← Chapters

ငါသူ့မျက်နှာကို ဖြတ်ရိုက်ချင်တယ်…

Vol. 84 Ch. 1258

ငါသူ့မျက်နှာကို ဖြတ်ရိုက်ချင်တယ်…

Vol. 84 Ch. 1258

ပြောလိုက်သူက ဂါဝန်ရှည်နှင့် ဒေါက်မြင့်ဖိနပ်ကို စီးနင်းထားသည့် မိန်းကလေး တစ်ယောက်ဖြစ်သည်။ သူမ၏ ရှည်လျားသည့် ဆံနွယ်တို့က ပခုံးထက်သို့ ဆင်းဖြာကျနေသည်။

သို့သော်လည်း မျက်စိ အဖမ်းစားနိုင်ဆုံးကတော့ နတ်သမီးအရိုးဟု တင်စားတတ်ကြသည့် ဖြူဖွေးသော ပခုံးနှင့် ဘေးချင်းကပ် ရင်ညွှန့်ရိုးပင်။

ယင်းက အတော့်ကို ဆွဲဆောင်မှုရှိလှ၏။

သူမဘေးတွင်တော့ ဆံပင်ဂုတ်ဝဲနှင့် အဖော်ဖြစ်သူ ကောင်မလေး တစ်ယောက်ရှိပြီး ကြည့်ကောင်းသည့် ဘဲဥပုံသဏ္ဌာန် မျက်နှာ အချိုးအစားကို ပိုင်ဆိုင်ထားသည်။ သူမက ဂျင်းနှင့် တင်ပါးအထိ လွှမ်းသည့် ဆိုဒ်ကြီး ရှပ်အရှည်တစ်တည်ကို ဝတ်ဆင်ထားပြီး ဩဇာတိက္ကမတို့နှင့် ပြည့်စုံနေသည့် အရှိန်အဝါတစ်ရပ် ရှိနေသည်။

ဂါဝန်ရှည်နှင့် အမျိုးသမီး၏ အမည်မှာ ယွဲ့ဝန်ကျင်းဖြစ်၏။ သူမက ခိုင်ရွှမ်အိမ်ယာအတွင်း နေထိုင်သူ တစ်ယောက်ပင်။

ဆံပင်ဂုတ်ဝဲနှင့် အမျိုးသမီးကိုတော့ ရွှယ်ရှန်းရှန်းဟုခေါ်သည်။ သူမမှာမူ တခြားနေရာတွင် နေထိုင်သော်ငြား နှစ်ယောက်စလုံးကတော့ ကြွယ်ဝချမ်းသာပုံခြင်း တူညီကြသည်။

သူတို့နှစ်ယောက်၏ ကျောထောက် နောက်ခံကြောင့် ကျောက်ရှစ်ချီကို မြင်သည့် အချိန်တွင် တမူထူးခြားနေလေသည်။ သာမန်လူများကဲ့သို့ ဆယ်လီများနောက် ပြေးမလိုက်ကြချေ။ မြင်ရပါ များလွန်းသဖြင့် သာမန်လူများနှင့် ထူးမခြားနားတော့ချေ။

ထိုအစား တစ်ဖက်တွင်တော့ လင်းရီ၏ အသီးဆိုင်လေးက သူမတို့အဖို့ ပိုပြီး ဆွဲဆောင်မှုရှိနေသည်။

ယင်းက ဘာကြောင့်လဲဆိုတော့ နှစ်ယောက်လုံးက အစားတစ်လိုင်းများ ဖြစ်နေသောကြောင့် ဖြစ်၏။

“ ပုံစံကြည့်တာနဲ့ ကောင်းမယ်ဆိုတာ ပြောလို့ရတယ်… ဒါပေမယ့် တစ်ကတ်တီ ယွမ် ၃,၀၀၀ ကြီးကတော့ နည်းနည်း ဈေးများနေသလိုပဲ…”

သူမတို့၏ ကြွယ်ဝမှုဖြင့် ယွမ် သုံးသိန်း မှ ငါးသိန်းအထိကို ဈေးကြီးသည်လို့ မမြင်။ သို့သော် အသီးတစ်ကတ်တီကို ယွမ် ၃,၀၀၀ ဖြင့် ရောင်းချနေသည်ကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

“ နည်းနည်းလောက် ဝယ်ပြီး မြည်းကြည့်ကြမလား..” ယွဲ့ဝန်ကျင်းမှ ပြောလိုက်သည်။

“ ပိုက်ဆံ နည်းနည်းလောက် သုံးရမှာကို စိတ်မရှိဘူး… ဒါပေမယ့် အရူးတော့ အလုပ်မခံချင်ဘူး..”

