သူက မွန်းစတား
Vol. 84 Ch. 1253
“ အသင်းခေါင်းဆောင်… ဟုတ်လား… ဘယ်မလဲ အသင်းခေါင်းဆောင်က…..”
တစ်စုံတစ်ယောက်မှ ထိုသို့ ပြောလိုက်သည့် အသံကို ကြားတော့ လူတိုင်းမှ တစ်ယောက်တစ်ယောက် အသံထွက်လာရင်း ကိုယ့်ပတ်ဝန်းကျင်ကို လိုက်ကြည့်ကြလေသည်။
သူတို့ကို အံ့အားသင့်သွားစေသည်က မနက်ခင်း စစ်ဆေးမှုတွင် ဒုတိယ ချိတ်ခဲ့သည့် စွေ့ချန်အား မြင်တွေ့လိုက်ရခြင်းကိုပင်။
လူတိုင်းက စွေ့ချန်နှင့် ယွီစီယင်၏ စကေးအဆင့်ကို ကောင်းစွာ သိရှိကြ၏။
ထို နှစ်ယောက်က ယခုတစ်သုတ် လာရောက်ယှဉ်ပြိုင်သူများကြားတွင် အစစ်အမှန် ကျွမ်းကျင်သူများဟု ခေါ်ရလောက်သည့် D အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြလေသည်။ ၎င်းတို့က သိပ်ကို အင်အားကြီးမားလွန်းလှ၏။
ထိုနှစ်ယောက်ကို သတိမပြုမိနိုင်ဖို့ ဆိုသည်မှာ အမှန်ပင် ခဲယဉ်းလှသည်။
“ မင်းလည်း ရောက်လာတယ်ပေါ့…” လင်းရီ ပြုံးလျက် ခေါင်းညိမ့်ပြလိုက်ပြီး “ ရလဒ်က ဘယ်လိုလဲတဲ့…”
စွေ့ချန် ရှက်ကိုးရှက်ကန်း ခေါင်းကုတ်လျက် “ ခုလောလောဆယ်တော့ ကျွန်တော်က ဒုတိယ… စစ်ဆေးမှု မခံယူရသေးတဲ့ လူတစ်ချို့တော့ ရှိသေးတယ်… ကျွန်တော့်အဆင့် ဘယ်လောက်ရှိမလဲ ဆိုတာတော့ မသိသေးဘူး.. ဒါပေမယ့် ကိုယ့်နေရာကိုယ် ထိန်းထားနိုင်မယ်လို့တော့ ယုံကြည်ပါတယ်…”
“ ဒုတိယလား… အဆင်ပြေပါတယ်.. နောက် စစ်ဆေးမှုတွေကျရင် သေချာလေးသာလုပ်.. “
လူတိုင်း မျက်ဝန်းကြီးများ ပြူးကျယ်သွားခဲ့ကြသည်။
ဘာတွေ ဖြစ်နေတာတုန်းဟ….
ဒီလောက် လူထောင်ချီတဲ့ လူရွေးပွဲမှာ ဒုတိယ ချိတ်နိုင်တာကိုပဲ အထင်ကြီးစရာ ကောင်းလှပြီလေ…
အဆင်ပြေပါတယ်ဆိုတာက ဘာ စကားကြီးတုန်း…
“ နားလည်ပြီ… နောက်လာမယ့် စစ်ဆေးမှုတွေကျ ကျိန်းသေပေါက် ရလဒ်ကောင်းတွေ ရအောင် လုပ်သွားပါ့မယ်…” စွေ့ချန် ရိုးသားကြိုးစားသည့် လူငယ်လေး တစ်ယောက်သဖွယ် ပြောဆိုလိုက်သည်။
“ အကောင်းဆုံးသာလုပ်…”
လင်းရီ ညွှန်ကြားချက် တစ်ချို့ ပေးပြီးနာက် လူအုပ်ကို ကျော်၍ ကျုံးဝေ့တပ်ဖွဲ့၏ ဂိတ်ပေါက်ဝထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
သို့သော်လည်း မည်သူကမျှ သူ့အား မတားမြစ်ရဲကြချေ။
“ အစ်ကိုချန်… အဲ့လူက ဘယ်သူကြီးလဲ…”
တစ်စုံတစ်ယောက်မှ သိချင်နေသည့် လေသံဖြင့် မေးမြန်းလာခဲ့၏။
“ သူက အသင်း ၁ ရဲ့ ခေါင်းဆောင်လေ… အံ့ဩဖို့ မကောင်းဘူးလား..”
