ယင်ယန်လည်ပတ်ခြင်း ပညာရပ်
Vol. 43 Ch. 594
ခဏအကြာတွင် မိုင်နင်က သူတို့ထံ ညင်သာတိုးဖွစွာ လှမ်းလာသော ခြေသံများကို ကြားရသည်။ သူမက ဟန်လိကို ပူပန်တကြီးဖြင့် လှမ်းကြည့်လိုက်မိသည်။ ဟန်လိက သူမ၏အကြည့်ကို သတိပြုမိ၏။ သူက နူးညံ့စွာပြုံး၍ တုံ့ပြန်သည်။
မိုင်နင်မှာ မသိလိုက်ပါဘဲ ရှက်သွေးဖြာသွား၏။ သူမ၏အကြည့်ကို ဟန်လိထံမှ မြန်မြန်ဖယ်ခွာသည်။ သို့သော်ငြားလည်း သူမမှာ စိတ်ကျေနပ်သလိုလိုလည်း ခံစားမိသည်။
ခြေသံများက ပိုပီပြင်လာသည်။ ဟန်လိသည် လူနှစ်ယောက်၏ ခြေသံများဟု ထင်သည်။ သူ အတော်လေး အံ့အားသင့်သွားသည်။ သူက မျက်မှောင်ကြုတ်၏။ သူ၏မျက်လုံးထဲတွင်လည်း သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ရုတ်တရက် ထူထဲသိပ်သည်းသောမြူလွှာမှာ လွင့်ပါးသွားပြီး ခေါင်းမော့ထားသော လူငယ်တစ်ယောက်၏အသွင် ပေါ်လာသည်။ သူသည် ကြည့်ကောင်းသောမျက်နှာကို ပိုင်ဆိုင်ထား၏။ သူ့လက်ကောက်ဝတ်တွင် ကျောက်စိမ်းကြိုးတစ်ခုကို ပတ်ထားပြီး ၎င်းမှာ အဖြူရောင်ခပ်ဖျော့ဖျော့လင်းလက်နေသည်။
သို့ရာတွင်မူ သူသည် ဟန်လိကို မြင်သည့်အခါတွင်မူ သူ့မျက်နှာမှာ ချက်ခြင်း ရှုံ့တွသွားပြီး ထိတ်လန့်တကြား ထအော်သည်။
“မင်းကို…”
ထိုလူငယ်ကား လမ်းခြောက်သွယ်လက်နက်သူတော်စင်၏ တပည့်ဖြစ်သူ ဝမ်ထျန်ရန် ဖြစ်နေ၏။
ဟန်လိက မထုံတတ်တေးဟန်ပန်ဖြင့် ပြောလိုက်သည်။
“အမှန်ပါပဲ…ကျုပ်ပါ။ အခု ခင်ဗျား မရဏလမ်းကို အေးဆေးမြန်းနိုင်ပြီ….”
မိုးပြာအလင်းလင်းလက်သွားခြင်းနှင့်အတူ ဟန်လိသည် ဓားမြှောင်ကို တစ်ဖက်သူ၏ရင်ဘက်ထံ ပစ်သွင်းလိုက်သည်။ ဒုတ်…။ ဓားမြှောင်သည် သတ္တုအကာတစ်ခုကို ထိုးစိုက်မိသည့်နှယ် ပြန်ကန်ထွက်လာ၏။ အစိမ်းရောင်ခပ်သဲ့သဲ့လည်း လင်းလက်သွားသည်။
“ကိုယ်တွင်းချပ်ဝတ်…”
ဟန်လိသည် သူ၏တိုက်ခိုက်မှုက အချည်းနှီးဖြစ်သွားသည့်အတွက် မယုံကြည်နိုင် ဖြစ်သွားသေးသည်။ သို့သော် သူက နှာခေါင်းရှုံ့ကာ သူ၏အခြားလက်တစ်ဖက်ကို ဝေ့ရမ်း၍ နောက်ထပ်မိုးပြာအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ သည်တစ်ကြိမ်တိုက်ခိုက်မှု၏ ပစ်မှတ်မှာ ဝမ်ထျန်ရန်၏ လည်မျိုကိုပင်။
