← Chapters

စိတ်ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်

Vol. 43 Ch. 591

စိတ်ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်

Vol. 43 Ch. 591

ဟန်လိက ထိုသေတ္တာငယ်ကို တစ်ချက်ကြည့်လိုက်၏။ သို့သော် သူက ၎င်းကို ချက်ခြင်း လက်မခံပေ။ မထူးခြားနားဟန်ပန်ဖြင့် သူက မေးလိုက်သည်။

“ခင်ဗျားဆိုလိုတာက…”

သူသည် ထိုသေတ္တာက မည်သည့်အရာမှန်း မသိသေးခင် ထိုသေတ္တာကို ယူလိမ့်မည် မဟုတ်ပေ။

အနီရောင်မျက်နှာနှင့်အဘိုးအိုသည် သက်ပြင်းရှည်ကြီးချကာ ပြောလိုက်သည်။

“တာအိုရောင်းရင်းက ဒီအကြောင်းကို အများကြီး တွေးနေဖို့ မလိုပါဘူး။ ဒီသေတ္တာထဲမှာက ကျုပ်တို့ဂိုဏ်းရဲ့ အကာအကွယ်အဆောင်တွေထဲက တစ်ခု ဖြစ်တဲ့ စိတ်ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်ကို သန့်စင်တဲ့ နည်းလမ်းတစ်ခု ပါဝင်တာပါ။ မူလတုန်းကတော့ ဂိုဏ်းချုပ်တွေကသာ ဒါကို သင်ယူနိုင်ပါတယ်။ ကျုပ်မှာက ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်။ ရောင်းရင်းအနေနဲ့ ဒီအဆောင်ကို သန့်စင်တဲ့နည်းလမ်းကို ကျုပ်ကိုယ်စား ပို့ပေးဖို့ပါပဲ။ ဂိုဏ်းရဲ့ အဆောင်ကို ထာဝရ မဆုံးရှုံးသွားစေချင်လို့ပါ…”

ခဏအကြာတွင် သူက သေတ္တာအဖုံးကို ဖွင့်ပြသည်။ အတွင်းမှ အရိုးအပိုင်းအစများ ပေါ်လာ၏။

ဟန်လိ၏မျက်နှာထက်တွင် ချီတုံချတုံ ဖြစ်ဟန် ဖြစ်ပေါ်သွားသည်။

“ဒါက စိတ်ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်လား။ ဂိုဏ်းချုပ်တွေကပဲ သင်ယူနိုင်တယ်ဆိုတော့ ရောင်းရင်းဟာ ကောင်းကင်အဆောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ ဖြစ်ရမယ်…”

ထိုအဘိုးအိုက ဝန်ခံသည်။ “ရှက်ရှက်နဲ့ပဲ ဝန်ခံပါတယ်။ ကျုပ်က ကောင်းကင်အဆောင်ဂိုဏ်းရဲ့ ငါးဆယ့်ခုနစ်ဆက်မြောက်ဂိုဏ်းချုပ်ပါ။ ကျုပ်ဂိုဏ်းဟာ ကျင်းဒေသကြီးရဲ့ တိမ်ပန်းစီရင်စုမှာ ရှိတဲ့ ပျက်သုဉ်းခါနီးဖြစ်တဲ့ ဂိုဏ်းငယ်လေးပါ။ ကျုပ်လို အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်တဲ့ ကျင့်ကြံသူတစ်ယောက်က ဂိုဏ်းချုပ်နေရာကို ရထားတာက နည်းနည်းတော့ လှောင်ချင်စရာပါပဲ…”

