ့ပေးတာမှ မဟုတ်တာ… အများကြီး တောင်းဆိုခွင့်မှ မရှိပဲ…” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်မပြောချင်တာက အဲ့ကိစ္စ မဟုတ်သေးဘူး…”

“ တခြား ကိစ္စ ရှိသေးတာလား…”

“ အင်း… ကျွန်မ ဒီကိစ္စကို စိတ်ဖိစီးနေတာ တော်တော်လေး ကြာပြီ … ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး…. ”

“ အဲ့တော့လည်း အချိန်ယူပေါ့…”

“ ကျွန်မတို့ သားက မီလိလေးနဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးတွေ ရှိနေတယ်နဲ့တူတယ်… ပြီးတော့ သူ ရှန်းရှုရီကို ယောက္ခမ ဆိုပြီး ခေါ်နေသံလည်း ကြားတယ်…”

“ လျန်ကြီးရဲ့ သမီးလေးက မဆိုးဘူးဆို… မင်း အဲ့လိုပြောဖူးတာ ငါ မှတ်မိပါသေးတယ်…”

“ ရှင် စကားကို ဘယ်လိုတွေ ပြောနေတာ… လေးလေးနက်နက်ကို မရှိဘူး... ” ချင်ရင်ယွဲ့ စိတ်အနှောင့်အယှက်ဖြစ်စွာ ကြိမ်းမောင်းပြစ်တင်လိုက်ရင်း “ ကျွန်မ ရှင့်ကို ဓာတ်ပုံ တစ်ပုံ ပြဖူးသေးတယ် မှတ်မိလား… အဲ့ကောင်မလေး ကျီချင်းရန်ဆိုတဲ့ တစ်ယောက်ကလည်း မဆိုးဘူး… ခု သူတို့နှစ်ယောက်က သားလေးရှေ့မှာ ရှိနေပြီ… ဒီကိစ္စ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး…”

“ လွယ်ပါတယ်.. တစ်ယောက် လက်လွှတ်လိုက်ပေါ့….”

“ ဒါပေမယ့် ကျွန်မ မြင်မိသလောက်တော့ သူက ဘယ်တစ်ယောက်ကိုမှ လက်လွှတ်ချင်တဲ့ပုံ မပေါ်ဘူး…”

“ ခွေးကောင်စုတ်လေးကတော့ ဖအေထက်ကို ပိုပြီး သာချင်နေတယ် ဟုတ်လား…”

“ ကြံဖန်ပြီး ဂုဏ်ယူမနေနဲ့…. ဘာလုပ်သင့်လဲ ကူစဉ်းစားပေးဦး…”

“ ဘယ်တစ်ယောက်က ပိုကောင်းမယ်လို့ မင်းထင်လဲ…” “ သူကတော့ နှစ်ယောက်လုံးကို အတူတူလောက်ပဲထင်တယ်… ဘယ်သူ့ကိုမှ လက်လွှတ်နိုင်မှာ မဟုတ်လောက်ဘူး…”

“ ဒါကြောင့်မို့ ကျွန်မ ရှင့်ကို ဖုန်းခေါ်လိုက်ရတာပေါ့.. ရှင့်ရဲ့ အမြင်ကို မေးနေတာ…”

“ သူလည်း သိတတ်တဲ့ အရွယ်ရောက်နေပါပြီကွာ… သူ့ကိစ္စ သူ့ဘာသူ ကိုင်တွယ်ပါစေ.. သူကိုက ဒီလို လုပ်ဖို့ ရွေးချယ်ပြီးပြီ ဆိုမှတော့ သူ့မှာ ကိုင်တွယ်နိုင်တဲ့ အစွမ်းအစ ရှိလို့ပေါ့…. ငါတို့ ဘာမှ မသိဘဲ မျက်ကန်း ဝင်စွက်ဖက်လို့ အလကားပဲ…”

“ ရှင့်လေသံ နားထောင်ကြည့်ရသလောက်တော့ သူ အခုလို လုပ်နေတာကို ထောက်ခံပေးနေသလိုပဲနော်…”

“ ချွေးမတွေ အများကြီး ရှိတော့ရော မကောင်းလို့လား…” လင်းကျင်ကျန့် တဟားဟား ရယ်မောရင်း “ အဆိုးဆုံး ဖြစ်လာရင် ငါသူ့ကို အာဖရိက လွှတ်လိုက်မယ်.… အဲ့မှာဆို တစ်ယောက်ထက် ပိုယူလို့ရတယ်…”

