← Chapters

စိတ်ဝိညာဉ်များကို စုပ်ယူခြင်း

Vol. 43 Ch. 592

စိတ်ဝိညာဉ်များကို စုပ်ယူခြင်း

Vol. 43 Ch. 592

လေပြင်းတိုက်ခိုက်သွားပြီး မိုးပြာအလင်းတန်းနှစ်ခုသည် အမှောင်သားရဲအလောင်းနှစ်လောင်းထံမှ အနီးနားရှိ ကျောက်တုံးကြီးတစ်ခုပေါ် ပျံဝဲ ကျရောက်သည်။ သည့်နောက်မှာ အပြာရောင်သားရဲအရေပြားဝတ်စုံကို ဝတ်ထားကြသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် ၎င်းကျောက်တုံးကြီးအပေါ်တွင် ပေါ်လာသည်။

အမျိုးသားဖြစ်သူ၏ ရုပ်ရည်သွင်ပြင်မှာ သာမန်သာ။ အမျိုးသမီးဖြစ်သူကမူ လှရက်လွန်း၏။ သို့သော် အမျိုးသားဖြစ်သူ၏ မျက်လုံးတို့မှာ ဉာဏ်ရည်ကြွယ်ဝမှုဖြင့် တောက်ပလျက်ရှိသည်။ ထိုနှစ်ယောက်သည် ဟန်လိနှင့်မိုင်နင်တို့ပင်။ ဟန်လိ၏လက်နှစ်ဖက်တွင် နှစ်လက်မမျှ အရှည်ရှိ ဓားတိုနှစ်ချောင်းကို ကိုင်ထားသည်။ ယင်းဓားတိုတို့၏ လက်ကိုင်ရိုးကို သားရဲအရွတ်ဖြင့် ပြုလုပ်ထားသည်။ ဟန်လိသည် လှမ်းလာပြီး အမှောင်သားရဲဖားပြုတ်အလောင်းကို တစ်ချက်မျှသာ ကြည့်သည်။ သူ့အကြည့်က သတိထားနေသော လူငယ်များထံ ကျရောက်သွားသည်။ သူက ပြုံး၍ ဖော်ရွှေစွာ ပြောလိုက်သည်။

“ခင်ဗျားတို့ အပြစ်မတင်ဖို့ ကျုပ် မျှော်လင့်ပါတယ်။ ဒီနှစ်ကောင်က ထွက်ပြေးတော့မှာ မြင်လို့ ကျုပ်လည်း မလှုပ်ရှားမိဘဲ မနေနိုင် ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပါ ကျုပ်က ဒီကျောက်စိမ်းယင်ဖားပြုတ်နှစ်ကောင်ကို ယူချင်စိတ် မရှိပါဘူး။ ကျုပ်က ခင်ဗျားတို့ကို မေးခွန်းတချို့တလေလောက်ပဲ မေးချင်ရုံပဲ…”

တစ်ဖက်အုပ်စုထဲမှ အသက်ပိုကြီးသည့်သူများထဲမှ တစ်ယောက်က သံသယဝင်ဟန်ဖြင့် မေးလိုက်သည်။

“ခင်ဗျားက ဒီသားရဲကောင်ကို မလိုချင်ဘူး ဟုတ်လား…” သူက သည်လူငယ်အုပ်စု၏ ခေါင်းဆောင်ဖြစ်ပုံရသည်။ ဟန်လိက ပြန်ဖြေသည်။ “ဒါပေါ့။ ကျုပ်မှာ စားစရာ လုံလုံလောက်လောက် ရှိပြီးသားမို့ပါ…”

ထိုသူသည် တစ်မျိုးတမည် ခံစားမိသော်လည်း သူတို့အတွက် ဆုံးရှုံးနစ်နာစရာ ဘာမျှမရှိဟု ခံစားမိ၍ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ကောင်းပါပြီ…မေးပါ…”

ဟန်လိက ခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်သူ၏ တုံ့ပြန်မှုကြောင့် ကျေနပ်သွားသည်။ သူက တည်ငြိမ်စွာ မေးလိုက်သည်။

