ဧည့်သည်များ
Vol. 43 Ch. 589
ဟန်လိက သူ့ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ အနီးဝန်းကျင်တွင် မည်သူမျှ မရှိနေတာကို တွေ့ရသည်။ ထို့ကြောင့် သူက ချီတုံချတုံ ဖြစ်မနေဘဲ သူ့စိတ်ဝိညာဉ်သိုလှောင်အိတ်ကို ဖွင့်၏။ ထိုအိတ်ထဲတွင် အနက်ရောင်အစွန်းကွက်နှင့် ရွှေဝါးမြိုခြင်းပိုးတောင်မာတစ်ကောင် ရှိနေသည်။ ထို့နောက်တွင် ခက်ခက်ခဲခဲ ကြိုးစားပြီးနောက်မှာ သူက စိတ်ဝိညာဉ်အာရုံအမျှင်တန်းတစ်ခုဖြင့် ၎င်းကို အမိန့်ပေးသည်။ သည့်နောက်မှာ ထိုအင်းဆက်သည် တဝီဝီမြည်လျက် အခန်းထဲ တန်းဝင်သွားသည်။ အခန်းတံခါး၏ မသိမသာ အက်ကွဲရာကနေ ၎င်းသားရဲအင်းဆက်က ဝင်ရောက်သွားခြင်းတည်း။
အိမ်တစ်ခုလုံးမှာ လုံးဝတိတ်ဆိတ်နေလျက် ရှိ၏။ ဟန်လိသည် စိတ်ထဲကနေ နှာခေါင်းရှုံ့ကာ နောက်သို့ပင် လှည့်မကြည့်ဘဲ သူ့နေအိမ်ထံသို့ ပြန်လျှောက်လာခဲ့တော့သည်။ သို့သော် သူသည် လမ်းအချိုးကွေ့တစ်ခုနား အရောက်တွင် သက်လတ်ပိုင်းလူ၏ နေအိမ်ထံမှ နာကျင်စူးရှစွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
သူ နှုတ်ခမ်းသပ်လိုက်ပြီး သူ့လမ်းကိုသူ ဆက်လာခဲ့သည်။ သို့ပေမည့် ထိုကဲ့သို့ အသံဗလံကျယ်လောင်စွာ ထွက်ပေါ်သွားခြင်းသည် ရွာသူရွာသားများ၏ အာရုံကို စွဲဆောင်မိသွားစေသည်။ သက်လတ်ပိုင်းလူကို ကျိန်းသေပေါက် လက်စားချေမည် ဖြစ်၍ ဟန်လိသည် သူ့မှော်စွမ်းအားနှင့် စိတ်ဝိညာဉ်အာရုံကို အသုံးပြုရန် ချန်ထားခဲ့တာပင်။ မဟုတ်ပါက ထိုသူသည် သူ့စိတ်ထဲတွင် စူးတစ်ချောင်း ဖြစ်နေပေလိမ့်မည်။
ယာယီစိတ်ဝိညာဉ်ချီကြောင့် ရလာခဲ့သော သူ့လက်ကျန်မှော်စွမ်းအားမှာ သူ့နေအိမ်သို့ ပြန်ရောက်သည့်အခါ ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုနည်းတူသာ သူ့စိတ်ဝိညာဉ်အာရုံမှာလည်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နိုင်စွမ်း မရှိတော့ပေ။ ဟန်လိသည် အကူအညီမဲ့စွာဖြင့် ခေါင်းရမ်းမိလေသည်။ သူ အခန်းထဲသို့ ဝင်လာချိန်တွင် အိပ်ရာပေါ်တွင် လှဲနေသော မိုင်နင်ကို သတိထားမိသည်။ သူမ၏ ညင်သာသော အသက်ရှုသံကြောင့် မိန်းမပျိုမှာ အိပ်မောကျနေတာ ဖြစ်လောက်မည်။
