ဘဝင်မြင့်မှုနှင့် ခေါင်းမာခြင်း၏တန်ဖိုး
Vol. 56 Ch. 784
ကျိချွိမိန်နှင့်ထန်ရှုသည် လက်ရှိတွင် ကောင်းကင်ယံ၌ မီတာရာဂဏန်းမျှ အကွာတွင် ရှိနေပြီး ကျိချွိမိန်သည် မီတာရာနှင့်ချီအကျယ်အဝန်း ရှိသော သူမ၏နယ်မြေကို ထုတ်လွှတ်ထားပေရာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် တဂျိန်းဂျိန်း မြည်နေသော လျှပ်စီးတို့သည် သူမနှင့် ထန်ရှုတို့ကို ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့ပေ။
"ကြည့်ရတာ သူတို့မှာ ပြသနာတွေ ရှိပုံရတယ်။"
ကျိချွိမိန်သည် ထိုမြင်ကွင်းကို ထူးမခြားသောဟန်ဖြင့် ကြည့်နေရင်း ပြောလိုက်သောအသံသည် ရေခဲမြစ်ကဲ့သို့ အေးစက်နေသည်။ အောက်အရပ်မှ ထိုသူများသည် သူမ၏မျက်လုံးထဲတွင် ပုရွက်ဆိတ်များကဲ့သို့ တည်ရှိမှုမျိုးသာ ဖြစ်ရာ သူမ၏အရှင်သခင်က ဒီကိစ္စကို ဂရုစိုက်မနေပါက သည်နေရာတွင် သူမ အချိန်ဖြုန်းနေမည် မဟုတ်ပေ။
“အင်း … ဒုက္ခတွေ ကြုံရတာလည်း ကောင်းမွန်တဲ့ အရာဆိုတာ မင်း အသိပဲ။ ဘယ်သူမဆို သက်တောင့်သက်သာနဲ့ ထာဝစဉ် ချောမွေ့စွာ နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“မင်းက အင်မော်တယ်ကမ္ဘာမှာ မွေးဖွားလာတာဆိုတော့ သန့်စင်တဲ့ယန် အင်မော်တယ်အကြောင်းကို ကြားဖူးတယ်မဟုတ်လား။ အဲ့ဒီလူက လင်းယုန်တွေရဲ့အတောင်ပံတွေအောက်မှာ ကြီးပြင်းလာတာမို့ သူ့ဘဝမှာ ဘယ်လိုအခက်အခဲ၊ လှိုင်းတံပိုးတွေ ဒါမှမဟုတ် မုန်တိုင်းတွေကိုမှ မကြုံခဲ့ဖူးဘူး။ သူ့မှာ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေလည်း ရှိတာမို့ သူ့ရဲ့ ကျင့်ကြံမှုက အင်မော်တယ်မှတ်တမ်းထဲမှာ အမြင့်ဆုံးထိ ရောက်ရှိခဲ့သလို ပြီးပြည့်စုံတဲ့ ရွှေအင်မော်တယ်အဆင့်ထိတောင် ရောက်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူ ဘာဖြစ်သွားလဲ။ သူက ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး အင်မော်တယ်ကမ္ဘာကို နောက်ပိုင်းတက်လာတဲ့ အင်မော်တယ်အသစ်လေးတစ်ဦးရဲ့ တစ်ခါတည်း သတ်တာကို ခံလိုက်ရတယ်။ နောက်ဆုံးတော့ သူက အင်မော်တယ်ကမ္ဘာက မရေမတွက်နိုင်တဲ့ အင်မော်တယ်တွေအတွက် ရယ်စရာဟာသ ဖြစ်သွားခဲ့ရတယ်။”