“ခင်ဗျားတို့က ဒီနယ်မြေရဲ့ ဒေသခံတွေလား…”

သူက မျက်မှောင်ကြုတ်ကာ ပြန်ဖြေလာသည်။

“အမှန်ပါပဲ။ ကျုပ်တို့က မြေသားနီရွာသားတွေပါ…”

“ကောင်းတယ်။ ကျုပ်တို့ ဒီကို ရောက်လာခဲ့တာက စုံစမ်းမေးမြန်းစရာအချို့ ရှိလို့ပါ။ ခင်ဗျားတို့ရွာကို အသစ်ရောက်လာတဲ့သူတွေများ ရှိပါသလား။ ကျုပ်တို့က တစ်စုံတစ်ယောက်ကို ရှာနေလို့ပါ…”

ခဏစဉ်းစားပြီး သူက ချီတုံချတုံဟန်ဖြင့် ပြောသည်။

“အသစ် ရောက်လာတဲ့သူတွေလား။ ဘယ်သူမှ ရောက်မလာပါဘူး။ ဒါပေမဲ့ နောက်ဆုံးအကြိမ် လေဟာနယ်ကွဲအက်မှုဖြစ်ပြီးတဲ့နောက် ကျုပ်တို့ဟာ အမှောင်သားရဲတွင်းမှာ အမျိုးသားတွေ၊ အမျိုးသမီးတွေရဲ့ အကြွင်းအကျန်တွေကို ထောက်လှမ်းမိခဲ့ဖူးပါတယ်။ ကျုပ်တို့ သူတို့ကို တွေ့တဲ့အချိန်မှာတော့ အမှောင်သားရဲတွေဟာ ဒီလူတွေကို ဝါးမြိုပြီးဖြစ်နေပါတယ်။ အရိုးအကြွင်းအကျန်ကလွဲလို့ ဘာမှကို မကျန်ခဲ့တော့တာပါ…”

ဟန်လိ၏နောက်တွင် ရပ်နေရင်း မိုင်နင်သည် မျက်နှာပျက်သွားပြီး သူက ပြောလိုက်သည်။

“အရိုးအကြွင်းအကျန်လား…”

ပြီးခဲ့သော ခြောက်လအတွင်း ဟန်လိတို့နှစ်ယောက်သည် ရွာသုံးရွာသို့ သွားရောက်ခဲ့ကြပြီး ဖြစ်သည်။ လေဟာနယ်ကွဲအက်မှုမှာ ရှင်သန်နိုင်ခဲ့သည့် ကျင့်ကြံသူနှစ်ယောက် ရှိသော်လည်း သူမအစ်ကို၏အရိပ်အယောင်ကို လုံးဝ မတွေ့ခဲ့ရပေ။

ဟန်လိသည် တစ်စုံတစ်ယောက်ကို ရှာချင်စိတ် ရှိနေရုံသာ တွေ့မြင်ရ၍ သူ စိတ်အေးသွားပြီး ပွင့်ပွင့်လင်းလင်း ပြောလာသည်။

“အမှန်ပါပဲ။ ကျုပ်တို့က သူတို့ရဲ့ အကြွင်းအကျန်တွေကို မြှုပ်နှံ့ပေးခဲ့ပြီးပါပြီ။ ခင်ဗျားတို့ တစ်ချက်လောက် ကြည့်ချင်ပါသလား…”

ဟန်လိက ငြိမ်သက်သွားသော မိုင်နင်ကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်ပြ၏။

“ကောင်းတာပေါ့။ ခင်ဗျားတို့ကိုတော့ ဒုက္ခပေးမိသလိုတော့ ဖြစ်သွားရပြီ…”

သူမ၏အစ်ကိုဖြစ်သူ၏ အကြွင်းအကျန်များကသာ သည်ထဲတွင် ရှိနေခဲ့ပါက ဤလူရှာခြင်းမှာ အပြီးသတ်သွားပေလိမ့်မည်။ ဟန်လိအနေဖြင့် ဤအချက်ကို အတည်ပြုရမည် ဖြစ်၏။