ဟန်လိသည် ထိုစွဲမက်ဖွယ်ကောင်းစွာ အိပ်ပျော်နေသော ပုံရိပ်လေးကို မြင်ရသည့်အခါ မရှေးမနှောင်းအချိန်တုန်းက အနမ်းကို ပြန်မတွေးမိဘဲ မနေနိုင်၊ သူ့စိတ်နှလုံးမှာ မလှုပ်ခတ်ဘဲ မနေနိုင် ဖြစ်သွားရသည်။ သို့သော် အိပ်ရာပေါ်မှာ ကြည့်ကောင်းလှသော မိန်းမပျိုကို ကြည့်ပြီးနောက်မှာ သူက တုံ့ဆိုင်းသွားပြီး သည့်နောက်မှာ စားပွဲပေါ်ရှိ ပစ္စည်းအမယ်ပုံထဲမှ နတ်ဆိုးသားရဲအရေပြားကို ယူကာ သူမ၏ အပေါ်ဘက်နားတွင် နေရာချပေးလိုက်သည်။ ခဏအကြာတွင် သူမ၏အမူအရာမှာ စိတ်အေးလက်သာ ဖြစ်သွားသည်။ သူမက မသိလိုက်ဘာသာဖြင့် ထိုသားရဲအရေပြားကို ဆွဲယူခြုံပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။
ဟန်လိသည် ထိုမြင်ကွင်းကို ကြည့်ကာ သဘောကျစွာ မပြုံးရယ်မိဘဲ မနေနိုင် ဖြစ်ရသည်။
ဤသည်မှာ အံ့အားသင့်စရာ မရှိပေ။ သူမ၏ခန္ဓာကိုယ်မှာ သာမန်သေမျိုးများထက် များစွာ လှပသော်လည်း စွဲဆောင်မှုရှိလှသော ဆန့်ကျင်ဘက်အမျိုးသမီးတစ်ဦး ဖြစ်နေတုန်းပင်။ သူမ၏ခန္ဓာကိုယ်နှင့်စိတ်တို့မှာ ဤအဖြစ်အပျက်များကြောင့် မောပန်းနွမ်းနယ်နေခဲ့လေပြီ။ ထို့ကြောင့် သူမမှာ အိပ်မောကျသွားခဲ့တာပင်။
ဟန်လိသည် ပြုံး၏။ ထို့နောက်တွင် သူသည် စားပွဲပေါ်ရှိ ပစ္စည်းအမယ်ပုံထံ အာရုံရောက်သွားသည်။ သူ့မျက်လုံးထဲတွင် ထူးခြားသော ဟန်အမူအရာမှာ ဖြတ်ပြေးသွားသည်။
ခဏအကြာတွင် မိုင်နင်သည် အိပ်ပျော်နေရာကနေ နိုးလာသည်။ သူမ မျက်လုံး ကြည်ကြည်လင်လင် မဖွင့်နိုင်ခင်မှာပင် တည်ငြိမ်သောစကားသံကို ကြားလိုက်ရသည်။
“ရောင်းရင်းမိုင် နိုးနေပြီဆိုတော့ ကျေးဇူးပြုပြီး ထပါ။ ကျုပ်တို့ နောက်နှစ်ရက်လောက်နေရင် ပြင်ဆင်စရာရှိတာတွေ ပြင်ကြရမှာမို့ အလုပ်များလိမ့်မယ်…”
သူမမှာ အံ့အားသင့်သွား၏။ သူမက ဟန်လိဘက်သို့ တစ်ချက်လှမ်းကြည့်သည်။ ဟန်လိသည် ခုလက်ရှိတွင် ထိုင်ခုံပေါ်မှာ ထိုင်နေသည်။ မိုင်နင် ထလာတာကို ကြည့်ကာ ဟန်လိက ပြုံးနေသည်။
“ရောင်းရင်းမိုင်က အပ်ချုပ်တာတွေ ဘာတွေမှာ ကျွမ်းကျင်မှု ရှိလား။ ကျုပ်မှာ အဆင့်မြင့်မီးဓာတ်အခြေပြု နတ်ဆိုးသားရဲကောင်ရဲ့ အရေပြားတချို့ ရှိတယ်။ ဖြစ်နိုင်မယ်ဆို ဒါတွေကို အဝတ်အစားအဖြစ် ချုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ။ ဒါဆို ယင်လေတွေရဲ့ ဒဏ်ကို ကျုပ်တို့ အများကြီး ပိုခံနိုင်သွားမှာ…”