“ ကျွန်မ သားကို အဲ့လိုနေရာမျိုး မလွှတ်နိုင်ပေါင်… “

“ အဲ့တာတွေ ထားပါ... လူငယ်တွေက သူတို့ကြမ္မာကို သူတို့ ဖန်တီးကြလိမ့်မယ်… မင်း စိတ်ပူမနေနဲ့..” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ငါ့အထင်… သူ့ လက်ရှိ အကျင့်စရိုက်အရဆိုရင်တော့ သူ့နားမှာ မိန်းကလေးတွေ နှစ်ယောက်ထက် ပိုပြီးကို ရှိလောက်တယ်… မင်း အဲ့ကိစ္စကို လိုက်စိုးရိမ်နေလို့ကတော့ မကြာပါဘူး… ဆံပင်တွေ ဖြူဖွေးကုန်လိမ့်မယ် သိလား…”

“ ရှင်မှန်တယ်… ကျွန်မ မှတ်မိသလောက်ဆို သူ ဆရာဝန်မလေး တစ်ယောက်နဲ့လည်း ရင်းနှီးသေးတယ်… အဲ့ကလေးမလေးလည်း သိပ်လှတာ… သူနဲ့လည်း ဆက်ဆံရေး တစ်ခုခု ရှိထားပြီလား မသိပါဘူး…”

“ ငါဘာပြောလဲ တွေ့လား… မင်း ဒီကိစ္စ ဝင်စွက်ဖက်လို့ မရပါဘူးဆိုနေ…”

“ ကျွန်မသိတယ်.. ဒါပေမယ့် ဒီကိစ္စမှာ ရှုရီလည်း ပတ်သက်နေတယ်လေ.. သူ ဒီကိစ္စကို ကျိန်းသေပေါက် လက်ခံနိုင်မှာ မဟုတ်ဘူး…”

“ ဒါကတော့ကွာ… မင်းရော ငါရော ဘာတတ်နိုင်မှာမို့လို့… ပြီးတော့ ခုအချိန်က ငါတို့တွေ ၀င်စွက်ဖက်သင့်တဲ့ အချိန် မဟုတ်သေးဘူး.. စောင့်ကြည့်ကြတာပေါ့…. စိတ်မလောနဲ့…”

“ အင်း….” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ ရှင်လည်း မကြာခင် တစ်နေရာ သွားဖို့ ရှိတယ်ဆို… ဘယ်အချိန်လည်း သွားမှာ…”

“ မနက်ဖြန်ဆို သွားတော့မှာ… ကျွန်းပေါ်မှာ တစ်ခုခု ဖြစ်နေတယ် ပြောတယ် … အဲ့တာ ငါ သွားပြီး စစ်ဆေးကြည့်ရမှာ…”

“ ဒါဆိုလည်း ကျွန်မက ဒီနေ့ ပြန်ရောက်မှာ… ကျွန်မတို့တွေ ဒီည တွေ့ကြတာပေါ့…” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ သူက အခုဆို ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ပြီးနေပြီ… သူ့ အစွမ်းအစတွေလည်း မဆိုးဘူး… မကြာခင် ကျွန်းပေါ် စေလွှတ်ခံရလောက်တယ် သိလား… ရှင်တို့နှစ်ယောက်တောင် အဲ့မှာ တွေ့ရင် တွေ့ရလောက်တယ်..”

“ အဲ့ အဘိုးကြီးတွေက အဲ့လောက်မြန်မြန် စေလွှတ်တော့မယ်ပေါ့…”

“ သူ့မှာက ဒုတိယ အဆင့် သူရသတ္တိတံဆိပ်ဆိုတာ နှစ်ခုတောင် ရှိနေပြီ… အကြီးအကဲလုကလည်း သူ့ကို သိပ်မျှော်လင့်ထားတာ… ကျွန်မ ရှုရီဆီကနေ ပြန်ကြားမိတာတော့ သူက အရင်တုန်းက ရှင့်လိုပဲတဲ့… တော်လည်းတော်တယ်… ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး..”

“ တော်တာ ဘာများ ထူးဆန်းသွားလို့…” လင်းကျင်ကျန့် အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်ရင်း “ သူက ငါ့သား… သူ တကယ်လုပ်သင့်တာက အဲ့ 'ကြက်ကလေး'တွေနဲ့ ဝေးဝေးနေပြီး ကျွန်းပေါ်မှာပဲ ရှိနေသင့်တာ…”

………………………….