ဟန်လိနှင့် စကားပြောနေသောသူက သူ့နောက်မှ သူများကို ဖားပြုတ်အလောင်းများအား သွားရောက်ယူစေပြီးနောက် သူက ဟန်လိနှင့် စကားဆက်ပြောသည်။

“ဟားဟား…ခင်ဗျားလေသံအရဆို ခင်ဗျားက အတော်လေး ဗဟုသုတကြွယ်ဝတဲ့ပုံပဲ။ ခင်ဗျားက အပြင်လူတစ်ယောက်မလား။ ဒီနယ်မြေကို ခုမှ ရောက်လာခဲ့တာလား…”

ဟန်လိက ပြုံး၍သာ တုံ့ပြန်၏။

ထို့နောက် သူတို့နှစ်ယောက်သည် နှစ်ကီလိုမီတာလောက် အကွာအဝေးထိ ထိုအုပ်စုနောက်မှ လိုက်ပါလာကြသည်။ သည့်နောက်မှာ သူတို့က မရင်းနှီးသောရွာတစ်ရွာသို့ ရောက်လာသည်။

ထိုရွာမှာ အခြားရွာများထက်စာလျှင် အရွယ်အစား သေးငယ်လှ၏။ ယင်းရွာကို ကျောက်သားနံရံများဖြင့် ဝိုင်းရံထားသော်လည်း မီတာနှစ်ဆယ်လောက်သာ မြင့်ပြီး ခိုင်မာမှု မရှိပေ။ ရွာ၏ အရွယ်အစားအရ အများဆုံးမှ ရွာခံနေထိုင်သူ တစ်ရာဝန်းကျင်လောက်သာ ရှိရော့မည်။

ရွာထဲသို့ ဝင်လာပြီးနောက် သူတို့၏ခေါင်းဆောင်က ကျောက်အိမ်ကြီးတစ်ခုထံ လက်ညှိုးထိုးပြပြီး ဟန်လိတို့နှစ်ယောက်ကို ကိုယ်တိုင်သာ သွားရောက်ရန် တောင်းတောင်းပန်ပန်ပြောသည်။ ဖားပြုတ်အလောင်းများက အလွန်တရာ အရေးကြီးလှသည်ဖြစ်၍ ရွာသားများသည် အရင်ဆုံး သည်သားရဲအလောင်းများနှင့် ပတ်သက်ပြီး လုပ်ရကိုင်ရဦးမည် မဟုတ်လား။

ဟန်လိက သည့်အတွက် စိတ်ထဲမထားပေ။ သူက ရွာခံများကို ကျေးဇူးတင်ကြောင်း စကားအချို့ ပြောပြီးနောက်မှာ ထိုနေရာသို့ မိုင်နင်နှင့်အတူ လျှောက်လာခဲ့သည်။

သူတို့က သည်အိမ်၏အခန်းထဲ ဝင်လိုက်သည်နှင့် မိုင်နင်မှာ သူမအစ်ကိုဖြစ်သူ၏ အကြွင်းအကျန်များကို ချက်ခြင်း တွေ့ရှိသွားလိမ့်မည်ဟု ဟန်လိမှာ မမျှော်လင့်ထားမိခဲ့ပေ။ သည်မြင်ကွင်းကြောင့် မိုင်နင်၏မျက်နှာမှာ ချက်ခြင်း ဖြူရော်သွားပြီး သူမ၏မျက်လုံးထဲတွင် ဝမ်းနည်းအားငယ်မှုက ကြီးစိုးသွားသည်။

မိုင်နင်က ထိုအကြွင်းအကျန်များကို မျက်လုံးများနီရဲစွာဖြင့် စိုက်ကြည့်နေပြီး ခက်ခက်ခဲခဲ ရေရွတ်သည်။