“ လွယ်ပါတယ်… ငါတို့ စမ်းကြည့်ရင် သိပြီမလား…”

“ အွန်း… သွားစို့…”

စိတ်ပိုင်းဖြတ်ပြီးသည့်နောက် နှစ်ယောက်မှာ လင်းရီ၏ အသီးဆိုင်လေးထံ အတူလျှောက်လာကြသည်။

ထိုအခိုက်အတန့်တွင် လင်းရီက ဖုန်းပွတ်နေလေသည်။

ကျောက်ရှစ်ချီမှာ ရန်စီမှတစ်ဆင့် ငွေလွှဲလာပြီး လင်းရီ၏ ဖုန်းနံပါတ်ကိုပင် တောင်းကာ ကျေးဇူးတင်ကြောင်း ဖုန်းဆက်ပြီး ပြောလာခဲ့၏။

ထိုအချိန် ယွဲ့ဝန်ကျင်းနှင့် ရွှယ်ရှန်းရှန်းတို့ လင်းရီထံ လျှောက်လှမ်းလာခဲ့ကြသည်။

“ နင့်အသီးတွေက တစ်ကတ်တီကို ယွမ် ၃,၀၀၀ တောင် ပေးရတယ်ဆိုတော့ တခြား အသီးတွေနဲ့ ဘာတွေများ ကွာနေလို့…”

“ အာဟာရပါဝင်မှုနှုန်း မြင့်မားတယ်… လှပစေတဲ့ အကျိုးအာနိသင် ရှိတယ်… မျက်နှာ အသားအရေကိုလည်း အားဖြည့်ပေးသေးတယ်… မယုံဘူးဆိုရင် နည်းနည်းလောက် ဝယ်ပြီး စမ်းကြည့်ကြည့်လိုက်…”

လင်းရီ အလှလေး နှစ်ယောက်ကို ပြုံးလျက် ပြောလိုက်သည်။

ကံဆိုးစွာဖြင့် သူ၏ ပြုံးဖြီးနေသည့် မျက်နှာနှင့် လေသံဟန်ပန်တို့က လူလိမ်ရုပ်ပေါက်နေတော့၏။

“ နင် ညာနေတာ… သာမန် အသီးဆိုလည်း လူကို လှပစေပြီး မျက်နှာ အသားအရေကို ဝင်းလက်စေနေတာပဲ.. ပြီးတော့ ငါဆို အသီးနေ့တိုင်း စားနေတာ.. အဲ့တာတောင် ငါ့အသားအရေက ပိုပိုပြီး ကောင်းလာမနေဘူး..” ယွဲ့ဝန်ကျင်းမှ ပြောလိုက်သည်။

“ အဲ့တာကြောင့်လည်း သူတို့က ငါရောင်းတာထက်ကို ပိုပြီး ပေါပေါပဲပဲ ရောင်းနေတာပေါ့.. ဒီထဲမှာပါတဲ့ အာဟာရ ပါဝင်မှုနှုန်းက သာမန် အသီးတွေထက်ကို အဆ ၂၀ ကနေ ၅၀ အထိ ရှိတယ်… ဒီတော့ အကျိုးသက်ရောက်မှုကလည်း ပိုကောင်းတာ သဘာဝပဲ..”

လင်းရီ စစချင်းတုန်းကတော့ ထိုအကြောင်း မသိရှိသေးချေ။ သို့သော် ကြီးမြတ်သော လယ်ယာ တိုးတက်မှု ကော်ပိုရေးရှင်းထံမှတဆင့် အသီးအရည်အသွေးကို သိရှိလိုက်ရပြီး အချက်အလက်ကောင်း တစ်ချို့ပင် ရရှိလိုက်သေးသည်။

“ အဆ ၂၀ ကနေ အဆ ၅၀ ထိ ဟုတ်လား.. အရေးမပါလိုက်တာ… ဆေးဝါးဆိုရင်တောင် အဲ့လောက်ထိ အာမခံချက် မပေးနိုင်ဘူး…”

