← Chapters

လေမုန်တိုင်းတောင်

Vol. 43 Ch. 593

လေမုန်တိုင်းတောင်

Vol. 43 Ch. 593

လေမုန်တိုင်းတောင်မှာ အမှောင်နယ်မြေ၏ အရှေ့မြောက်အရပ်တွင် တည်ရှိသော တောင်ကြီးတစ်တောင် ဖြစ်ချေ၏။ ကြီးမားလွန်းလှသဖြင့် လူတစ်ယောက်သည် အကွာအဝေးတစ်ခုမှ ကြည့်ပါက ထိုတောင်၏ တစ်ဝက်ကိုသာ မြင်နိုင်မည် ဖြစ်သည်။ အကြောင်းမှာ ကျန်တစ်ဝက်က သိပ်သည်းထူးထဲလှသော ယင်တိမ်များဖြင့် ဖုံးလွှမ်းထားသောကြောင့်ပင်။ ၎င်းတောင်ကို ပြောင်ချောချော အနက်ရောင်ကျောက်တုံးများဖြင့် ဖွဲ့စည်းထားပြီး တောင်ပေါ်၌ သစ်ပင်ဟူ၍ တစိုးတစိမျှ မပေါက်ရောက်ပေ။ ထိုမျှ မကသေးပါ။ တောင်၏ လေးကီလိုမီတာလောက် အမြင့်တွင် ပတ်ပတ်လည်မှာ ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခတ်နေသော ယင်လေမုန်တိုင်းများလည်း ရှိနေသေးသည်။ ပုံမှန်လူများက အနှီတောင်ပေါ်သို့ တက်ရောက်မည်ဆိုပါက တောင်ပေါ်တွင် ရှိနှင့်ပြီးသား အနက်ရောင်ရေခဲရုပ်တုများထဲတွင် တစ်ရုပ်အပါအဝင် ဖြစ်သွားကြမည်သာ။

တောင်၏ အခုလို ကြောက်မက်ဖွယ်ရာ အခြေအနေများကြောင့် ၎င်း၏ဝန်းကျင်မှာ သိသိသာသာ မှိုင်းပျလျက်ရှိ၏။ တောင်ပေါ်ရှိ ကောင်းကင်ယံတွင်လည်း မိုးကြိုးများက အဆက်မပြတ် ပစ်ခွင်းလျက်ရှိပြီး လေအေးများကလည်း ကျောက်စကျောက်န၊ မြေစမြေနများကို ဆောင်ကြဉ်းကာ တဝီဝီတိုက်ခတ်နေလျက် ရှိ၏။ ဤဧရိယာတစ်ခုလုံးက စိုးရိမ်ကြောက်လန့်စေမည့် ခံစားချက်ကို အမှန်တကယ် ပေးစွမ်းနေပေသည်။

အမှောင်ချီများ သိပ်သည်းစွာ တည်ရှိသည့် နေရာဖြစ်၍ တောင်ပတ်ပတ်လည်တွင်လည်း အမှောင်သားရဲများက ကြီးစိုးထားပေသည်။ သို့ပေမည့် ယနေ့တွင် ဤလေမုန်တိုင်းတောင်ထံသို့ မဖိတ်ခေါ်ဘဲ ရောက်နှင့်လာသူအချို့ ရှိနေသည်။

မီတာတစ်ရာမျှအမြင့်ရှိသည့် သားရဲအလောင်းတစ်လောင်းသည် ငွေရောင်လင်းလက်ကာ မြေပြင်ထက်သို့ ပြိုလဲကျသွားသည်။ ထို့နောက်တွင် ၎င်းအလောင်းသည် ရွတ်တရှုံ့တွသွားပြီး ငွေရောင်အလင်းတစ်ခုသည် အနက်ရောင်ချီကို သယ်ဆောင်လျက် အကွာအဝေးတစ်ခုဆီ ပျံသန်းလာသည်။ တအောင့်အကြာတွင် ကျယ်လောင်စွာ ဟိန်းအော်သံတစ်သံသည် လေထုတခွင် ပြည့်နှက်သွားသည်။

