ချိုးဖောက်ထွက်ခြင်း
Vol. 43 Ch. 595
လေမုန်တိုင်းတောင်အစွန်းတစ်ခုပေါ်တွင် မီတာလေးဆယ်ကျော်လောက် မြင့်မားသည့် အရပ်အမောင်းဖြင့် ငွေရောင်လူဝံကြီးတစ်ကောင်သည် ၎င်း၏ရင်ဘက်ကို တဒုန်းဒုန်းထုရိုက်ကာ သွားလာနေသည်။ သူ့နောကျောဘက်တွင်မူ ဟန်လိ၊ မိုင်နင်နှင့် ခရမ်းစိတ်ဝိညာဉ်တို့ကို သယ်ဆောင်ထားသည်။
ဟန်လိသည် ကောင်းကင်ထက်သို့ အလေးအနက်မော့ကြည့်သည်။ သူ့ဘေးမှ မိန်းမလှနှစ်ယောက်၏မျက်နှာမှာ ဖြူရော်လျက် ကြောက်လန့်သည့် အရိပ်အယောင်တစ်ခု ပေါ်နေသည်။
သူတို့အထက်ကောင်းကင်တွင် အမှောင်သားရဲထောင်ချီက ဝိုင်းရံ လှည့်ပတ်ပျံသန်းနေသည်။ ထိုသားရဲများကား ကြမ်းကြုတ်မည့်ဟန် အထင်းသားပေါ်၏။ ယင်းအမှောင်သားရဲပျံများသည် အသွင်ပြောင်းထားသော ငိုကြွေးစိတ်ဝိညာဉ်သားရဲ၏ လွှမ်းမိုးသောဖိအားကို ရှိန်နေ၍သာ ဟန်လိတို့နားသို့ ကပ်မလာတာပင်။ သူတို့သည် အကွာအဝေးတစ်ခုကနေသာ လှည့်ပတ်၍ ပျံသန်းနေကြသည်။ ဟန်လိသည် ဖိအားများနေသည်။ ထိုအမှောင်သားရဲများ၏ မျက်လုံးထဲရှိ လောဘကို မြင်ရသလောက် ၎င်းတို့ စမတိုက်ခင် ၎င်းတို့သည် အချိန်မည်မျှကြာကြာ သည်းခံနေပါ့မည်နည်း။ ခုချိန်တွင် ဟန်လိသည် သူ့ကို လေမုန်တိုင်းတောင်၏ အချက်အလက်ကို ပေးခဲ့သော အဘိုးအိုအား ကျိန်ဆဲမိနေတော့သည်။ သူသည် အမှောင်သားရဲပျံများအကြောင်း ပြောပြခဲ့သော်လည်း သည်လောက်အရေအတွက်များပြားသည့်အကြောင်းကိုမူ မပြောခဲ့ပေ။
သိပ်သည်းလှသောမြူများကို ဖြတ်ကျော်လာပြီးနောက် သူတို့သည် အနားရပြီဟု ထင်နေသည်။ သို့ပေမည့် ဤမျှများပြားလှသော သားရဲများက သူတို့ကို ချက်ခြင်း ဝိုင်းရံလာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ အကူအညီမဲ့စွာဖြင့် ဟန်လိသည် ငိုကြွေးစိတ်ဝိညာဉ်သားရဲကို ထုတ်ကာ ၎င်းကို အသွင်ပြောင်းခိုင်းရုံသာ တတ်နိုင်တော့သည်။
