← Chapters

အရိုးသေတ္တာ

Vol. 43 Ch. 590

အရိုးသေတ္တာ

Vol. 43 Ch. 590

အမူအရာ ပြောင်းလဲသွားခြင်း မရှိဘဲ ဟန်လိက မထူးခြားနားစွာဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့က ဘယ်လို အာဏာမျိုးကို လိုချင်ကြတာလဲ…”

မျက်နှာနီနီနှင့်အဘိုးအိုက ပြန်ပြောလာသည်။

“အမှန်ပါပဲ။ ကျုပ်တို့လို ကျင့်ကြံသူတွေဟာ ခေါင်းညိတ်နေရတဲ့ အဖြစ်ကို ဘယ်လက်ခံနိုင်ပါ့မလဲ။ အဲ့သေမျိုးတွေအစား ကျုပ်တို့ကသာ ဒီရွာရဲ့ အကြီးအကဲတွေ ဖြစ်သင့်တယ်။ ကျုပ်ဟာ ကြီးကျယ်တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့တဲ့သူ။ သေမျိုးတွေ ဒီလောက် ကြာကြာ ထိန်းချုပ်တာကို ခံနေရတာ တကယ်ပဲ သည်းမခံနိုင်တော့ဘူး။ ကျုပ်တို့ ကျင့်ကြံသူ အရေအတွက်က နည်းပါးလွန်းတဲ့အတွက် ကျုပ်တို့က မလှုပ်ရှားဝံ့ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်ကိုပါ ထပ်ပေါင်းလိုက်မယ်ဆို အောင်မြင်နိုင်ခြေ ပိုများသွားပြီ…”

ဟန်လိက ထိုသုံးယောက်ကို ဝေ့ခတ်ကြည့်ရှုပြီး စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ကျုပ် စိတ်မဝင်စားဘူး။ ကျေးဇူးပြုပြီး ပြန်ပါတော့။ ဒီစကားဝိုင်းက ဘယ်တော့မှ မဖြစ်ပျက်ခဲ့ဘူးလို့ ကျုပ် ဟန်ဆောင်လိုက်ပါ့မယ်…”

ဟန်လိ၏ တုံ့ပြန်မှုက သူတို့ကို အကြီးအကျယ် အံ့အားသင့်တုန်လှုပ်သွားစေခဲ့သည်။ ထို့နောက်တွင် ဆံရှည်အဘိုးအိုက ပြုံး၏။ ဟန်လိကို ထပ်မံ၍ သွေးဆောင်သည်။

“ရောင်းရင်းဟန်က ဒီရွာမှာ တကယ်ပဲ နေသားတကျ နေတော့မလို့လား။ ကျုပ်တို့ကသာ ရွာအကြီးအကဲနေရာတွေကို ရခဲ့ရင် အာဏာကို ကျုပ်တို့ပဲ ခွဲဝေလို့ ရမှာလေ။ အဲ့တာဆို ဒီက အခြေအနေတွေက ရှားပါးလှတယ်ဆိုရင်တောင် ကျုပ်တို့ဟာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီ…”

ဟန်လိသည် သူ့မေးစေ့ကို ပွတ်၍ ထပ်ပြောသည်။

“ရောင်းရင်းတို့က နားလည်မှုလွဲနေပြီ။ ကျုပ်တို့နှစ်ယောက်က ဒီရွာမှာ အမြဲနေပါ့မယ်လို့ တစ်ခွန်းမှ မဟခဲ့ဘူး။ ကျုပ်တို့နှစ်ယောက်က နှစ်ရက်နေရင် ဒီကနေ ထွက်သွားတော့မှာ။ ဒါ့ကြောင့် အမျိုးသမီးမိုင်နဲ့ ကျုပ်တို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဝင်ပါမှာ မဟုတ်ဘူး…”