ယင်းအသံနှင့်အတူ မြေပြင်ထက်၌ တဒုံးဒုံးအသံများ ဆက်တိုက်ထွက်ပေါ်လာပြီး မီတာသုံးဆယ်မျှ အမြင့်ရှိ ငွေရောင်လူဝံကြီးတစ်ကောင်သည် အမှောင်သားရဲအလောင်းဘေးတွင် ပေါ်လာသည်။ ထိုလူဝံကြီး၏ သွင်ပြင်မှာ ကြမ်းကြုတ်လှပြီး ၎င်း၏လှုပ်ရှားမှုတိုင်းတွင် ကြောက်မက်ဖွယ်ဖိအားတစ်ခု ပါဝင်နေသည်။ သို့ရာတွင်မူ ၎င်း၏ ပုခုံးပေါ်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ထိုင်နေကြသည်။ သူတို့မှာ ဟန်လိနှင့် မိုင်နင်တို့ပင်။ ဟန်လိ၏အကြည့်က သားရဲအလောင်းထံ ကျရောက်သွားပြီး သူက လူဝံကြီးကို လက်ဖြင့်ထောက်ပြီး ထိုအလောင်း၏ဦးခေါင်းပေါ်သို့ ပေါ့ပါးကျင်လည်စွာ သက်ဆင်းသည်။ ခြေချမိသည်နှင့် ဟန်လိ၏မျက်လုံးထဲတွင် အေးစက်မှုလင်းလက်သွားပြီး အလောင်း၏ ဦးခေါင်းခွံမှာ နှစ်ပိုင်းကွဲထွက်သွား၏။ သို့သော် အနှီဦးခေါင်းခွံအတွင်းတွင် မည်သည့်အရာမျှ ရှိမနေပေ။

ဟန်လိသည် မသိမသာ စိတ်ပျက်သွား၏။ သို့သော် ခဏအကြာတွင် သူ့မျက်နှာအမူအရာမှာ ပုံမှန်ပြန်ဖြစ်သွားသည်။ ခုလက်ရှိတွင် ဟန်လိသည် အမှောင်သားရဲကျောက်မျက်တစ်ရာကျော်ကို စုဆောင်းထားမိပြီး ဖြစ်၏။ အဆင့်နိမ့်အမှောင်သားရဲများ၌ အမှောင်သားရဲကျောက်မျက်တစ်ခု ပိုင်ဆိုင်ထားရန် အခွင့်အရေး နည်းနည်းပါးပါး ရှိမှန်း သိထားသော်လည်း သူ့တွင် ၎င်းတို့တိုင်းကို အမဲလိုက်ရန် အချိန်မရှိပေ။ သူသည် နောက်ထပ် လေဟာနယ်ကွဲအက်မှု မပေါ်ထွက်လာခင် လေမုန်တိုင်းတောင်ပေါ်သို့ တက်ရဦးမည် မဟုတ်လား။

မိုင်နင်ကလည်း လူဝံကြီး၏ ပုခုံးပေါ်မှ ခုန်ဆင်းလာသည်။ ခဏအကြာတွင် လူဝံကြီးသည် ငွေရောင်လင်းလက်သွားပြီး တစ်ပေမျှ အရွယ်အစားလောက်ထိ ကြုံ့သွားသည်။ ဟန်လိသည် မြေသားနီရွာမှ ထွက်လာခဲ့ချိန်၌ ငိုကြွေးစိတ်ဝိညာဉ်သားရဲကို နေရာအနှံ့သို့ ခေါ်သွားပြီး အစွမ်းထက်အမှောင်သားရဲများကို ရှင်းလင်းသုတ်သင်ခဲ့ပေသည်။ အမှောင်သားရဲစိတ်ဝိညာဉ်အနှစ်သာရ အမြောက်အမြားကို စုပ်ယူပြီးနောက် ငိုကြွေးစိတ်ဝိညာဉ်သားရဲသည် လူဝံကြီးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလဲနိုင်သည့် စွမ်းရည်ကို ရုတ်တရက် ရရှိလာပြီး သည့်နောက်မှာ ၎င်း၏အမွှေးအမျှင်များမှာလည်း မျက်စိဖမ်းစားနိုင်လွန်းသော ငွေရောင်အဖြစ်သို့ ပြောင်းသွားခဲ့သည်။