ဟန်လိ၏မျက်နှာထက်တွင် ထူးခြားသောအမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ သို့ပေမည့် ခဏအကြာတွင် သူက မျက်မှောင်ကြုတ်သည်။ သည့်နောက်မှာ သူက အဘိုးအိုကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“စိတ်ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်ဟာ ဂိုဏ်းချုပ်တွေပဲ သင်ယူနိုင်တယ်ဆိုတော့ ထူးခြားတယ်လို့ ယူဆနိုင်တယ်မလား။ ရောင်းရင်းက ဒီထဲက သန့်စင်ခြင်းနည်းလမ်းတွေကို ကျုပ် သင်ယူလိုက်မှာ မစိုးရိမ်ဘူးလား။ ဒါ့အပြင် ကျုပ်က အပြင်ဘက်ကမ္ဘာက ခင်ဗျားရဲ့ နိုင်ငံအကြောင်းကို ကြားဖူးရုံလောက်ပဲ။ တစ်ခါမှ မရောက်ဖူးဘူး။ ဒါ့ကြောင့် အဲ့လိုအခွင့်အရေးရဖို့ဟာ မလွယ်လှပါဘူး။ ကျုပ် မြင်သလောက်ဆို ခင်ဗျားက နည်းနည်းတော့ မဆင်မခြင်နိုင်လွန်းနေတယ် မဟုတ်လား…”

ဟန်လိ၏ မေးခွန်းများကို ကြားသည့်အခါ အနှီအဘိုးအိုသည် နည်းနည်းလေးမျှ အံ့အားမသင့်သွားခဲ့ပေ။ ထိုအစား သူက ကျေးဇူးတင်သည့်ဟန်ဖြင့်သာ တုံ့ပြန်လာသည်။

“ဒီသေတ္တာကို ခင်ဗျားဆီ ကျုပ် ပေးလိုက်မှတော့ တန်ကြေးတစ်ခုအနေနဲ့ ရောင်းရင်း သင်ယူမဲ့ဟာကို ကျုပ် လက်သင့်ခံထားပြီးသားပါ။ အမှန်တိုင်း ပြောရရင် ဒီသန့်စင်ခြင်းနည်းလမ်းကို ကြည့်ရှုခဲ့ပြီးတဲ့နောက် ဒါကို သင်ယူဖို့အတွက် ကျုပ်ကိုယ်တိုင်လည်း စိတ်မဝင်စားခဲ့ဘူး။ စိတ်ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်ရဲ့ သန့်စင်ခြင်းနည်းလမ်းဟာ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့တာ ဆိုပေမဲ့လည်း တည်ထောင်သူတွေကသာ အကြိမ်အနည်းငယ်လောက် ရှားရှားပါးပါး သန့်စင်ခဲ့တာပါ။ ဒီနည်းလမ်းကို နောက်ပိုင်းဂိုဏ်းချုပ်တွေက မသန့်စင်တော့ဘဲ ဆက်ပြီး လက်ဆင့်ကမ်းပေးခဲ့ရုံလောက်ပါပဲ။ ကျုပ်ရဲ့ ဂိုဏ်းဟာ အတော်လေး အားနည်းနေပြီ ဖြစ်တဲ့အတွက် ဒီအဆောင်ဟာလည်း ကျုပ်အတွက်တော့ အောက်မေ့ဖွယ်ရာ အိပ်မက်တစ်ခုမျှသာပါပဲ…”

“ကျင်းနိုင်ငံဆီ အစ်ကိုဟန် ရောက်၊မရောက်ကတော့ အရေးမကြီးပါဘူး။ ဂိုဏ်းတည်ထောင်သူရဲ့ ဖန်တီးမှုဟာ ကျင့်ကြံခြင်းလောကမှာ ထာဝရ မဆုံးရှုံးသွားရင်ကိုပဲ ကျုပ်အတွက် စိတ်အေးချမ်းရပါပြီ။ အဆောင်သန့်စင်တဲ့နည်းလမ်းဟာ ဂိုဏ်းကို ပြန်မရောက်ရှိတော့ရင်တောင် ရောင်းရင်းဟန်ကို လွှဲပေးလိုက်တာက ဆုံးရှုံးမှု မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ တမလွန်မှာ ကျုပ်အနေနဲ့ အရင်ဂိုဏ်းချုပ်မျိုးဆက်တွေနဲ့ မျက်နှာချင်းဆိုင်ရမယ်ဆိုရင်တော့ ကျုပ်မှာ ဆင်ခြင်တစ်ခု ရသွားတာပေါ့ဗျာ…”