“ ဒါကြောင့်မို့ ဝယ်ပြီး မြည်းစမ်းကြည့်လို့…. အကျိုးမရှိရင် လာခဲ့… ငွေပြန်အမ်းပေးလိုက်မယ်…”

“ အချောလေး… နင် လွန်လွန်ကျွံကျွံတွေ မပြောရင် ကောင်းမယ်နော်… ငါတို့ နှစ်ယောက်လုံးက စင်ဟွာ တက္ကသိုလ်မှာ ကျောင်းတက်နေကြတာ… အာဟာရ ပါဝင်နှုန်းကို အေးဆေး စမ်းသပ်ကြည့်လို့ရတယ်…”

“ မင်းတို့ စစ်ချင်သလို စစ်… ငါ ပြောတာ မှားရင် လာပြီး ငါ့ဆိုင်ကို ဖျက်ဆီးလှည့်… ငါ ထွက်ပြေးသွားမှာလည်း မဟုတ်…”

ရွှယ်ရှန်းရှန်း သူမလက်နှစ်ဖက်ကို ခါးသေးသေးလေးထက် တင်၍ “ နင် ငါတို့ကို စိန်ခေါ်နေတာလား…. ငါတို့နှစ်ယောက်လုံးက တကယ်ကြီး စင်ဟွာဘွဲ့ရတွေ… နင့်ကို ဟာသလုပ်နေတာ မဟုတ်ဘူး…”

“ ငါကရော ဟာသလုပ်နေလို့လား..” လင်းရီ ပြောလိုက်ပြီး “ အလှလေးတို့ ဝယ်မယ်ဆိုရင် ငါအခုချက်ချင်း ချိန်ပေးလိုက်မယ်… မဝယ်ချင်ဘူးဆိုလည်း ကျေးဇူးပြုပြီး အသီးရောင်းနေတာကို မနှောင့်ယှက်ကြပါနဲ့..”

ရွှယ်ရှန်းရှန်း ဖုန်းထုတ်၍ မှတ်တမ်းတင်လိုက်ပြီး “ ကောင်းပြီ.. နင် ပြောတာနော်… တကယ်လို့ နင် ချဲ့ကားပြီး ပြောတာပါရင် နင် ငွေပြန်အမ်းရုံတင် မကသေးဘူး… နင့်ဆိုင်ပါ ဖျက်ဆီးပစ်မယ်… နင် အာမခံရဲလား…”

“ ဘာလို့ မရဲရမှာ…”

“ ကောင်းပြီလေ… မက်မွန်သီး တစ်ကတ်တီလိုချင်တယ်… အခုချိန်ပေး…”

“ အိုကေ.. ခဏလေးစောင့်…”

“ ရှန်းရှန်း… နင် ဒီလိုကြီး လုပ်စရာ မလိုပါဘူးဟာ… ယွမ် သုံးလေးထောင်လောက်လေး ကျမှာကို ဒီလောက်ထိ လိုလို့လား… ငါတို့ မတတ်နိုင်တာလည်း မဟုတ်…” ယွဲ့ဝန်ကျင်းမှ ပြောလိုက်၏။

“ ငါလည်း အစကတော့ မလုပ်ချင်ပါဘူး… ဒါပေမယ့် သူ့လေသံက လူကို စိတ်တိုအောင် လာဆွနေလို့…” ရွှယ်ရှန်းရှန်း ပြောလိုက်ပြီး “ ဘာပဲ ဖြစ်ဖြစ် ခဏနေကျရင် တီချယ်လျိုနား သွားရမှာမလား… အဲ့မှာ တစ်ခါတည်း စမ်းသပ်ကြည့်ကြမယ်… မကြာပါဘူး..”

“ ပြီးတာပဲ…”

ယွဲ့ဝန်ကျင်း ဘာမျှ ထပ်မပြောတော့ချေ။ အသီးများ ဝယ်ပြီးနောက် နှစ်ယောက် အတူ ထွက်သွားခဲ့ကြလေသည်။ သို့သော်လည်း ကားထဲသို့ ဝင်ပြီးနောက် သူမ အတွန့်တက်လိုက်၏။

“ အတည်ကြီးလား… နင် အဲ့လောက် ချောမောတဲ့ လူချောလေးကို အနိုင်ကျင့်ရက်နေတယ်ပေါ့..”