ထိုပြောင်းလဲမှုများက ဟန်လိကို အကြီးအကျယ်အံ့အားသင့်စေခဲ့သည်။ ယွမ်ယောင် သူ့ကို ပေးခဲ့သော ကျောက်စိမ်းပြားအရဆို ဤငိုကြွေးစိတ်ဝိညာဉ်တွင် အကောင်ကြီးအောင်လုပ်နိုင်စွမ်း ရှိမနေသင့်ပေ။ သည့်အပြင် ၎င်း၏ အမွှေးအမျှင်များမှာလည်း ငွေရောင်အစား ပိုနက်မှောင်သောအရောင်သို့သာ ပြောင်းသင့်သည်။ ဤဆင့်ကဲပြောင်းလဲမှုသည် မတော်တဆကြုံရသော အကြောင်းရင်းနှစ်ခုကြောင့် ဖြစ်နိုင်သည်။ ယင်းအကြောင်းရင်းနှစ်ခုထဲမှ တစ်ခုသည် အမှောင်သားရဲများ၏ စိတ်ဝိညာဉ်အနှစ်သာရသည် အပြင်ဘက်လောကတွင် တွေ့ရမြင်ရလေ့ရှိသော စိတ်ဝိညာဉ်အနှစ်သာရနှင့် ကွဲပြားခြင်း ဖြစ်ပြီး အခြားတစ်ခုမှာ သည်ငိုကြွေးစိတ်ဝိညာဉ်သားရဲသည် အစပိုင်းမှာ လုံးဝသန့်စင်မွန်းမံခြင်း မခံခဲ့ရသေးတာကြောင့်ပင်။

၎င်း၏ထူးကဲထူးခြားသော အသွင်ပြောင်းလဲမှုသည် ၎င်း၏မျိုးနွယ်တွင် ဦးဆုံးဖြစ်နိုင်၏။ ဟန်လိသည် ထိုအသွင်ပြောင်းလဲခြင်းသည် အစစ်အမှန် ငိုကြွေးစိတ်ဝိညာဉ်သားရဲများထက် အစွမ်းပိုထက်၊မထက်ကိုမူ မသိသော်လည်း သူ့ငိုကြွေးစိတ်ဝိညာဉ်သားရဲ၏ ဤပြောင်းလဲမှုများအပေါ် သူ အတော်လေး ကျေနပ်မှု ရှိသည်။ တကယ်တော့ အစစ်အမှန်ငိုကြွေးစိတ်ဝိညာဉ်သားရဲတစ်ကောင်ကို သန့်စင်ရမည့် နည်းလမ်းကား သွေးထွက်သံယိုများလွန်း၏။ ဟန်လိသည် ကြင်နာတတ်သူ တစ်ယောက် မဟုတ်သော်ငြား သူ သိထားသော နည်းလမ်းများအရ ၎င်းကို သန့်စင်ရန်မှာ အလွန်ခက်ခဲလိမ့်မည်ပင်။

ဤအခိုက်တွင် ငိုကြွေးစိတ်ဝိညာဉ်သားရဲသည် ငွေရောင်လင်းလက်ကာ ဟန်လိ၏ အင်္ကျီလက်အိုးထဲသို့ တန်းဝင်လာ၏။ ထို့နောက် ၎င်းမှာ အိပ်မောကျသွားပြီး ဟောက်သံများကိုပင် ကြားရလေ၏။ ဟန်လိက ပြုံးလိုက်မိသည်။ သို့သော် သူ့အကြည့်က အကွာအဝေးတစ်ခုရှိ လေမုန်တိုင်းတောင်ထံ ကျရောက်သွားချိန်တွင်မူ သူ့မျက်နှာဟန်ပန်မှာ အလေးအနက် ဖြစ်လာသည်။