ဝမ်ထျန်ရန်ကလည်း ချက်ခြင်း ပြန်တုံ့ပြန်ကာ အသည်းအသန်ရှောင်၏။ ဓားမြှောင်မှာ လွဲချော်သွားသည်နှင့် သူသည် အနောက်ဘက်ရှိ မြူထဲသို့ ပြန်တိုးဝင်သည်။ သူက အတော်လေး သတိထားသူပင်။
နောက်ထပ်တိုက်ခိုက်မှု လွဲချော်မသွားခင် ဟန်လိသည် ဝမ်ထျန်ရန်၏ ထွက်ပြေးသွားသော ပုံရိပ်ကို တစ်ချက်သာ ကြည့်သည်။ သူ့မျက်နှာထက်တွင်မူ လှောင်ပြောင်ဟန် ရှိနေဆဲ။
ဝမ်ထျန်ရန်က တစ်ဖက်သို့ ခပ်မြန်မြန် ခေါင်းလှည့်၏။ ဟန်လိ၏ လှောင်ပြောင်ဟန် အမူအရာကို မြင်သည့်အခါ တစ်ခုခုတော့ မှားနေပြီဟု သူ ခံစားမိသည်။ သူက ဘေးသို့ ဖြတ်ခနဲ့ လှုပ်ရှားသည်။ သို့သော် အခုချိန်တွင် နောက်ကျသွားခဲ့လေပြီ။ အေးစက်စက် လေပြင်းတစ်ခုသည် သူ့လည်ပင်းနောက်သို့ ထွင်းဖောက်လာသလို သူ ခံစားမိသည်။ ယင်းခံစားချက်နှင့်အတူ သူ့အား ဓားမြှောင်ထိုးစိုက်ခြင်း ခံရသော နေရာမှ အေးစိမ့်မှုကို တစ်ပါးတည်း ခံစားရသည်။ ဓားမြှောင်အရိုး၏ပတ်ပတ်လည်တွင် မသိမသာ တုပ်ချည်ထားသော သားရဲအရွတ်အမျှင်တစ်ခုမှာ ဆန့်တင်းနေသည်။
ထို့နောက် ဝမ်ထျန်ရန်၏အလောင်းထံမှ သွေးစီးကြောင်းတစ်ခု စိမ့်ထွက်လာသည်။ သူက မျက်လုံးအပြူးသားဖြင့် မရဏလမ်းမြန်းသွားခဲ့ရခြင်းပင်။ ဤပုံစံဖြင့် သေသွားရတာကို သူသည် မယုံကြည်နိုင်၊လက်မခံနိုင် ဖြစ်နေသည့်အလား။
ဟန်လိက သူ့ညာလက်ချောင်းကို လှုပ်ကာ တင်းနေသောအရွတ်ကို ဆွဲငင်ယူသည်။ ဓားမြှောင်မှာ ဝမ်ထျန်ရန်၏ လည်တိုင်ထံမှ နာခံစွာဖြင့် ပျံသန်းထွက်၍ သူ့လက်ထဲသို့ ကျရောက်သည်။ ထိုအခိုက်အတန့်တွင် ဟန်လိက မြူထုထဲသို့ လှမ်းကြည့်၏။ သူ့မျက်လုံးက ကျဉ်းမြောင်းသွားသည်။
ထို့နောက်တွင် သွယ်သွယ်လျလျပုံရိပ်တစ်ခုသည် မြူထုထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုပုံရိပ်မှာ အဖြူရောင်ဝတ်စုံဖြင့် မိန်းမချောတစ်ယောက်ပင်။
သူမက ပြုံး၍ ချိုသာစွာ ပြောလိုက်သည်။
“အစ်ကိုဟန်…ကျမတို့ ထပ်တွေ့လိမ့်မယ်လို့ မထင်ထားမိဘူး…”
“ခရမ်းစိတ်ဝိညာဉ်…” ဟန်လိက တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြသည်။ သူ့လက်များကို လှုပ်ခါလိုက်၏။ ဓားမြှောင်များက သူ့အင်္ကျီလက်အိုးထဲသို့ ပြန်ပျောက်သွားသည်။