ဟန်လိသည် ငိုကြွေးစိတ်ဝိညာဉ်သားရဲသည် အမှောင်သားရဲများကို ဟန့်တားနိုင်သည်ဟု လုံးဝ ယုံကြည်မှု ရှိ၏။ သို့သော် ကောင်းကင်ထက်တွင် အမှောင်သားရဲတွေက များပြားလွန်းလှသည်။ ငိုကြွေးသားရဲက ၎င်းတို့အကုန်လုံးကို ရင်ဆိုင်နိုင်ဖို့ကမူ မသေချာတော့ပေ။ သို့ပေမည့် သည်အနေအထားအထိ ရောက်လာခဲ့ပြီး ဖြစ်၍ ဟန်လိသည် ဤအကြောင်းကို များများတွေးမနေနိုင်တော့ပေ။ သူ တတ်နိုင်တာ အကောင်းဆုံး လုပ်မှ ဖြစ်ချေတော့မည်။ ထိုသို့ဆုံးဖြတ်ပြီးပြီ ဖြစ်၍ ဟန်လိသည် တစ်ဖက်သို့ လှည့်ကာ ကြောက်လန့်နေသော မိုင်နင်နှင့် ခရမ်းစိတ်ဝိညာဉ်တို့ကို တီးတိုးပြောလိုက်သည်။ ယင်းနောက် သူသည် ကျောက်စိမ်းပိုင်းတစ်ခုနှင့် သားရဲအရေပြားဒိုင်းတစ်ခုကို သူတို့အား ပေးလိုက်ပြီး သူ့အင်္ကျီလက်အိုးကို လှုပ်ခါ၏။ တချွင်ချွင်အသံများနှင့်အတူ ဓားမြှောင်ဆယ်လက်ကျော် ထွက်ပေါ်လာသည်။
ဓားများအားလုံး၏ ဓားရိုးတွင် ပါးလှပ်သော သားရဲအရွယ်ကြိုးမျှင်တစ်ချောင်းစီ ရှိကြသည်။ သို့ရာတွင် ဟန်လိသည် ၎င်းတို့အားလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ထိုသို့ ဟန်လိပြင်ဆင်ပြီးနောက် ခဏအကြာတွင် အပေါ်ဘက်မှ အမှောင်သားရဲများသည် နောက်ဆုံးတွင် ၎င်းတို့၏သည်းခံစိတ် ကုန်ဆုံးသွားခဲ့လေပြီ။
ယင်းသားရဲများကြားထဲရှိ ဦးခေါင်းသုံးလုံးနှင့် အမှောင်သားရဲတစ်ကောင်သည် ကြောက်မက်ဖွယ် အော်မြည်သံပေးကာ ငိုကြွေးစိတ်ဝိညာဉ်သားရဲ၏ ခွန်အားကို မမှုတော့ဘဲ အောက်သို့ စုန့်ဆင်းလာသည်။ နောက်ဆုံးတွင်ကား တိုက်ပွဲစလေပြီ။
သားရဲများ စတင်တိုက်ခိုက်လာသည်နှင့် ငိုကြွေးစိတ်ဝိညာဉ်သားရဲ (ဝါ) လူဝံကြီးသည် အသက်ဝဝရှိုက်သွင်းပြီး ၎င်း၏ ပါးစပ်ကို ပိတ်၏။ ၎င်း၏နှာခေါင်းမှ ငွေရောင်အလင်းမြူများကို ပန်းထုတ်ကာ အမှောင်သားရဲအများစုကို ထွေးခြုံပစ်သည်။ ယင်းသားရဲများမှာ နာကျင်စူးရှစွာ အော်မြည်၍ ကောင်းကင်ယံမှ ပြုတ်ကျကုန်သည်။
သို့ရာတွင် အရွယ်အစား ပိုသေးငယ်သော သားရဲများထဲမှ နှစ်ကောင်ကမူ မြူ၏ထွေးခြုံမှုမှ လွတ်မြောက်သွားကာ ဟန်လိတို့လူသားသုံးယောက်ထံ တိုးဝင်လာသည်။