“အစ်ကိုရဲ့ ဒီအဝတ်အစားတွေက မမှားနိုင်ဘူး။ ကျမကိုယ်တိုင် ဒါတွေကို သူ့အတွက် လုပ်ပေးခဲ့တာ။ ပြီးတော့ သိုလှောင်အိတ်က ကျမတို့ဂိုဏ်းရဲ့ အမှတ်သင်္ကေတပဲ…”

သူမကို မည်သို့နှစ်သိမ့်ရမှန်း မသိ၍ ဟန်လိသည် ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် ထိုအမျိုးသမီး၏ ပခုံးကို နှစ်သိမ့်သည့်သဘောဖြင့် ပုတ်၍ အားပေးလိုက်ပြီး သည်အခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။ အခုအချိန်တွင် သူမတစ်ကိုယ်တည်းနေတာက သူမအတွက် ပို၍ ကောင်းသည်။

သူ ထွက်သွားပြီးနောက်မှာ အခန်းထဲမှ ရှိုက်ငိုသံကို ကြားရသည်။ ဟန်လိကလည်း သက်ပြင်းသာ ချနိုင်၏။ ထို့နောက်မှာ သူက ကောင်းကင်ထက်သို့ တိတ်တဆိတ် ငေးကြည့်နေသည်။

ခဏအကြာတွင် မိုင်နင်က မို့ဖောင်းနီရဲနေသော မျက်လုံးများဖြင့် အခန်းထဲမှ ပြန်ထွက်လာသည်။ သူမက တည်ငြိမ်စွာ ပြော၏။

“သွားကြစို့။ ကျမအစ်ကိုလည်း ကွယ်လွန်သွားပြီဆိုတော့ တခြားရွာတွေကိုလည်း သွားကြည့်စရာ မလိုတော့ဘူး။ လေမုန်တိုင်းတောင်ကိုပဲ တန်းသွားကြမယ်…”

သူမသည် သူမ၏အစ်ကိုဖြစ်သူကြောင့် နာကျင်မှုကို ဖိနှိပ်ထားရသည့်ပုံ ပေါ်သည်။

ဟန်လိက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

“ကျုပ်တို့ လေမုန်တိုင်းတောင်ဆီ တန်းမသွားခင် ကျုပ် လုပ်ရမဲ့ တစ်ခု ရှိနေသေးတယ်။ အမှောင်သားရဲကျောက်မျက်အချို့ကို ကျုပ် စူးစမ်းကြည့်လိုက်ဦးမယ်…”

မိုင်နင်က ဟန်လိ၏ စကားကြောင့် ဆွံ့အသွားပြီး အံ့အားသင့်စွာ မေးလာသည်။

“သားရဲကျောက်မျက်တွေလား။ ဒါတွေကို စုဆောင်းစူးစမ်းတာက ဘာအတွက်များ အသုံးဝင်လို့လဲ။ ဒီဟာတွေကို ရဖို့ကလည်း အတော်လေး ခက်တယ်လေ…”

ကျုပ် ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုစရာ ရှိလို့ပါ။ ဒီလောကကြီးတစ်ခုလုံးမှာ “အမှောင်သားရဲကျောက်မျက်တွေကို ရှာနိုင်တဲ့ နေရာဆိုလို့ ဒီအမှောင်နယ်မြေပဲ ရှိလိမ့်မယ်လို့ ကျုပ် ထင်တယ်။ ဒါတွေကို တခြားနေရာတစ်ခုခုမှာ ရှာတွေ့နိုင်တယ်ဆိုရင်တောင် အတော့်ကို ရှားလိမ့်မယ်။ ကျုပ်တို့ ဒီနယ်မြေကို ပထမဆုံး ရောက်လာချိန်တုန်းကဆိုရင်တော့ အမှောင်သားရဲကျောက်မျက်တွေကို ရအောင်လုပ်ဖို့က အင်မတန် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အမှောင်သားရဲတွေကို ရင်ဆိုင်မဲ့သူဟာ ကျုပ်တို့ မဟုတ်ဘူး။ ဒီအရာပဲ…”