ဝမ်ထျန်ရန်နှင့်တိုက်ပွဲတုန်းက ရွှေရောင်မီးတောက်များကြားထဲတွင် သူ ပိတ်မိနေချိန်က ဟန်လိသည် သူမနှင့် ဝမ်ထျန်ရန်တို့ကြား အပြန်အလှန်စကားကို ကြားရပြီးနောက် နတ်သမီးခရမ်းစိတ်ဝိညာဉ်က သူမ၏ရုပ်ရည်သွင်ပြင်ကို ကြီးစွာ ပြောင်းလဲထားခဲ့မှန်း သိခဲ့ပြီးသား ဖြစ်သည်။ သူမ၏အစစ်အမှန်ရုပ်သွင်ကို မြင်ရသည့်နောက်တွင်မူ ဟန်လိသည် ပြန့်ကျဲကြယ်ပင်လယ်များရှိ အလှဆုံးမိန်းမများထဲမှ တစ်ယောက်ဖြစ်သည်ဟူသော သူမ၏ဂုဏ်သတင်းမှာ အမှန်တကယ် ထိုက်တန်ပါ၏ဟု လက်သင့်မခံဘဲ မနေနိုင် ဖြစ်ရသည်။ ယွမ်ယောင်၏ အသက်ရှုမှားလောက်ဖွယ် စွဲဆောင်မှုရှိသောအလှတရားနှင့် ယှဉ်လျှင်ပင် သည်ခရမ်းစိတ်ဝိညာဉ်၏အလှမှာ မသိမသာ သာနေသယောင်ပင်။
ဤအခိုက်အတန့်တွင် ခရမ်းစိတ်ဝိညာဉ်သည် မြေပြင်ထက်ရှိ အလောင်းကို ငုံ့ကြည့်ကာ သက်ပြင်းချသည်။
“ကိုယ့်ကိုယ်ကိုယ် နံပါတ်တစ်အမြုတေဖွဲ့စည်းခြင်းအဆင့်လို့ သမုတ်ထားတဲ့ သခင်လေးဝမ်ဟာ ရောင်းရင်းဟန်ရဲ့ လက်ချက်နဲ့ သေရလိမ့်မယ်လို့ ကျမ တကယ်ပဲ မထင်ထားမိခဲ့ဘူး။ တခြားသူတွေကို ဒီအကြောင်း ပြောပြခဲ့ရင်တောင် အများစုက ယုံကြည်မှာ မဟုတ်လောက်ဘူးလို့ ကျမထင်တယ်…”
“သူ့ကို ဒီမှာ လာတွေ့မှတော့ ကျုပ်က ဘယ်လွှတ်ပေးပါ့တော့မလဲ…”
ဟန်လိက တည်ငြိမ်စွာ ပြန်တုံ့ပြန်သည်။ ထို့နောက် သူသည် အလောင်းကောင်ဘေးနားသို့ လျှောက်လာပြီး ထိုသူ၏သိုလှောင်အိတ်ကို ယူသည်။ တစ်ချိန်တည်းမှာ အလောင်းကောင်ကိုယ်ပေါ်ရှိ ကျောက်စိမ်းကြိုးကို စူးစမ်းစွာ ကြည့်သည်။
ခရမ်းစိတ်ဝိညာဉ်သည် ပြုံး၍ ရှင်းပြလာသည်။
“ဒါက ကောင်းကင်လေးပါးကြိုးပါ။ ဒီကြိုးထဲမှာ လေ၊မီး၊ရေ နဲ့ မြေဒဏ်တွေကို ခံနိုင်စွမ်း ရှိတဲ့ အံ့အားသင့်ဖွယ် ကျောက်မျက်တွေ ထည့်သွင်းထားတယ်။ ဒါ့အပြင် ဒီဟာက လူတစ်ယောက်ရဲ့ စိတ်ကိုလည်း တည်ငြိမ်အောင် လုပ်ပေးနိုင်တယ်။ ဒါက တကယ့်ကို ရှားပါးတဲ့ ရတနာတစ်ခုပဲ။ သူက ဒီဟာကို မှီခိုပြီး အခက်အခဲမရှိနဲ့ ဒီခရီးစဉ်မှာ အခုထိ ရောက်လာခဲ့တာပါ…”
“ကောင်းကင်လေးပါးကြိုး၊ ဒါက ခုချိန်မှာ အတော်လေး အသုံးတည့်လိမ့်မယ်…”
ခဏ တွေဝေနေပြီးနောက်မှာ သူက ကိုယ်ကိုကိုင်းကာ ဝမ်ထျန်ရန်၏အလောင်းပေါ်မှ ၎င်းကြိုးကို ယူသည်။ ယင်းနောက် အလောင်းကောင်၏ ခန္ဓာကိုယ်ပေါ် အားမနာတမ်း ဆက်ပြီး ရှာဖွေသည်။ အခြားရတနာများနှင့်အတူ အတွင်းချပ်ဝတ်ဖြစ်သော အစိမ်းရောင်သတ္တုပြားတစ်ခုကို ရှာတွေ့သည်။
