မင်းမှာ ငါ့ကို အမိန့်ပေးပိုင်ခွင့် ရှိလို့လား
Vol. 84 Ch. 1252
“ အစ်မယင်…. မင်း ဘာတွေလဲ စဉ်းစားနေတာ… တိတ်နေတာ အကြာကြီးပဲ…” ချန်ချောင်မှ ပြောလိုက်သည်။
“ အသင်း ၁ ရဲ့ ခေါင်းဆောင်က ဘယ်ကလာသလဲလို့ ငါ တွေးနေတာ… သူက အဲ့လောက် အမြန်ကြီး ရာထူးတိုးသွားခဲ့တယ်လေ…” ယွီစီယင် ပြောလိုက်ပြီး “ ဧကန္တ တခြား အသင်းကနေ ပြောင်းရွေ့ခံထားရတာများလား…”
“ မထင်ဘူးနော်…” ချန်ချောင် ပြောလိုက်ပြီးမှ “ ငါကြားတာတော့ အသင်း ၁ ရဲ့ ခေါင်းဆောင်က တော်တော်ကြီးကို ငယ်တယ်တဲ့ … အသင်း ခေါင်းဆောင် ချိုးနဲ့ အသင်းခေါင်းဆောင်နင်တို့ထက်တောင် ငယ်တယ်ဆိုပြီး ကြားတယ်… ပြီးတော့ သူက လုံးဝကို လူသစ်.. တခြားနေရာကနေ ရာထူးရွေ့ပြောင်းခံလာရတာ မဟုတ်ဘူး…”
ထိုစကားကြားတော့ ယွီစီယင်မှာ ပိုလို့ပင် စိတ်ရှုပ်ထွေးသွားရလေတော့သည်။
သူမထက်တောင် ငယ်ရွယ်တဲ့ လူတစ်ယောက်က တကယ်ကြီး အဲ့လောက်တောင် ထူးချွန်နေနိုင်တယ်ပေါ့….
သူက ဘယ်လောက်တောင်မှ ပါရမီတွေနဲ့ ပြည့်စုံနေတာပါလိမ့်…
“ အစ်မယင်… ငါတို့အကုန်လုံးကလည်း လူသစ်လေးတွေ… ငါတို့တွေ လူရွေးပွဲ အောင်နိုင်ဦးတော့ အလွန်ဆုံး ရှိလှ အသင်း ၂ နဲ့ ၃ လောက်ပဲ ဝင်နိုင်မှာ… အစ်မယင်ကတော့ မတူဘူး… D အဆင့်တောင် ရောက်နေပြီ.. ကျိန်းသေပေါက် အသင်း ၁ ထဲ ဝင်ဖို့ ပြဿနာ ရှိမှာ မဟုတ်ဘူး…”
ယွီစီယင် ဘာမျှ မဖြေချေ။ သူမလည်း သူမ၏ အရည်အချင်းအပေါ်တွင် ယုံကြည်ချက် အပြည့်အဝရှိသည်။ အကယ်၍ သူမသာ အသင်း ၁ ထဲ မဝင်နိုင်ဘူးဆိုပါက မည်မျှ ရယ်စရာကောင်းလိမ့်မည်နည်း။
မည်သို့ပင် ဆိုစေ သူမတို့၏ အသင်းခေါင်းဆောင် ကိုယ်၌က D အဆင့်သာလျှင် ရှိလေသည်။
“ ဒါပေမယ့် ငါကြားတာတော့ စွေ့ချန်ဆိုတဲ့ တစ်ယောက်ကလည်း D အဆင့်ပဲတဲ့နော်… သူလည်း ခေတဲ့ ကောင်တော့ မဟုတ်ဘူး…” ချန်ဖန့် ပြောလိုက်ပြီး “ ဒီမနက် လျင်မြန်မှု စစ်ဆေးစမ်းသပ်တဲ့ပွဲမှာ အစ်မယင်က ပထမ … သူက ဒုတိယ… ဒါပေမယ့် ခွန်အား စစ်ဆေးစမ်းသပ်ပွဲမှာတော့ အစ်မယင်က သူ့ကို လုံးဝ မယှဉ်နိုင်ဘူး…”
ယွီစီယင် နောက်သို့လှည့်၍ သူ့နောက်မှ ကိုယ့်စတိုင်နှင့်ကိုယ် လျှောက်လာနေသည့် လူငယ်ကို ကြည့်လိုက်သည်။
ဖန်တီးချန် ပြောသည်ကလည်း ယုတ္တိရှိလေသည်။
“ ငါတော့ သူတို့နှစ်ယောက်က အသင်း ၁ ထဲဝင်ဖို့ ပြဿနာ မရှိဘူးလို့ ယူဆတယ်… ဟင်း… ငါတို့ကောင်တွေကတော့ အဲ့လောက် ကံကောင်းနိုင်မယ် မထင်….”
