သူက ဂျီးနီးယပ်
Vol. 84 Ch. 1260
“ အန်တီလာတဲ့ အကြိမ်တိုင်းလည်း ငရဲကျနေသလိုမျိုးကြီးကို နာတာ.. ဒါပေမယ့် ဒီတစ်ကြိမ်ကျတော့ လုံးဝ မနာကျင်တော့ဘူး…”
“ တကယ်… လုံးဝ မနာဘူးပေါ့….”
“ နင် စိတ်ထင်နေတာများလား… ဘောင်းဘီချွတ်စမ်းပါ.. ကြည့်ကြည့်ရအောင်…”
“ သောက်* .. ကြည့်စရာ မလိုပါဘူး… ငါ့ကိုယ်ငါ လာမလာတော့ သိပါသေးတယ်ဟဲ့…” ယွဲ့ဝန်ကျင်း ပြောလိုက်ပြီး “ ဒါကရော သူ့အသီးနဲ့ ဆိုင်တယ်လို့ မထင်ဘူးလား..”
“ ထင်စရာပဲ…” ရွှယ်ရှန်းရှန်း ပြောလိုက်ပြီး “ ဒါပေမယ့် ထပ်ပြီးတော့ တိုက်ဆိုင်တာပဲ ဆိုရင်တောင် ငါတို့ သွားပြီး ထပ်ဝယ်ထားသင့်တယ်… အာဟာရ ပါဝင်နှုန်းကလည်း မြင့်မားပြီး သဘာဝပဲ ဆိုတော့ မဝယ်ထားမိရင် နှမြောစရာကြီးလေ…”
“ ဟုတ်တယ် ဟုတ်တယ်.. မြန်မြန် … ငါတို့ နောက်ကျရင် တော်နေကြာ ဆိုင်ပိတ်သွားနေဦးမယ်…”
ထိုသို့ပြောပြီးနောက် ယွဲ့ဝန်ကျင်း လျိုကျစ်ထင်ကို ကြည့်လိုက်ပြီး “ တီချယ်.. ကျွန်မတို့ ခွင့်ယူပြီး တီချယ့်ဖို့လည်း ဝယ်ခဲ့ပေးမယ်နော်…”
“ အတူသွားကြတာပေါ့… ငါလည်း နည်းနည်းလောက် ဝယ်ချင်တယ်…”
လျိုကျစ်ထင်မှာ သူတို့နှစ်ယောက်ကဲ့သို့ ကြွယ်ဝချမ်းသာ မနေသော်လည်းပဲ ပါမောက္ခတစ်ယောက်အနေဖြင့် ထိုမျှ ငွေပမာဏကိုတော့ တတ်နိုင်ပါသေးသည်။
“ အွန်း… ဒါဆိုလည်း သွားကြစို့…”
သုံးယောက်သား ပစ္စည်းပစ္စယများ သိမ်းဆည်းပြီးနောက် ကားထဲဝင်၍ ခိုင်ရွှမ်အိမ်ယာသို့ မောင်းထွက်လာခဲ့ကြသည်။
“ တီချယ်လျိုသိလား… အဲ့ အသီးရောင်းတဲ့ အစ်ကိုလေးက သိပ်ချောတာနော်… “ ရွှယ်ရှန်းရှန်း ပြောလိုက်ပြီး “ ကျိန်ဆို ကျိန်ရဲတယ်… သူက အဲ့ဒီ တက်သစ်စ အနုပညာရှင် ပေါက်စနလေးတွေထက်ကို ပိုချောတယ်…”
“ နင်တို့မျက်စိကိုက လွန်လွန်ကြူးကြူးကြီး မြင်နေတာ နေမှာပေါ့… နင်တို့သာ အဲ့ဒီ ခွန်အားတွေကို နင်တို့ရဲ့ စာတမ်းထဲမှာသာ အသုံးချလိုက်မယ်ဆိုရင် အစောကြီးကတည်းကနေ ဘွဲ့ရပြီးတာ ကြာနေပြီ…”
“ အဲ့လိုမပြောနဲ့လေ… သူက အတည်ကြီး ချောတာပါဆို…”
“ ငါ့အထင်တော့ နင်တို့တွေ ချောတဲ့လူ များများစားစား သိပ်မြင်ဖူးတဲ့ပုံ မပေါ်ဘူး… ဟုတ်တယ်မလား… နင်တို့ ကြုံရာ တစ်ယောက်မြင်ပြီးတော့မှ နင်တို့မျက်လုံးထဲမှာ မယုံချင်စရာ ကောင်းလောက်အောင် ချောမောတယ်ထင်နေကြတာ… ငါပြောတဲ့ လူကိုသာ နင်တို့ မြင်ပြီးလို့ကတော့ ဘယ်သူ့ကိုမှ မျက်လုံးထဲ ထည့်နိုင်တော့မှာ မဟုတ်တော့ဘူး….”