လေဆိပ်မှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ ရှန်းရှုရီကို ဟွာရန်အုပ်စုသို့ မောင်းပို့ပေးလိုက်သည်။

ထို့နောက် သူမအိမ်သို့ တက္ကစီငှား၍ ပြန်ပြီး အသီးများဖြင့် ပြည့်နှက်နေသည့် ကားကို ယူ၍ ကျုံးဝေ့တပ်ဖွဲ့၏ လေ့ကျင့်ရေး စခန်းသို့ ဦးတည်လာခဲ့လေသည်။

သူ ဟိုကိုရောက်တော့ နေမွန်းတည့် ၁၂ နာရီအချိန်အခါ ဖြစ်၏။

သူ့ကို အံ့အားသင့်သွားစေသည်မှာ ဝင်ပေါက်ဝနားလေးတွင် ကားအစင်း ဒါဇင်ပေါင်းများစွာ ပါကင်ထိုးထားခြင်းကိုပင်။

ယွမ်သန်းကျော် တန်ကြေးရှိသည့် SUV များ၊ တိုရိုတာ အယ်ဖာ့များ၊ လမ်ဘိုဂီနီ၊ ဖာရာရီ အစရှိသည့် စူပါကားများ စသဖြင့် ကားဘရန်းမျိုးစုံကို လင်းရီ မြင်တွေ့နေရသည်။

မြင်ကွင်းက အမှန်ပင် အမိုက်စားဆန်နေပြီး ကားပြပွဲ တစ်ခုတောင် ပြုလုပ်၍ ရနေလေပြီ။

လင်းရီ နေရာတစ်နေရာ ရှာ၍ ကားထိုးရပ်လိုက်သည်။ သို့သော် သူ ထိုသို့ ပြုလုပ်ပြီးလျှင်ပြီးချင်း ဂိတ်ပေါက်ဝထဲမှ လူများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့သည်ကို မြင်တွေ့လိုက်ရ၏။

လင်းရီ တစ်ချက်ကြည့်ပြီး အကြမ်းဖျင်း အနည်းဆုံး လူ ၂၀၀ ခန့် ရှိမည်ဟု ခန့်မှန်းလိုက်သည်။ ဤသည်က အကုန်လုံးပင် မဟုတ်သေးချေ။ အကယ်၍ စာရင်းအတိအကျ ကောက်မည်ဆိုပါက ထို့ထက်ပင် ပိုများလောက်ချေသည်။

ကြည့်ရသည်မှတော့ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လူခေါ်ယူရန် ရွေးချယ်လိုက်သည်က တော်တော်လေး ထိရောက်မှု ရှိသည့်ဟန်ပင်။

တစ်ချိန်တည်းတွင် လူရွေးပွဲ၌ ပါဝင်သူများလည်း ထွက်လာခဲ့ကြပြီး နေ့လည်စာစားရန် ဟန်ပြင်နေကြ၏။ အကုန်လုံးက ကျုံးဝေ့တပ်ဖွဲ့နှင့် လူရွေးပွဲ အကြောင်းကို အုပ်စုကိုယ်စီဖြင့် လမ်းလျှောက်ရင်း ဆွေးနွေးနေကြလေသည်။

“ မင်းတို့ကြားပြီးကြပြီလား… ဒီ တစ်ခေါက် လူခေါ်ယူမှာက အသင်း ၁,၂ နဲ့ ၃ အတွက်တဲ့… ငါတို့ အောင်ရင် အဲ့ သုံးသင်းထဲ ဝင်လို့ရမှာ…”

ပြောလိုက်သူကတော့ ချန်ချောင်ဟု ခေါ်သည့် အမျိုးသားတစ်ယောက်ပင်။ သူက ၁.၈ မီတာခန့်မြင့်ပြီး ကောင်းမွန်သည့် ကိုယ်ကာယလည်း ရှိ၏။ ဆံပင်ကိုလည်း တိုတိုညှပ်ထားပြီး လေ့ကျင့်ခန်းစခန်းထဲမှ စကားတပြောပြောဖြင့် ထွက်လို့လာနေသည်။

သူ့ဘေးတွင်တော့ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရှိပြီး သူတို့၏ မျက်နှာအမူအရာမှ တစ်ဆင့် အကဲဖြတ်ကြည့်မည် ဆိုပါက မနက်ပိုင်း စမ်းသပ်လေ့ကျင့်ရေးတွင် ရလဒ်ကောင်းများ ရရှိလာကြသည်ဟု ကောက်ချက်ချ၍ရ၏။

၎င်းတို့၏ နာမည်မှာတော့ ချန်ဖန့်နှင့် ယွီစီယင်တို့ ဖြစ်ကြသည်။

တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် သူတို့သုံးယောက်မှာ မနေ့က လင်းရီ၏ အသီးဆိုင်တွင် အသီးဝယ်ရင်း စကားများသွားကြသည့် လူသုံးယောက်ဖြစ်နေသည်။

“ ဒါပေမယ့် ငါကြားတာတော့ ကျုံးဝေ့တိုက်ဖွဲ့ရဲ့ တိုက်ခိုက်ရေး အင်အားစုက လေးခု ရှိတာ မဟုတ်ဘူးလား… ဘာလို့ အသင်း ၄ အကြောင်း ဘာမှ မကြားမိရတာ..” ချန်ဖန့် (ဝါ) ဖက်တီးချန်မှ မေးမြန်းလိုက်သည်။