၎င်းနှစ်ကောင်ထဲမှ တစ်ကောင်မှာ လူဝံကြီး၏ လက်သီးချက်စာ မိသွားပြီး တောင်အငူအစွန်းသို့ ပြုတ်ကျသွားသည်။ နောက်တစ်ကောင်ကမူ နှစ်မီတာမျှ အရှည်ရှိ သိမ်းငက်တစ်ကောင်ပင်။ ၎င်းက အလစ်ချောင်း၍ ဟန်လိ၏အပေါ်နားထိ ရောက်လာသည်။
ဟန်လိသည် နေရာတွင်သာ သုန်မှုန်စွာ ရပ်နေသည်။ သို့သော် သူ့လက်ချောင်းများကမူ လျင်မြန်စွာ ဆက်တိုက် လှုပ်ရှားနေ၏။ သူ့လှုပ်ရှားမှုက ညင်သာကာ ကျွမ်းကျင်လှမှန်း သိသာသည်။ ထို့နောက် ဓားမြှောင်ဆယ်လက်သည် လေထဲသို့ ပျံတက်တိုးဝင်ကာ အနှီအမှောင်သားရဲ၏ လမ်းကြောင်းရှေ့တွင် ဓားပိုက်ကွန်တစ်ခုအဖြစ်သို့ ပြောင်းသည်။
အမှောင်သားရဲထံမှ နာကျင်စွာ အော်ဟစ်သံ ဟိန်းထွက်သွားသည်။
မှော်စွမ်းအား မပါဝင်သည့်တိုင် ဝါးတိမ်အုပ်ဓားများမှာ အမှန်တကယ် ထက်ရှလွန်းလှ၏။ ချက်ခြင်းပင် ထိုအမှောင်သားရဲငယ်မှာ ခုခံနိုင်စွမ်းမဲ့ကာ ထုတ်ချင်းပေါက် ဖြစ်သွားရသည်။ ကောင်းကင်ယံ လေထုထဲတွင် သွေးများ ပန်းထွက်သွား၏။ ဟန်လိက အလျင်အမြန်ပင် လှုပ်ရှားရှောင်တိမ်းလိုက်သော်လည်း သွေးအချို့က သူ့ကို ထိသွားသည်။ မျက်မှောင်မသိမသာ ကြုံ့သွားပြီး သူသည် ၎င်းကို နောက်ထပ် အာရုံထပ်မစိုက်အားတော့၊ အကြောင်းကား နောက်ထပ်သားရဲများသည် သူတို့ထံ တိုးဝင်လာသောကြောင့်ပင်။
သည်တစ်ကြိမ် တိုးဝင်လာသော သားရဲအရေအတွက်မှာ ပြီးခဲ့သောအုပ်စုထက် ပိုများသည်။ ထို့အပြင် ၎င်းတို့နောက်မှ တိုက်ခိုက်ရန် အာသီသပြင်းစွာဖြင့် ချဉ်းကပ်လာနေသော အမှောင်သားရဲများလည်း ထပ်ရှိနေသေးသည်။
ဟန်လိ၏ စိတ်ထဲတွင် တင်းကျပ်လာ၏။ သူက လက်နှစ်ဖက်ကို ချက်ခြင်းဝေ့ရမ်းကာ ဓားပိုက်ကွန်ကို ထပ်မံ ဖွဲ့စည်းစေသည်။ သို့ရာတွင် ထိုပိုက်ကွန်မှာ မိုင်နင်နှင့် ခရမ်းစိတ်ဝိညာဉ်တို့ကို ကာကွယ်ပေးနိုင်လောက်သည့်အထိသာ မသိမသာ ပိုကျယ်ပြန့်လာရုံပင်။ ငွေရောင်အလင်းများ၊ မိုးပြာရောင်းတောက်ပမှုများနှင့်အတူ ကောင်းကင်ယံတွင် စိတ်ပျက်ဖွယ်အော်ဟစ်သံများ ပြည့်နှက်နေသည်။
