ရလဒ် ထွက်လာခဲ့ပြီ
Vol. 84 Ch. 1259
တစ်ချိန်တည်းတွင် ယွဲ့ဝန်ကျင်းနှင့် ရွှယ်ရှန်းရှန်းတို့၏ မျက်ဝန်းလေးများလည်း ပြူးကျယ်သွားခဲ့ကြ၏။
ချိုမြိန်မှုက သူတို့ ထင်မှတ်ထားသည်ထက်ကို ကျော်လွန်နေချေပြီ။ အသီးက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အရသာ ရှိလွန်းလှ၏။
“ ငါတို့ အရင်က စားဖူးတဲ့ မက်မွန်သီးတွေထက်ကို ပိုကောင်းနေတာပဲ..” ယွဲ့ဝန်ကျင်း မယုံကြည်နိုင်စွာ ပြောလိုက်၏။
အစားတစ်လိုင်း ကောင်မလေး တစ်ယောက် အနေနှင့် အရသာ ရှိသည့် အစားအသောက်များဆိုသည်မှာ ကောင်းချီးပေးမှုများပင်။
ရွှယ်ရှန်းရှန်းပင်လျှင် အသီးက ဈေးကြီးသော်လည်းပဲ ပေးရသည့် ဈေးနှင့် တန်သည်ဟု ခံစားနေရ၏။
“ ဒီ မက်မွန်သီးက တစ်ခုခုတော့ မဟုတ်သေးဘူးထင်တယ်…” ထိုအခိုက်တွင် လျိုကျစ်ထင်မှ ချီတုံချတုံ ဖြစ်နေသည့် အမူအရာဖြင့် ပြောလာခဲ့လေသည်။
“ ဘာလို့လဲ တီချယ်လျို… အရသာ ရှိတယ်မဟုတ်ဘူးလား…” ယွဲ့ဝန်ကျင်း ပြောလိုက်၏။
“ အဲ့ ချိုနေတာကြီးကိုက ပုံမှန်မဟုတ်တာ… ပြန်ပြီး ပြုပြင်ထားတာလားမသိဘူး.. မဟုတ်ရင် ဒီလောက်ထိ ချိုနေဖို့ဆိုတာ မဖြစ်နိုင်ဘူး…” လျိုကျစ်ထင် ပြောလိုက်ပြီး “ ပြီးတော့ ကြည့်လိုက်… မက်မွန်သီးတွေက ဧရာမကြီးတွေ… ကြီးထွားဆေးထိုးထားတာလား မသိ… ငါတော့ ကျန်းမာရေးနဲ့ ညီညွှတ်မယ် မထင်ဘူးနော်…”
လျိုကျစ်ထင်၏ စကားလုံးများကို ကြားပြီးနောက် နှစ်ယောက်လုံး သူတို့လက်ထဲရှိ မက်မွန်သီးမှာ အရင်ကကဲ့သို့ ဆွဲဆောင်မှု မရှိတော့ပြီကို ခံစားလိုက်ရသည်။
အကယ်၍ ဓာတုဆေးများဖြင့် မွမ်းမံပြုပြင်ထားသည်ဆိုပါက ဘာမျှ မထူးခြားတော့ချေ။
ယင်းက ဘာကြောင့်လဲဆိုတော့ ခေတ်ပေါ် ဓာတု ဆေးပစ္စည်းတို့ဖြင့် အမျိုးမျိုးသော ဆေးရည်ကြည်များ ထည့်သွင်းလိုက်ရုံမျှနှင့် ယခုလို ရလဒ်မျိုးကို လွယ်လင့်တကူ ရရှိနိုင်လေသည်။
“ ဒီလူ သိပ်တရားလွန်သွားပြီ… ဓာတုပစ္စည်းတွေ အများကြီး သုံးထားတယ်..” ရွှယ်ရှန်းရှန်း ကျွဲမြီးတိုသွားခဲ့၏။
“ ဘာပဲပြောပြော ဒီနေ့ခေတ် ငါတို့ စားနေတဲ့ ပစ္စည်းတွေမှာလည်း ပိုးသတ်ဆေး မကင်းဘဲကို … အရသာ ရှိရင် အဆင်ပြေနေပါပြီ… ဒီတိုင်း ကောင်းတဲ့ အရသာပဲ ခံစားလိုက်စမ်းပါ..”