မနေ့တုန်းက အနမ်းကိစ္စကို ဟန်လိက ပြန်အစမဖော်တော့တာ မြင်သ်ည့အခါ မိုင်နင်၏ ရှက်ရွှံ့မှုမှာ သက်သာသွားခဲ့လေပြီ။ သို့ပေမည့် မည်သည့်အတွက်ကြောင့်မှန်းမသိ သူမက စိတ်ပျက်သလိုလိုလည်း ခံစားမိနေပြန်သည်။ သည့်အတွက် သူမ၏မျက်နှာမှာ မသိမသာ နီမြန်းနေဆဲ။ သူမက ပြန်ဖြေလာသည်။
“ကျမ ကြိုးစားကြည့်ပါမယ်။ ဒါပေမဲ့ အပ်နဲ့အပ်ချည်တော့ လိုလိမ့်မယ်နော်…”
ဟန်လိသည် စားပွဲပေါ်ရှိ အပြာရောင်ခပ်ဖျော့ဖျော့ အပ်တစ်ချောင်းကို လှမ်းယူပြီး သူမကို ပေးလိုက်သည်။
“ဒီနတ်ဆိုးသားရဲ အရေပြားက အတော်လေး မာပြီးကြမ်းတယ်။ မှော်ပစ္စည်းအိပ်တွေကသာ ဒါတွေကို ဖောက်ချုပ်နိုင်မှာ။ မိုင်နင်က ဒီအရေပြားတွေကို ချုပ်ဖို့ သားရဲအရွတ်ကို အသုံးပြုနိုင်တယ်။ အဆုံးသပ်မှာတော့ ကျုပ်တို့က ဒါကို ယင်လေတွေကို ခုခံနိုင်ဖို့အတွက်ပဲ အသုံးပြုမှာ။ ဒါ့ကြောင့် ပုံပန်းသွင်ပြင်က အရေးမကြီးဘူး…”
ထိုအပ်သည် ထိပ်တန်းမှော်ရတနာတစ်မျိုး ဖြစ်၏။ အလွန်အမင်း ထက်ရှ၏။ ဟန်လိသည် ၎င်းကို သူပင် မေ့နေခဲ့ပြီ ဖြစ်သော ကံဆိုးခဲ့သည့် ကျင့်ကြံသူတစ်ယောက်ယောက်ထံမှ ရရှိခဲ့တာပင်။ ၎င်းမှာ ခုလက်ရှိတွင် အတော်လေး အသုံးတည့်သည်ဟု သူ ခံစားမိ၍ သူ့သိုလှောင်အိတ်ထဲမှ ထုတ်ယူခဲ့တာပင်။ မိုင်နင်က နှုတ်ခမ်းလှုပ်၍ ခပ်တိုးတိုး စကားဆိုလာသည်။
“ကျမ အကောင်းဆုံး လုပ်ပါ့မယ်…”
ဟန်လိက ခေါင်းညိတ်သည်။ တစ်ခုခုပြောရန် ဟန်ပြင်စဉ် အပြင်ဘက်မှ ခြေသံများကို သူ ကြားလိုက်ရသည်။ အဘိုးအိုတစ်ယောက်၏အသံကပါ တစ်ပါတည်း ကပ်ပါလာသည်။
“တာအိုရောင်းရင်း ရှိပါသလား…”
“ဘယ်သူလဲ…” ဟန်လိက တန်ပြန်မေးလိုက်သည်။ သူသည် ထိုအသံကို သိသည်ဟု ခံစားမိ၏။ သိပ်မကြာခင်တွင် ထိုအသံပိုင်ရှင်မှာ ဆံပင်ရှည်နှင့် အဘိုးအိုတစ်ယောက်၏ အသံဖြစ်မှန်း သူ မှတ်မိသွားသည်။
“ဟားဟား…တာအိုရောင်းရင်းနဲ့ ကျုပ်တို့ မနေ့ညတုန်းက ကျောက်သားစင်မြင့်ပေါ်မှာ ကျေနပ်ဖို့ကောင်းတဲ့ စကားဝိုင်းလေးတစ်ခု ဖြစ်ခဲ့သေးတယ်လေ…”