"အရှင် ပြောတာ မှန်ပါတယ်။" ကျိချွိမိန်က ခေါင်းညိတ်သဘောတူပြီး ပြောလိုက်သည်။ “ဖန်လုံအိမ်ထဲက ဒီလိုပန်းမျိုးတွေဟာ နှစ်ပေါင်းများစွာ အဆုံးမရှိတဲ့ အခက်အခဲတွေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ အဲ့ဒီလိုပန်းမျိုးတွေက လေတိုက်ခတ်မှုနဲ့ မိုးရေစက်တွေကို ခံနိုင်ရည်ရှိတဲ့ နိမ့်ပါးတဲ့ ပေါင်းပင်တွေနဲ့တောင် မယှဉ်နိုင်ဘူး။ ဒါပေမယ့် အရှင့်ကို တစ်ခုလောက် မေးလို့ရမလား။ ဗီဗီယန်နီလို့ ခေါ်တဲ့ ဒီမိန်းကလေးက ငါတို့လူတွေထဲက တစ်ယောက်လား။”
ထန်ရှုက အမူအရာကင်းမဲ့စွာဖြင့် ခေါင်းယမ်းသည်။ ရွှယ်ယု၏ ရှေ့ဖြစ်ဟောခြင်းတွင် သူနှင့် ဗီဗီယန်နီ မည်ကဲ့သို့ ဆက်စပ်နေသည်ကို သူလည်း မသိပေ။ သူနှင့် ဗီဗီယန်နီတို့သည် သာမန်သာ သိကျွမ်းခဲ့ကြပြီး ခင်မင်ရင်းနှီးမှုပင် လုံးဝမရှိခဲ့ပေရာ သူ၏မျက်စိအရှေ့တွင် အသတ်ခံလိုက်ရလျှင်ပင် သူနှင့် သက်ဆိုင်လိမ့်မည် မဟုတ်ချေ။
အသေအချာပင် သည်အချက်သည် သူနှင့် ကျိချွိမိန် သည်သို့ ရောက်လာပြီးနောက် ဗီဗီယန်နီ၏အရှေ့သို့ ချက်ချင်းမပေါ်လာရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ဗီဗီယန်နီ တွေ့ကြုံခဲ့ရသည့်အရာများနှင့် ဤမျှရှုပ်ထွေးခက်ခဲသော အခြေအနေတွင် သူမ မည်ကဲ့သို့ ရှိနေနိုင်သည်ဟူသော အမှန်တရားကို သူ ရှာဖွေချင်ခဲ့မိသည်။
"စကားမစပ် … တောက်ပသောတောင်ပံလူမျိုး အကြောင်း မင်းလည်း သိတယ်မဟုတ်လား ချွိမိန်။" ထန်ရှု ရုတ်တရက် လှည့်မေးလိုက်သည်။
“သိတယ်လေ။” ကျိချွိမိန်က ခေါင်းညိတ်ပြီး ပြန်ပြောသည်။
"တောက်ပတဲ့တောင်ပံလူမျိုးက အင်မော်တယ်ကမ္ဘာရဲ့ များပြားလှတဲ့ လူမျိုးတွေထဲက တစ်ခုပဲ။ ဒါပေမယ့် မရေမတွက်နိုင်တဲ့လူတွေက သူတို့တွေမွေးကတည်းက လောဘမျက်လုံးတွေနဲ့ အမြဲကြည့်နေကြတာမို့ သူတို့လူမျိုးစုက သနားစရာကောင်းတဲ့ ကံကြမ္မာတစ်ခု ရှိတယ်လို့ဆိုရမယ်။ အထူးသဖြင့် မွေးလာတဲ့ မိန်းကလေးတိုင်းက အလှလေးတွေချည်းပဲ။ အင်မော်တယ်ကမ္ဘာက မရေမတွက်နိုင်သော စွမ်းအားရှင်တွေရဲ့မျက်လုံးထဲမှာ သူတို့တွေကို ကစားစရာလို့ သဘောထားကြတာ။ ငါသိသလောက်တော့ ဒီလူမျိုးစုမှာ မပြည့်စုံတဲ့ ကျင့်ကြံနည်းစနစ်တစ်ခုပဲ ရှိပြီး သာမန်အင်မော်တယ် ကျင့်ကြံနည်းစနစ်ထက် ပိုပြီးခက်ခဲတယ်။ ဒါကြောင့် နှစ်ထောင်ပေါင်းများစွာ ကြာတဲ့အထိ တောက်ပသော တောင်ပံမျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ အားကောင်းတဲ့ စွမ်းအားရှင်တွေ မရှိတော့တာပဲ။”