“ အဲ့လောက်ကြီးလည်း အတွေးမလွန်နေစမ်းပါနဲ့ကွာ… ငါတို့ကောင်တွေ ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်နိုင်တာကရင် တော်တော်လေး ဟုတ်လှပြီ… အသင်း ၁ ဆိုတာ ငါတို့လို ကောင်တွေ အတွက် မဟုတ်ဘူး…”
“ ဟားဟား… မှန်တယ်…”
“ ဝါး.. ဟိုကောင်လေးကို ကြည့်စမ်းပါဦး… ချောလိုက်တာ..”
ဤတစ်ကြိမ် လူရွေးပွဲသို့ လာရောက်ယှဉ်ပြိုင်သည့် မိန်းကလေး ဦးရေက အနည်းငယ်သာလျှင် ရှိသော်လည်းပဲ သူမတို့ လင်းရီကို မြင်သည့် အချိန်တွင် အံ့အားတကြီးဖြင့် မြည်တမ်း မိလိုက်ကြလေသည်။
“ ဟ .. ဘာတုန်းဟ… အဲ့ကောင်မတွေက ဘာလို့ အာပြဲအောင် အော်နေကြတာ… ဆယ်လီတစ်ယောက်ယောက်များ တွေ့လို့လားတဲ့…” ချန်ချောင် ခြေဖျားထောက်လျက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ယင်းက ဘာကြောင့်လဲဆိုတော့ ထိုကဲ့သို့ အော်ဟစ်လိုက်သည့် မိန်းကလေးများထဲတွင် သူ သဘောကျနေသည့် ကောင်မလေးလည်း ပါဝင်သောကြောင့် ဖြစ်လေသည်။
“ ဟင်…. အဲ့တာ ငါတို့ မနေ့တုန်းက တွေ့ခဲ့တဲ့ အသီးသည် မဟုတ်ဘူးလား…”
လင်းရီ သူတို့ထံ လျှောက်လှမ်းလာနေသည်ကို မြင်တော့ သုံးယောက်သား ဇဝေဇဝါတွေ ဖြစ်ကုန်ကြပြီး အနည်းငယ်မျှပင် အံ့အားသင့်မိသွားခဲ့ကြသည်။
ဤသည်က ကျုံးဝေ့တပ်ဖွဲ့၊ တစ်နည်းဆိုသော် လျှို့ဝှက်တပ်ဖွဲ့ တစ်ခုဖြစ်ပြီး သူကဲ့သို့သော အသီးသည်တစ်ယောက်က အတည်ကြီး ဤနေရာသို့ လာရန် သတ္တိကောင်းနေသည်လော။
“ ငိုးပဲ… ငါ မနေ့တုန်းက ဒင်းကို ရိုက်ပစ်လိုက်ချင်တာ ရဲနဲ့ သွားတိုးလို့ပေါ့ကွာ… ခု အခွင့်အရေးပြန်ပေးလာပြီဆိုတော့ မှတ်လောက်တဲ့ သင်ခန်းစာ တစ်ခုတော့ ပေးမှ ဖြစ်မယ်…” ချန်ချောင် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဒေါသထွက်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
“ သွားကြစို့…” ချန်ဖန့် ရယ်မောလိုက်ရင်း “ မနေ့တုန်းက ငါတို့ကောင်တွေ အဲ့ကောင် ပြောသမျှ ခံခဲ့ရတယ်… ဒီနေ့ ဒီကောင့်ကို လူပုံအလယ်မှာ အရှက်ပြန်ခွဲကြမယ်…”
ယွီစီယင် အလှမ်းသိပ်မဝေးသည့် တစ်နေရာတွင်ရှိ လင်းရီအား တစ်ချက် ကြည့်လိုက်၏။ သို့သော် သူမတွင် ထိုနှစ်ကောင်၏ လုပ်ရပ်ကို ရပ်တန့်ရန် ရည်ရွယ်ချက် မရှိပါချေ။
ထိုအသီးသည်က အမှန်ပင် ထောင်လွှား မောက်မာလွန်းလှ၏။ သူ့ကို သင်ခန်းစာ တစ်ခု ပေးမည်ဆိုသည်ကလည်း ဆိုးသည့် အကြံဉာဏ် တစ်ခု မဟုတ်ပါချေ။