“ တီချယ့်လေသံက ဘာလို့ ကျွန်မတို့ထက် ပိုပြီး အတွေ့အကြုံရှိနေတဲ့ ပုံစံ ပေါက်နေတာ.. ပြောပြတော့… တီချယ် တွေ့ဖူးသမျှထဲမှာ ဘယ်သူက အချောဆုံးလဲ…”
“ သူက ဟွာရှန်းဆေးရုံ နှလုံးခွဲစိတ်ဌာနက ဒါရိုက်တာ… ဒါပေမယ့် ခုတော့ နှုတ်ထွက်သွားပါပြီလေ..” လျိုကျစ်ထင် ပြောလိုက်ပြီး “ ရှေ့ ရက် အနည်းငယ်လောက်တုန်းကတောင် သူ့ကို ရန်တက္ကသိုလ် ဆေးဌာနက အစည်းဝေးတစ်ခုမှာ တွေ့ခဲ့သေးတယ်… သူက သိပ်ချောတာ…”
“ ကျွန်မတို့ ကြိုက်တဲ့ အရသာချင်းက မတူဘူးလေ တီချယ်ရဲ့.. ဟိုက နှစ်ဆယ်ကျော်လေး… တီချယ့်လူက လေးဆယ်ကျော် ငါးဆယ် သက်လတ်ပိုင်းကြီး… လာယှဉ်နေလို့ ဘယ်ရမှာ…” ရွှယ်ရှန်းရှန်းမှ ရယ်မောမိလိုက်သည်။
“ ဘာကို သက်လတ်ပိုင်း လူကြီးတုန်း… သူကလည်း အသက် ၂၀ ကျော်တည်း ရှိသေးတာ… နင်တို့ အရွယ်လောက်ပဲ…”
“ ဟင်… ကျွန်မတို့နဲ့ ရွယ်တူပေါ့…”
နှစ်ယောက်လုံး အံ့အားသ့င်သွားခဲ့ကြပြီး “ အသက် ၂၀ ကျော်နဲ့ ဟွာရှန်းဆေးရုံမှာ ဒါရိုက်တာ ဟုတ်လား… တီချယ်… ပုံမှန်ဆို ဒါရိုက်တာတွေက အသက် ၄၀ ကျော်မှ မဟုတ်ဘူးလား…”
“ ကမ္ဘာကြီးမှာ ဂျီးနီးယပ်တွေ အများကြီးရှိတယ်.. နင်တို့က နည်းနည်းလေးပဲ သိကြလို့သာ…” လျိုကျစ်ထင်မှ စွဲလမ်းနေသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ သူက ငယ်ရွယ်ပြီး ချောမောရုံတင် မကသေးဘူး.. သူ့ရဲ့ အရည်အချင်းကလည်း လုံးဝ ထိပ်တန်း… ဟွာရှကို မပြောသေးနဲ့ဦး… နိုင်ငံတကာမှာ ရင်ဘောင်တန်းမယ်ဆိုရင်တောင် ထိပ်တန်း သုံးနေရာလောက် ဝင်နိုင်တယ်… ငါက အသက် လေးဆယ်ကျော်ပြီး ဒါရိုက်တာ ရာထူး တိုးခံရတော့မှာ ဆိုပေမယ့် သူနဲ့ အရည်အချင်း ယှဉ်လိုက်ရင် မှီဖို့ လိုအပ်နေသေးတုန်းပဲ… သူက တကယ့်ကို ဂျီးနီးယပ် စစ်စစ်… ငါတို့ ကျောင်းက လူအိုကြီးတွေတောင် သူနဲ့ တစ်တန်းတည်း ရှိဖို့ အရည်အချင်း မမှီဘူး…”
“ တကယ်… တီချယ် ချဲ့ကားပြီး ပြောနေတာတော့ မဟုတ်ဘူးမလား…”
နှစ်ယောက်လုံး မယုံကြည်နိုင်ကြချေ။
ကမ္ဘာပေါ်မှာ အဲ့လောက်ထိ မကောင်းဆိုးရွား ဆန်တဲ့ ပါရမီရှင်ဆိုတာ ရှိနိုင်လို့လား….