အနီရောင်ဝတ်စုံနှင့်အဘိုးအိုက ခါးသီးစွာ ပြုံး၍ ထိုသို့ဆိုသည်။ သည်စကားကို ကြားသည့်အခါ ဟန်လိက အတော်လေး မင်သက်သွားသည်။

ကောင်းကင်အဆောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ အနှီမျက်နှာနီနှင့်အဘိုးအိုမှာ စိတ်အေးသက်သာရာကို ရှာရုံမျှသာ ဖြစ်နေလေ၏။ သည်အပေးအယူအတွက် ဟန်လိအဖို့ ဆုံးရှုံးထိခိုက်မှာမျိုး ရှိမနေပေ။ သူသည် မဟာဒေသကြီးကျင်းသို့ အမှန်တကယ် မသွားရောက်နိုင်ခဲ့လျှင်လည်း သည်အရိုးသေတ္တာကို ပြန်ပေးရန် တာဝန်ရှိမနေသည် မဟုတ်လား။ သို့ပေမည့် သူသည် ထိုကျော်ကြားလှသော နိုင်ငံသို့ သွားရောက်နိုင်ခဲ့လျှင်တော့ သည်ပစ္စည်းကို ပို့ပေးရခြင်းမှာ မပြောပလောက်သော အားစိုက်ထုတ်ရမှုသာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် စိတ်ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်သည် သန့်စင်ရန် အတော်လေး ခက်ခဲမည့်ပုံ ပေါ်သည်။ ဤသည်က ဟန်လိ၏ စိတ်ဝင်စားမှုကို ကြီးစွာ မြင့်တက်စေသည်။ သူ၏ များပြားလှသော အတွေ့အကြုံအရဆို သန့်စင်နေကျ ဓာတ်ငါးပါးအဆောင်များအပြင် လျှို့ဝှက်အဆောင်များဟု သိရှိကြသော ခန့်မှန်း၍ မရသည့် ထူးကဲသော အကျိုးသက်ရောက်မှုများရှိသည့် အဆောင်များ ရှိမှန်းကို သိထားသည်။

ထိုလျှို့ဝှက်အဆောင်များကို ဓာတ်ငါးပါးအဆောင်များနှင့် ခွဲခြားရန်မှာ မခက်ခဲလှပေ။ ထို့အပြင် ဂိုဏ်းတစ်ခုချင်းစီတွင် သူတို့၏ကိုယ်ပိုင်အဆောင်ကို သန့်စင်သည့် ကိုယ်ပိုင်ထူးခြားသော နည်းလမ်းတစ်ခုစီ ရှိကြသည်။ အပြင်လူများအနေဖြင့် ယင်းနည်းလမ်းများကို ပုံတူကူးနိုင်ဖို့မှာ အလွန်တရာ ခက်လှသည်။

ဥပမာအားဖြင့် ကောင်းကင်လေဟာနယ်ခန်းမမှာတုန်းက ကြယ်နန်းတော်၏ အကြီးအကဲများ၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် သူ သေလုနီးပါး ဖြစ်ခဲ့ချိန်တုန်းက ထိုသူများသည် မန္တာန်အဆောင်တစ်ခုဖြင့် ထုတ်ဖော်ခဲ့သော ကိုယ်ပွားကို အသုံးပြုခဲ့ကြပေသည်။ ယင်းနောက်မှာ သူတို့သည် လွတ်မြောက်နိုင်ရန် ကြယ်နန်းတော်၏ သီးသန့်တည်နေရာရွှေ့ပြောင်းခြင်းအဆောင်တစ်ခုကိုလည်း အသုံးပြုခဲ့ကြသည်။

ထိုသို့တွေးနေမိပြီးနောက်မှာ ဟန်လိက ဆက်လက်တွေဝေခြင်း မရှိတော့ဘဲ အရိုးသေတ္တာငယ်ကို လက်ခံ၍ အလေးအနက် ပြောလိုက်သည်။

“ကျုပ် အကောင်းဆုံး ကြိုးစားပေးပါမယ်လို့ ကတိပေးပါတယ်။ တာအိုရောင်းရင်းယွမ်အနေနဲ့ အများကြီးတော့ မမျှော်လင့်ထားသင့်ပါဘူး…”