“ ဘယ်လို….”
“ သူက အသင်း ၁ ရဲ့ ခေါင်းဆောင် ဟုတ်လား…”
အနှီသတင်းကိုလည်း ကြားရော လူတိုင်း ရှော့ခ်ရသွားသည့် မျက်နှာအမူအရာ ကိုယ်စီနှင့် ဖြစ်သွားခဲ့ကြတော့၏။
ယင်းက ဘာကြောင့်လဲဆိုတော့ စစ်ဆေးပွဲတွင် အခြားသော ခေါင်းဆောင်များထံမှတဆင့် ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ၏ ခေါင်းဆောင်ဆိုသည်မှာ ဒဏ္ဍာရီဆန်သည့် ပြယုဂ်တစ်ခုဖြစ်ကြောင်းကို ၎င်းတို့အားလုံး ကြားသိခဲ့ရသောကြောင့် ဖြစ်လေသည်။
သို့သော် ဒဏ္ဍာရီဆန်သည့် ပုဂ္ဂိုလ်ကြီးက ဤမျှ ငယ်ရွယ်ချောမောနေလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ပါချေ။
ယွီစီယင်နှင့် ချန်ညီအစ်ကိုတို့တတွေမှာတော့ နေရာတွင် အချိန်အတော်ကြာသည်အထိ ငူငူငိုင်ငိုင်ကြီး ဖြစ်သွားခဲ့ကြတော့သည်။
ဤထိုးနှက်ချက်က သူတို့ သုံးယောက်လုံးအတွက် အလွန်အင်မတန်မှကို ပြင်းထန်လွန်းလှသည်။
ကျုံးဝေ့တပ်ဖွဲ့၏ လူရွေးပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ တစ်ယောက် အနေဖြင့် သူတို့သည် အသင်း ခေါင်းဆောင်ကို ဟောက်လား ငေါက်လား လုပ်ပြီး ရိုက်နှက် သင်ခန်းစာပေးရန်ပင် ကြံရွယ်ခဲ့ကြ၏။
သူတို့ ဦးနှောက် မြည်းအကန်ခံထားရသောကြောင့်များလော။
“ ငါ.. ငါ ဘာတွေလုပ်မိတာပါလိမ့်…. ငါ အသင်း ၁ ရဲ့ အသင်းခေါင်းဆောင်ကို ဘာလို့များ အဲ့လိုတောင် ပြောပစ်လိုက်ရတာလဲ…”
ချန်ချောင်မှာတော့ တော်တော်ကြီးကို တုန်လှုပ်နေမိပြီး ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်နိုင်မည့် အခွင့်အရေးက ပို၍ပင် ပါးလျသွားသည်ဟု ခံစားလိုက်ရတော့၏။
“ ငါသိချင်တာက အဲ့လောက်တောင် ကြီးကျယ် ခမ်းနားတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဘာလို့ ဝမ်ဖူကျင်လမ်းကို လာပြီး အသီးရောင်းနေရတာလဲ ဆိုတာပဲ… ဒါကြီးက သူလုပ်သင့်တဲ့ အလုပ် မဟုတ်ဘူးမလား…”