နဂါးငါးကောင်ပင်လယ်မှ ထိုကျင့်ကြံသူက ဤသို့ ပြောလာသည်ဖြစ်၍ တံခါးဆက်ပိတ်ထားရန် မသင့်တော်တော့ကြောင့် ဟန်လိ သိသည်။ ထိုသူက သူ့ထံ ရုတ်တရက် လာလည်သည့်အပေါ်တွင်လည်း သိချင်စိတ်ဖြစ်မိ၍ ဟန်လိသည် တံခါးသွားဖွင့်ပေးသည်။ ဆံရှည်အဘိုးအိုနှင့်အတူ အခြားအဘိုးအိုနှစ်ယောက်ပါ သူ့နောက်တွင် ရှိနေသည်။ တစ်ယောက်မှာ မျက်နှာနီနီနှင့် ဆံပင်ဖြူများ ရှိနေပြီး အခြားတစ်ယောက်ကမူ ခါးကုန်းအဘိုးအိုတစ်ယောက်ပင်။
“ကျေးဖူးပြုပြီး ဝင်လာခဲ့ပါ…” ဟန်လိသည် ထိုသုံးယောက် မည်သည့်အတွက်ကြောင့် လာသလဲ မေးမနေဘဲ ယုံကြည်မှုရှိရှိဖြင့် ဖိတ်ခေါ်လိုက်သည်။
“ဒီတော့ သူက ရောင်းရင်းမိုင်ပေါ့…” ထိုသုံးယောက်က မိုင်နင်ကို မြင်သည့်အခါ အံ့အားသင့်သွားကြပြီး သည့်နောက်မှာ သူမကို တည်တည်ငြိမ်ငြိမ်နှင့် နှုတ်ဆက်ကြသည်။ သူတို့သုံးယောက်က ခုံတွင် ဝင်ထိုင်ကြပြီးနောက် ဟန်လိက အခြားနှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။
“ဒီနှစ်ယောက်ကလည်း…”
“ရောင်းရင်းခန့်မှန်းတာ မှန်ပါတယ်။ ဒီနှစ်ယောက်ကလည်း ကျုပ်တို့လို ကျင့်ကြံသူတေါပါ။ သူတို့က ကျင်းဒေသကြီးက ရောက်လာခဲ့ကြတာ။ ကောင်းကင်အဆောင်ဂိုဏ်းက ရောင်းရင်းယွမ်နဲ့ ပင်လယ်လေးစင်းအဖွဲ့အစည်းက ရောင်းရင်းကျင်းပါ…”
ဟန်လိက ခေါင်းညိတ်ပြ၏။ ထို့နောက်တွင် သည်နှစ်ယောက်ကလည်း ဟန်လိကို စူးစမ်းကြည့်ဖြင့် ကြည့်ကြပြီး ယဉ်ယဉ်ကျေးကျေးပြုံးပြသည်။
ဟန်လိက တည်ငြိမ်စွာ မေးလိုက်သည်။ “ခင်ဗျားတို့ သုံးယောက်က ဒီကို ဘာကိစ္စကြောင့်များ ရောက်လာခဲ့ရလဲ ကျုပ် မေးကြည့်လို့ ရနိုင်မလား…”
ထိုအဘိုးအိုသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်သည်။ ခဏအကြာ ဆံပင်ရှည်နှင့်အဘိုးအိုက ချောင်းဟန့်ပြီး အလေးအနက်လေသံဖြင့် ပြောလာသည်။
“ရောင်းရင်ဟန်ကတော့ သိချင်မှ သိမယ်။ ဒါပေမဲ့ ရွာမှာ သိုင်းပညာ သင်ကြားပေးနေတဲ့ အကြီးအကဲဖန်ဟာ ထူးဆန်းတဲ့ အင်းဆက်တစ်ကောင် အကိုက်ခံရပြီး ရုတ်တရက် သေသွားခဲ့တယ်လေ။ အဲ့အင်းဆက်ဟာ သူ့အိပ်နေတဲ့အချိန် သူ့လည်ပင်းကို ကိုက်သွားတာ။ သူက ဆိုးဆိုးဝါးဝါး သေသွားခဲ့ရတယ်…”
ဆံပင်ရှည်အဘိုးအိုက ဟန်လိကို စိုက်ကြည့်ပြီး ထိုသို့ ဖြည်းဖြည်းချင်း ပြောလာသည်။