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး
"ဒီဗီဗီယန်နီမှာ တောက်ပသောတောင်ပံမျိုးနွယ်ရဲ့ သွေးမျိုးစက် ရှိတယ်လို့ ငါ သံသယဖြစ်မိတယ်။ ဒီသွေးမျိုးစက်ရှိတဲ့သူတစ်ယောက်က ကမ္ဘာမြေပေါ်မှာ ဘယ်လိုပေါ်လာနိုင်တာလဲဆိုတာ ငါ မသိသေးဘူး။"
ကျိချွိမိန် ထိတ်လန့်တွေဝသွေားပြီး
“အခု ပြန်စဉ်းစားကြည့်တော့ အဲ့ဒီတုန်းက ကောလဟာလ တစ်ခုရှိခဲ့တယ် အရှင်။ တောက်ပသော တောင်ပံမျိုးနွယ်စုက အစွမ်းထက်တဲ့ ကျွမ်းကျင်သူကို မမွေးထုတ်ခဲ့ပေမယ့် ပရမတ္ထဗီယန်နလို့ခေါ်တဲ့ ပညာရှိတစ်ဦးကို မွေးထုတ်ခဲ့တယ်။ အဲ့ဒီတုန်းက ထုတ်ပြန်ခဲ့တဲ့ သူမရဲ့အယူအဆတစ်ခုအရ သူတို့မျိုးနွယ်က အောက်ကမ္ဘာတစ်ခုသို့ ဆင်းသက်ပြီး သူတို့ရဲ့သွေးတွေက သေမျိုးခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားမယ်ဆိုရင် မျိုးဆက်သစ်တွေမှာ လူသားမျိုးနွယ်နဲ့ တောက်ပသောတောင်ပံမျိုးနွယ်စုရဲ့ သွေးမျိုးစက်နှစ်ခုလုံး ရှိလိမ့်မယ်ဆိုပဲ။ တကယ်လို့ ဗီဗီယန်နီမှာ တောက်ပသော တောင်ပံမျိုးနွယ်စုရဲ့ သွေးမျိုးစက် အမှန်တကယ် ရှိနေတယ်ဆိုရင် သူမက အဲ့ဒီအယူအဆကနေ ထွက်ပေါ်လာတဲ့ မျိုးရိုးဖြစ်နိုင်ချေ များတယ်။"
"ဒါပေမယ့် အဲ့ဒါက သိပ်ရယ်စရာကောင်းတယ် မဟုတ်လား။" ထန်ရှုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“အင်မော်တယ်တချို့က အောက်ဘုံကို ဆင်းချင်ရင်တောင် အောက်ဘုံရဲ့ အာကာသဥပဒေက အဆင့်မြင့်တဲ့အဆင့် မဟုတ်ရင်တောင်မှ သူတို့ကို အာကာသဥပဒေက ခွင့်ပြုမှာ မဟုတ်ဘူး။ အဲ့ဒီအင်မော်တယ်တွေက ပြီးပြည့်စုံတဲ့ ရွှေအင်မော်တယ်အဆင့်ကို မချိုးဖြတ်ထားရင်လည်း ဘယ်သူမှ ဒီနေရာကို မလာနိုင်ဘူး။ ဒါပေမယ့်လည်း ပြီးပြည့်စုံတဲ့ ရွှေအင်မေယ်တယ်နယ်ပယ်ကို ချိုးဖြတ်သွားသူတွေက အတော့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်တည်မှုပဲ။ အားနည်းတဲ့လူမျိုးစုကို ခိုလှုံစေဖို့က သူတို့အတွက် မခက်ပါဘူး။”
“အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ငါလည်း ရှင်းရှင်းလင်းလင်း မသိပါဘူး အရှင်။” ကျိချွိမိန်က ခေါင်းယမ်းသည်။
ထန်ရှုလည်း ခေါင်းယမ်းလိုက်ပြီး သူ၏စိတ်ရှုပ်စရာများကို ကျောခိုင်းကာ ထိုအစား သင်္ဘောတွေဆီ ကြည့်ရန် သူ၏အမြင်ကို အာရုံစိုက်လိုက်သည်။
သင်္ဘောဦးတွင်…
ဝမ်ယွီ၏ခေါင်းမာမှုသည် ဗီဗီယန်နီကို သက်တောင့်သက်သာ မဖြစ်စေခဲ့ဘဲ ထိုအစား သူမကို ပိုလို့ပင် စိတ်ပူစေခဲ့သည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွင် ကျောက်တုံးကို ကြက်ဥတစ်လုံးနှင့် ပစ်သလိုမျိုး ဖြစ်မည်ကို သူမ သိသောကြောင့် ရှေးဟောင်းဆင်ရိုင်းအဖွဲ့၏လူများကို ပြင်းပြင်းထန်ထန် မတိုက်ခိုက်ချင်ပေ။ ဝမ်ယွီသည် သူ၏လူများကို ခေါ်ဆောင်ကာ သည်နေရာမှ ထွက်ခွာသွားရန်နှင့် သူမသည် စပိဘုတ်ကိုစီးကာ အမြန်ထွက်ပြေး လွတ်မြောက်ရန် ဆန္ဒရှိခဲ့သည်။
သို့သော် သည်ဝမ်ယွီသည် တစ်ချိန်တည်းမှာ ဘဝင်မြင့်ပြီး ခေါင်းမာလွန်းပေသည်။
အပျော်စီးသင်္ဘောနှင့်ကုန်တင်သင်္ဘောကြား အကွာအဝေးသည် ပိုမိုနီးကပ်လာသည်။ ဝမ်ယွီနှင့် ဗီဗီယန်နီတို့သည် ထိုသင်္ဘောပေါ်တွင် လက်နက်အပြည့် ကိုင်ဆောင်ထားသော အမျိုးသား၊ အမျိုးသမီးများကို ရှင်းရှင်းလင်းလင်း မြင်ရပေသည်။ ကုန်တင်သင်္ဘော၏ ဦးပိုင်းတွင် ငွေရောင်ဆံပင်နှင့် အဘိုးကြီးတစ်ယောက်သည် လက်နောက်ပစ်ကာ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေသည်ကိုပင် တွေ့ရလေသည်။
"ဒါက ပြသနာဖြစ်လိမ့်မယ်။"
ဝမ်ယွီ၏အနားတွင် ရပ်နေသော သန်မာသောလူက ဆိုလိုက်သည်။ ငွေရောင်ဆံပင်နှင့်အဘိုးအိုကို တွေ့လိုက်ရစဉ်တွင် သူ၏ နှလုံးခုန်သံမြန်နေပြီး ရင်ထဲတွင် အေးစိမ့်သော ခံစားချက် ပြည့်နှက်လာခဲ့သည်။
"ဘာပြသနာလဲ။" ဝမ်ယွီ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဒီဟာက ငါတို့အတွက် ကြီးမားတဲ့ပြသနာပဲ သူဌေး။" ဝမ်ယွီ၏လူက ခါးခါးသီးသီးလေသံဖြင့်