“ အထူး မစ်ရှင် ထမ်းဆောင်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့…” ယွီစီယင် တုံ့ဆိုင်းခြင်းပင် မရှိ ပြောချလိုက်သည်။
“ မနေ့က ငါတို့တွေ ဆိုင်ကို ဖျက်ဆီးကြမယ် ဆိုတော့ ရဲတွေ ဗြုန်းစားကြီး ရောက်ချလာတာကို နင်လည်း မြင်တယ်မလား… ဒါကြီးက စကတည်းကနေကို မှားယွင်းနေတာ…”
ချန်ချောင်၏ မျက်နှာမှာ ဇီးရွက်လောက်မျှသာ ကျန်တော့၏။ သူ့ကိုယ်သူ လူရွှင်တော်ကြီး တစ်ယောက်နှယ် ခံစားလိုက်ရလေသည်။
“ ဒါပေမယ့် သူ ဘာလို့ ဘာမှမလုပ်ဘဲ ဒီတိုင်း ထွက်သွားခဲ့တာလဲတဲ့… ဘာကြောင့်မို့လဲ မသိဘူးနော်…” ချန်ဖန့် မဝံ့မရဲလေး လေခေါ်ကြည့်လိုက်သည်။
“ မင်းတို့ကောင်တွေက သူ့အချိန်နဲ့ မတန်လို့နေမှာပေါ့…” စွေ့ချန် သာမန်လျှံကာသာ ပြောလိုက်သည်။
ယွီစီယင် စွေ့ချန်ကို ကြည့်လိုက်၏။ သူသည်လည်း သူမကဲ့သို့ D အဆင့် ဖြစ်သည့် အတွက် အတော်လေး ကောင်းမွန်သည့် အမြင်တစ်ချို့ ရှိထားလေသည်။
“ နင် သူ့အဆင့်ကို သိလား… သူနဲ့ အရင်ကကော ဆုံဖူးတာလား…”
စွေ့ချန် ခေါင်းညိမ့်လိုက်သည်။ “ ငါ သူနဲ့ မနေ့တုန်းကမှ တွေ့ဖူးတာ… ပြီးတော့ သူနဲ့တောင် ယှဉ်ပြိုင်ခဲ့သေးတယ်…”
ယမန်နေ့က အဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိတော့ စွေ့ချန် မနေနိုင်ဘဲ စိတ်ထဲ လှုပ်ရှားလာရပြန်သည်။
အတိတ်တွင်တုန်းက သူ့ကိုယ်သူ အင်အားကြီးတယ် အထင်ဖြင့် တော်တော်ကြီးကို မောက်မာခဲ့ဖူးသည်။ သို့သော် လင်းရီနှင့် ဆုံတွေ့ပြီးနောက်တွင်တော့ နောက်မှ ပြေးလိုက်နိုင်မည့် အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရသည်နှယ် အသစ်အသစ်သော စိတ်ဓာတ်ခွန်အားတို့ ရရှိလာခဲ့ပြီး ပို၍လည်း နှိမ့်ချလာခဲ့၏။
“ နင်တို့ချင်း ယှဉ်ပြိုင်ခဲ့တယ် ဟုတ်လား…”