ဟန်လိက ရုတ်တရက် သူ့အင်္ကျီလက်အိုးကို ဝေ့ရမ်းလိုက်၏။ သူ့ရှေ့တွင် အစိမ်းရောင်အလင်းတစ်ခု ဖြတ်ခနဲ ပေါ်သည်။

မိုင်နင်က မျောက်ငယ်တစ်ကောင်နှင့် ဆင်တူသော သားရဲကောင်လေးကို သိချင်စိတ်ဖြင့် တစ်ချက်ကြည့်သည်။

“ဒီ သားရဲ ကောင်လေးလား…”

ဟန်လိက ပြန်ဖြေသည်။

“ဒါပေါ့…”

ဟန်လိသည် အခြားရွာများသို့ လူရှာခရီးထွက်ခဲ့စဉ်က ဘေးကင်းနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူသည် သူ့ဓားပျံများကို အသုံးပြု၍ အဆင့်နိမ့်အမှောင်သားရဲများကို ရင်ဆိုင်နိုင်စွမ်း ရှိခဲ့သောကြောင့်ပင်။ သို့ပေမည့် ထိုအမှောင်သားရဲများမှာ အဆင့်နိမ့်လှသဖြင့် ၎င်းတို့ထံတွင် မည်သည့်အမှောင်သားရဲကျောက်မျက်ကိုမှ မတွေ့ခဲ့ရပေ။ ယင်းကျောက်မျက်များသည် ကောင်းကင်လေဟာနယ်ခန်းမရှိ ရုပ်သေးများနှင့် ဆက်စပ်မှုအချို့ ရှိနေမှန်း သူ သိသည့်အတွက်ကြောင့် ဟန်လိမှာ ၎င်းကျောက်မျက်အနည်းငယ်ကို ရှာဖွေစုဆောင်းချင်နေတာ ဖြစ်၏။

ဟန်လိက မိုင်နင်ကို ဤသားရဲငယ်ကို ထုတ်ပြပြီးနောက် ငိုကြွေးစိတ်ဝိညာဉ်သားရဲမှာ သူ့အင်္ကျီလက်အိုးထဲသို့ ပြန်ရောက်သွားသည်။ ဤညတွင် ဟန်လိသည် မြေသားနီရွာတွင်သာ နေခဲ့သည်။ ထို့နောက် သူသည် မိုင်နင်နှင့်အတူ ဤသားရဲငယ်က အမှောင်သားရဲများကို ရင်ဆိုင်ရာတွင် ထိရောက်မှုရှိ၊မရှိကို စမ်းသပ်ရန် ရွာမှ ထွက်လာခဲ့ကြသည်။

ခြေသည်းလက်သည်းများ ရှည်လျားစွာ ရှိ၍ မီတာနှစ်ဆယ်မျှအမြင့်ရှိ သားရဲတစ်ကောင်သည် တောင်ကြားတစ်ခုထဲမှ ပျင်းရိပျင်းတွဲဟန်ဖြင့် လှမ်းထွက်လာ၏။ ၎င်း၏ ကြီးမားသော ခြေသည်းလက်သည်းများက ကြောက်မက်ဖွယ်ကောင်းကာ ၎င်း၏ ပါးစပ်တစ်ခုလုံးတွင်လည်း ကြမ်းကြုတ်သည့်အစွယ်များနှင့် အပြည့်ပင်။ ဤဝန်းကျင်ဒေသ၏ ဘုရင်တစ်ပါးဖြစ်သော ၎င်းက မည်သည့်အဆင့်မြင့်အမှောင်သားရဲကမျှ ၎င်းကို အလစ်ဝင်တိုက်ခိုက်မည့်အပေါ် လားလားမျှ စိုးရိမ်စိတ် ရှိမနေပေ။

မျောက်ငယ် (ဝါ) ငိုကြွေးစိတ်ဝိညာဉ်သားရဲကမူ ခုလက်ရှိတွင် အနှီအမှောင်သားရဲကောင်ကြီးကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေလေ၏။