“ စဉ်းစားပေါ့… တကယ်လို့မှ သူက အရည်အချင်း မရှိဘူးဆိုရင် ဘာလို့ ပြည်ထောင်စု ဆေးကောလိပ် ခေါင်းဆောင်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုမယ်လို့ ထင်လဲ… အံ့ဩဖို့ မကောင်းဘူးလား…”
“ ဘုရားရေ…. ပြည်ထောင်စု ဆေးကောလိပ် ဆေးရုံခေါင်းဆောင်ကတောင် သူ့ကို ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုပေးရတယ် ဟုတ်လား…. ဒါကြီးကတော့ အံ့အားသင့်ဖို့ ကောင်းလွန်းသွားပြီ…”
ယခုတော့ သူတို့နှစ်ယောက်လုံး လျိုကျစ်ထင် ပြောသည်မှာ အမှန်တရားများ ဖြစ်ကြောင်းကို ယုံကြည်သွားခဲ့ကြလေပြီ။
“ ဒါဆိုရင် သူက ဘာလို့ ဆက်မလုပ်တော့တာလဲတဲ့…” ယွဲ့ဝန်ကျင်း မေးမြန်းလိုက်၏။
“ ငါကြားတာတော့ သူ စီးပွားရေး လိုင်းဘက် ကူးသွားပြီး ခုဆို ယွမ် တစ်ရာဘီလီယမ်ကျော် ချမ်းသာနေပြီဆိုလားပဲ…”
ဟစ်…….
နှစ်ယောက်လုံး လေအေးကြီးများ ရှူသွင်းမိလိုက်ကြသည်။
ဆရာဝန်တစ်ယောက်က စီးပွားရေး လောကထဲ ခြေချပြီးတော့ ယွမ် တစ်ရာ ဘီလီယမ်ကျော် ချမ်းသာသွားတယ် ဟုတ်လား…
“ အမှန်ပဲ… သတင်းက ယုံကြည်ရတယ်…” လျိုကျစ်ထင် ပြောလိုက်၏။ “ ဒါက ဂျီးနီးယပ်နဲ့ သာမန်လူကြားက ကွာဟချက်ပဲ.. သူတို့ လုပ်ချင်တာ လုပ်နေတဲ့ အချိန်မှာ သာမန်လူတွေကတော့ တစ်ခုခုကို ထူးချွန်နိုင်ဖို့အရေး ရုံးကန်နေကြရတုန်း…”
“ အီးဟီး… မနာလိုလိုက်တာနော်…”
လျိုကျစ်ထင် တည်ငြိမ်စွာ ပြုံးလိုက်ရင်း “ ပြီးတော့ သူ့ရုပ်ရည်ကလည်း အပြစ်ပြောစရာကို မရှိဘူး… ငါ့လို အသက်ကြီးတဲ့သူတောင် သူ့ကို ကြွေမိတယ်ဆိုတော့ သူ ဘယ်လောက်ထိ ချောမယ်လို့ နင်တို့ထင်လဲ…”
“ ဒါကတော့… ကျွန်မတို့လည်း တီချယ်ပြောသမျှကို မျက်လုံးစုံမှိတ်ပြီးတော့ မယုံကြည်ပေးနိုင်ပေါင်…. တီချယ့်ကို သိပ်ချောတဲ့ အသီးသည် အစ်ကိုလေးဆီ ခုပဲ ခေါ်သွားပေးမယ်…”
( ပေါင် = ပါဘူး စကားဆက် အသံကိုပဲ ယူရေးထားခြင်းဖြစ်ပါသည်။ )
လျိုကျစ်ထင် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်ရင်း အမြင်မကျယ်မှုကို ကျိတ်လျက် အပြစ်တင်ဝေဖန်နေမိ၏။
.........