"အဲ့ဒီအဘိုးအိုက ရှေးဟောင်းဆင်ရိုင်းအဖွဲ့ရဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်နိုင်တယ်။ သူ့ရဲ့ရာထူးက ငါတို့နိုင်ငံက ရှေးခေတ်ဂိုဏ်းချုပ်တွေရဲ့ တရားစီရင်ရေးခန်းမသခင်လိုပဲ။ ဒီလူက အရမ်း ကြောက်စရာကောင်းတယ်လို့ ကောလဟာလတွေ ထွက်နေပေမယ့် သူ့ကို မြင်ဖူးတဲ့သူ မရှိဘူး။ ကောလဟာလတွေအရဆိုရင် သူ့ကို မြင်ဖူးတဲ့သူတိုင်း သေဆုံးသွားကြတယ်လို့ဆိုတယ်။ အဲ့ဒီလူထူးဆန်းအဘိုးအိုက ရှေးဟောင်းဆင်ရိုင်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ခေါင်းဆောင်ရဲ့ ကြောက်စရာ အကောင်းဆုံး စွမ်းအားရှင် ဖြစ်နိုင်တယ်။”
"ဟမ့် ... ငါတို့ရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင် လုပ်ဖို့ ရန်သူရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ မင်း ကြိုးစားနေတာလား။"
ဝမ်ယွီက အေးစက်စက်လေသံဖြင့်
"ငါက သိုင်းပညာရှင်ကြီးအဆင့်ကို ရောက်နေပြီ။ မင်းကလည်း ပိုမြင့်တဲ့အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ငါတို့နှစ်ဦးပဲ လှုပ်ရှားရင်တောင် အဲ့ဒီလူတွေကို လုံး၀ ချေမှုန်းနိုင်မယ်လို့ ငါ ယုံတယ်။ ဒါတင်မကသေးဘူး … ဒီတစ်ခေါက်က ငါတို့နဲ့ အတူ လူသားမဟုတ်တဲ့လူလည်း ပါလာတယ်ဆိုတာ မမေ့နဲ့နော်။"
ဝမ်ယွီ၏လူသည် အခြားသင်္ဘော၏ဦးပိုင်းသို့ အမှတ်တမဲ့ ကြည့်လိုက်မိပြီး စိတ်သက်သာရာ ရသွားသည်။ ဝမ်ယွီ ဖော်ပြခဲ့သော 'လူသားမဟုတ်သော' ပုဂ္ဂိုလ်အား သူ ကောင်းစွာ သိပေသည်။ ထိုသူသည် ချင်းချန်မှာပင် အသန်မာဆုံးသူ တစ်ယောက်ဖြစ်သည်။
လျင်မြန်စွာပင် အပျော်စီးသင်္ဘောနှစ်စင်းနှင့် ကုန်တင်သင်္ဘော၏အကွာအဝေးသည် မီတာတစ်ရာအောက်သာ ရှိတော့သည်။ နှစ်ဘက်လုံး၏ လှုပ်ရှားမှု ရပ်တန့်သွားချိန်တွင် ကုန်တင်သင်္ဘော ဦးပိုင်းရှိ ငွေရောင်ဆံပင်နှင့် အဘိုးကြီးသည် ကျွမ်းကျင်သော အင်္ဂလိပ်ဘာသာစကားဖြင့် အော်ပြောလိုက်သည်။
“မင်းတို့ ဘယ်သူပဲဖြစ်ဖြစ် မင်းတို့အားလုံး ချက်ချင်း လက်မြှောက်ထား။ မင်းတို့ရဲ့သင်္ဘောကို ငါတို့ စစ်ဆေးမယ်။ ငါတို့ရန်သူနောက်ကို ငါတို့ လိုက်နေတယ်။ ငါတို့ရဲ့ရန်သူကို မင်းတို့ နားခိုခွင့် ပြုထားရင် မင်းတို့ကို ရန်သူအဖြစ် ငါတို့ သတ်မှတ်ရလိမ့်မယ်။"
ငွေရောင်ဆံပင်အဘိုးအို၏ ကျယ်လောင်ပြတ်သားသော အသံကြောင့် ဝမ်ယွီ၏ရင်ထဲ ကြိတ်ကာ ထိတ်လန့်သွားသော်လည်း သူကိုယ်တိုင် ပြန်အော်ပြောနိုငသေးသည်။