လူတိုင်းသူ့အား အာရုံစိုက်နေသည်ကို မြင်တော့ လင်းရီ မသိစိတ်အရ လမ်းကြောင်းပြောင်းလိုက်မိသည်။ သူ့အား ရှားပါး သတ္တဝါ သဖွယ် ဝိုင်းကြည့်ခံရသည့် ခံစားချက်ကို သူ အမှန်ပင် မနှစ်မြို့လှချေ။
“ ဟေ့… လာပြီးမှတော့ အဲ့လောက် မြန်မြန်ကြီး ပြန်သွားတော့မလို့လား… မင်းက ဘယ်သွားမလို့တုန်း…” ချန်ချောင် ကျီစယ်ချင်နေသည့် မျက်ဝန်းတို့ဖြင့် လင်းရီထံ လျှောက်လှမ်းသွားလိုက်သည်။
လင်းရီ ခေါင်းငဲ့၍ ကြည့်လိုက်တော့ ပြောလာသည့်သူ၏ အသံကို သူ့စိတ်ထဲ အနည်းငယ် ရင်းနှီးနေသယောင် ခံစားလိုက်ရသည်။ ထို့ကြောင့် သူ သေချာလေး စူးစမ်းကြည့်လိုက်ရာ ယမန်နေ့က သူ့ထံ အသီးလာဝယ်ကြသည့် လူအုပ်စုထဲက တစ်ယောက်ဖြစ်နေကြောင်းကို ပြန်ပြောင်း သတိရလိုက်လေသည်။
ကြည့်ရသလောက်တော့ ၎င်းတို့သည်လည်း ကျုံးဝေ့တပ်ဖွဲ့ လူရွေးပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရောက်လာကြခြင်း ဖြစ်လောက်၏။
“ အဲ့တာ မင်းနဲ့ ဘာဆိုင်လို့…”
“ အများကြီး ဆိုင်တာပေါ့…” ချန်ချောင် မနီးမဝေးရှိ ဂိတ်ပေါက်ဝထံ လက်ညိုးထိုးပြလိုက်ပြီး “ ငါမင်းကို ပြောမယ်.. ဒါ နိုင်ငံရဲ့ လျှို့ဝှက် တပ်ဖွဲ့ကွ… မင်းက ဂိတ်ဝနား မရောက်သေးဘူးဆိုပေမယ့် သတ်မှတ်ထားတဲ့ စည်းဧရိယာနားကို ရောက်နေပြီ.. အရိုက်မခံချင်ဘူးဆိုရင် မြန်မြန်လေး လစ်လိုက်တော့… ပြီးမှ သတိမပေးဘူးတွေ မသိဘူးတွေ လာမပြောနဲ့… မင်း မနေ့ကလို ဆက်ပြီး မောက်မာနေလို့ကတော့ အကျိုးဆက်ကို လက်ခံရလိမ့်မယ်…”
“ ဟဲ့… နင် သူ့ကို အနိုင်ကျင့်ချင်နေတာလား…” ဆံပင် အတိုနှင့် ကောင်မလေး တစ်ယောက်မှနေ၍ “ ဂိတ်ပေါက်ဝနဲ့ ဒီလောက်ထိ အလှမ်းအဝေးကြီးကို တားမြစ်ထားတဲ့ ဧရိယာလို့ မသတ်မှတ်နိုင်ပါဘူး… နင်တို့တွေ ဒီလိုလုပ်ဖို့ သင့်လား…”
ချန်ချောင် ထိုသို့ ပြောလာသည့် မိန်းကလေးကို တစ်ချက်ကြည့်၍ လုံမလေးအား လျစ်လျူရှုထားလိုက်သည်။ ထိုရုပ်ထိုရည်နှင့် မိန်းမငယ်လေး၏ အဆင့်အတန်းက သူ၏ အမြင်အာရုံကို ဖမ်းစားနိုင်လောက်သည်အထိ အရည်အချင်း မပြည့်မီချေ။
“ မင်း နောက်ဆို စကားကို ပိုပြီး ဆင်ဆင်ခြင်ခြင်ပြော… ငါ လုပ်နေတာက သာမန် လုပ်ရိုးလုပ်စဉ်ပဲ.. ဘာမှ မှားယွင်းမနေဘူး ကြားလား…” ထို့နောက် ချန်ချောင် ကောင်မလေးအား လက်ညိုးထိုး၍
“ ပြီးတော့ မင်း… ဒါ မင်းကိစ္စမဟုတ်ဘူး… ကိုယ့်အလုပ်ကိုယ်လုပ်….”