“ ဒီ အစားသရဲလေးကတော့ …” လျိုကျစ်ထင် ပြောလိုက်ပြီး “ အပင်တွေ စိုက်တဲ့ချိန် ဓာတုပစ္စည်း ပမာဏ နည်းနည်းလောက် ထည့်သုံးတာက ကိစ္စ မဟုတ်ဘူး… ဒါပေမယ့် သူ ရောင်းတဲ့ မက်မွန်သီးတွေထဲမှာ အဲ့လောက်ထိ အာဟာရပါဝင်မှုနှုန်း မြင့်မားအောင် ဓာတုပစ္စည်းတွေရဲ့ အကူအညီမပါဘဲနဲ့ ရဖို့ဆိုတာ ယုံဖို့ အခက်ရယ်…”
ရွှယ်ရှန်းရှန်း နားလည်ရန် ခေတ္တ အချိန် ယူလိုက်ရပြီး “ တီချယ်ပြောချင်တာ သူရောင်းတဲ့ အသီးထဲမှာ ဓာတုပါဝင်မှုနှုန်း တအား များနေတယ်လို့ ပြောချင်တာလား…”
“ ဒါပေါ့… မဟုတ်ရင် ဒီလောက်ထိ ကြီးပြီး ချိုမြနေပါ့မလား…”
“ သောက်ပဲ…”
ရွှယ်ရှန်းရှန်း သူမ လက်ထဲရှိ အသီးကို အမှိုက်ပုံးထဲသို့ ဒေါသတကြီး ကောက်ပစ်လိုက်ပြီး “ လူလိမ်… ကျွန်မတို့ကိုတောင် သဘာဝ အသီးပါဆိုပြီး အရှက်မရှိ ဂျင်းထည့်လိုက်သေးတယ်… ဓာတုပစ္စည်းတွေ ဒီလောက်ထိ သုံးထားလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး…”
ထိုအခိုက်အတန့်တွင်တော့ ရွှယ်ရှန်းရှန်းမှာ လင်းရီကို ခန့်ညားချောမောသည်လို့ မမြင်နိုင်တော့ချေ။ ထိုအစား အလွန်အမင်း စက်ဆုပ်ရွံရှာဖို့ ကောင်းသည်ဟု ခံစားနေရ၏။
ချမ်းသာသူ သူမတို့အနေဖြင့် တန်ဖိုးအထားဆုံးက ကျန်းမာရေးပင်။ ဈေးပိုကြီးသွားသည်က ကိစ္စမရှိသော်လည်း ကျန်းမာရေးနှင့် ညီညွှတ်ရန် လိုအပ်သေး၏။
ထို့ကြောင့်လည်း ထန်းချိန် အိမ်ယာရှေ့တွင် သူသဟိုင် ရောင်းသည့် အသီးအရွက်များက ရေပန်းစားနေရခြင်း ဖြစ်လေသည်။ အကုန်လုံးက သဘာဝအတိုင်း စိုက်ပျိုးထားခြင်း ဖြစ်၏။
“ သောက်ပဲ… ငါဘယ်လိုမှ သည်းမခံနိုင်တော့ဘူး… သူ့ကို တိုင်မယ်…. ဒီ အမှိုက်ကို ယွမ် ၃,၀၀၀ ပေးပြီးတောင် ဝယ်လာခဲ့ရတယ်..”