ခုနစ်ရက်လောက် ကြာပြီးနောက်မှာ ချစ်ချစ်တောက်ပူပြင်းသော နေမွန်းတည့်ချိန်တွင် တဖိန့်ဖိန့်တောက်ပနေသော ပင်လယ်ပြင်သည် အသက်မဲ့နေသည့်အလား တည်ငြိမ်လွန်းနေသည်။ လှိုင်းကြက်ခွပ် ဝါ ပင်လယ်လေညင်းများပင် ရှိမနေလေပေ။ သည်ပင်လယ်ကား လုံးဝ သက်မဲ့နေသည့်အလား။
ဤသို့ဖြင့် ရုတ်တရက်ကြီး လှိုင်းများသည် အစပြုလာခဲ့လေပြီ။ အနက်ရောင်မြူထုတစ်ခုသည် ရုတ်ချည်းထွက်ပေါ်လာသည်။ ထိုပိန်းပိန်းနက်မှောင်သော မြူထုသည် လေထုကို ဖြတ်၍ ချက်ခြင်းပင် မီတာရာချီအကွာထိ ပျံ့လာသည်။ ထိုစဉ် မိုးကြိုးသံကို ကြားရ၏။ အနက်ရောင်မြူထုထံမှ ငွေရောင် လင်းလက်ကာ ၎င်းအတွင်းမှ ငွေရောင်ခြည်စက်ဝန်းတစ်ခု ထွက်ပေါ်သည်။ ထိုရောင်ခြည်စက်ဝန်းထံမှ ငွေရောင်တောင်ပံတစ်စုံကို ဝိုးတဝါး တွေ့မြင်ရသည်။ ရှင်းရှင်းလင်းလင်း မမြင်ရခင်မှာပင် ၎င်းငွေရောင်အလင်းဖြာထွက်မှုသည် အကြိမ်များစွာ လင်းလက်လျက် လုံးဝ ကွယ်ပျောက်သွားကာ မိုးကြိုးသံများသည် ကျန်ခဲ့လေတော့သည်။ ထို့နောက် သည်အနက်ရောင်မြုထု၏ အစွန်းအဖျားတွင် လူတစ်ယောက်ကို မြင်ရလေသည်။ သို့ပေမည့် ထိုသူမှာ ပေါ်လိုက်ပျောက်လိုက် ရှိနေသည်။
ထို့နောက်တွင်မူ ပင်လယ်ပြင်သည် တစ်ဖန်ပြန်တိတ်ဆိတ်သွားတော့သည်။ ချဲ့ကားထွက်လာသော အနက်ရောင်မြူထုနှင့် ခပ်သဲ့သဲ့လျှပ်စီးသံများကို ထုတ်လွှတ်နေခြင်းသာ ရှိတော့သည်။ ၎င်းအနက်ရောင်မြူထုနှင့် ကီလိုမီတာငါးရာလောက်အကွာတွင် ငွေရောင်အလင်းသည် လွင့်ပြယ်သွားပြီး ဟန်လိ၏အသွင် ထွက်ပေါ်လာသည်။ မိုင်နင်နှင့် ခရမ်းစိတ်ဝိညာဉ်တို့ကိုတော့ ဟန်လိက လက်တစ်ဖက်စီဖြင့် ထွေးပွေ့ထားသည်။ သူတို့သည် သူနှင့် အသားချင်းနီးနီးကပ်ကပ် ရှိလွန်းသဖြင့် ကျွမ်းဝင်လွန်းသည့်ပုံ ပေါ်နေသည်။ ဟန်လိသည် တချို့စိတ်ခံစားမှုများ ရှိနေသော်ငြား တည်ငြိမ်သည့်ဟန်ပန်ကို ထိန်းထားနိုင်ဆဲပင်။ သို့သော် သူ့ထွေးပွေ့မှုတွင် ရှိနေသော အမျိုးသမီးနှစ်ယောက်ကမူ မသိမသာ ရှက်သွေးဖြာနေကြသည်။
ဟန်လိက ဘေးပတ်ပတ်လည်သို့ တစ်ချက်ကြည့်ပြီး စိတ်အေးသွားတော့သည်။ ထို့နောက်တွင် သူသည် သူထွေးပွေ့ထားသော မိန်းမလှနှစ်ယောက်ကို တည်ကြည်ဖြောင့်မတ်သည့်ဟန်ပန်ဖြင့် ပြန်လွှတ်ချကာ ပြောလိုက်သည်။