ခဏ တုန်လှုပ်သွားပြီးနောက်မှာ ဆံရှည်အဘိုးအိုသည် မပြောမိဘဲ မနေနိုင် ဖြစ်သွားသည်။

“ထွက်သွားမှာလား။ ခင်ဗျားတို့နှစ်ယောက်က ဒီရွာမှာ နေရတာ မကျေနပ်လို့ တခြားရွာတစ်ခုကို သွားရှာမလို့လား။ ခင်ဗျားတို့နှစ်ယောက်တော့ သိချင်မှ သိမယ်။ ကျုပ်တို့ရွာက ဒီဧရိယာမှာ အကောင်းဆုံးပဲ။ အခြားရွာတွေရဲ့ အခြေအနေတွေက ကျုပ်တို့ထက် အများကြီး ပိုစိုးတယ်…”

ဟန်လိက ပြုံး၏။ သူက နှုတ်ဆိတ်လျက် ခေါင်းမသိမသာ ရမ်းသည်။ ကျောဘုပါသည့် အဘိုးအိုက တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား အံ့ဩထိတ်လန့်စွာဖြင့် ပြောလာသည်။

“ခင်ဗျားတို့နှစ်ယောက်က လေမုန်တိုင်းတောင်ပေါ်ကိုများ တက်ကြမလို့လား…”

ဟန်လိက ပြုံး၍ ပြောသည်။

“အဲ့တော့ ဘာများ ဖြစ်လို့လဲ။ ကျုပ်တို့က ဒီမှာ မနေချင်တော့ ထွက်သွားချင်တာဟာ ထူးဆန်းနေလို့လား…”

မျက်နှာနီနီနှင့်အဘိုးအို၏ မျက်နှာထက်တွင် ထူးခြားသည့်ဟန်အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး သူက ပြောသည်။

“ဒါက ထူးဆန်းရုံ မဟုတ်ပါဘူး။ ဒီနှင်းလေတောင်ဟာ အလွန်တရာ အန္တရာယ်များလှတယ်ဆိုတာကို ခင်ဗျားတို့နှစ်ယောက် မသိကြတာလား…”

ဟန်လိသည် သူ့ကို ကြည့်ပြီး ပွင့်ပွင့်လင်းလင်း ပြောသည်။

“ကျုပ် အများကြီး မသိပေမဲ့ အကြီးအကဲခေါင်းဆောင်ဆီကနေ သင့်တင့်သလောက်တော့ ဒီတောင်အကြောင်း သိခဲ့ပါတယ်…”

ခါးကုန်းအဘိုးအို၏မျက်နှာသည် အကြိမ်ကြိမ် ရှုံ့တွသွားပြီး သူက ထိတ်လန့်စွာဖြင့် ပြောလာသည်။

“ဟား….သူက လေမုန်တိုင်းတောင်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို ဘယ်လိုလုပ် အတိအကျ သိပါ့မလဲ။ သူက ကြားဖူးနားဝပဲ သိထားတာ။ ရောင်းရင်းယွမ်နဲ့ ကျုပ်တို့ကသာ ဒီတောင်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို ကိုယ်တိုင်ကိုယ်ကျ သိထားကြတာ။ ဒါက မှော်စွမ်းအားမရှိနေတဲ့ ကျင့်ကြံသူတွေ ရင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး။ ကြောက်စရာအကောင်းဆုံးကတော့ အမှောင်သားရဲတွေဟာ ဒီတောင်ပတ်ပတ်လည်မှာ ရှိနေကြတာပဲ။ ခင်ဗျားကသာ သူတို့ကို သတိထားမိသွားစေတာနဲ့ သေပြီပဲ။ ကံကောင်းထောက်မပြီး ဒီသားရဲကောင်တွေကို ကျော်သွားနိုင်တယ်ဆိုရင်တောင် ပြင်းထန်အားကောင်းတဲ့ ယင်လေတွေနဲ့ ပုံရိပ်ယောင်မြူတွေဟာလည်း သေစေနိုင်တဲ့ ချိန်းချောက်မှုပဲ။ တောင်ထိပ်ကို တတ်နိုင်ဖို့အတွက် နည်းနည်းလေးတောင် အခွင့်အရေး မရှိဘူး။ ဒါ့အပြင် အမှောင်နယ်မြေက ထွက်ခွာနိုင်တယ်ဆိုတဲ့ ဟင်းလင်းပြင်ပေါ်ထွက်ခြင်းဆိုတာကလည်း ကောလဟာလသပ်သပ်ပဲ။ ဒါကို မှန်ကန်ကြောင်း ဘယ်သူမှ မစမ်းသပ်ရသေးဘူး…”