ထိုစကားလုံးများ ပြောပြောပြီးချင်း လူအုပ်ကြီးသည် တစ်ဖန် ရှော့ခ်ရသွားခဲ့ရပြန်တော့သည်။
သင်တန်းသား တစ်ယောက်က သူ့ခေါင်းဆောင်နဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ လူတိုင်း ရနိုင်တဲ့ အခွင့်အရေး မဟုတ်ဘူးလေ…
“ ဘယ်လိုမျိုးလဲ… ဘယ်လိုတွေ ဖြစ်သွားခဲ့လဲ… မင်း ဘယ်နှချက်လောက် တောင့်ခံနိုင်ခဲ့လဲ…” သင်တန်းသားများမှ တရစပ် စက်သေနတ် ပစ်ကြတော့၏။
သူတို့ အားလုံး လင်းရီ၏ အဆင့်ကို သိချင်စိတ် ပြင်းပြနေခဲ့ကြသည်။
ယွီစီယင်ပင် နားစွင့်ထားပြီး လင်းရီအကြောင်းကို ပိုသိချင်နေမိတော့သည်။
“ ငါတို့ မတိုက်ခိုက်ခဲ့ကြဘူး.. ဒီတိုင်း အမြန်နှုန်းနဲ့ ခွန်အားပဲ ယှဉ်ပြိုင်ခဲ့ကြတာ… အစောပိုင်း စမ်းသပ်စစ်ဆေးမှုလို့ ပြောလို့ရတယ်…”
“ ဒါဆို ရလဒ်လည်း ရှိမှာပေါ့… ဟုတ်တယ်ဟုတ်.. “
“ အင်း… ငါ အပြတ်သတ်ကို ရှုံးနိမ့်သွားခဲ့တယ်…” စွေ့ချန် သက်ပြင်းချလျက် ပြောလိုက်သည်။
“ အပြတ်သတ် ရှုံးနိမ့်သွားခဲ့တယ် ဟုတ်လား… မဖြစ်နိုင်လိုက်တာ… မင်းက ငါတို့ကြားထဲမှာ ဒုတိယချိတ်တဲ့ကောင်လေ… ပြီးတော့ ခွန်အား အရာမှာဆို လုံးဝကို နံပါတ်တစ်.. အဲ့တာကို ဘယ်လိုလုပ်ပြီး အပြတ်သတ် ရှုံးနိမ့်နိုင်မှာလဲ…”
“ သူက မင်းထက် ပိုမြန်တယ်ဆိုတာကိုတော့ ယုံကြည်ပေးလိုက်လို့ရတယ်… ဘာပဲဆိုဆို သူ့ ဘော်ဒီ အချိုးအစားကိုက စကားပြောတယ်လေ… ဒါပေမယ့် သူက မင်းထက် သန်မာတယ် ဆိုတာကြီးကတော့ နည်းနည်း ယုတ္တိမတန်တော့ဘူး…”
“ မင်းတို့ကောင်တွေက ဘာသိလို့…” စွေ့ချန် အကုန်လုံးကို သိမ်းကျုံးကြည့်လိုက်ပြီး “ ငါတို့ ယှဉ်ပြိုင်ကြတယ်ဆိုတာ ကလေးတွေ ကစားသလိုမျိုးများ မှတ်နေလား…”
“ ဟမ်… ဒါဆို မင်းတို့က ဘယ်လိုတုန်း... ယှဉ်ပြိုင်ကြတာ…”
“ ငါတို့ ဘယ်သူပိုမြန်လည်း ပြိုင်တော့ ကျည်ဆံတွေကို ရှောင်ပြီး ပြိုင်ကြတာ… သူ တကယ်ကြီး ရှောင်နိုင်ခဲ့တာနော်…”
“ ဘာ….”