“ ငါလည်း မလုပ်ချင်ပါဘူး.. ဒါပေမယ့် သူ့ပုံစံကို နင်ကြည့်လေ… အလှလေး နှစ်ယောက်က လာအားပေးတာကို ရုပ်ကိုက မတုန်မလှုပ်နဲ့… ဈေးလေး ဘာလေး လျှော့ပေးမယ်လည်း မရှိဘူး… ငါတို့လို အလှနတ်သမီးတွေကို အရိုသေတန်လိုက်တာပဲ…”

“ ဒါပေမယ့် သူကလည်း ချောတယ်လေ…. အဲ့လိုလုပ်ပိုင်ခွင့် ရှိတယ် မဟုတ်ဘူးလား…”

“ သူက ချောပါတယ်… ဒါပေမယ့် ဘယ်လောက်ပဲချောချော အသီးသည်က အသီးသည်ပဲလေ…” ရွှယ်ရှန်းရှန်း ပြောလိုက်ပြီး “ ခဏကျရင် ဒါရိုက်တာလျိုကို စမ်းသပ်ကြည့်ခိုင်းလိုက်မယ်… ပြီးရင် ရလဒ်ကို ယူပြီး သူ့သွားပြမယ်… အဲ့ခါကျရင် သူ့အမူအရာ ဘယ်လိုဖြစ်သွားမယ်လို့ နင်ထင်လဲ…”

“ အချောလေးကို သက်ညှာလိုက်ပါလား နင်ရယ်… သူ ပြောတာကလည်း ရောင်းကောင်းအောင် ပြောတာ နေမှာပေါ့.. ဒီဘက်ခေတ်မှာ သူတို့ ထုတ်ကုန်တိုင်းကို နံပါတ်တစ်ပါလို့ မပြောသူ ဘယ်သူရှိလို့… အသီးထဲ အာဟာရတွေ အဲ့လောက်ထိ မြင့်မားနေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..” ယွဲ့ဝန်ကျင်း ပြောလိုက်ပြီး “ သူ့ကို အခက်တွေ့အောင် လုပ်မနေစမ်းနဲ့…”

“ မပူပါနဲ့… သူ ညာနေတယ်ဆိုရင်တောင် သူ့ကို မဖော်ထုတ်ပါဘူး… ငါက ဒီတိုင်း အမှန်တရား သိချင်လို့… ဘာပဲပြောပြော သူက ချောတယ်လေ… ဒါကြောင့်မို့ သူ့ကို ဒီအခွင့်အရေး ပေးလိုက်မယ်… ဟီးဟီး….”

“ နင့်ကို ဒီလိုလူစားမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး… ခစ်ခစ်… နင်က မကောင်းဘူးပဲ…”

“ ငါ့ချည်း ပြောမနေနဲ့… နင်လည်း ဘာထူးလို့…”

နှစ်ယောက်သား ရယ်ရင်း ပြောရင်ဖြင့် တက္ကသိုလ်ကျောင်းတော်ကြီးဆီ ရောက်လာရှိလာပြီး ဆေးဌာန ဝင်ပေါက်ဝတွင် ရပ်တန့်လိုက်သည်။

စင်ဟွာ တက္ကသိုလ်က အကောင်းဆုံး ဆေးတက္ကသိုလ် တစ်ခု မဟုတ်သော်လည်းပဲ သင်ကြားမှုကတော့ အတော်လေးကို ကောင်းမွန်နေဆဲပင်။ ယခုလို တက်ရောက်နိုင်သည်ကပင် မိသားစုကို အသိုင်းအဝိုင်း အလယ်တွင် မျက်နှာပန်း လှစေသည်။

လေးလွှာရှိ ဆရာ ရုံးခန်းထဲတွင် အသက်လေးဆယ် အရွယ်ရှိ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ထိုင်နေပြီး သူမက ထိုင်ခုံနောက်သို့ လှန်မှီရင်းဖြင့် မျက်နှာကပ်ခွာ ကပ်နေခဲ့သည်။

အမျိုးသမီး၏ နာမည်က လျိုကျစ်ထင် ဖြစ်ပြီး ဆေးကျောင်း၌ မာစတာကျောင်းသား နည်းပြ ပါမောက္ခ တစ်ယောက်ဖြစ်သည်။ အတန်းသင်လို့ ပြီး၍ မာစတာကျောင်းသားများ၏ စာတမ်းပြုစုမှုတွင် ကူညီပေးရန် ပြင်ဆင်နေခြင်းပင်။