ဟန်လိ၏အမူအရာသည် လှုပ်ခတ်သွားသည်။ သူက စိတ်ဝင်စားစွာ မေးလိုက်သည်။

“ရောင်းရင်းတို့နှစ်ယောက်က လေမုန်တိုင်းတောင်ပေါ်ကို တတ်ခဲ့ဖူးကြတယ်လား။ အဲ့အကြောင်း ကျုပ်ကို ပြောပြပေးနိုင်မလား…”

မျက်နှာနီနီနှင့် ကျင့်ကြံသူသည် ကြောက်လန့်ဟန်အမူအရာ ဖြစ်ပေါ်လာပြီး သူက ဖြည်းဖြည်းချင်း ပြောသည်။

“တက်ဖူးတာပေါ့။ ကျုပ်တို့ကလည်း ဒီအကြောင်းကို ပြောပြချင်စိတ် ရှိပါတယ်။ ကံကောင်းမှ အောင်မြင်နိုင်မဲ့ ဒီကြိုးစားမှုကို ရောင်းရင်းအနေနဲ့ လက်လျော့ဖို့ကိုလည်း မျှော်လင့်မိပါတယ်။ ဒီအမှောင်နယ်မြေကို စရောက်လာခဲ့တဲ့ အချိန်တုန်းက ကျုပ်နဲ့ ရောင်းရင်းကျင်းတို့ကလည်း ဒီမှာ ဆက်ပိတ်မိပြီး နေနေချင်စိတ် ဘယ်ရှိခဲ့ပါ့မလဲ။ တစ်နှစ်လောက် ကြိုတင်ပြင်ဆင်ပြီးတဲ့နောက်မှာ အခြားရောင်းရင်းသုံးယောက်နဲ့အတူ ကျုပ်တို့ဟာ ဒီတောင်ထိပ်ကို အတူတူ တက်ခဲ့ကြတယ်။ ကျုပ်တို့က တောင်ထိပ်ကို မရောက်သေးခင်မှာတင် ကျုပ်တို့အဖွဲ့ထဲက တစ်ယောက်ကို အမှောင်သားရဲကောင်က ရှာတွေ့သွားပြီး ဝါးမြိုခဲ့တယ်။ ကျုပ်တို့ ကျန်တဲ့သူတွေလည်း ခက်ခက်ခဲခဲ ရှေ့ဆက်ခဲ့ကြတယ်။ ဒါပေမဲ့ ကျုပ်တို့ထဲက နှစ်ယောက်ဟာ ယင်လေတွေကြောင့် အေးခဲသွားခဲ့ကြတယ်။ ရောင်းရင်းကျင်းနဲ့ ကျုပ်ကတော့ ကျုပ်တို့ ခန္ဓာကိုယ်ပေါ်မှာ မီးကျီခဲကျောက်တုံးတချို့ ယူလာခဲ့တဲ့အတွက် ဒီအေးစက်လှတဲ့ ယင်လေတွေကို ခံနိုင်ရည် ရှိခဲ့တာ…”