"မင်းတို့ ရှေးဟောင်းဆင်ရိုင်းကလူတွေက တကယ် မောက်မာတာမဟုတ်ဘူးလား။ ဒါက တရုတ်နိုင်ငံရဲ့ ရေပိုင်နက်ဗျ။ ဒီနေရာမှာ မောက်မာရဲသလား။ မင်းတို့အားလုံး ဒီပင်လယ်ထဲမှာ သေရမှာကို မကြောက်ဘူးလား။”
"ပြောင်ပြောင်တင်းတင်းနဲ့ အရမ်းမောက်မာတယ် ဟုတ်လား ဟားဟားဟား။"
ငွေရောင်ဆံပင်အဘိုးအိုက အားရပါးရ ရယ်မောပြီး “ငါက အမြဲတမ်း ဒေါသကြီးပြီး မောက်မာတယ်။ မင်း ငြင်းဖို့ ရွေးချယ်နိုင်တယ်ဆိုပေမယ့် မင်းရဲ့နှလုံးသားကို ငါ လှည့်စားပြီး တူးဆွနိုင်တယ်။ ဟားဟားဟား ... ငါ့ကို နောက်တစ်ကြိမ် ထပ်မပြောနဲ့တော့။ ချက်ခြင်း လက်မြှောက်ပြီး ဦးပိုင်းမှာ ထိုင်လိုက်။ ငါ စိတ်ကောင်းဝင်နေရင် မင်းတို့ရဲ့တန်ဖိုးမရှိတဲ့ အသက်တွေကို ငါ ချမ်းသာပေးနိုင်တယ်။”
ဝမ်ယွီက သုန်မှုန်စွာ နောက်လှည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"ဂရုစိုက်ပြီး ဒီကုန်တင်သင်္ဘောပေါ်ကို တက်။ ငါ့ကို ခြိမ်းခြောက်ရဲတဲ့သူတွေ သေရမယ်။ အားလုံးကို သတ်ပစ်။”
မိနစ်ဝက်အကြာတွင် သင်္ဘောနှစ်စင်းသည် ကုန်တင်သင်္ဘောနှင့် မီတာ၂၀ သာ ကွာဝေးတော့ပြီး တစ်ဖက်သတ် လူသတ်ပွဲအတွက် လူနှစ်ဆယ်ကျော်က ကုန်တင်သင်္ဘောပေါ်တက်ရန် အဆင်သင့် ဖြစ်နေကြသည်။ အရိပ်လေးခုက ရုတ်တရက် ရှေ့ကို တဟုန်ထိုး တက်လာပြီး မီတာ ၂၀ အကွာသို့ ပြေးလာသည်။
ဓားလေးစင်းသည် ၎င်းတို့၏စွမ်းအားကို ပြောင်မြောက်စွာ ပြသပြီး သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်အပြည့်ဖြင့် ဝမ်ယွီဆီသို့ ဦးတည်တိုက်ခိုက်လာသည်။ ၎င်းတို့၏အလျင်သည် ဝမ်ယွီ၏တိမ်းရှောင်နိုင်စွမ်းထက် များစွာ ပိုမြန်ပေသည်။
“နောက်ဆုတ်…”
ဝမ်ယွီ၏သန်မာသောလူထွားကြီးသည် သူ၏ဓားမြှောင်ကို ချက်ချင်းထုတ်လိုက်ပြီး ဓားရှည်တစ်ချောင်းကို ခက်ခက်ခဲခဲ ဟန့်တားလိုက်သည်။ သို့သော် အနီးဆုံးတွင် ရှိနေသော မှုန်ဝါးနေသော အရိပ်သည် လေးလံသော လှံရှည်ဖြင့် တပြိုင်နက်တည်း ထိုးသွင်းလိုက်သည်။ ဝမ်ယွီ၏လူထွားကြီးကို တခဏချင်း ချုပ်ကိုင်မိပြီးနောက် သူ၏အရှိန်အဟုန်သည် တိုးမြင့်လာကာ လှံရှည်သည် လှံရိပ်အထပ်ထပ် ဖြစ်သွားပြီး ဝမ်ယွီအား မတိုက်ခိုက်နိုင်အောင် တိုက်ရိုက် ပိတ်ဆို့ထားသည်။