“ဟားဟား…ဒါက အဆင်ပြေပါတယ်။ အစ်ကိုဟန်ရဲ့ ဒီစကားတွေအတွက်နဲ့တင် ကျုပ်အနေနဲ့ ကျေးဇူးတင်နေရပါပြီ…”

မျက်နှာနီနီနှင့်အဘိုးအိုက ဟန်လိကို လေးငါးကြိမ်ထက်မနည်း ကျေးဇူးစကားဆိုသည်။ သည့်နောက်မှာ သူသည် ဟန်လိနှင့် စကားစမြည် ခဏပြောပြီး အလိုက်သိစွာဖြင့် ပြန်ထွက်သွားတော့သည်။

ဟန်လိ၏နောက်မှာ တိတ်ဆိတ်စွာ နားထောင်နေသော မိုင်နင်သည် မမေးမိဘဲ မနေနိုင် ဖြစ်သွားသည်။

“ကျမအနေနဲ့ ဒီစိတ်ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်းအဆောင်ကို ကြားဖူးတာ အခုက ပထမဆုံးအကြိမ်ပဲ။ ဒါက အမှန်တကယ် အစွမ်းထက်တဲ့ အဆောင်တစ်ခု ဖြစ်နိုင်လောက်လား…”

ဟန်လိက မိုင်နင်ကို ပြုံးပြပြီး ပြောသည်။

“ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ ဒီအဆောင်က အနည်းဆုံးတော့ သာမန်ထက်ထူးကဲမယ် ထင်ပါတယ်…”

ခဏအကြာတွင် ဟန်လိသည် အခန်းထဲရှိ စားပွဲခုံဘေးနားမှာ ထိုင်ချပြီး အရိုးတစ်ခုချင်းစီကို စတင်ကြည့်ရှုသည်။

“အန်…” ဖြတ်ခနဲ ကြည့်လိုက်ပြီးနေက်မှာ ဟန်လိသည် တုန်လှုပ်ကာ အော်ဟစ်လိုက်မိသည်။

“ဘာများဖြစ်လို့လဲ။ ဒီအဆောင်သန့်စင်ခြင်းနည်းလမ်းနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိလို့လား…” မိုင်နင်က ဟန်လိ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး သူ့ကို သိချင်စိတ်ဖြင့် ရွှန်းလဲ့စွာ ကြည့်နေသည်။ သူတို့သည် အနမ်းချင်းဖလှယ်ပြီးနောက်မှာ အစတုန်းကကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် အစိမ်းသက်သက် ဖြစ်မနေဘဲ ပို၍ ရင်းနှီးလာခဲ့ပေသည်။

“ဘာ ပြဿနာမှ မရှိပါဘူး။ ဒီစိတ်ဝိညာဉ်ဖိနှိပ်ချုပ်ချယ်ခြင်း အဆောင်ကို သန့်စင်ဖို့အတွက် လိုအပ်တဲ့ သတ္တုအမယ်တွေဟာ တကယ်ကိုပဲ ထူးခြားလွန်းနေတယ်။ ကောင်းကင်အဆောင်ဂိုဏ်းက ဒီအဆောင်ကို မသန့်စင်ဝံ့တာ အံ့ဩစရာ မရှိတော့ဘူးပဲ…”

အရိုးအားလုံးကို ကြည့်ရှုပြီးနောက်မှာ ဟန်လိက ၎င်းသေတ္တာအား ပြန်ပိတ်သည်။

မိုင်နင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒီသတ္တုအမယ်တွေက ဘာတွေမလို့လဲ အစ်ကိုဟန်…”

ဟန်လိက အရိုးအပိုင်းတစ်ခုကို ယူပြီး ပြုံး၍ ပြောလိုက်သည်။ “အခြေခံသတ္တုအမယ်တွေကတော့ များပြားလွန်းတယ်လို့ မယူဆနိုင်ပါဘူး။ ဒါပေမဲ့ တစ်ခုကတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့တောင် ဝယ်နိုင်မှာ မဟုတ်ဘူး။ အဲ့တာကတော့ ဆင့်ကဲအသွင်ပြောင်းခြင်းအဆင့် နတ်ဆိုးသားရဲတစ်ကောင်ရဲ့ စိတ်ဝိညာဉ် ဖြစ်နေလို့ပဲ။ ဒီတော့ ထူးကဲလွန်းတယ်လို့ မပြောနိုင်ပေဘူးလား…”