“ ကောင်လေး… မင်း ဘာတွေ မိမိုက်သလို လုပ်နေတာ… မိန်းကလေးတစ်ယောက်ကို လက်ညိုးထိုးပြီး အဲ့လိုမျိုး ပြောလိုက်လို့ မင်းကိုယ်မင်း သိပ်လန်းတယ် ထင်သွားသလား…”
ထိုစကားကိုတော့ ကောင်မလေးဘေးတွင် ရပ်နေသည့် အမျိုးသားတစ်ဦးမှ ပြောလိုက်ခြင်းပင်။
ကြည့်ရသလောက်တော့ ၎င်းတို့နှစ်ယောက်မှာ သူငယ်ချင်းများ ဖြစ်ကြလောက်၏။
“ ဘာလဲ… အဲ့တော့ မကျေနပ်ဘူးလား…” ချန်ချောင် ပက်ကော့ကလန် ပြန်ပြောလိုက်ပြီး “ မကျေနပ်ဘူးဆိုလည်း မင်း ရှေ့တက်လာပြီး ယောက်ျားလို ဖြေရှင်းကြမလား… ရှုံးတဲ့ကောင် ဒီကနေ ထွက်သွားကြေး… မင်း လုပ်ရဲလား…”
“ ဖြစ်ချင်တော့ ငါတို့ရဲ့ အစ်မယင်ကလည်း ပျင်းနေတာနဲ့ အတော်ပဲ… မင်းတို့ကောင်တွေကို လေ့ကျင့်ဖို့ အသုံးချလိုက်ရင် စစ်ဆေးပွဲကျ ရလဒ်ကောင်းတွေ ပိုပြီး ရလာလောက်တယ်…”
“ ဒါက….”
စကားပြောလိုက်သည့် အမျိုးသားမှာ အသံအနည်းငယ် တိမ်ဝင်သွားခဲ့သည်။
မနက်ခင်း လေ့ကျင့်ရေးတုန်းက သူသည်လည်း ယွီစီယင်၏ ခွန်အားကို မျက်မြင်ကြုံတွေ့ခဲ့ရလေသည်။
သူမက ပထမ ရရှိရုံတင်မက D အဆင့်သို့လည်း ရောက်ရှိနေပြီးသူ တစ်ဦးဖြစ်သည်။
သူဆိုသည်မှာ E အဆင့်သို့ ဝင်ခါစလေး ဖြစ်ပြီး သူမနှင့် ယှဉ်ပြိုင်မည်ဆိုပါက လက်တစ်ဖက် မှောက်လှန်ရုံမျှနှင့် သူ အမှောက်သိပ်ခံလိုက်ရနိုင်သည်။
အကယ်၍ သူသာ ဒဏ်ရာ ရရှိသွားမည်ဆိုပါက လက်ကျန် စစ်ဆေးမှုများတွင် ရလဒ်ကောင်းများ စွမ်းဆောင်နိုင်မည် မဟုတ်တော့ချေ။
“ မင်း အဲ့လောက် မမောက်မာနဲ့… မင်းမှာ အစွမ်းအစရှိတယ်ဆိုရင် မင်းဘာမင်း လုပ်ပေါ့… “
“ ဘာလဲ… မင်း မယှဉ်ပြိုင်ရဲဘူးလား…” ချန်ချောင် နှာရှုံ့လိုက်ပြီး “ ကြောက်တယ်ဆိုလည်း ကြောက်တယ်ပြောလိုက်… မင်းလိုမျိုး ကြောက်တတ်တဲ့ ကောင်တွေဆိုတာ ဒီ လူရွေးပွဲကို လာကို မလာသင့်တာ… ဒါက တကယ့် ယောက်ျားစစ်စစ်တွေ အတွက်… မင်းကိုယ်မင်း ကာကွယ်ဝံ့တဲ့ သတ္တိတောင် မရှိမှတော့ မင်းနဲ့ အသင်းဖော် ဖြစ်လာမယ့် လူတွေဆိုတာ ကံဆိုးမိုးမှောင်ကျတာပဲ…”
အမျိုးသားနှင့် အမျိုးသမီး နှစ်ယောက်လုံး တိတ်ဆိတ်သွားခဲ့ကြသည်။ သူတို့ ကူညီချင်ပါသော်လည်း ယွီစီယင်၏ ခွန်အားက အမှန်ပင် သွားရှုပ်လို့ရသည့် အရာ တစ်ခု မဟုတ်ချေ။