ထိုကြောင့် အားလပ်သည့် အချိန်တခဏကို ကောင်းမွန်စွာ အသုံးချ၍ မျက်နှာကပ်ခွာဖြင့် ပန်ဒါမျက်လုံးများ မရရှိစေရန် ကြိုတင်ကာကွယ်နိုင်သည်။

“ ဘာလို့ အသီးတွေ ယူလာခဲ့တာ… ငါ့ကို လာဘ်ထိုးချင်နေတာလား…” လျိုကျစ်ထင် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

“ ဟီးဟီး…”

ရွှယ်ရှန်းရှန်း မိန်းမဆန်စွာ ရယ်မောလျက် “ တီချယ်… ဒီအသီးတွေက အရင် တီချယ် စားဖူးတဲ့ အသီးတွေနဲ့ မတူဘူး….”

“ ဘာမတူလို့… ကြည့်ရတာတော့ တော်တော်လေး လှသားပဲ… နိုင်ငံခြားက အသီးလား…”

“ ဟင့်အင်း… မဟုတ်ဘူး… ခိုင်ရွှမ်အိမ်ယာ ဝင်ပေါက်ဝမှာ လာရောင်းနေလို့ ဝယ်ခဲ့တာ… တစ်ကတ်တီကို ဘယ်လောက် ရှိမယ်ထင်လဲ မှန်းကြည့်ကြည့်…”

“ ဒီလို အရည်အသွေးမျိုးနဲ့ဆိုရ် တစ်ကတ်တီကို ယွမ် တစ်ရာတော့ ကျော်မယ်ထင်တယ်…”

“ မှားတယ်… တစ်ကတ်တီကို ယွမ် ၃,၀၀၀ ပေးရတယ်…”

“ ဘာ… တစ်ကတ်တီကို ယွမ် ၃,၀၀၀ ဟုတ်လား…” လျိုကျစ်ထင် မတ်တပ်ရပ်လိုက်မိပြီး “ နင်တို့ နှစ်ယောက်က ငတုံးလား… ဘာလို့ ဒီလောက် ဈေးကြီးတဲ့ အသီးကို ဝယ်ခဲ့ကြတာ… ပိုက်ဆံ တတ်နိုင်တယ် ဆိုတိုင်း ဒီလို ဖြုန်းလို့မရဘူးလေ….”

“ သူပြောတာ အသီးထဲ ပါဝင်တဲ့ အာဟာရတွေက တခြား သာမန် အသီးတွေထက် အဆ ၂၀ ကနေ ၅၀ လောက်အထိကို ပိုတယ်တဲ့… သူ့ အလိမ်တွေ ဖော်ထုတ်ရအောင်လို့ အသီး တစ်ကတ်တီလောက်ဝယ်ပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်မလို့…”

“ အဓိပ္ပာယ် မရှိတာ… “ လျိုကျစ်ထင် ပြောလိုက်ပြီး “ နင်တို့ အားနေတယ်ဆိုလည်း အချိန်ဖြုန်းမနေနဲ့.. စာတမ်းကို နောက်တစ်ခေါက်ပြန်ကြည့်ကြ… နင်တို့ ပြန်ကာလှန်ကာ ဘယ်နှစ်ခေါက်လုပ်ဖူးလို့…”

ယွဲ့ဝန်ကျင်း ပြုံးလျက် “ တီချယ်ကလည်း … စိတ်လျော့ပါဦး… ကျွန်မ တီချယ့်ဖို့ အသီးဆေးပေးမယ်…”

“ နင်တို့နှစ်ယောက်ကိုတော့ ငါ တကယ် လက်လန်တယ်သိလား…”

ယွဲ့ဝန်ကျင်း မက်မွန်သီး သုံးလုံးကို ရေဖြင့် ညင်သာစွာ ဆေးကြော၍ တစ်ယောက်လျှင် တစ်လုံး ဝေစု ခွဲလိုက်ပြီး စာတမ်းကြည့်ရင်းဖြင့် စားရန် ဟန်ပြင်လိုက်၏။

“ ဟင်… အသီးက အတော် ချိုတယ်နော်…”

တစ်ကိုက် မြည်းကြည့်ပြီးနောက် လျိုကျစ်ထင် အံ့အားတကြီး မြည်တမ်းမိသွားသည်။

All Chapters