“ဒါပေမဲ့ ကျုပ်တို့က ပိုမြင့်မြင့် တက်လာတာနဲ့ ယင်လေတွေရဲ့ အအေးဓာတ်ကလည်း ပိုအားကောင်းလာတယ်။ ကျုပ်တို့ ခြေတောင် မြဲမြဲမချနိုင်တော့တဲ့အထိပဲ။ အဆုံးသပ်မှာတော့ ကျုပ်တို့က တောင်တစ်ဝက်ကနေပဲ သတိထားပြီး ပြန်ဆင်းခဲ့ကြရတယ်။ ပုံရိပ်ယောင်မြူတွေ ရှိတဲ့နေရာထိတောင် မရောက်ခဲ့ဘူး။ ကံကောင်းထောက်မပြီး အသက်ရှင်ခဲ့ရတဲ့အတွက် ကျုပ်တို့လည်း ရှေ့မဆက်တော့ဘဲ အကူအညီမဲ့စွာနဲ့ ပြန်လာခဲ့ကြရတယ်။ ကျုပ်တို့ ရွာထိ ပြန်ရောက်အောင် လာနိုင်ခဲ့တဲ့နောက် ယင်လေအအေးဓာတ်က ကျုပ်တို့ အရိုးထဲထိ ထွင်းဖောက်ဝင်ရောက်ခဲ့တဲ့အတွက် အိပ်ရာပေါ်မှာ လအတော်ကြာ နေခဲ့ရသေးတယ်။ ကျုပ်တို့ တဖြည်းဖြည်း ပြန်ကောင်းလာတော့ ဒီလေမုန်တိုင်းတောင်ပေါ်ကို ထပ်တက်မယ်ဆိုတဲ့ အတွေးကို လုံးလုံး စွန့်လွှတ်လိုက်ကြတယ်…”

ဟန်လိက သူ့မေးစေ့ကို ပွတ်သပ်ပြီး အလေးအနက်ဟန်ပန်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒါက အတော်လေး ကြောက်စရာကောင်းတာပဲ…”

ထိုအဘိုးအိုက အလေးအနက်ဟန်ပန်ဖြင့် ပြောလိုက်သည်။

“ဒါက ခုလို ပြောပြတာထက်တောင် ပိုကြောက်ဖို့ ကောင်းသေးတယ်။ ကျေးဇူးပြုပြီး…ဒီတောင်ပေါကို တက်မဲ့အတွေးကို ဖယ်ရှားပြီး မကြိုးစားကြည်ပါနဲ့။ ဒါက ဖြစ်နိုင်လောက်တယ် ထင်ရပေမဲ့ ဒီတောင်ပေါ်ကို တက်တာဟာ ခင်ဗျားအသက် သေသွားနိုင်တယ်။ ဒါ့အပြင် ခင်ဗျားက ငယ်တုန်းရွယ်တုန်း။ ကျုပ်တို့ အသက်ကြီးပြီး အဆုံးသတ်ချိန်ရောက်ရင် ရွာရဲ့ ဩဇာအာဏာအားလုံးကလည်း ခင်ဗျားလက်ထဲပဲ ရောက်မှာလေ…”

“ရောင်းရင်းတို့…ကျေးဇူးပြုပြီး ကျုပ် စိတ်ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကျုပ်က ကိုယ်တိုင်ကိုယ်ကျ ကြိုးစားကြည့်ပြီးမှသာ ကျုပ်ရဲ့ မျှော်လင့်ချက်တွေအားလုံးကို စွန့်လွှတ်နိုင်မှာ။ တကယ်လို့ ကျုပ်က လေမုန်တိုင်းတောင်ထိပ်ကို အမှန်တကယ် မရောက်နိုင်ခဲ့ရင်တော့ ခင်ဗျားတို့ ကမ်းလှမ်းမှုကို သေချာ စဉ်းစားပေးပါမယ်…”

သူ့တုံ့ပြန်မှုကြောင့် ထိုသုံးယောက်မှာ မကျေမနပ်တော့ ဖြစ်သွားကြသည်။ သူတို့က ဟန်လိကို အားစိုက်ထုတ်ကာ သွေးဆောင်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဟန်လိကမူ သူ ဆုံးဖြတ်ထားသည့်အတိုင်း မယိုင်မလဲသာ ရှိနေခဲ့ပေသည်။