"လူ့လှေကားတံတား…"
သင်္ဘောပေါ်ရှိ ငွေရောင်ဆံပင်နှင့်အဘိုးအိုသည် အသံဝါကြီးဖြင့် အော်လိုက်သည်။
ရုတ်ခြည်းပင် အဘိုးအို၏အနောက်တွင် ရပ်နေသော အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူ ၁၂ ယောက်သည် ချက်ချင်းပင် သင်္ဘောဆီသို့ ခုန်ပျံသွားကြသည်။ တစ်ယောက်က ရှေ့ကို အမြန်ပြေးပြီး နောက်တစ်ယောက်က သူ့အပေါ် ချက်ခြင်း နင်းတက်လိုက်သည်။ ထိုသို့ အဆက်မပြတ် လုပ်သွားကြခြင်းဖြင့် နောက်လာမည့်သူများအတွက် အထောက်အပံ့အဖြစ် ၎င်းတို့၏ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။
ဤ 'လူ့လှေကားတံတား' သည် ၎င်းအတွက် အမှန်တကယ်ပင် အနုပညာဆန်ပေသည်။ အနက်ရောင်ဝတ်ရုံဝတ် လူ ၁၂ ယောက်က ပြီးပြည့်စုံသော ခုန်ပျံမှုကို ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် အသက်ရှူချိန်အနည်းငယ်အတွင်း သင်္ဘောပေါ်တက်ရန် ရောက်လာခဲ့သည်။ ဝတ်ရုံအနက်ဝတ်လူများသည် နေရာအနှံ့ ဖြန့်ကျက်လိုက်ပြီး သူတို့၏နောက်ကျောက ဓားများကို ဆွဲထုတ်ကာ ဝမ်ယွီ၏လူများကို တိုက်ခိုက်တော့သည်။
“ကျား…”
ရုတ်တရက် မျက်လုံးစိမ်းနှင့်လူတစ်ယောက်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။ သူ၏လက်သည်းများသည် လျင်မြန်စွာ ကြီးထွားလာသလို ထူထဲသော အမွှေးလွှာတစ်ထပ် ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လာသည်။ သူ၏ခွန်အားသည် ယခင်က သိုင်းဆရာကြီးအဆင့်တွင် ရှိခဲ့သော်လည်း ရုတ်တရက် အဆများစွာ တိုးလာသည်။ ထိုသူ၏ခြေအစုံသည် ကြမ်းပြင်ပေါ်က အားယူခုန်ထွက်လာပြီး ဝမ်ယွီ၏လူတစ်ယောက်ဆီ တဟုန်ထိုး ပြေးလွှားလာသည်မှာ သားကောင်ကို တွေ့သော ဆာလောင်မွတ်သိပ်နေသည့် ကျားတစ်ကောင်အလား ဖြစ်တော့သည်။ ထိုသူ၏ ထက်ရှသော လက်သည်းများက ပြိုင်ဘက်၏ လည်ပင်းအား တစ်ချက်တည်း ပိုင်းဖြတ်ကာ သတ်ပစ်လိုက်သည်။
“ရွှတ် … ရွှတ် …”
ထူထဲသော အကြေးခွံအလွှာတစ်ခုသည် အခြားလူ၏ ခန္ဓာကိုယ်ထက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်သည် အရိုးများအားလုံး မရှိတော့သလို ပြောင်းလဲလာသည်။ တစ်ကိုယ်လုံးသည် ပျော့ပျောင်းသွားကာ လေတိုက်ခံရသည့် မိုးမခပင်သဖွယ် ဝဲကာဝဲကာ လှည့်ပတ်ပြီး ဝမ်ယွီ၏ လူများထဲမှ အခြားတစ်ဦးကို အဆက်မပြတ် လှည့်ပတ်တိုက်ခိုက်နေသည်။