“ဆင့်ကဲအသွင်ပြောင်းခြင်းအဆင့် နတ်ဆိုးသားရဲတစ်ကောင်ရဲ့ စိတ်ဝိညာဉ်ဟုတ်လား…”

မိုင်နင်မှာ အံ့ဩထိတ်လန့်သွားသည်။ သို့ပေမည့် အရိုးပိုင်းကို ဆုပ်ကိုင်ထားသော ဟန်လိ၏အမူအရာက ထူးဆန်းနေသည်ကိုမူ သူမ သတိမပြုမိခဲ့ပေ။

ဤညတွင် အနားယူပြီးနောက် ဟန်လိနှင့် မိုင်နင်တို့သည် မည်သူမျှ သတိမပြုမိစေဘဲ ရွာမှ ထွက်သွားခဲ့ကြပေသည်။ ရွာရှိ အစောင့်အကြပ်များက အံ့ဩတကြီး ကျန်ခဲ့ရ၏။

ဟန်လိသည် သူ့ရှေ့ရှိ အဝါရောင်ကန္တာရကို ကြည့်နေရင်း ကျောက်တုံးတစ်ခုပေါ်မှာ ရပ်နေ၏။ ဟန်လိနှင့် မိုင်နင်တို့သည် အနီးဆုံးရွာသို့ ဦးတည်လာခဲ့ကြတာ ဖြစ်၏။ ဟန်လိ၏ အစီအစဉ်များက အတော်လေး ရိုးရှင်းသည်။ မိုင်နင်၏အစ်ကိုကြီးကို ရှာရန်အတွက်သာ ဖြစ်၏။ ထိုသူသာ အသက်ရှင်နေသေးသည်ဆိုပါက အခြားရွာတစ်ရွာရွာမှာ သူ့ကို ရှာတွေ့ပါက မိုင်နင်နှင့် ထိုသူ့ကို ခေါ်၍ မုန်တိုင်းလေထံသို့ သွားမည် ဖြစ်သည်။ မိုင်နင်က သည်အစီအစဉ်မှာ အကျိုးအကြောင်းသင့်သည်ဟု ခံစားမိပြီး မည်သို့မျှ အထွန့်မတက်ဘဲ ဟန်လိ၏ဦးဆောင်မှုနောက်ကို လိုက်ခဲ့ပေသည်။

မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်သည် အဆုံးမဲ့သဲကန္တရထဲ တိုးလျိုးပျောက်ကွယ်သွားကြသည်။

ကျယ်ပြောလှသော ကြက်သွေးနီရောင်မြေပြင်ထက်ဝယ် မီးခိုးရောင်ဝတ်စုံများနှင့် လူငယ်အရွယ် အမျိုးသား၊ အမျိုးသမီးများသည် မြင့်မားသော တောင်ပူစာတစ်လုံးပေါ်သို့ ဖြည်းဖြည်းချင်း တက်နေကြသည်။ သူတို့က အရိုးတက်လှံရှည်များကို ကိုင်ဆောင်ထားကြသည်။

ထိုတောင်ထိပ်တွင် လည်တိုင်တိုတိုနှင့် အစိမ်းရောင်သားရဲများစွာ ရှိကြသည်။ ယင်းတို့ကား ခုလက်ရှိတွင် အိပ်မောကျနေသည်။ ယင်းသားရဲများမှာ ကျောက်စိမ်းယင်ဖားပြုတ်များဟု အမည်ရသည့် အမှောင်သားရဲများပင်။ ၎င်းတို့မှာ လူသားများ စားနိုင်သော အမှောင်သားရဲအချို့ထဲမှ တစ်မျိုးအပါအဝင်ဖြစ်ကာ ၎င်းတို့၏ခန္ဓာကိုယ်တွင် အဆိပ်ဓာတ်မရှိကြပေ။ သည်လူများသည် ရွာရှိ အစာရေစာပြတ်လပ်မှုကို ဖြေရှင်းနိုင်ရန် ဖားပြုတ်သားရဲများကို အမဲလိုက်ရန် ထွက်လာခဲ့သူများ ဖြစ်၏။