အစောပိုင်းတုန်းက အမှောင်သားရဲမှာ လေမုန်တိုင်းတောင် အနီးဝန်းကျင်တွင် နောက်ဆုံးကျန်နေသော အမှောင်သားရဲကောင်ကြီး ဖြစ်သည်။ အခု ထိုသားရဲကောင်ကို သုတ်သင်ခဲ့ပြီး ဖြစ်၍ ဟန်လိတို့သည် တောင်ပေါ်သို့ အဟန့်အတားမရှိ တတ်နိုင်သွားခဲ့ပြီ။ သူက အကွာအဝေးတစ်ခုရှိ တောင်ထံသို့ တစ်ချက်လှမ်းကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သွားကြမယ်။ နောက်ထပ် လေဟာနယ်အက်ကွဲမှု မပေါ်လာခင် ကျုပ်တို့ တောင်ထိပ်ပေါ် ရောက်နေမှ ဖြစ်မယ်။ မဟုတ်ရင် ဒီမှာပဲ လပေါင်းများစွာ အချိန်ကုန်ပြီး တစ်နေလိမ့်မယ်…”

မိုင်နင်က သဘောတူသည်။

“သွားကြမယ်လေ…။ ဒေသခံတွေရဲ့ ကြိုတင်ခန့်မှန်းတဲ့ နည်းလမ်းအရဆို နောက်တစ်ခေါက်လေဟာနယ်ကွဲအက်မှုဟာ နှစ်ပတ်လောက်ကြာရင် ပေါ်လာနိုင်တယ်။ ဒီအခွင့်အရေးကို ကျမတို့ လွဲသွားခဲ့ရင် နောက်နှစ်ဝက်လောက်ထိ ထပ်စောင့်ရလိမ့်မယ်…”

ဟန်လိသည် ခပ်ရေးရေး ပြုံး၏။ သည့်နောက်မှာ သူသည် လေမုန်တိုင်းတောင်ထံသို့ ဦးတည်လှမ်းလျှောက်လာခဲ့သည်။

ဆယ့်ငါးမိနစ်လောက်အကြာတွင် သူတို့နှစ်ယောက်သားမှာ တောင်ခြေသို့ ရောက်လာကြ၏။ သူတို့သည် အဝေးမှ မည်သည့်အရာကိုမျှ မခံစားမိရသော်လည်း တောင်ရှေ့တွင် ရပ်နေရုံဖြင့် စိုးရိမ်ထိတ်လန့်မှုကို ခံစားရနေရသည်။ ဤတောင်မှာ အနီးဝန်းကျင်တွင် မည်သည့်တောင်မျှ မရှိသော ထီးတည်းမြင့်မားစွာ တည်ရှိနေသောတောင်ကြီး ဖြစ်သည်။

ဟန်လိက တောင်ပေါ်သို့ ချက်ခြင်းစမတက်သေးပေ။ သူက မိုင်နင်ဘက်သို့ လှည့်ပြီး တောင်ပေါ်သို့ တက်ရောက်ရန် မည်သည့်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဟု အရင်ဆွေးနွေးသည်။ ထို့နောက် သူတို့နှစ်ယောက်သည် တောင်ပေါ်သို့ တရွေ့ရွေ့တက်သွားကြပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။

စစချင်းလေးကီလိုမီတာမှာ သူတို့နှစ်ယောက်အတွက် အခက်အခဲသိပ်မရှိခဲ့ပေ။ သို့သော် ထိုအမြင့်သို့ ကျော်လွန်လာသည်နှင့် အရိုးစိမ့်အောင် အေးစက်သည့် ယင်လေပြင်းများ တိုက်ခိုက်မှုက ပိုမြန်ဆန်၊ ပိုပြင်းထန်လာခဲ့လေပြီ။