အကူအညီမဲ့စွာဖြင့် ထိုသုံးယောက်၏အကြည့်က မိုင်နင်ထံ ကျရောက်သွားသည်။ သို့သော် မိုင်နင်က တည်ငြိမ်စွာဖြင့် ပြောသည်။

“ကျမကလည်း အစ်ကိုဟန်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်မှာပါ…”

ကံကောင်းသည်မှာ ဟန်လိက သူတို့ကို မငြင်းဆန်ခဲ့တာပင်။ သူသာ တောင်ပေါ်သို့ တက်ပြီး ရှင်သန်နိုင်ခဲ့လလျှင်လည်း သူတို့တွင် သူ့ကို စည်းရုံးရန် နောက်ထပ်အခွင့်အရေးတစ်ခု ရှိလာနိုင်သေးသည် မဟုတ်လား။ သူတို့က သူ့ကို အခု သွေးဆောင်နိုင်ခြင်း မရှိတော့သည်ဖြစ်၍ ဟန်လုပ်ပြုံး၍သာ ထွက်ခွာသွားကြတော့သည်။

အကွာအဝေးတစ်ခုသို့ ရောက်လာသည့်အခါတွင် ခါးကုန်းအဘိုးအိုက အလေးအနက် မေးလိုက်သည်။

“သူတို့က ကျုပ်တို့ကို သစ္စာဖောက်သွားနိုင်တယ်လို့ ခင်ဗျား မထင်ဘူးလား…”

ဆံရှည်အဘိုးအိုက ခေါင်းရမ်းကာ ပြောလိုက်သည်။

“ကျုပ်တို့ကို သစ္စာဖောက်တာလား။ ဒီဟန်မျိုးရိုးနဲ့ လူငယ်က ဉာဏ်ထက်တဲ့သူမှန်း ခင်ဗျားတို့လည်း မြင်သားပဲ။ သူက ကျုပ်တို့ကို ဘာအတွက် သစ္စာဖောက်မှာလဲ။ သူက အဲ့လို ဉာဏ်နည်းတဲ့အလုပ်မျိုး လုပ်လိမ့်မှာ မဟုတ်ဘူး။ ဟိုအမျိုးသမီးကလည်း သူ့ကို ခေါင်းဆောင်အနေနဲ့ တင်ထားတာ။ အဲ့နှစ်ယောက်က လေမုန်တိုင်းတောင်ဟာ ကျုပ်တို့ ပြောခဲ့သလို အမှန်တကယ် အန္တရာယ်များတာကို သဘောပေါက်ပြီး ပြန်လာကြဖို့ပဲ မျှော်လင့်ရုံ ရှိတော့တယ်။ တကယ်တော့ ကျုပ်တို့ရဲ့ ပုန်ကန်မှုဟာ အောင်မြင်နိုင်ခြေ ငါးဆယ်ငါးဆယ်ပဲ။ သူတို့နှစ်ယောက်ပါ ထပ်ပေါင်းမှ ကျုပ်တို့ရဲ့ ခွန်အားဟာ တိုးတက်လာမှာ။ ကံကောင်းတာက ဒီလူငယ်လေးဟန်က ကျုပ်တို့အတွက် အဟန့်အတားအဖြစ်ဆုံး ဖန်ထျန်ကျိကို ရှင်းထုတ်ပေးခဲ့တာပဲ။ မဟုတ်ရင် အဲ့ဖန်ဆိုတဲ့ကောင်ရဲ့ သိုင်းပညာရပ်ကြောင့် ကျုပ်တို့အတွက် ပြဿနာ တတ်နိုင်တယ်…”