“အစ်ကိုဟန်…ဒီတာအိုရောင်းရင်းက ဘယ်သူများလဲ…” ခရမ်းစိတ်ဝိညာဉ်၏ တောက်ပသော အကြည့်က ဟန်လိ၏နောက်ရှိ မိုင်နင်ပေါ်သို့ ကျရောက်သွားသည်။
ဟန်လိက တည်ငြိမ်စွာဖြင့် ဖြေသည်။
“အမျိုးသမီးမိုင်ပါ။ သူမဟာ ကျုပ်နဲ့အတူ အမှောင်နယ်မြေဆီ တည်နေရာရွှေ့ပြောင်းလာတဲ့သူပါ…”
“ဆိုတော့ အမျိုးသမီးမိုင်ပေါ့…”
“ကျမက ရှင့်ရဲ့ ဂုဏ်သတင်းကို အရင်တည်းက ကြားဖူးပါတယ်…” မိုင်နင်သည် ကသိကအောက်ဖြစ်သလို ခံစားမိနေသည်။ သို့သော် သူမသည် ခရမ်းစိတ်ဝိညာဉ်ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်နေသည်။
ခရမ်းစိတ်ဝိညာဉ်အမည်ရ သည်အမျိုးသမီးမှာ ကျော်ကြားလှသော ဂုဏ်သတင်းနှင့် ထိုက်တန်လှသည်။ သူမ၏အလှကြောင့် မိုင်နင်သည်ပင် ခဏတာ မိန်းမောသွားမိသည်။ သူမသည် ဟန်လိနှင့်သည်မိန်းမလှတို့ကြားက ပတ်သက်မှုကို မခန့်မှန်းကြည့်ဘဲ မနေနိုင် ဖြစ်နေသည်။
ခရမ်းစိတ်ဝိညာဉ်သည် မိုင်နင်ကို ဖော်ရွှေစွာ ပြုံး၍ ကြည့်ပြီး ဟန်လိကို တောင်းပန်သည့်ဟန်ဖြင့် ပြောသည်။
“ရောင်းရင်းဟန်…အဲ့နေ့တုန်းက ရှင့်ကို မကူညီပေးခဲ့တဲ့အပေါ် ကျမကို အပြစ်မတင်ပါနဲ့နော်။ အဲ့အချိန်တုန်းက…”
ဟန်လိသည် သူ့လက်ကို ဝေ့ရမ်းပြီး သူမကို အေးအေးဆေးဟန်ပန်ဖြင့် ကြားဖြတ်ကာ ပြောသည်။
“ဒီလို တောင်းပန်စရာ မလိုပါဘူး။ နင်က ဝမ်ထျန်ရန်နဲ့ အတူတူ ဘာကြောင့် ရှိနေခဲ့လဲ မသိပေမဲ့ သူနဲ့အတူရှိနေရတာကို သဘောမကျတာကို ကျုပ် မြင်ခဲ့ပါတယ်။ ဒါ့အပြင် တောင်ကြားထဲက ကျုပ်ရဲ့ အဖော်ကို တိုက်ခိုက်ဖို့ ကိစ္စကိုလည်း နင် ငြင်းဆန်ခဲ့တာကိုလည်း ငါ ကောင်းကောင်း မှတ်မိပါသေးတယ်…”
ဟန်လိက သူမကို စိတ်ဆိုးခြင်း မရှိတာ မြင်မှ နတ်သမီးခရမ်းစိတ်ဝိညာဉ်သည် စိတ်အေးကာ သက်ပြင်းချနိုင်တော့သည်။ သူမက ချက်ခြင်းပင် ပြုံး၍ စကားဆိုလာသည်။
“အစ်ကိုဟန်က ကျမရဲ့ အခက်အခဲတွေကို သဘောပေါက်မှတော့ ကျမအနေနဲ့ ဘာမှ ထပ်ပြောစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ ရှင်တို့နှစ်ယောက်နဲ့အတူ ကျမပါ အတူတူခရီးဆက်လို့ ရပါသလား…”
