စိတ်ပြင်းပြတဲ့ အန်တီကြီး
Vol. 84 Ch. 1255
လင်းရီ ခိုင်ရွှမ်အိမ်ယာသို့ မောင်းနှင်လာပြီး အထဲတွင် အဆောက်အဦး လေးခုသာလျှင် ရှိကြောင်းကို မြင်တွေ့လိုက်ရသည်။ တစ်ခုဆီကို အထပ် ၃၀ မြင့်မားလျက်ရှိကာ အထဲရှိ ပတ်ဝန်းကျင်က ကျိုကျုံးဗီလာနှင့်ပင် ရင်ဘောင်တန်းနေနိုင်သည်။
ဤနေရာရှိ အိမ်ယာ ဈေးနှုန်းက ထန်ချိန်အိမ်ယာထက်ပင် ကြီးမားလိမ့်မည်ဟု လင်းရီ စိတ်ထဲ ခန့်မှန်းကြည့်လိုက်၏။
“ ဟက်ချိုး… “
“ ဟက်ချိုး… “
“ ဟက်ချိုး… “
လင်းရီ တစ်ဆက်တည်း သုံးကြိမ် နှာချေလိုက်ပြီး နှာပင် မွှန်ထူသွားခဲ့၏။
“ ဘယ်ကောင် ငါ့နောက်ကွယ်မှာ အတင်းတုပ်နေတာပါလိမ့်…” လင်းရီ ကိုယ့်ကိုယ်ကို တီးတိုးရေရွတ်လိုက်၏။
ထို့နောက် လျန်ရူရွှယ်ထံ ဖုန်းဆက်၍ သူ့အတွက် ဆိုင်တည်နေရာ ပြင်ဆင်ပေးထားပြီး ဖြစ်မဖြစ် လှမ်းမေးကြည့်လိုက်သည်။
မကြာမီ အချိန်တွင်ပဲ အိမ်ယာထဲမှ ဝတ်စုံပြည့်နှင့် လူ တစ်အုပ် အပြင်သို့ ပြေးထွက်လာလေသည်။
“ လူကြီးမင်းက မစ္စတာလင်းလား မသိဘူး…”
အာမနီ ဝတ်စုံနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှ မေးမြန်းလာသည်။
“ ဟုတ်ကဲ့… ကျွန်တော်ပါပဲ…”
“ ဥက္ကဌရှန်း ကျုပ်ဆီ ဖုန်းဆက်လာတာ လူကြီးမင်းက ဒီနားလေးမှာ ဆိုင်ဖွင့် ချင်နေတယ်ဆို… အမှန်ပဲလားဗျ…”
“ ဟုတ်တယ်… အသီးတွေက ကားထဲမှာ.. ကျွန်တော် ဒီနားလေးမှာ ခဏလောက် အသီးရောင်းချင်တာ အဲ့တာ ကူညီပေးလို့ ရမလား မသိဘူး..”
“ ဒါပေါ့ ရတာပေါ့… ခိုင်ရွှမ်အိမ်ယာရဲ့ ဘယ်နေရာမှာမဆို လူကြီးမင်း ကြိုက်သလို ရောင်းလို့ရတယ်.. ဘယ်သူကမှ လာပြီး မနှောင့်ယှက် စေရဘူး…”
“ ကျွန်တော်ကတော့ ဝင်ပေါက်ဝလေးက သိပ်ဆိုးမယ် မထင်ဘူး.. လူတော်တော်များများက ဝင်ထွက်သွားလာနေတာဆိုတော့လေ… အဲ့မှာ ရောင်းလို့ အဆင်ပြေမလား..”