ချန်ချောင် လင်းရီဘက်သို့ လှည့်၍ လှောင်ပြောင်ထေ့ငေါ့မှု အပြည့်ဖြင့် “ မင်းကကော ဘာတွေ စောင့်နေတာ.. ငါ ပြောသွားတာ မကြားဘူးလား… “ ချန်ချောင် သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ရင်း “ ငါမင်းကို အချိန် သုံးစက္ကန့်ပေးမယ်… မဟုတ်ရင် ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့…”
“ အဟက်…” လင်းရီ ပြုံးလိုက်ပြီး “ ငါ မင်းကို မေးချင်တာက ငါ့ကို အော်လား ငေါက်လား လုပ်ရအောင် မင်းကိုယ်မင်း ဘာကောင်ကြီးလို့ ထင်နေတာလဲ…”
“ ဟင်…”
မည်သူကမျှ လင်းရီ ထိုသို့သော စကားမျိုး ပြောလာလိမ်မည်လို့ မျှော်လင့်မထားခဲ့ကြချေ။
“ ငါ ဘယ်သူလို့ မင်းထင်လဲ…”
ချန်ချောင် ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်ပြီး သူ့နောက်ရှိ ဂိတ်ပေါက်ဝသို့ လက်ညိုးထိုးပြ၍ “ အဲ့ဒီ လေ့ကျင့်ရေး စခန်း ဆိုတဲ့ စကားလုံးကို မင်းမမြင်ဘူးလား… မင်း စာမဖတ်တတ်ဘူးလား… ငါ အဲ့ထဲကနေ ထွက်လာတယ်… အဲ့တော့ ငါ့မှာ မင်းကို ညွှန်ကြားနိုင်တဲ့ အစွမ်းအစ ရှိတယ်မထင်ဘူးလား…”
“ ဒီနေ့က ကျုံးဝေ့တပ်ဖွဲ့ရဲ့ လူရွေးပွဲနေ့… မင်းတို့ အကုန်လုံးက လာပြီး အရွေးခံကြမယ့် လူသစ်လေးတွေ ဆိုပေမယ့် မင်းတို့က ကျုံးဝေ့တပ်ဖွဲ့နဲ့ ဘာမှ မသက်ဆိုင်သေးဘူး… ဒီတော့……”
လင်းရီ ခေတ္တရပ်တန့်၍ “ မင်းမှာ ငါ့ကို အမိန့်ပေးနိုင်တဲ့ အရည်အချင်း ရှိလား… ဒါမှမဟုတ် မင်းမှာ အထက်က တစ်စုံတစ်ယောက်နဲ့ အထူး ဆက်ဆံရေးတွေများ ရှိနေတာလား…. အဲ့လူကများ မင်းကို ဒီလိုလုပ်ပိုင်ခွင့် ပေးထားတာလား… မင်း ဘယ်ကနေ လာခဲ့လဲ ငါကြည့်စမ်းမယ်… ကျုံးဝေ့တပ်ဖွဲ့ရဲ့ ဝင်ပေါက်ဝကြီးမှာတောင် ဟောင်ပွမ်ဟောင်ပွမ်လုပ်ရဲနေတယ်ဆိုတော့….”
ဟစ်…..
လူတိုင်း လေအေးကြီးများ ရှူသွင်းလိုက်ကြရသည်။
လင်းရီ ချန်ချောင်အား စိန်ခေါ်နေသည်ကို မြင်တော့ သူတို့ အံ့အားသင့်သွားခဲ့ကြလေသည်။
သူက ငါတို့တွေ ဒီလာပြီး ယှဉ်ပြိုင်ကြတဲ့လူတွေဆိုတာတောင် သိနေတယ်..
သူက ဘယ်သူများပါလိမ့်…
“ အသင်းခေါင်းဆောင်လင်း…”