ဟန်လိနှင့် မိုင်နင်တို့သည် မီးဓာတ်သားရဲအရေပြားဖြင့် ချုပ်ထားသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည့်တိုင် သူတို့၏မျက်နှာများက အအေးဒဏ်ကြောင့် ဖြူရော်နေသည်။ သူတို့သည် သာမန်သေမျိုးများဖြစ်သာ ဖြစ်ခဲ့ပါက သည်လေနှင့်ထိမိသည်နှင့် အေးခဲသွားခဲ့တာ ကြာနေလောက်ပေပြီ။ ယင်လေပြင်းများကို ဖြတ်ကျော်လာရင်း နောက်ထပ်မီတာရာချီလောက် တောင့်ခံပြီးသည့်နောက်မှာ ဟန်လိသည် မျက်မှောင်ကြုတ်၍ ရပ်၏။ သူက အချိန်ခဏယူကာ အလေးအနက် စဉ်းစားသည်။ ထို့နောက်တွင် သူ့ဝတ်ရုံထဲမှ လက်သီးစုပ်ခန့် အဖြူရောင်ကျောက်မျက်တစ်ခုကို ထုတ်ယူသည်။ ၎င်းက အဖြူရောင်ခပ်ရေးရေး တောင်ပသွားပြီး သူတို့နှစ်ယောက်ကို ခြုံလွှမ်းသည်။

ထိုအဖြူရောင်အလင်းနှင့် ထိမိသည့်အခါ ထွင်းဖောက်လာသော ယင်လေပြင်းများသည် သိသိသာသာ အားပျော့သွားသည်။ သူတို့ကို ထိခိုက်စေလောက်သည့်အထိ မပြင်းထန်တော့ပေ။ ဤသို့ဖြင့် သူတို့နှစ်ယောက်သည် တောင်ပေါ်သို့ ခက်ခက်ခဲခဲ ဆက်တက်လာကြ၏။

တဖြည်းဖြည်းဖြင့် တောင်ပေါ်ရှိ ကျောက်သားထုမှာ မြူများနှင့် ပြည့်ဖုံးလာသည်။ သူတို့နှစ်ယောက်သည် ခြေချော်မည်စိုး၍ သတိထားကာ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ထို့အပြင် သူတို့အတွက် အသက်ရှုရတာ ပိုခက်ခဲလာသည်။ အထူးသဖြင့် မိုင်နင်မှာ ဟောဟဲဆိုက်နေပြီး ပင့်သက်ရှိုက်၍ အသက်ရှုနေရသည်။

ဤသို့ဖြင့် သူတို့၏ ခရီးစဉ်ကို ဆက်လာနေရင်း အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိရသည့်နောက်မှာ ဟန်လိတို့သည် အနက်ရောင်တဖိတ်ဖိတ်တောက်နေသော ရေခဲပြင်ကြီးတစ်ခုက သူတို့ရှေ့မှာ ပေါ်လာတာကို တွေ့ရသည်။ တောင်ပေါ်နေရင်း သတိသာ မထားပါက တောင်ပေါ်မှ ပြုတ်ကျသွားနိုင်လောက်၏။

ဟန်လိနှင့်မိုင်နင်တို့က တောင်ပေါ်တက်လာစဉ် လက်အိတ်များ ဝတ်ထားခဲ့ကြ၏။ သို့တိုင် ဤနေရာလောက်ထိ ရောက်လာသည့်အခါ ရှေ့ဆက်သွားရတာ အလွန်ခက်ခဲလာသည်။ သူတို့နှစ်ယောက်သည် အနက်ရောင်ရေခဲပြင်ကျယ်ကြီးပေါ်တွင် မကြာခဏ ခြေချော်လက်ချော် ဖြစ်နေကြသည်။ ဟန်လိက ဤတောင်၏ ထိပ်ပိုင်းသို့ မော့ကြည့်ပြီး သက်ပြင်းချသည်။ ထို့နောက် သူက သူ့ဘေးရှိ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ရှိနေသော မိုင်နင်ဘက်သို့ ခေါင်းလှည့်ကြည့်ပြီး ပြောသည်။

“ဟိုနားက တောင်အငူအစွန်းအောက်မှာ ခဏနားကြရအောင်။ ခွန်အားအပြည့်အဝ ပြန်ရမှပဲ ကျုပ်တို့ ရှေ့ထပ်ဆက်ကြမယ်…”