“ ဒါပေါ့.. ရတာပေါ့… ကျုပ် လူလွှတ်ပြီး အဲ့နားတစ်ဝိုက် သန့်ရှင်းခိုင်းထားလိုက်မယ်… ဒီနေရာကို ကြိုက်သလိုသာသုံး…”
“ ကျေးဇူးတင်ပါတယ်…”
လင်းရီ ကားကို ပါကင်ထိုးလိုက်ပြီး လီကျစ်မှ သူ့အသီးများ နေရာပြောင်းရွေ့ရန်အတွက် လူ တစ်ချို့ စီစဉ်ပေးသည်။
အသီးများက ဈေးကြီးမှန်း သိနေလျက်နှင့်ပင် ဆယ်ကတ်တီမျှ အားပေးသွားခဲ့လိုက်သေး၏။ လောက ဓမ္မတာကို တော်တော်ကြီး ပိုင်နိုင်နေသည့်လူပင်။
သို့သော် လင်းရီကတော့ ၎င်းနှင့် စပ်လျဉ်း၍ ပျော်ရွှင်နေခြင်း အလျဉ်းမရှိပါချေ။
ထို ငနဲကြီးက ရှန်းရှုရီ မျက်နှာဖြင့် အသီးများ အားပေးသွားခဲ့သည်မှာ သိသာထင်ရှားလှ၏။
သူ အားပေးသွားခဲ့သည့် ယွမ် သုံးသောင်းမှာလည်း မစ်ရှင်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်မတွက်သည်ကို လင်းရီ တွေ့ရှိလိုက်ရတော့ အလကား သပ်သပ် အသီး ဆယ်ကတ်တီ ဆုံးရှုံးလိုက်ရသည်။ ဤသည်က ဧရာမ ဆုံးရှုံးမှုကြီး တစ်ခုဖြစ်၏။
သာယာနာပျော်ဖွယ် လောကဝတ် စကားတစ်ချို့ ဖလှယ်ပြီးနောက် လီကျစ် သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။ လင်းရီကို မတော်တဆ စိတ်ကွက်အောင် ပြုလုပ်မိမှာကို စိုးရွံ့နေရင်း သူ့ နဖူးထက်၌ ချွေးအေးတို့ စီးကျနေလေသည်။
“ ဥက္ကဌလီ… ခင်များ အဲ့လောက်ကြီးတော့ စိတ်ထိတ်လန့်နေစရာ မလိုပါဘူး… ဟုတ်တယ်မလား… ဘာပဲ ပြောပြော ခင်များဆိုတာ အတွေ့အကြုံ ရင့်ကျက်တဲ့လူ တစ်ယောက်ပဲလေ…” ခိုင်ရွှမ် ကော်ပိုရေးရှင်း၏ အထွေထွေမန်နေဂျာမှ ပြောလိုက်သည်။
“ ပြီးတော့ ဥက္ကဌရှန်းက ပြောတယ်ဆိုရင်တောင် ကိုယ့်ဘက်က ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးတာနဲ့တင် လုံလောက်နေပြီ.. ဒီလိုမျိုးကြီး လူကိုယ်တိုင် လာစရာ လိုလို့လား… ပြီးတော့ ဘာမှမဟုတ်တာကိုတောင် ယွမ် ၃၀,၀၀၀ ပေးပြီး ဝယ်လိုက်သေးတယ်.. ဒါကြီးကတော့ မတန်ဘူး…”
“ အဲ့တာမင်း အခြေအနေကို နားမလည်သေးလို့… တကယ်လို့ စီးအီးအိုကျောက်သာ အလုပ်ခရီးမထွက်သွားဘဲ ဒီမှာ ရှိနေမယ်ဆိုရင် သူပါ ငါနဲ့ လိုက်လာလောက်တယ်.. “
“ အာ…. ဒီလို ကိစ္စ သေးသေးလေးအတွက်နဲ့လေ…”
“ ရန်ကျင်းက ဥက္ကဌရှန်း ဘယ်လောက်ထိ မြင့်မြတ်သလဲဆိုတာကို မပြောသေးနဲ့ဦး… အဲ့ဒီ အသီးသည်ကိုတောင်မှ ငါတို့ကောင်တွေ အရိုသေ တန်မိလို့ မရဘူးကွ…”
“ ဘာ... ဘာလို့ မရရမှာ… အလွန်ဆုံးရှိလှ ဥက္ကဌရှန်းနဲ့ တစ်မျိုးတစ်ဖုံ ဆွေမျိုးတော်တဲ့လူပဲ ဖြစ်မှာပေါ့..”
“ မဟုတ်ဘူး… တကယ်တော့ သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ… ဒါပေမယ့် သူ့ရဲ့ အထောက်အထားက သိပ်လျှို့ဝှက်လွန်းတော့ လူတော်တော်များများ သိပ်မသိကြဘူး…”
“ လင်းယွင်အုပ်စုရဲ့ ဥက္ကဌ.. ဟုတ်လား..”