မျက်နှာနီနီနှင့် အဘိုးအိုက ခေါင်းညိတ်၏။ “အမှန်ပဲ။ ဒီလူဟာ အတော်လေး သတိထားတဲ့သူ။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ်လေ သူတို့ကို စောင့်ကြည့်ဖို့ ကျုပ်တို့ လူလွှတ်ထားမှ။ ဒါမှ ဖြစ်လာနိုင်တဲ့ မတော်တဆပြဿနာတွေကို ရှောင်နိုင်မှာ…”

“အစ်ကိုယင်က အတော်လေး တွေးထားတာပဲ။ ကျေးဇူးပြုပြီး အဲ့လိုလုပ်လိုက်ပါ။ ဒါပေမဲ့ ကျုပ်တို့ ဂရုစိုက်ရမယ်။ သူ သူတို့ကို မတွေ့သွားမှ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်လေ…”

ဆံရှည်အဘိုးအို၏မျက်နှာပေါ်တွင် သံသယဝင်ဟန်အမူအရာတစ်ခု ပေါ်လာသည်။

ခါးကုန်းအဘိုးအိုက စဉ်းစားမရဟန်ဖြင့် မေးလိုက်သည်။ “ဘာပဲဖြစ်ဖြစ်လေက ဘာကို ပြောချင်တာလဲဗျ…”

ဆံရှည်အဘိုးအိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒါက ကျုပ် မှားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကောင်လေးဟန်မှာ ဒီအမှောင်နယ်မြေကနေ ထွက်သွားနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှု အပြည့်အဝ ရှိနေတယ်လို့ ကျုပ် ခံစားမိတယ်။ လေမုန်တိုင်းတောင်ရဲ့ အန္တရာယ်တွေအကြောင်း ကျုပ်တို့ ထုတ်ပြောတဲ့အချိန်တုန်းက သူ့အနေနဲ့ နည်းနည်းလေးမှ တွန့်သွားပုံ မရဘူး။ သူ့မှာ အဲ့တောင်ထိပ်ပေါ်ကို တက်နိုင်မဲ့ နည်းလမ်းတစ်ခု အမှန်တကယ်များ ရှိနေတာလား…”

ခါးကုန်းအဘိုးအိုက ခေါင်းရမ်းပြီး ပြောလိုက်သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီယင်လေတွေဟာ ကျော်လွှားနိုင်တဲ့ အရာတွေမှ မဟုတ်တာ။ အစ်ကိုယွမ်နဲ့ ကျုပ်တို့ဟာ တောင်ပေါ်ကို တက်ဖို့ ကြိုးစားခဲ့တုန်းက တောင်ပတ်ပတ်လည်မှာ အေးခဲနေတဲ့ အလောင်းတွေအများကြီး တွေ့ခဲ့ရတယ်မလား။ လူတစ်ယောက်ဟာ ဒီနေရာကို အမှန်တကယ် ဖြတ်ကျော်နိုင်တယ်လို့ ယုံကြည်နေတာဟာ ယုတ္တိမရှိပါဘူး…”

“ဟုတ်ပါတယ်လေ…ကျုပ် မျက်စိလျှမ်းသွားတာ နေမှာပါ…”

ထပ်စဉ်းစားကြည့်ပြီးနောက် ထိုဆံရှည်အဘိုးအိုသည် ဤသည်မှာ အမှန်တကယ် မဖြစ်နိုင်ဟု ကောက်ချက်ချလိုက်တော့သည်။ သူက လှောင်ပြောင်ဟန်ဖြင့်ပင် ပြုံးလိုက်သေးသည်။ သို့သော် အနီရောင်မျက်နှာနှင့်အဘိုးအိုက သည်စကားကို ကြားသည့်အခါ သူ့စိတ်နှလုံးမှာ ရုတ်တရက် လှုပ်ခတ်သွားပြီး သူ့စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာသည်။