ထိုစကားလုံးများ ကြားလိုက်ရသည်တွင် လူအုပ်ကြီးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့တော့၏။
တင်းနစ်ဘောလုံး စက်ကပင် သူတို့ အတွက် တော်တော်ကြီးကို ပုံမှန် မဟုတ် မြန်ဆန်နေသော်လည်းပဲ ၎င်းတို့က အတည်ကြီး ကျည်ဆံများနှင့် ကစားနေကြသည်လော။
“ ဒါတောင် အစတုန်းက ကျည်ဆံ အစစ်တွေ သုံးချင်နေသေးတာ… တော်သေးတာ ခေါင်းဆောင်က ခွင့်မပြုပေးခဲ့လို့… အဲ့တာကြောင့်မို့ ကာလာကျည်ဆံတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ စစချင်း တစ်ချက်မှာတင် သူက အပြည့်အဝ ရှောင်တိမ်းနိုင်ခဲ့တယ်… ငါကတော့ ချက်ချင်း head shot ပဲ…”
လူတိုင်း ချွေးအေးများ စို့သွားခဲ့ကြသည်။
သူက ကျည်ဆံကိုတောင် ရှောင်နိုင်တယ်တဲ့လား… ဘယ်လိုတောင် မိစ္ဆာဆန်ထားတုန်း…
“ ဆိုတော့ မင်းတို့ အဲ့တာပြီးတော့ ခွန်အားစစ်ဆေးမှုကိုကျ ဘယ်လို ယှဉ်ပြိုင်ခဲ့ကြတာ…”
“ အဲ့စခန်းမှာ သံချပ်ကာ ကားတစ်စင်း ရှိတယ်ကွာ… အဲ့ကောင်က ခြောက်တန် ခုနစ်တန်လောက်အထိ လေးတယ်… သူက အဲ့တာကို ပင့်မပြပြီး ထိုင်ထ ခုနစ်ကြိမ် လုပ်ပြခဲ့တာ… ငါ ယှဉ်တောင် မယှဉ်ပြိုင်ရဲဘူး.. အပြတ်သတ် ရိုက်ချခံလိုက်ရတာပဲ…”
“ သောက်ကျိုးနည်းကြီး…”
ကြားလိုက်ရသူတိုင်းမှ သံပြိုင် ဆဲဆိုမိလိုက်ကြသည်။
သံချပ်ကာကားကို ပင့်မပြီး ထိုင်ထ ခုနစ်ခါ လုပ်ပြတယ် ဟုတ်လား… သူက မွန်းစတားလား…
ယွီစီယင်၏ မျက်နှာ ဖြူလျော်သွားခဲ့တော့သည်။ စွေ့ချန် လိမ်ညာနေသည်လို့ သူမ မထင်ချေ။
ထိုလူက အမှန်ပင် ထိုကဲ့သို့သော ခွန်အားမျိုးကို ပိုင်ဆိုင်ထားလောက်၏။
“ ကောင်းပြီ…အားလုံးပဲ…. ဒီနား လူအုံမနေကြနဲ့.. မြန်မြန် စားစရာရှိတာ သွားစားကြတော့… မွန်းလွဲပိုင်းကြရင် ဆက်ပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်ကြရဦးမှာ…”
စွေ့ချန် လူစုခွဲခိုင်းလိုက်ပြီး လူတိုင်းကလည်း စကားတပြောပြောနှင့် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။ ထို့နောက် စားသောက်ရန် ဦးတည်လိုက်ကြတော့၏။
တစ်ချိန်တည်းတွင် လင်းရီ လျိုဟုန်၏ ရုံးခန်းထဲသို့ ရောက်ရှိလာသည်။
သုံးယောက်သားမှာ ရုံးခန်းထဲတွင် နေ့လည်စာ စားသောက်နေကြပြီး အကုန်လုံးကလည်း ကန်တင်းရှိ စားသောက်စရာများ ဖြစ်ကြ၏။
မူလတုန်းကတော့ လူရွေးပွဲတွင် ပါဝင်လာသူတိုင်းကို ကန်တင်းတွင် စားသောက်စရာ စီစဉ်ပေးချင်သော်လည်းပဲ လူက တအားများနေသဖြင့် ထိုအကြံကို လက်လျော့လိုက်ရတော့သည်။
“ မင်းဘာလို့ ခုမှ ရောက်လာခဲ့တာ… မနက်ပိုင်း စစ်ဆေးပွဲတောင် ပြီးသွားခဲ့ပြီ… “ လျိုဟုန် လင်းရီကို မြင်တော့ ပြောလိုက်၏။
“ မင်း စားရော စားပြီးပြီလား.. မစားရသေးဘူးဆိုရင် ကန်သင်းကနေ မင်းဖို့ ပြင်ခိုင်းလိုက်မယ်…”
“ ကောင်းတာပေါ့… ကျုပ်လည်း ဆာနေတာနဲ့ အတော်ပဲ..” လင်းရီ ဆိုဖာပေါ် ထိုင်ချလိုက်ပြီးနောက် “ အခြေအနေ ဘယ်လိုရှိလဲ… မျိုးစေ့ကောင်းလေးတွေ တွေ့မိကြသေးလား…”
“ နှစ်ယောက်ကတော့ တော်တော်လေးကို ကောင်းတယ်… “ လျိုဟုန် ပြောလိုက်ပြီး “ တစ်ယောက်က စွေ့ချန်… နောက်တစ်ယောက်က ယွီစီယင် … နှစ်ယောက်လုံးက D အဆင့်တွေ … မင်း သူတို့ကို သိမှာပါ..”