“အဆင်ပြေသွားလောက်ပြီ။ အဲ့တစ္ဆေမြူတွေက ခုလောက်ဆို ကျုပ်တို့ဆီ ရောက်မလာနိုင်တော့ဘူး…”
“တာအိုရောင်းရင်းဟန်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ရှင်ရဲ့ အံ့မခန်းလှုပ်ရှားမှုပညာရပ်ကြောင့်သာ မဟုတ်ရင် ကျမတို့ဟာ လွတ်မြောက်နိုင်လောက်မှာ မဟုတ်ဘူး…”
“အစ်မခရမ်းစိတ်ဝိညာဉ် ပြောတာ အမှန်ပါပဲ။ အစ်ကိုဟန်ရဲ့ မြန်ဆန်လွန်းတဲ့ လှုပ်ရှားမှုကြောင့်သာ မဟုတ်ရင် ကျမတို့ဟာ အမှောင်နယ်မြေထဲမှာ တစ်ဆို့သွားနိုင်တယ်။ ကျမတို့က အစ်ကိုဟန်ကို အများကြီး ဒုက္ခပေးနိုင်တယ်…”
ခရမ်းစိတ်ဝိညာဉ်နှင့် မိုင်နင်တို့သည် ဟန်လိ၏ထွေးပွေ့မှုမှ လွတ်လာချင်းချင်း သူတို့၏ခန္ဓာကိုယ်များသည် အလင်းဖြင့် စတင်တောက်ပလာပြီး ဟန်လိဘေးသို့ ရောက်လာကြသည်။
သည့်မတိုင်ရက်များက သူတို့သုံးယောက်သည် အန္တရာယ်အမြောက်အမြား ကြုံခဲ့ရပေသည်။ သို့သော် လေမုန်တိုင်းတောင်ထိပ်ပေါ်သို့ တက်ရောက်ရန် ငိုကြွေးစိတ်ဝိညာဉ်သားရဲ၏ ခွန်အားပေါ် မှီခိုပြီး တက်ရောက်နိုင်ခဲ့ပေသည်။ သူတို့သည် ဟင်းလင်းပြင်အက်ကွဲကြောင်း ပွင့်ဟမည့် အချိန်ကို စောင့်နေသည့်အတွင်း အမျိုးသမီးနှစ်ယောက်မှာ အတော်လေး အတိုင်အဖောက် ဖြစ်သွားသည်။ သူတို့သည် ညီမအရင်းများကဲသို့ ဖြစ်သွားခဲ့ကာ ဟန်လိကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။
ရက်ပေါင်းအတော်အတန်ကြာမြင့်သွားပြီးနောက် မီတာတစ်ရာမျှအကျယ်ရှိသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခုသည် လေမုန်တိုင်းတောင်ထိပ်၏ တစ်ကီလိုမီတာအမြင့်တွင် ပေါ်လာခဲ့သည်။ မြေကမ္ဘာစိတ်ဝိညာဉ်ချီသည် အပြင်ဘက်မှ အသည်းအသန် စီးဝင်လာခဲ့ကာ ချက်ခြင်းပင် ဟန်လိတို့သုံးယောက်သား၏ မှော်စွမ်းအားကို ပြန်ရသွားစေကာ သူတို့သည် လေထဲသို့ ပျံသန်းနိုင်စွမ်း ရသွားခဲ့သည်။