မိုင်နင်က မည်သည့်စကားမျှ မဆိုသော်လည်း တစ်ချက်ကြည့်ရုံဖြင့် သူမမှာ ခြေကုန်လက်ပန်းကျနေပြီဖြစ်ကြောင်း သူ ပြောနိုင်သည်။ သည်အတိုင်းသာ ရှေ့ထပ်ဆက်ပါက သူမအတွက် အန္တရာယ်များနေပေပြီ။

ဟန်လိ၏စကားကို ကြားသည့်အခါ မိုင်နင်က သက်ပြင်းရှည်ကြီးချ၍ အတင်းအားတင်းပြုံးပြီး ခေါင်းညိတ်ပြသည်။

ဟန်လိ ပြောခဲ့သော တောင်အငူအစွန်းသည် ခဏတဖြုတ် အနားယူရန် သင့်တော်လှသည်။ သူတို့နှစ်ယောက်သည် ထိုနေရာထံ ခပ်မြန်မြန် တက်သွားကြသည်။

သည်အငူစွန်း၏အောက်ဘက်သို့ ဟန်လိတို့ လှမ်းနေစဉ် အငူအစွန်း၏ အပြင်ဘက်မှာ မြူလေများတိုက်ခတ်နေသည်။ ဟန်လိက သတိထားလိုက်ပြီး သူ့လက်ကောက်ဝတ်တွင် ပတ်ထားသော တစ်လက်မအရွယ်ခန့် ပုတီးစေ့တစ်စေ့ကို ထုတ်၏။ ၎င်းထံမှ မိုးပြာအလင်းတောက်ပသွားသည်။ ထိုအလင်းက တိုးဝင်လာသော မြူထုကို ပြန်ကန်ထွက်သွားစေသည်။ သို့တိုင် ၎င်းမြူမှာ အနီးနားတွင် ရစ်သီနေဆဲပင်။ ၎င်းက အနားသို့ ချဉ်းကပ်နိုင်မည့် အခွင့်အရေးကို ချောင်းနေသည့်အလား ထင်ရသည်။

မိုင်နင်သည် ထိုမြူကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ “အစ်ကိုဟန်ရဲ့ ဒီအကာအကွယ်ပုလဲကြောင့်သာ မဟုတ်ရင် ကျမတို့က ယင်လေရဲ့ ထူးဆန်းတဲ့ မြူထုကို ဖြတ်ကျော်နိုင်စွမ်း ရှိလောက်မှာ မဟုတ်ဘူးထင်တယ်…”

ဟန်လိက ပြုံးသည်။ သူက တစ်ခုခုပြန်ပြောရန် စဉ်းစားနေရင်းကနေ မည်သည့်စကားမျှ ပြန်မဆိုလေဘဲ သေချာအာရုံစိုက်၍ နားစွင့်လိုက်သည်။

ထိုသည်ကို မြင်သည့်အခါ မိုင်နင်မှာ အံ့အားတသင့်ဖြစ်သွားပြီး စကားထပ်မဟတော့ဘဲ နှုတ်ဆိတ်၍သာ နေလိုက်သည်။

ဟန်လိက သတိပေးလိုက်၏။

“ဂရုစိုက်ပါ။ မြူတွေထဲကနေ တစ်ယောက်ယောက် ကျုပ်တို့ဆီ ချဉ်းကပ်လာတယ်…”

ထိုသို့ ပြောပြီးနောက် မိုးပြာအလင်းလင်းလက်သွားပြီး သူ့လက်ထဲတွင် မိုးပြာရောင်ဓားမြှောင်တစ်လက်ပေါ်လာသည်။ ထို့နောက် သူက မြူထဲသို့ တိတ်တဆိတ် စိုက်ကြည့်နေသည်။

ဟန်လိ၏ စကားကို အပြည့်အဝ ယုံကြည်ထားသူဖြစ်၍ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ စိုးရိမ်ပူပန်သည့်ဟန်ပန်ဖြင့် အပေါ်သို့ မော့ကြည့်လိုက်သည်။

All Chapters