ညနေ ငါးနာရီခွဲ အချိန်အခါ ဖြစ်ပြီး တချို့သော လူများအတွက်တော့ ဤအချိန်က အလုပ်သိမ်းချိန်ပင်။
အချိန်ပိုဆင်းကြရသည့် အလုပ်သမား လူတန်းစားများ အများအပြား ရှိကြသော်လည်းပဲ လမ်းမထက်တွင်တော့ လူသူလေးပါးဖြင့် စည်ကားသိုက်မြိုက်နေပြီဖြစ်၏။
ထို့ပြင် အနီးတစ်ဝိုက်၌ တက္ကသိုလ် တစ်ချို့လည်း ရှိသောကြောင့် လင်းရီ ငယ်ရွယ်သူ မိန်းကလေးများနှင့် အရွယ်စုံ အလှလေးမျိုးစုံ ဖြတ်သွားဖြတ်လာ ပြုနေသည်ကို မြင်တွေ့နေရသည်။ သူလေးတို့က လင်းရီကို မြင်တော့ ခေတ္တမျှရပ်တန့်၍ သုံးလေးကြိမ်ခန့် စိုက်ကြည့်လိုက်ကြသည်။
သို့သော်လည်း အသီးဈေး ဆိုင်းဘုတ်ထံ အကြည့်ရောက်သွားတော့ ပြန်ပြီး အကြည့်လွှဲသွားကြတော့၏။ သူရောင်းသည့် အသီးများက ဈေးကြီးလွန်းလှကာ အိမ်၏ ထောက်ပံ့ပေးမှုကို မှီခိုနေရသူ ကျောင်းသူလေးများအဖို့ ဝယ်ရန် မတတ်နိုင်ကြပါချေ။
“ နင့်အသီးတွေက တစ်ကတ်တီကို ယွမ် ၃,၀၀၀ ရောင်းတယ်ဆိုတော့ ဝယ်ပြီးရင် လက်ဆောင်လေးဘာလေး မထည့်ပေးဘူးလား…”
လင်းရီ၏ ဆိုင်ရှေ့တွင် မတ်တပ်ရပ်နေသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးမှ မေးမြန်းလိုက်သည်။
“ ဟင်… အပိုတော့ မရဘူးဗျ… အသီးတွေကို ပြောထားတဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်းတယ်…”
“ ဈေးကလည်း ကြီးလိုက်တာအေ…”
သက်လတ်ပိုင်း အမျိုးသမီးမှ သူမ၏ LV အိတ်နှင့် ဘန်ထလေကားသော့ကို ဝှေ့ယမ်းပြလျက် လင်းရီကို ချိုသာစွာ ပြုံးပြရင်း “ ကောင်လေး… နင် ငါ့ကို ဒစ်စကောင့် မပေးနိုင်ဘူးလား… ဈေးချိုရင် အားပေးမယ်လေ…”
“ ဒီထက်လည်း ပိုမချိုနိုင်တော့ဘူး… ဒါရောင်းဈေးပဲ…”
လင်းရီ ယတိပြတ် ငြင်းဆန်လိုက်၏။
အကယ်၍ နောက်တစ်ကြိမ်လာဝယ်သည့် ဖောက်သည်ဆိုပါက လင်းရီ ကျိန်းသေပေါက်ကို လျှော့ဈေးပေးလိုက်မည်။
သို့သော်လည်း ဤအမျိုးသမီးက သူနှင့် မရင်းနှီးသည့်အပြင် ကားသော့လာဝှေ့ရမ်းပြနေပြီး ဟိန်ဟန်များပြနေလိုက်သေးသည်။ ချမ်းသာ နေလျှင်လည်း အဘယ်ကြောင့် လူကို လျှော့ဈေး လာတောင်းနေရသနည်း။ ထို့ကြောင့် အမြင်ကတ်ပုဒ်မနှင့် သူမကို လျှော့ဈေးပေးရန် အကြောင်း မရှိချေ။