“ စွေ့ချန်ဆိုတဲ့ တစ်ယောက်ကတော့ အကြီးအကဲ လုကိုယ်တိုင် ခေါ်ယူချင်နေတာဆိုတော့ ကျုပ်ငြင်းလို့ မသင့်ဘူး… “ လင်းရီ ပြောလိုက်ပြီး “ ယွီစီယင်ဆိုတဲ့ တစ်ယောက်ကိုတော့ တခြား အသင်း ပို့ပေးလိုက်…”
အထက်ကြီးပိုင်းများမှ အသင်း ၁ ကို ကျွမ်းကျင်သူ တပ်ဖွဲ့ အဖြစ် အသွင်ကူးပြောင်းချင်မှန်း လင်းရီ သိသော်လည်းပဲ အရည်အချင်း ရှိသူများကို လင်းရီ တစ်ယောက်တည်း လက်ဝါးကြီး မအုပ်ချင်ပေ။ မည်သို့ပင်ဆိုစေ သူနှင့် နင်ချဲ့တို့ ၊ ချိုးယွီလော့တို့၏ ဆက်ဆံရေးက တော်တော်ကြီးကို ကောင်းမွန်ကြ၏။
ထို့ပြင် သူတို့ မစ်ရှင်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ခြင်း ရှိမရှိက ခွန်အား အဆင့်ပေါ်၌သာ မူတည်နေသည် မဟုတ်ဘဲ လူတစ်ယောက်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ သွက်လက်မြန်ဆန်မှုတွင်လည်း မှီခိုနေသည်။
ထို့ကြောင့် သူ ယွီစီယင်ကို မလိုအပ်ချေ။
“ နင် ငါတို့နှစ်ယောက်ကို စိတ်ပူပေးနေစရာ မလိုပါဘူး.. နင်သူ့ကို ယူချင်ရင်လည်း ယူလိုက်… ငါတို့ ဘာမှ ပြောစရာ မရှိဘူး..” ချိုးယွီလော့မှ ပြောလိုက်သည်။
“ ဒါက မင်းတို့ ပြောတာ မပြောတာနဲ့ ဘာမှမဆိုင်ဘူး… ငါကိုယ်၌က မလိုအပ်ဘူးထင်လို့..” လင်းရီ ပြောလိုက်ပြီး “ ငါ့အထင်တော့ ငါတို့နောင်ကျ လူခေါ်ရင် အိုင်ကျူ စစ်ဆေးမှုလေးပါ ထည့်ပြီး ထက်ထက်မြက်မြက် ရှိမယ့် လူလေးတွေ ခေါ်သင့်တယ်လို့ ထင်တယ်… မဟုတ်လို့ကတော့ အမြှောက်စာတွေချည်း ဖြစ်ကုန်မှာ…”
“ နင် သူတို့ရဲ့ ဆိုဒ် ဘယ်လောက် ရှိလဲကော မတိုင်းချင်ဘူးလား…. D ဆိုဒ်အောက်ဆို အသင်း ၁ ထဲ ဝင်လို့ မရဘူးပေါ့ ဟုတ်လား…” နင်ချဲ့မှ ပြောလိုက်၏။