ထိုအဘိုးအိုသုံးယောက် ထွက်ခွာသွားသည့်အခါတွင် ဟန်လိသည် မိုင်နင်ကို စကားအချို့ ပြောကာ အခန်းထဲမှ ထွက်လာခဲ့သည်။ သူသည် သက်လတ်ပိုင်းလူဖန်၏နေအိမ်ကို လျှောက်လာခဲ့သည်။ ထိုသူမှာ ရွှေဝါးမြိုခြင်းပိုးတောင်မာကြောင့် လည်ချောင်းကွဲအက်ကာ အမှန်တကယ် သေသွားခဲ့ပြီမှန်း သူ မြင်ရသည်။

ထိုအလောင်းကို အကွာအဝေးတစ်ခုကနေ တစ်ချက်လောက် လှမ်းကြည့်ပြီးနောက် ဟန်လိသည် ပြန်ထွက်လာခဲ့ပြီး သည်နယ်မြေ၊ အခြားရွာများ၏ အနေအထား၊ အမှောင်သားရဲများ၏ ပျံ့နှံ့မှုအကြောင်းကို ရွာသူရွာသားများထံမှ ထပ်မံစုံစမ်းကြည့်သည်။ တဖြည်းဖြည်းဖြင့် သူ့စိတ်ထဲတွင် သည်နယ်မြေအကြောင်း ပိုသိလာခဲ့ပေသည်။ သူသည် ရွာသားများ၏ ပြောပြချက်များဖြင့် အသေးစိတ်မြေပုံတစ်ချပ်ကို ဆွဲကြည့်နိုင်သည့်အထိပင်။

လာမည့်နှစ်ရက်အတွင်း ဟန်လိသည် ပြင်ဆင်စရာအများစုကို လက်စသပ်ပြီး ဖြစ်၏။ သူသည် ရွာအကြီးအကဲထံသို့ သူတို့သည် မုန်တိုင်းတောင်ပေါ်သို့ တက်မည့်အကြောင်းကိုလည်း အကြောင်းကြားလိုက်သည်။

သည်စကားကို ကြားသည့်အခါ ရွာအကြီးအကဲမှာ ဟန်လိအပေါ် သနားစိတ် ဖြစ်ပြီး မသွားရန် ဖျောင်းဖျသေးသည်။ သို့ပေမည့် ဟန်လိ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်ရပြီးနောက် သူက သည်ကိစ္စကို ထပ်မပြောတော့ပေ။

ဟန်လိသည် သူ့နေအိမ်သို့ ပြန်ရောက်လာပြီးနောက် သူနှင့်မိုင်နင်တို့သည် တစ်ညတာ အိပ်စက်ကြသည်။ သို့ပေမည့် နောက်တစ်ရက် မနက်အစောပိုင်းမှာပင် တစ်စုံတစ်ယောက်က သူတို့ထံ လာလည်ကာ တံခါးလာခေါက်သည်။

“ရောင်းရင်းဟန်…ကျုပ် ကိစ္စတစ်ချို့ ပြောစရာ ရှိလို့။ ခင်ဗျား ဒီကုန်းမြေကနေ ထွက်နိုင်၊ မထွက်နိုင် မသိပေမဲ့ ခင်ဗျားဟာ ကျုပ်ရြ့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ခင်ဗျားဟာ လေမုန်တိုင်းတောင်ရဲ့ အန္တရာယ်အဖုံဖုံကို အမှန်တကယ် ဖြတ်ကျော်နိုင်စွမ်း ရှိခဲ့ရင် ဒီသေတ္တာကို ကျုပ်ရဲ့ ကောင်းကင်အဆောင်ဂိုဏ်းဆီ ပို့ပေးမယ်လို့ မျှော်လင့်မိပါတယ်…”

အလေးအနက်ဟန်ပန်ဖြင့် သူသည် အရိုးဖြင့်ပြုလုပ်ထားသော အကြမ်းထည်သေတ္တာငယ်တစ်ခုကို ထုတ်ယူပြီး ဟန်လိထံသို့ လက်နှစ်ဖက်ဖြင့် တလေးတစား ပေးလိုက်သည်။

All Chapters