ထို့ပြင် လင်းရီ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို မသိစိတ်က အနံ့ရနေမိ၏။ အကယ်၍ သူကသာ သူမအပေါ် အလျှော့ပေးလိုက်မိပါက ထို အန်တီကြီး၏ မွေးစားသားလေး တစ်ယောက် ဖြစ်သွားနိုင်သည်။
လက်တွေ့ မဆန်သည့် အတွေးများကို မစတင်ခင်ကတည်းက ဖြတ်တောက်ထားဖို့ ကောင်း၏။
လင်းရီ၏ မယိုင်နဲ့သည့် သဘောထားကို မြင်တော့ သက်လတ်ပိုင်း အမျိုးသမီး၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သို့ပေမယ့် သူမ အရှုံးမပေးချင်သေးပေ။
“ နင့် အသီးက ဘာတွေများ ထူးခြားနေလို့ အဲ့လောက် ဈေးကြီးနေရတာ…”
သက်လတ်ပိုင်း အမျိုးသမီးသာလျှင်မဟုတ်။ ဘေးမှ လာကြည့်နေကြသူများလည်း ထိုအချင်းအရာကို သိချင်နေကြ၏။
ယေဘုယျအားဖြင့် ထူးခြားမှု တစ်စုံတစ်ရာမရှိပါက ယခုလို မတန်တဆ ဈေးနှုန်းဖြင့် ရောင်းချရန်မှာ မဖြစ်နိုင်ချေ။
အကယ်၍ အသီးသည်လေးရဲ့ ဦးနှောက်ကသာ တစ်ခုခု မှားယွင်းနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့။
“ အာဟာရပါဝင်မှုနှုန်းက သာမန်အသီးတွေထက်ကို အဆ ၂၀ ကနေ ၅၀ အထိကို မြင့်မားတယ်… ပြီးတော့ လူကို လှပစေပြီး မျက်နှာ အသားအရေကို အားဖြည့်ပေးတဲ့ အာနိသင် ရှိတယ်…”
“ ဓာတ်ခွဲခန်း ရလဒ် ရှိလား… နင် ဒီလိုပြောလိုက်တာနဲ့ပဲ ငါတို့က ယုံမယ်လို့ ထင်လား..”
“ မရှိဘူး.. ယုံတာ မယုံတာ ခင်များတို့ အပိုင်း..”
“ နင်….”
ခရိတ်ခ်….
သက်လတ်ပိုင်း အမျိုးသမီးမှ စကားပြောတော့မည့် အချိန်တွင် BMW 5 စီးရီး တစ်စင်းမှာ ဆိုင်ငယ်လေးရှေ့ ထိုးရပ်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
လီကျစ်ထင်နှင့် ကျန်နှစ်ယောက်တို့ ကားထဲမှ ထွက်လာခဲ့ကြ၏။
“ ကိုလူချော…”
လင်းရီကို မြင်တော့ ယွဲ့ဝန်ကျင်းနှင့် ရွှယ်ရှန်းရှန်းတို့ မျက်လုံးအရောင် လက်သွားခဲ့ကြ၏။
“ တီချယ်.. ကြည့်… သူ မချောဘူးလား… သူက တီချယ်ပြောနေတဲ့လူထက် ပိုချောတယ် မထင်ဘူးလား…”
“ ဟင်… ဒါရိုက်တာလင်းမလား…”
လျိုကျစ်ထင် အခြားသော စကားသံများထံ အာရုံမရောက်နိုင်တော့ချေ။ လင်းရီ အမည်တွင်သည့် ပါရမီရှင်လေးအား ဤသို့သော နေရာမျိုးတွင် လာတွေ့ဆုံရလိမ့်မည်လို့ သူမ ထင်မှတ်မထားခဲ့ပါချေ။
“ ဟမ်… ကျွန်တော့်ကို သိတယ်လား…”
စာစဉ် (၈၄) ပြီး၏။