“ ငါလည်း မသိဘူး… ဒါပေမယ့် အကြီးအကဲတွေ ပြောသံကြားတာတော့ သူတို့တွေ အသင်း ၁ ကို ပြန်ပြီး အကောင်းဆုံး တည်ဆောက်ချင်နေတယ်လို့ ကြားတယ်… ထူးချွန်တဲ့ ရလဒ်တွေနဲ့ အရွေးချယ်ခံရတဲ့လူက အသင်း ၁ ကို ဝင်နိုင်ပြီးမှ ကျန်တဲ့ ငါတို့လိုကောင်တွေကတော့ အသင်း ၂ နဲ့ ၃ တစ်ခုခုပေါ့ကွာ…”

“ မင်း ပြောသလိုဆို အသင်း ၁ ထဲ ဝင်နိုင်ရင် ဘ၀ကြီးက သာယာပြီပေါ့…”

“ အဲ့သလို ပြောလို့လည်း ရတယ်…” ချန်ချောင် ပြောလိုက်ပြီး “ အသင်း ၁ ရဲ့ ခေါင်းဆောင်က ဘယ်လိုပုံစံရှိလဲ ငါမသိဘူး… ဒါပေမယ့် ငါကြားတာတော့ သူက တကယ့်ကို ဒဏ္ဍာရီ ဆန်တဲ့လူတဲ့နော်… သူ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်တာတောင် သုံးလေးလပဲ ရှိသေးတယ် ဒုတိယအဆင့် သူရသတ္တိ တံဆိပ်ကို နှစ်ခုတောင် ရထားပြီးပြီ… အဲ့တာပြီးတော့ ချက်ချင်း အသင်း ခေါင်းဆောင် ရာထူး အတိုးခံလိုက်ရတယ်… ဘယ်လောက် အထင်ကြီး အားကျဖို့ ကောင်းထားလဲ…”

“ ငါတော့ မထင်… ဖြစ်နိုင်တာကတော့ သူ နောက်တံခါးသုံးပြီး အသင်း ခေါင်းဆောင်ရာထူး ရယူသွားတာပဲ ဖြစ်ရမယ်… မဟုတ်ရင် အဲ့လောက်မြန်မှာ မဟုတ်ဘူး…”

“ ဟေ့ကောင်… ကျုံးဝေ့တပ်ဖွဲ့လို နေရာမျိုးမှာ ဆွေမျိုးကောင်းစားရေး ဝါဒဆိုတာ မရှိဘူးကွ…. အဲ့ဘဲကြီးက တကယ့် ဒိတ်ဒိတ်ကျဲကြီးပဲ ဖြစ်မယ်…”

ထိုနှစ်ကောင်၏ စကားဝိုင်းကို ဘေးမှ တိတ်ဆိတ်စွာ နားထောင်နေရင်း ယွီစီယင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

ကျုံးဝေ့တပ်ဖွဲ့ကဲ့သို့သော တင်းကြပ်သည့် နေရာမျိုးတွင် နောက်တံခါး သုံးနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်လု နီးပါးပင်။ အသင်းခေါင်းဆောင်ဆိုသူက ကိုယ့်အရည်ချင်းကိုယ် မှီခို၍ ရာထူးတက်ခဲ့ခြင်း ဖြစ်လောက်ပေသည်။

ယခုဆို သူမက D အဆင့်သို့ ရောက်ရှိနေပြီး အသင်း ခေါင်းဆောင် ဖြစ်နိုင်သည့် အစွမ်းအစ ရှိနေပြီ ဖြစ်သည့်အတွက် ကျုံးဝေ့တပ်ဖွဲ့ထဲသို့ ဝင်ပြီး သုံးလေးလအကြာတွင် သူမလည်း အသင်းခေါင်းဆောင် ဖြစ်နိုင်ချေ အလားအလာ ရှိ၏လော။

သို့သော် တွေးကြည့်‌လျှင် အလားအလာက သုညဖြစ်နေသည်။

ကျုံးဝေ့တပ်ဖွဲ့ဆိုသည့် နေရာက နဂါးနှင့် ကျားတို့ စုဝေးရာ ဖြစ်ပြီး သူမ၏ အရည်အချင်းက အလွန်အင်မတန် ကောင်းသည့် အသွင် ပေါက်နေသော်ငြား ထိပ်တန်း အဆင့်တော့ မဟုတ်သေးချေ။

သို့ဖြစ်သည့်တိုင်အောင် အသင်း ၁ ၏ ခေါင်းဆောင်မှာ အမှန်ပင် စွမ်းဆောင်ပြနိုင်ခဲ့လေသည်။

အဲ့လူက ဘယ်လိုလူစားမျိုး ဖြစ်လောက်မလဲ….

ဒါကြီးကတော့ သိပ် အထင်ကြီးဖို့ ကောင်းလွန်းသွားပြီ….

All Chapters