“ရတာပေါ့။ နင်က ဒီမြူထဲမှာ ခရီးတစ်ဝက်ထိ ရောက်လာခဲ့ပြီးပြီပဲ။ နောက်ပြန်ဆုတ်ဖို့အတွက်ဆို အတော်လေး ခက်ခဲသွားနိုင်တယ်။ ပြီးတော့ ကျုပ်တို့က ဒီလောက်အကွာအဝေးထိ ရောက်အောင်လုပ်ခဲ့ပြီးမှတော့ အဲ့အတွက် အားစိုက်ထုတ်ခဲ့ရမှုကို အချည်းနှီးအဖြစ်ခံလို့ ဘယ်ရပါ့မလဲ…”
“ကျေးဇူးအများကြီး တင်ပါတယ်…အစ်ကိုဟန်…” နတ်သမီးခရမ်းစိတ်ဝိညာဉ်၏ စိုစွတ်ထိုင်းမှိုင်းနေသော မျက်ဝန်းများမှာ တောက်ပသွားသည်။ သူမ၏ တုနှိုင်းမဲ့အလှတရားမှာ လှစ်ဟပေါ်သွား၏။
ခဏအကြာတွင် သူတို့သုံးယောက်သားသည် မြူထုထဲသို့ ပျောက်ကွယ်သွားကြ၏။ ဝမ်ထျန်ရန်၏ အေးခဲသွားသောအလောင်းကမူ နောက်တွင် ကျန်ခဲ့လေသည်။
တစ်ချိန်တည်းမှာ လှိုဏ်ဂူတစ်ခုအတွင်းတွင် ထူးခြားသောမြင်ကွင်းတစ်ခု ဖြစ်ပွားလေ၏။
မိန်းမလှတစ်ယောက်သည် မြေပြင်ထက်တွင် တင်ပလ္လင်ခွေ၍ ထိုင်နေသည်။ သူမ၏မျက်နှာချင်းဆိုင်တွင် အနက်ရောင်ချီ ဝိုင်းရံထားသော တစ္ဆေဆန်သည့်ပုံရိပ်တစ်ခု ရှိသည်။ ထိုတစ္ဆေပုံရိပ်မှာလည်း အလားတူ တင်ပလ္လင်ခွေ၍ ထိုင်နေသည်။ ၎င်းပုံရိပ်ကို ဝိုးတဝါးဖြစ်နေသော်ငြား ငယ်ရွယ်နုပျိုသောမိန်းမလှတစ်ယောက်မှန်း သိသာသည်။
“ဂျူနီယာညီမလေး…နင် ငါနဲ့အတူ ယင်ယန်လည်ပတ်ခြင်းပညာရပ်ကို ငါနဲ့အတူတူ ကျင့်ကြံဖို့ သေချာ ဆုံးဖြတ်ပြီးပြီလား။ အဲ့တာက ဉာဏ်ရှိတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်လောက်ဘူးနော်…”
ဤစကားသံ ထွက်ပေါ်လာ၏။
“ကျမရဲ့ မူလအမြုတေဟာ စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်ကို အသုံးပြုခဲ့တဲ့အတွက် တစစီကွဲထွက်သွားခဲ့တာကို စီနီယာအစ်မယန်လည်း သိထားပြီးပြီပဲ။ ဒါကြောင့် ကျမရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ဟာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တယ်။ ဒါ့အပြင် ကျမက စိတ်ဝိညာဉ်မြှင့်တင်ခြင်းပညာရပ်ကို တန်ကြေးကြီးကြီး ပေးပြီး အသုံးပြုနေတဲ့နောက်မှာ ရုတ်တရက် တစ္ဆေမြူတွေ ပေါ်လာပြီး နှောက်ယှက်ခံရလိမ့်မယ်လို့လည်း မထင်ထားမိခဲ့ပါဘူး။ ပြီးတော့ စီနီယာအစ်မရဲ့ စိတ်ဝိညာဉ်ဟာ အများကြီး သိပ်သည်းသွားတာကြောင့် ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ဖို့ဟာ ဘာမျှော်လင့်ချက်မှ မရှိနိုင်တော့ဘူးလေ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ အခွင့်အရေးတစ်ခု