အမှောင်သားရဲကောင်ကြီးသည် မျောက်ငယ်တစ်ကောင်က သူ့မြင်ကွင်းထဲ ပေါ်လာချိန်တွင် သူက လေးငါးကြိမ်လောက် နှာခေါင်းရှုံ့၍ ချိန်းချောက်သည်။ လှန့်ထုတ်သည်။ သို့ရာတွင် ထိုမျောက်ငယ်လေးက အမှန်တကယ် တိုက်ခိုက်လာ၏။ အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် အဝါရောင်မြူထုတစ်ခုသည် ပြေးဝင်လျက် ၎င်းသားရဲကြီးကို ထွေးခြုံသွားသည်။

အနှီမြူ လွှမ်းခြုံသွားသည်နှင့် အမှောင်သားရဲကောင်ကြီးထံမှ လောကတုန်လှုပ်ဖွယ် အော်မြည်သံကို ထုတ်လွှတ်သည်။ သို့ပေမည့် ခဏအကြာတွင် အဝါရောင်မြူမှာ မှိန်ဖျော့သွားပြီး အနက်ရောင်ချီတန်းများကို သယ်ဆောင်ကာ မျောက်ငယ်၏ နှာခေါင်းထံ ပြန်ရောက်လာ၏။

မျောက်ငယ်က အားရကျေနပ်စွာဖြင့် ဝါးစားနေပြီး ၎င်း၏ ဖောင်းကားလာသော ဝမ်းဗိုက်ကို ပုတ်သည်။ ၎င်း၏မျက်နှာထက်တွင် ကျေနပ်ဟန် အထင်းသား။ အရသာရှိလှသော အစားအစာတစ်ခုကို စားသောက်ခဲ့သလား မှတ်ရသည်။ ထိုစဉ်တွင် ဟန်လိသည် သက်သောင့်သက်သာဟန်ပန်ဖြင့် အေးဆေးလျှောက်လာ၏။ မိုင်နင်က အလွန်အံ့ဩစွာဖြင့် သူ့နောက်မှ လိုက်ပါလာသည်။

မိုင်နင်သည် တုန်လှုပ်အံ့အားသင့်နေရာမှ ပြန်သက်သာလာစဉ် ဟန်လိသည် ၎င်းအမှောင်သားရဲကြီး၏ ဦးခေါင်းရှေ့သို့ ရောက်နှင့်နေပြီ ဖြစ်သည်။ သူ့အင်္ကျီလက်အိုးကို ဝေ့ရမ်းလိုက်ပြီး ငွေရောင်ဓားတိုတစ်လက်မှာ သူ့လက်ထဲတွင် ပေါ်လာသည်။

ဟန်လိသည် အမူအရာကင်းမဲ့စွာဖြင့် ခုတ်ပိုင်းချ၏။ ဖရဲသီးနှင့်တူသော အနှီအမှောင်သားရဲ၏ ဦးခေါင်းခွံမှာ ထက်ပိုင်းကွဲထွက်သွားသည်။ ခဏအကြာတွင် ၎င်းအလောင်းထံမှ လက်မအရွယ်အစားခန့်ရှိ အစိမ်းရောင်ကျောက်မျက်တစ်ခု ပြုတ်ကျလာသည်။

ဟန်လိသည် ၎င်းကျောက်မျက်ကို ပြုံး၍ ကြည့်ကာ လှမ်းကောက်ယူသည်။ ထို့နောက် ဟန်လိက အနောက်ဘက်အရပ်သို့ ခေါင်းလှည့်ပြီး ခိုင်ခိုင်မာမာ ပြောသည်။

“အနောက်ဘက်အရပ် သုံးကီလိုမီတာလောက်မှာ အစွမ်းထက်တဲ့ အမှောင်သားရဲတွေ ခုထက် ပိုများများ ရှိနိုင်တယ်။ လမ်းတစ်လျှောက်မှာ ဒီကောင်တွေကို ဂရုစိုက်ပေးကြတာပေါ့…”

All Chapters