“အဲ့ကိစ္စက သိပ်တော့ မရိုးရှင်းဘူး။ သူ အော်ဟစ်တဲ့အချိန်မှာ သူဟာ သေအံ့မူးမူး ဖြစ်နေခဲ့ပြီ။ တခြားရွာသွားတွေက အော်သံကြောင့် ပြေးလာကြည့်တဲ့အချိန် အင်းဆက်ကောင်ကို မြင်တော့ သူတို့က လက်နက်တွေဘာတွေနဲ့ တိုက်ခိုက်ကြတာပေါ့။ ဒါပေမဲ့ သူတို့ဟာ အဲ့အင်းဆက်ကောင်ကို နည်းနည်းလေးမှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ အင်းဆက်ဟာ သွေးတွေ ပေကျံနေတာဆိုတော့ ၎င်းရဲ့ ပုံပန်းသွင်ပြင် အသေးစိတ်ကိုလည်း ပြောဖို့ ခက်တယ်…”
အခြားနှစ်ယောက်ကလည်း ဟန်လိကို သုန်မှုန်စွာဖြင့် ကြည့်ကြသည်။ ဟန်လိကမူ တိတ်ဆိတ်နေလျက်သာ။
အမူအရာ ပြောင်းလဲသွားခြင်း မရှိဘဲ ဟန်လိသည် ထိုင်ခုံနောက်ကျောကို မှီချပြီး ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောလာသည်။
“ဘာလဲ။ ခင်ဗျားတို့သုံးယောက်က သူ့ကို ကျုပ် သတ်ပစ်ခဲ့တာလို့ ယုံကြည်နေတာလား။ ကျုပ်ကို အပြစ်ပေးဖို့အတွက် ခင်ဗျားတို့က ဒီကို ရောက်လာခဲ့တာလား…”
အဘိုးအို၏အမူအရာမှာ မသိမသာ ပြောင်းလဲသွားပြီး သူက တဟားဟားရယ်မောကာ ပြောလာသည်။
“ဒီလို ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရောင်းရင်းဟန်က အဲ့လို အရာမျိုး လုပ်ခဲ့တယ်လို့ ကျုပ်တို့ လုံးဝ မယုံပါဘူး။ အဲ့လို လုပ်ခဲ့ရင်တောင် ကျုပ်တို့က အတိုင်းမသိ ပျော်မိမှာ။ ဒီသေမျိုးကောင်ဖန်ဟာ သူ့ရဲ့ သိုင်းပညာအစွမ်းကြောင့် ကျုပ်တို့ကို အမြဲတမ်း အထင်တသေး ကြည့်ခဲ့တဲ့ကောင်။ အခု သူ သေသွားတာ ပိုတောင်မှ ကောင်းသေး…”
ဟန်လိက မျက်မှောင်ကြုတ်ပြီး သူတို့သုံးယောက်ကို ငြိမ်သက်စွာ ကြည့်နေသည်။
ဆံပင်ရှည်နှင့်အဘိုးအိုက မျက်စိကစားပြီး ဆက်ပြောလာသည်။
“ဒါပေမဲ့ မနေ့ညတုန်းက အကြီးအကဲဖန်ဟာ ရောင်းရင်းရဲ့ အခန်းကို လာလည်သွားတယ်လို့ ကျုပ် ကြားခဲ့ရတယ်။ အဲ့နောက်ပိုင်းမှာ သူဟာ နာကျင်တဲ့ဟန်ပန်နဲ့ ပြန်ထွက်သွားခဲ့တယ်တဲ့။ ဒါ့အပြင် သူ့လက်တစ်ဖက်ကလည်း ကျိုးသွားခဲ့တယ်တဲ့။ ကြည့်ရတာ ရောင်းရင်းမှာက ဘာမှော်စွမ်းအားမှ မရှိပေမဲ့ အစွမ်းထက်တဲ့ ပညာရပ်တချို့ ပိုင်ဆိုင်ထားဆဲ ဖြစ်ပုံရတယ်…”