အဆိုပါ သတင်းကိုလည်းကြားတော့ လိုက်ပါလာကြသည့် အမှုဆောင် အရာရှိများ အားလုံး ကြက်သေသေသွားခဲ့ကြသည်။
စာရင်းဝင်ထားသည့် ဧရာမ ကုမ္ပဏီကြီး တစ်ခု အနေဖြင့် သူတို့အားလုံး လင်းယွင်အုပ်စု မည်မျှ ကြီးမားလှကြောင်းကို ကောင်းစွာ သိရှိကြသည်။
ခိုင်ရွှမ် ကော်ပိုရေးရှင်းပင် ၎င်းတို့နှင့် ခြေရာသွားတိုင်းပါက သေးသိမ်ရပေမည်။
“ မဖြစ်နိုင်တာ… ဂုဏ်သိက္ခာကြီးမားတဲ့ လင်းယွင် အုပ်စုရဲ့ ဥက္ကဌကြီးက တကယ်ကြီး ဒီမှာ အသီးလာရောင်းနေတယ်ပေါ့…”
“ အတိအကျတော့ ငါလည်းမသိဘူး… ငါကြားမိတာတော့ သူက ဘဝကို ပျော်သလို နေတဲ့လူတဲ့… သူလုပ်ချင်တာပဲ လုပ်တာ… ငါကြားတာတော့ သူ ဒါတွေလုပ်နေတာ ဘဝအတွေ့အကြုံ ခံစားချင်လို့ဆိုပဲ…”
“ ဗုဒ္ဓေါ…. ကျုပ်တော့ဖြင့် ဒီနေ့ တကယ့်ကို မျက်စိ အမြင် ကျယ်သွားခဲ့ပြီ… ဒီလို ပုဂ္ဂိုလ်မျိုးနဲ့ ပထမဆုံးအကြိမ် ဆုံဖူးတာပဲ… ဒီလိုမှန်းသိရင် အသီးတွေ အားပေးလိုက်ပါတယ်ကွာ….”
“ ကောင်းပြီ.. ဒီကိစ္စ ဒီမှာတင် ပြီးပြီ… ဘာပဲဖြစ်ဖြစ် အောက်ကလူတွေကို ပြောပြပြီး သူ့ကို စိတ်မဆိုးစေနဲ့လို့ သတိပေးထားလိုက်…”
“ နားလည်ပါပြီ ဥက္ကဌလီ…”
…………………..
ဆိုင်တည်ပြီးနောက် လင်းရီ ဆိုင်းဘုတ် တစ်ခု ထုတ်၍ ဈေးနှုန်းကို ခပ်ကြီးကြီးလေး ရေးထိုးကာ မလိုလားအပ်သည့် ပြဿနာများကို ကြိုတင် ရှောင်ရှားရန် စီစဉ်ထားလိုက်၏။
တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် ရလဒ်ကလည်း သူ ထန်ချိန်အိမ်ယာတွင် ပထမတစ်ကြိမ် စတင်ရောင်းချသည့် အချိန်၌ လာရောက် ဆင်တူနေသည်။
လင်းရီ၏ ခန့်ညားချောမောသည့် ရုပ်ရည်က အာရုံ အများအပြားကို ဆွဲဆောင်သွားခဲ့ပြီး နှစ်ဆယ်ကျော် အရွယ် မိန်းမငယ်လေးများနှင့် လေးဆယ်ကျော်အရွယ် အန်တီကြီးများပင် သူ့နား ဝိုင်းဝိုင်းလည်နေလျက် ရှိသည်။
ဦးစွာ အနေနှင့် သူ၏ အသီးများက တော်တော်လေးကို လှ၏။
ဒုတိယ တစ်ချက်ကတော့ အသီးသည် လင်းရီမှာ သိပ်ကို ခန့်ညားနေသောကြောင့်ပင်။
ထိုမျှမကသေးဘဲ ရောင်းချနေသည့် အသီးများ၏ ဈေးနှုန်းကပါ မကြားစဖူး အထူးဈေးနှုန်းများ ဖြစ်နေသဖြင့် လူသားများ၏ သိလိုစိတ်ကို နှိုးဆွသွားစေခဲ့ကာ လူတော်တော်များများမှ ရပ်တန့်၍ သူ့အသီးဆိုင်လေးအား စပ်စုကြတော့၏။