ပေါ်လာခဲ့တာပဲ။ ဒီနေရာရဲ့ အမှောင်ချီဟာ သိပ်သည်းလွန်းတယ်။ ဒါကြောင့် တစ္ဆေတာအိုပညာရပ်တွေကို ကျင့်ကြံတဲ့သူတွေအတွက် အကျိုးအများကြီး ရှိတယ်။ ယင်ယန်လည်ပတ်ခြင်းပညာရပ်ကတော့ လူသားသဘာဝနဲ့ တစ္ဆေသဘာဝ ပူးတွဲကျင့်ကြံရတဲ့ ရှားပါးပညာရပ်ပဲ။ ဒီအမှောင်ချီရဲ့ အားသာချက်နဲ့ စီနီယာအစ်မရဲ့ ကျင့်ကြံခြင်းဟာ အလျင်အမြန် တိုးတက်လာရုံသာမက အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ တက်လှမ်းဖို့ အခွင့်အရေးတစ်ခုပါ ရလာခဲ့တယ်။ စဦးစိတ်ဝိညာဉ်အဆင့်ထိ ရောက်ဖို့အတွက်တောင် မဖြစ်နိုင်တဲ့အရာ မဟုတ်တော့ဘူး…”
ယွမ်ယောင်သည် လုံးဝတည်ငြိမ်မှုအပြည့်ဖြင့် ပြောသည်။
“ဒီလိုဆိုမှတော့ ငါ ထပ်ပြီး မကန့်ကွတ်တော့ပါဘူး။။ ဒါပေမဲ့ အစ်မ ထပ်ပြီး သတိပေးလိုက်မယ်။ အမှောင်ချီတွေရဲ့ ထောက်ပံ့မှုနဲ့ဆို ဒီပညာရပ်ဟာ အံ့မခန်း သက်ရောက်မှု ရှိတယ်ဆိုပေမဲ့ ညီမအနေနဲ့လည်း တန်ပြန်ဒဏ်ကို ခံရမှာ ဖြစ်တယ်။ နင့်ရဲ့ ပြန်လည်မွေးဖွားနိုင်မဲ့ အခွင့်အရေးကိုပါ ဆုံးရှုံးသွားနိုင်တယ်။ ညီမအနေနဲ့ ဒီအချက်ကို သေချာ စဉ်းစားသင့်တယ်။ ဒါ့ကြောင့်လည်း မိုးပြာယန်ဂိုဏ်းမှာ ဒီယင်ယန်လည်ပတ်ခြင်းပညာရပ်ကို ပိုင်ဆိုင်ထားခဲ့တာ ကြာပြီဆိုပေမဲ့ ဘယ်သူမှ မကျင့်ကြံခဲ့ကြတာပဲ…”
ထိုတစ္ဆေဆန်သောအမျိုးသမီးသည် နောက်ဆုံးစကားနှစ်ခွန်းကို ပြောဆိုရာတွင် အကူအညီမဲ့ဟန် ပေါ်နေသည်။
“အစ်မ…ဆက်ပြောနေဖို့ မလိုတော့ပါဘူး။ ကျမ ဆုံးဖြတ်ပြီးပြီ။ အဲ့အတွက်လည်း ဘာနောင်တမှ ရလိမ့်မှာ မဟုတ်ပါဘူး…”
ယွမ်ယောင်သည် ဆုံးဖြတ်ချက်ပြတ်သားသည့်ဟန်ပန်ဖြင့် ပြောလာသည်။
“ကောင်းပြီလေ…ဂျူနီယာညီမလေးက အကျိုးဆက်ကို မကြောက်မှတော့ ငါလည်း ဒါနဲ့ ပတ်သက်ပြီး ဆက်မပြောတော့ဘူး။ တို့တွေ ယင်ယန်လည်ပတ်ခြင်းပညာရပ်ကို ကျင့်ကြံကြတာပေါ့…”
တစ္ဆေဆန်သော ပုံရိပ်ထံမှ သက်ပြင်းချသံ ထွက်ပေါ်လာပြီးနောက် သည်ပုံရိပ်သည် ၎င်း၏အနက်ရောင်ချီလက်နှစ်ဖက်ကို ဆန့်ထုတ်သည်။ ယွမ်ယောင်က ဤသည်ကို မြင်သည့်အခါ သူမ၏လက်နှစ်ဖက်ကို တုံ့ဆိုင်းခြင်းမရှိ ဆန့်ထုတ်ပြီး မျက်လုံးမှိတ်သည်။ သူမသည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ နောက်တစ်ဖန် ပြန်၍ ခြေချပေတော့မည်။