“ နင် သူ့ကို တိုင်လို့လည်း အလကားပဲ… သက်သေရှိမှ တိုင်လို့ ဖြစ်မှာပေါ့…” လျိုကျစ်ထင် ပြောလိုက်ပြီး “ ဒီ ပစ္စည်းတွေကို ဇီဝ ဓာတ်ခွဲခန်းထဲ ပို့ပြီးတော့ တာဝန်ကျ ဆရာကို စမ်းသပ်ခိုင်းပြီး အသီးရဲ့ ပေါင်းစပ်ဖွဲ့စည်းပုံကို စစ်ဆေးခိုင်းလိုက်…”
ထိုသို့ ပြောပြီးနောက် လျိုကျစ်ထင် သူမ၏ နာရီကို ကြည့်လိုက်ပြီး “ ခုက လေးနာရီကျော်နေပြီ ဆိုတော့ မြန်မြန်လုပ်ရင် ရလဒ်က ခြောက်နာရီ မတိုင်ခင် ထွက်လာလောက်တယ်… အချိန်ကျပြီဆိုတာနဲ့ ရလဒ် သက်သေနဲ့ အဲ့ကောင်ကို ထောင်ထဲ ပို့ကြမယ်…. “
“ ကျွန်မ အခု သွားလိုက်မယ်…”
လျိုကျစ်ထင် ညွှန်ကြားသည့်အတိုင်း နှစ်ယောက်မှာ ကျန်ရှိသည့် မက်မွန်သီး နှစ်လုံးကို မျက်နှာချင်းဆိုင် တံခါးပေါက်ရှိ ဘဝသိပ္ပံ ဓာတ်ခွဲခန်းထဲ ယူဆောင်သွားခဲ့ကြသည်။
ပစ္စည်းကို တာဝန်ကျ ဆရာ လက်ထဲတွင် အပ်ပြီးနောက် စာတမ်း ပြုစုရန်အတွက် အခန်းထဲ ပြန်လာကြလေသည်။
ထိုကြားကာလတွင်တော့ နှစ်ယောက်လုံးက စာတမ်း ရေးသည့်အပေါ်တွင်သာ အာရုံစိုက်ထားကြသည်။
စာတမ်းများက သူတို့ ဘွဲ့ရနိုင်ခြင်း ရှိမရှိကို အဆုံးအဖြတ် ပေးမည် ဖြစ်သဖြင့် အသီးရလဒ်ထက်ကိုပိုပြီး အရေးပါလေသည်။
ဒေါက် ဒေါက် ဒေါက်…
နှစ်နာရီကျော် ကြာပြီးနောက် ရုံးခန်း တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
အနည်းငယ် ငယ်ရွယ်သည့် ကျောင်းသားတစ်ဦးမှ စာရွက်စာတမ်း တစ်ထပ်ကြီးဖြင့် အထဲသို့ ဝင်ရောက်လာလေသည်။
“ ဆရာမက တီချယ်လျိုလားဗျ…”
“ အင်း… ငါပဲ…”
“ တီချယ်လျို မင်္ဂလာပါဗျ… ဒါက တီချယ်မာ ကျွန်တော့်ကို ပို့ခိုင်းလိုက်တဲ့ စမ်းသပ်မှု ရလဒ်ပါ… တီချယ့်ကို ပေးပေးပါတဲ့…”
“ ကောင်းပြီ.. ကျေးဇူးပဲနော်..”
လျိုကျစ်ထင် ရလဒ်မှတ်တမ်းကို လက်ခံပြီးနောက် လာပို့ပေးသည့် ကောင်လေးအား ကျေးဇူးတင်လိုက်သည်။ ကျောင်းသားလေးကလည်း ပို့ပြီးသည်နှင့် တစ်ပြိုင်နက် ပြန်ထွက်ခွာသွားခဲ့လေသည်။
“ တီချယ် … မြန်မြန်လေး… ရလဒ်ဘယ်လိုထွက်လာလဲ ကြည့်ကြစို့လေ… အကန့်အသတ်ထက်ကို ဘယ်လောက်ထိ ကျော်လွန်နေတာလဲတဲ့…”
“ ဘာတွေ လောနေတာ…”
လျိုကျစ်ထင် မှတ်တမ်းကို ဖွင့်လိုက်ပြီးနောက် သုံးယောက်သား လေးလေးနက်နက်နှင့် စတင်ဖတ်ရှုကြတော့၏။ ထို့နောက် ဇဝေဇဝါ… ထို့နောက် ချီတုံချတုံ ဖြစ်နေပြီး နောက်ဆုံးတွင်တော့ ရှော့ခ်ရနေသည့် မျက်နှာအမူအရာများ ဖြစ်သွားခဲ့ကြ၏။
“ ဟင်… ဓာတ်တုပါဝင်မှုနှုန်းတွေ အကုန်လုံးက သတ်မှတ်ထားတဲ့ ပမာဏအတွင်းမှာပဲ ရှိနေတယ် ဟုတ်လား….”