သည်စကားများကို ကြားသည့်အခါ ဟန်လိသည် မျက်ခုံးပင့်သည်။ သည်သုံးယောက်မှာ ရွာတွင် လွှမ်းမိုးမှုအချို့ ရှိကြ၏။ သူတို့သည် သက်လတ်ပိုင်းလူဖန် သူ့နေအိမ်ထံ မနေ့တုန်းက လာသွားခဲ့တာကို စုံစမ်းနိုင်ခဲ့ကြပြီး သူ မောင်းထုတ်ခဲ့တာကိုလည်း သိကြပြီး ဖြစ်သည်။
ခဏ တိတ်ဆိတ်သွားပြီးနောက် ဟန်လိ၏အသံမှာ အေးစက်လာသည်။
“ရောင်းရင်းတို့သုံးယောက်က ဒီကို လာခဲ့တာ အဲ့ကိစ္စအတွက်လား။ ဒါဆိုလည်း ကျေးဇူးပြုပြီး တည့်သာပြောပါ။ ကျုပ် အပိုတွေပြောဖို့ စိတ်မဝင်စားဘူး…”
“ဒါက…” ထိုအဘိုးအိုသုံးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြသည်။ ဟန်လိက ပွင့်လင်းလှသဖြင့် သူတို့မှာ ချီတုံချတုံ ဖြစ်ကုန်သည်။
ထိုသုံးယောက်ထံမှ စကားပြန်မရကြသေး၍ ဟန်လိသည် စိတ်မရှည် ဖြစ်လာသည်။
“ခင်ဗျားတို့ မပြောချင်လည်း ကျုပ် အတင်းအကြပ် မေးမနေတော့ဘူး။ ခင်ဗျားတို့ ပြန်ကြတော့မလား…”
ဟန်လိသည် မျက်မှောင်ကြုတ်သည်။ သူသည် ခန့်မှန်းမိထားတာ ရှိပြီးသားပင်။
သည်လိုအခြေအနေ ဖြစ်လာတာ မြင်သည့်အခါ ဆံရှည်အဘိုးအိုသည် မတတ်သာဘဲ အကုန်အစင် ပြောလာတော့သည်။
“ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်။ ကျုပ်တို့ဟာ ကျင့်ကြံသူတွေ ဖြစ်ကြတယ်။ ရောင်းရင်းလည်း သိမှာပါ…ရွာခေါင်းဆောင်ကလွဲလို့ သူတို့အားလုံးဟာ သေမျိုးတွေ ဖြစ်ကြတယ်။ သူတို့ဟာ ရွာမှာ ကျုပ်တို့ထက် အရင် ရှိခဲ့ကြလို့ ရွာထဲမှာ အာဏာကို ပိုချုပ်ကိုင်ထားကြတယ်။ ကျင့်ကြံသူတွေဟာ သူတို့နဲ့ အဆင့်တူတူပဲ သူတို့လုပ်သလို စားရတယ်။ အမဲလိုက်ရတယ်။ သေမျိုးတွေဟာ အမှောင်သားရဲတွေကို အမဲလိုက်ဖို့ ကျုပ်တို့ အသက်တွေကိုပါ ရင်းခိုင်းသေးတာ။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ ကျုပ်တို့ကပဲ အမှောင်သားရဲကျောက်မျက်တွေနဲ့ မန္တာန်တွေကို အသုံးပြုနိုင်စွမ်း ရှိကြတာ။ ဒါပေမဲ့ သူတို့လက်ထဲမှာပဲ အဲ့ကျောက်မျက်တွေကို ချုပ်ကိုင်ထားကြတယ်။ ဒါက ဘာအကြောင်းရင်းမှ မရှိဘဲ အပြစ်သားတွေလို ကျုပ်တို့ကို အရှက်ခွဲတာပဲ။ ဒါ့ကြောင့် ကျုပ်တို့ ကျင့်ကြံသူတွေဟာ အတူလက်တွဲပြီး ရွာမှာ အာဏာချုပ်ကိုင်နိုင်အောင် လုပ်ကြရအောင်။ ရောင်းရင်းဟန်က ကျုပ်တို့နဲ့ ပူးပေါင်းချင်ပါသလား…”