ထိုအတောအတွင်း လင်းရီ သိပ်ကို စိတ်ဝင်စားဖို့ကောင်းသည့် အချက်တစ်ချက်ကို ရှာတွေ့သွားခဲ့သည်။
သူ ထန်ချိန် အိမ်ယာတွင် အသီးများ ရောင်းချစဉ်က အရွယ်သုံးပါး မရွေး ရပ်ကြည့်ကြသူများ ရှိကြသော်လည်း အများစုက တစ်ချက် ကြည့်ရုံမျှသာ ကြည့်၍ ၎င်းတို့၏ လိုရာခရီးကို ရှေ့ဆက်ကြသည်။
သို့သော် ဤနေရာတွင်တော့ မတူ။ သူတို့ အကုန်လုံးက သူ့အနား ဝိုင်းရံ၍ ပွင့်ပွင့်လင်းလင်း စကားများ လာပြောနေကြလေသည်။
လင်းရီကတော့ သူ့ကိုယ်သူ အကယ်၍ ကျွမ်းများ ထိုးပြလိုက်လျှင် မုန့်ဖိုးလေးများ စွန့်ကြဲသွားကြမည်လို့တောင် စိတ်ထဲ ခံစားနေရသည်။
၎င်းအပြင်ကို လင်းရီအဖို့ စိတ်ဝင်စားစရာ ကောင်းသည့် နောက်တစ်ချက်ကလည်း ရှိနေသေးပြန်သည်။
ထန်းချိန်အိမ်ရာတွင် နေထိုင်သူ အများစုက ငယ်ရွယ်ပြီး အောင်မြင်ကျော်ကြားကြသည့် လူပုဂ္ဂိုလ်က အချိုးများပြီး သက်ကြီးပိုင်းကတော့ တစ်ချို့တစ်လေသာလျှင် ရှိသည်။ ဤနေရာတွင်ကတော့ သက်ကြီးပိုင်းများကလည်း အချိုးမျှတစွာ တည်ရှိနေဟန်ပင်။
“ ကောင်လေး… နင့် အသီးတွေက တစ်ကတ်တီကို ယွမ် ၃,၀၀၀ ဆိုတာ တကယ်ကြီးလား…”
ပြောလိုက်သူမှာတော့ သက်လတ်ပိုင်း အရွယ်ဟု ထင်ရသည့် အမျိုးသမီးကြီး တစ်ယောက်ပင်။ သူမက ဆံပင်ကို ရွှေဝါရောင်ဆိုးထားပြီး အနောက်တိုင်းဆန်နေသည်။
“ အင်း… တစ်ကတ်တီကို ၃,၀၀၀ …”
“ ဈေးက မပေါဘူးပဲ… “ အမျိုးသမီးကြီးမှ အောက်နှုတ်ခမ်းကို ကိုက်လျက် “ နင် ဒီအသီးတွေ ဘယ်လိုကုန်အောင် ရောင်းမှာ…”
“ ကျွန်တော့်အသီးက လှပစေပြီး မျက်နှာအသားအရေကိုလည်း အားဖြည့်ပေးတယ်… ပုံမှန်ဆို သိတဲ့လူတွေက အလုအယက် ကြိတ်ကြိတ်တိုး လာဝယ်ကြတာ…”
“ ဒါပေမယ့် နင့် ဒီမှာရှိတာက အသီးကတ်တီ လေးငါးဒါဇင်လောက်နဲ့… ကုန်အောင် ရောင်းမယ်ဆိုရင်တောင် ယွမ် တစ်သိန်းလောက်ပဲ ရမှာ… လက်ကားဈေးကို နှုတ်လိုက်ရင်ဆို အမြတ်တောင် သိပ်ကျန်မယ် မထင်ဘူး…”
ဟင်…
ထင်ထားတဲ့အတိုင်း အရင်းရှင် အန်တီကြီးတွေပဲ ယွမ်တစ်သိန်းကို နည်းတယ်လို့ ပြောရက်ကြမယ်…
“ မနည်းပါဘူးဗျာ…” လင်းရီ ပြုံးလျက်သာ ဆိုလိုက်သည်။