“ အဲ့တာကို ခဏထားလိုက်… အဲ့တာက အဓိက မဟုတ်သေးဘူး..” ယွဲ့ဝန်ကျင်း ပြောလိုက်ပြီး “ အသီးက အစားအသောက် စည်းမျဉ်းစည်းကမ်းတွေကို မဖောက်ဖျက်ရုံတင် မကသေးဘူး… အာဟာရပါဝင်နှုန်းကလည်း စံချိန်စံနှုန်းထက် ဒါဇင်ကျော်လောက်ကို မြင့်မားနေတယ်.. သူ တို့ကို ညာနေတာ မဟုတ်ဘူး.. သူ ရောင်းတဲ့ အသီးတွေရဲ့ အာဟာရပါဝင်နှုန်းက သာမန် အသီးတွေထက်ကို အဆ ၂၀ ကနေ ၅၀ လောက်အထိကို ပါတယ်…”
ယွဲ့ဝန်ကျင်း၏ စကားလုံးများက သူတို့နှစ်ယောက်ကို လင်းရီ အစောပိုင်း ပြောသွားခဲ့သည့် စကားလုံးများအား ပြန်ပြောင်း အမှတ်ရသွားစေသည်။
သူတို့ အနီးကပ် သေချာကြည့်လိုက်တော့ အမှန်တရား ဖြစ်နေသည်ကို ရှာဖွေတွေ့ရှိလိုက်ရသည်။
“ ဒါ… ဒီအသီးက ဂမ္ဘီရဆန်လွန်းသွားပြီ… ဒီလို အသီးမျိုးကို သဘာဝအတိုင်း စိုက်ဖို့ဆိုတာ တကယ်ကြီး ဖြစ်နိုင်ပါ့မလား…”
လျိုကျစ်ထင်မှာ ဆေးပညာရပ်ကို လေ့လာနေသည် ဆိုသော်လည်းပဲ ကျောင်းပြင်ပတွင်တော့ သာမန် သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်သာလျှင် ဖြစ်လေသည်။ ဤ အကြောင်းအရာများကို နည်းနည်းလေးသာလျှင် သိ၏။
ပုံမှန်အခြေအနေအောက်တွင်ဆိုပါက ယခုလို မြင့်မားသည့် အာဟာရပါဝင်နှုန်း ရရှိရန်အတွက် မည်သို့မျှ မဖြစ်နိုင်ချေ။
အကယ်၍ ဖြစ်နိုင်ခဲ့မည် ဆိုပါက သုတေသန၏ ထိပ်တန်း ခေါင်းစဉ်တစ်ခုအဖြစ် လူတိုင်းက မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးကြရတော့မည်။
“ အား….”
ယွဲ့ဝန်ကျင်း အာမေဋိတ်သံဖြင့် အော်ဟစ်လိုက်ပြီး “ တီချယ်လျို… ကျွန်မ ခုမှပဲ သတိထားမိတော့တယ်…”
“ ဘာတုန်း… အလန့်တကြားနဲ့…”
“ တီချယ့်ရဲ့ အညိုကွင်းကြီးတွေ မရှိတော့ဘူး…”
“ မဖြစ်နိုင်တာ… ငါ မျက်နှာကပ်ခွာ ကပ်ထားတာတောင် သိပ်မကြာသေးဘူး… ဒီလောက်မြန်မြန်ကြီး ဘယ်လိုပျောက်နိုင်မှာလဲ…”
“ ဒါပေမယ့် အမှန်ပဲလေ…” ရွှယ်ရှန်းရှန်း ပြောလိုက်ပြီး “ နဂိုကထက်စာရင် အများကြီး ဖျော့သွားပြီ… သေချာလေး မကြည့်ဘူးဆိုရင် မသိသာတော့ဘူး…”
“ တကယ်ကြီးလား..”
လူတိုင်းက အလှတရားကို ခုံမင်ကြပြီး လျိုကျစ်ထင်သည်လည်း ခြွင်းချက် မဟုတ်ပေ။
သူမ စားပွဲသို့ အလျင်အမြန် ပြေးသွား၍ မှန်အသေးလေးအား ကောက်ကိုင်ကြည့်လိုက်၏။ သူမ တပည့်မ ပြောသည်က အမှန်ပင် ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။ အညိုကွင်းများက တော်တော်ကြီးကို မသိသာတော့ချေ။
“ ဘာ… ဘာတွေ ဖြစ်နေတာလဲ… ဒီ တံဆိပ်ကပဲ တအားတွေ ကောင်းလွန်းနေတာများလား… “
“ ကျွန်မမှာ တော်တော်ကြီးကို ကျိုးကြောင်း မဆီလျော်တဲ့ ခန့်မှန်းချက် တစ်ခုတော့ရှိတယ်…” ယွဲ့ဝန်ကျင်း နှစ်ယောက်လုံးအား သိမ်းကျုံးကြည့်၍ ပြောလိုက်သည်။
“ ဘာကြီးလဲ… မြန်မြန်ပြောလေ…” ရွှယ်ရှန်းရှန်း လောဆော်လိုက်၏။
“ ငါတို့နှစ်ယောက် အသီးတွေ ဝယ်တုန်းက အဲ့အချောလေးပြောတာ သူ့အသီးတွေက လှပစေတဲ့ အကျိုးသက်ရောက်မှု ရှိပြီးတော့ မျက်နှာအသားအရေကိုလည်း အားဖြည့်ပေးတယ်လို့ ပြောခဲ့တယ်နော် … ဟုတ်တယ်ဟုတ်… အခု သူ ပြောတဲ့အတိုင်း တကယ်ကြီး အကျိုးသက်ရောက်မှု ရှိနေတာလား မသိဘူး..”