ထိုလူ၏ပါးစပ်မှ ချွန်ထက်သောအစွယ်များ လျင်မြန်စွာ ပေါက်လာပြီး အသက်ရှူသံ တရွှီးရွှီး ထွက်လာသည်။ ထိုလူ၏လျင်မြန်ပြင်းထန်သောတိုက်ခိုက်မှုကြောင့် ဝမ်ယွီ၏လက်အောက်ငယ်သားတစ်ဦးသည် ချက်ချင်း သေဆုံးစေခဲ့သည်။
"အဆိပ်ငွေ့…"
သို့သော် ကုန်တင်သင်္ဘောပေါ်ရှိ ငွေရောင်ဆံပင်နှင့် အဘိုးကြီးသည် တိုက်ပွဲ၏လက်ရှိအခြေအနေကို မကျေမနပ်ဖြစ်နေဟန်ရသည်။ ဝမ်ယွီ၏လူများစွာ အသတ်ခံရပြီးနောက် သူသည် နောက်ထပ်အမိန့်တစ်ခုကို ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထို့နောက် ချက်ခြင်းပင် ရှေးဟောင်းဆင်ရိုင်းအဖွဲ့မှ ကျွမ်းကျင်သူ ၁၆ဦးသည် ကြွေပန်းအိုးတစ်လုံးစီ ကိုင်ဆောင်ကာ သင်္ဘောပေါ် လျင်မြန်စွာ တက်လာကြရင်း တစ်ယောက်ချင်းစီသည် ၎င်းတို့၏ပန်းအိုးအဖုံးကို တစ်ချိန်တည်းတွင် ဖွင့်လိုက်သည်။ လေပြင်းတိုက်ခတ်မှုကြောင့် အစိမ်းရောင်အမှုန်အမွှားများသည် တဟုန်ထိုး လွင့်ထွက်လာပြီး နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။
ဝမ်ယွီ၏မျက်နှာ ကွက်ကနဲ ပျက်သွားပြီး အသည်းအသန် အော်လိုက်သည်။
"သတိထားကြ။ အဲ့ဒီအခိုးအငွေ့က အဆိပ်ပြင်းတယ်။”
ရန်သူသည် အဆိပ်ပြင်းသော အမှုန်အမွှားများကို ထုတ်လွှတ်ပြီးချိန်တွင် သန်မာသောလူသည် အခွင့်အရေးယူကာ သူ၏ပြိုင်ဘက်၏ဝမ်းဗိုက်ကို လှံဖြင့် ထိုးလိုက်သည်။ သို့သော်လည်း ရန်သူကို သတ်ခါနီးအချိန်တွင် လှံတစ်ချောင်းသည် ရုတ်တရက် ပျံဝဲလာပြီး သူ၏ရင်ဘတ်ကို ထိုးစိုက်သွားတော့သည်။
“ဝေါ့…”
သူ၏ခန္ဓာကိုယ်မှ သွေးများ တဟုန်ထိုး ထွက်ကျလာပြီး အကြိမ်အနည်းငယ်ခန့် တုန်ရီသွားကာ ကြမ်းပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းသွားတော့သည်။
"ခွေးမသား…"
ဝမ်ယွီက ကြုံးဝါးလိုက်ပြီး သူ့အရှေ့က ရန်သူကို နောက်ပြန်တွန်းလိုက်ကာ လဲကျသွားသော သူ၏လူအရှေ့တွင် ပေါ်လာသည်။ သူ၏အခြားသောလူများထက် စွမ်းအားများစွာ သာလွန်သော သူ၏လူယုံသည် ယခုအချိန်တွင် ရန်သူ၏တိုက်ခိုက်မှုအောက်တွင် မမျှော်လင့်ဘဲ ကျရောက်သွားလိမ့်မည်ဟု တစ်ခါမျှ သူ အိပ်မက်မမက်ခဲ့ပေ။