သူမက ဝယ်ယူရန် ရည်ရွယ်ချက် မရှိပါဘဲနှင့် လင်းရီအနား လာထိုင်ပြီး ပျော်ရွှင်စွာဖြင့် လေလာကန်နေသည်။ လင်းရီကလည်း စိတ်အနှောင့်အယှက် ဖြစ်သည်လို့ မခံစားရချေ။
သူက လူတကာကို သူ့အောက်နိမ့်ကျသူလို့ တွေးထင်တတ်သူ မဟုတ်။ တစ်ဘက်သူက မောက်မာစီးပိုးခြင်း မရှိသ၍ မည်သူပင် ဖြစ်ပါစေ သူနှင့် မိတ်ဆွေ သူငယ်ချင်း ဖြစ်ဖို့ရာ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
“ ဒါဆို ဒီအသီးတွေ ရောင်းပြီးတော့ နင် တစ်နှစ် ဘယ်လောက် ဝင်လဲ…”
“ တကယ်လို့ တစ်နှစ်ကို ဘီလီယမ် ဆယ်ချီ ဝင်တယ်လို့ ပြောရင် ကျွန်တော့်ကို ရူးနေပြီလို့ ထင်မှာပဲ ဟုတ်တယ်မလား…”
“ ဒါပေါ့…” အမျိုးသမီးကြီးမှ ပြောလိုက်ပြီး “ နင်သာ အဲ့လောက်အများကြီး ပိုက်ဆံ ဝင်နေရင် ဘာလို့ ဒီမှာ အသီးလာရောင်းနေဦးမလဲ…”
လင်းရီ ခါးသီးစွာ ပြုံးလျက် “ ယွမ် လေးငါးသိန်းလောက်ပေါ့…”
“ လေးငါးသိန်းတည်းလား…”
“ နင့်အသက်အရွယ်နဲ့ လေးငါးသိန်းတည်း ဝင်ငွေရှိတယ်ပေါ့… မများဘူးပဲ…”
“ ဟုတ်လား… ဒေါ်ကြီး ကလေးက တစ်လ ဘယ်လောက်ရလို့…”
“ ခြောက်ထောင်…”
လင်းရီ “ …. “
ယွမ် ခြောက်ထောင်နဲ့ ဒီမှာ လာနေနေတယ် ဟုတ်လား… ဖြိုချခံရတော့မယ့် အိမ်ကလေးမှာ နေတာနဲ့တူတယ်…
“ အဲ့တာ ကျုပ် အသီး နှစ်ကတ်တီစာလောက်တည်း ရှိတာနော်…”
“ ကောင်လေး… နင် အဲ့လို ပြောလို့ ဘယ်ရမှာ… တို့ သမီးက အစိုးရဝန်ထမ်း… အလုပ်က အာမခံချက် ရှိရုံတင်မကသေးဘူး… တခြား ဘာဆိုဘာမှလည်း ပူစရာ မလိုတာ… အစိုးရကပဲ အကုန် ထောက်ပံ့ပေးတာ….” အမျိုးသမီးကြီးမှ ပြောလိုက်ပြိး “ နင်က ပိုပြီး ရှာနိုင်တယ် ဆိုရင်တောင် နင့် ဝင်ငွေက မတည်ငြိမ်ဘူး… တကယ်လို့ တစ်ခုခု ဖြစ်ပါပြီရဲ့ဆို နင် အကုန် ဆုံးရှုံးသွားရမှာ…”
“ အာ… ဒေါ်ကြီး ပြောတာလည်း မှန်သလို ရှိတယ်…”
“ နင် ရန်ကျင်းမှာ အိမ်ရော ရှိလား…”
“ မရှိဘူး… ဒါပေမယ့် ကျွန်တော့်ရဲ့ ဇာတိမှာတော့ ကိုးလုံးလောက် ရှိတယ်…”
“ ဟုတ်လား… နင့်အိမ်တွေက ဘယ်လောက် တန်ကြေးရှိလဲ… “
“ အကုန်လုံးက ဗီလာတွေ…”
“ မြို့သေးသေးလေးတွေက ဗီလာက ဘယ်လောက်မှ တန်ကြေး မရှိပါဘူး… ပြောဖို့တောင် မထိုက်တန်တာ…”
“ ဒါပေမယ့် ကျွန်တော့်ရဲ့ ဇာတိက ကျိုးဟိုင်လေ…”