သူတို့အုပ်စု၏ လှုပ်ရှားမှုများက သွက်လက်ကျွမ်းကျင်ပြီး အသံလုံကြသည်။ သည်အုပ်စု၏ အဝိုင်းခံရချိန်တွင် ကျောက်စိမ်းယင်ဖားပြုတ်တစ်ကောင်မှာ ရုတ်တရက် မျက်လုံးဖွင့်လာ၏။ ၎င်းက သူတို့နှင့် မီတာတစ်ရာလောက်အကွာတွင် လူသားများ ရှိနေတာကို တွေ့သွားသည်။

“တိုက်ကြ” ထိုအော်သံ ထွက်ပေါ်လာသည်နှင့် အနှီသားရဲကောင်က အော်သံပြုကာ သတိပေးသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း အရိုးလှံဒါဇင်ကျော်သည် သားရဲများထံ တိုးဝင်လာခဲ့လေပြီ။

ထိုအခါ ခုန်ပေါက်၍ ထပြေးကြသော ဖားပြုတ်အများစုသည် လှံများနှင့် ထိပ်တိုက်တွေ့သွားကြသည်။ သို့ပေမည့် ဖားပြုတ်များထဲတွင် သတိအကောင်းဆုံး သားရဲနှစ်ကောင် ပါနေပြီး ၎င်းတို့က ရှောင်ထွက်သွားနိုင်သည်။

ကျောက်စိမ်းယင်ဖားပြုတ်များသည် အမှောင်သားရဲများကြားထဲတွင် အားအနည်းဆုံး ဖြစ်ကြသည်။ ၎င်းတို့သည် ယင်ချီအချို့ကို ပါးစပ်မှ ထွေးထုတ်နိုင်ခြင်းအပြင် အခြားအားကောင်းသည့် တိုက်ခိုက်မှုအချို့ကိုသာ ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ၎င်းတို့၏ ခုန်ပေါက်နိုင်စွမ်းကမူ အံ့မခန်းပင်။

ကျောက်စိမ်းယင်ဖားပြုတ်နှစ်ကောင်က အသက်ဝဝရှိုက်သွင်းလျက် အနက်ရောင်ယင်ချီများကို ထွေးထုတ်ပြီး တန်ပြန်တိုက်ခိုက်၍ သည့်နောက်မှာ ၎င်းတို့သည် လေထဲသို့ နှစ်ဆယ့်ငါးမီတာလောက်ထိ ခုန်ထွက်၍ ဝိုင်းရံခံထားရမှုမှ ချိုးဖောက်ထွက်သည်။ လူသားအုပ်စုကမူ လုံလောက်အောင် မမြန်၍ သည်ဖားပြုတ်နှစ်ကောင်ကို ဖမ်းနိုင်စွမ်းမရှိ ဖြစ်သွားသည်။

ကျောက်စိမ်းယင်ဖားပြုတ်နှစ်ကောင်က အကွာအဝေးတစ်ခုရှိ ထူးခြားသော ကျောက်တုံးကြီးတစ်ခုပေါ်သို့ ခုန်ပေါက်သွားပြီးနောက်မှာ မိုးပြာအလင်းလင်းလက်သွားသည်။ သည့်နောက်မှာ ထိုနှစ်ကောင်သည် အသက်ငင်ကာ မြေပေါ်သို့ ပြန်ပြုတ်ကျသွားသည်။ တအောင့်အကြာတွင် အစိမ်းရောင်သွေးများဖြင့် နီရဲသောမြေပြင်မှာ စွန်းထင်းသွား၏။

ဤမြင်ကွင်းက ငေးကြောင်နေသော လူငယ်များကို အံ့အားတသင့် ဖြစ်သွားစေသည်။

All Chapters