“ မဖြစ်နိုင်ဘူး… အဲ့လောက်ကြီးကတော့ များသွားပြီ…”
“ မဖြစ်နိုင်လို့လည်း မရဘူးလေ… တီချယ်ရဲ့ အညိုကွင်းကြီးတွေဆိုတာ တကယ်ကြီး ပါးသွားပြီ.. ငါတို့ မျက်နှာကိုလည်း စစ်ကြည့်ကြတာပေါ့… တကယ်လို့ အသားအရေ ပြောင်းလဲမှုရှိတယ်ဆိုရင် ဆိုလိုတာ အသီးက တကယ် အစွမ်းပြတယ်ဆိုတာပဲ မလား… ပြောင်းလဲမှု မရှိဘူးဆိုလည်း ဘာဖြစ်သွားမှာမို့လို့…”
“ အမှန်ပဲ…”
ရွှယ်ရှန်းရှန်း သူမ အိတ်ထဲမှ မှန်အသေးလေးကို ထုတ်လိုက်ပြီး သူမကိုယ်သူမ မှန်ထဲ ကြည့်ကြည့်လိုက်၏။
“ ဘုရားရေ… ငါ့မျက်နှာပေါ်က ဝက်ခြံတွေလည်း ပါးသွားခဲ့ပြီ…”
ရွှယ်ရှန်းရှန်း ယွဲ့ဝန်ကျင်းဘက်သို့ စိတ်လှုပ်ရှားစွာ ကြည့်လျက် “ နင်ရော.. ဘာမှ ပြောင်းလဲမသွားဘူးလား…”
လျိုကျစ်ထင်သည်လည်း အဖြေကို သိချင်နေခဲ့၏။
“ ဟင်… ငါ့ မျက်နှာမှာတော့ ဘာမှ ထွေထူး ပြောင်းလဲမသွားဘူးပဲ…”
“ အာ… ကြည့် … တိုက်ဆိုင်တာပါဆို…”
နှစ်ယောက်လုံး အနည်းငယ် စိတ်ပျက်သွားခဲ့ကြသည်။ ကြည့်ရသလောက်တော့ တိုက်ဆိုင်မှုသပ်သပ်တာ ဖြစ်ပြီး အသီးနှင့် ဘာမျှ သက်ဆိုင်မှု မရှိသည့်ဟန်ပင်။
သို့သော် စက္ကန့်အနည်းငယ်ကြာပြီးနောက် ယွဲ့ဝန်ကျင်း၏ မျက်နှာအရောင် လက်ခနဲ ဖြစ်လာခဲ့သည်။
“ တကယ်တမ်းကျ တစ်နေရာတော့ ပြောင်းလဲမှုရှိတယ်…”
“ ဟင်…”
ရွှယ်ရှန်းရှန်း မသိစိတ် အလျောက် ယွဲ့ဝန်ကျင်း၏ ရင်ဘက်ထံ အကြည့်ရောက်သွားခဲ့ပြီး“ A cup ပါဘဲ… ဘာမှပြောင်းလဲသွားတာလည်း မရှိပါဘူး…”
“ ငါပြောချင်တာ အဲ့တာ မဟုတ်ဘူး…” ယွဲ့ဝန်ကျင်း ပြောလိုက်ပြီး “ ခုလေးတင် ငါ့ အန်တီ ရောက်လာတယ်... ဒါပေမယ့် ငါ ဘာနာကျင်မှု မခံစားရဘူး… ဗိုက်လည်း မနာဘူး…”