သို့ရာတွင် ဟန်လိသည် အက်ကွဲကြောင်းထဲမှ ထွက်သည်နှင့် သူ့နောက်ဘက်မှ စုပ်အားတစ်ခုက သူ့အား ဆွဲငင်လိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ သူသည် နည်းနည်းလေးမျှ လှုပ်ရှားနိုင်စွမ်း မရှိဖြစ်ကာ နောက်သို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်ယူခြင်း ခံရသည်။ ကံကောင်းသည်မှာ ဟန်လိက သတိလျင်မြန်သူ ဖြစ်နေသောကြောင့်ပင်။ သူက ချက်ခြင်းပင် မိုးကြိုးမုန်တိုင်းတောင်ပံများကို ဖြန့်ကားစေလျက် သူ့ဘေးမှ မိန်းမလှနှစ်ယောက်ကို တင်းကြပ်စွာ ဆွဲခေါ်ယူပြီး လျှပ်စီးလှုပ်ရှားမှုပညာရပ်ကို အသုံးပြုကာ အနက်ရောင်မြူထဲမှ အသည်းအသန် ရုန်းထွက်လိုက်သည်။ ယင်းသို့ ဖြစ်ခဲ့ခြင်းကြောင့် သည်မိန်းမလှနှစ်ယောက်သည် ဟန်လိကို အခုကဲ့သို့ လှိုက်လှိုက်လဲလဲကျေးဇူးတင်နေခြင်း ဖြစ်လေ၏။
ခရမ်းစိတ်ဝိညာဉ်သည် ကိုယ်နေဟန်ထားကို ပြုပြင်ပြီး သူမက ပင်လယ်ထံသို့ ဝေ့ခတ်ကြည့်ရှု၍ မျက်မှောင်ကြုတ်သည်။
“ဒါက ဘယ်နေရာများလဲ။ ဒါက ထူးခြားလွန်းမနေဘူးလား။ ဒီပင်လယ်ဟာ ငြိမ်သက်လွန်းတယ်…”
မိုင်နင်သည် အောက်ဘက်သို့ တစ်ချက်ငုံ့ကြည့်ပြီးနောက် သူမ၏မျက်နှာထက်တွင်လည်း စဉ်းစားမရဟန် အမူအရာ ပေါ်လာသည်။
“ဘယ်လိုများပါလိမ့်။ အစ်မခရမ်းစိတ်ဝိညာဉ် ပြောတာ အမှန်ပဲ။ ဒီပင်လယ်က အတော်လေး မူမမှန်ဘူး။ လှိုင်းလေတွေ မပြောနဲ့…ပင်လယ်လေညင်းတွေ တိုက်ခိုက်မှုတောင် ရှိမနေဘူး…လုံးဝကြီး ငြိမ်သက်နေတာပဲ…”
ဟန်လိက မျက်မှောင်ကြုတ်နေ၏။ သူ့စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ သူသည် တိတ်ဆိတ်စွာ ရှိနေသည်။ သူသည် အနီးဝန်းကျင်ပင်လယ်အတွင်းနက်ပိုင်းထဲသို့ စူးစမ်းကြည့်သည်။ ထို့နောက် သူ တုန်လှုပ်ဟန် ဖြစ်ပေါ်သည်။
ခရမ်းစိတ်ဝိညာဉ်ကလည်း ပင်လယ်အတွင်းနက်ပိုင်းထဲသို့ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ကြည့်ရှုသည်။ သူမ၏လှပသောမျက်လုံးထဲတွင် တုန်လှုပ်မှုများ အထင်းသား။
“ဘာများဖြစ်လို့လဲ။ အစ်ကိုဟန် တစ်ခုခုကိုများ ရှာတွေ့မိလို့လား။ ပင်လယ်ထဲမှာ ငါးတချို့ ရှိနေပေမဲ့ ဒီငါးတွေဟာ ကြမ်းကြုတ်တဲ့ ပင်လယ်သတ္တဝါတွေပဲ။ နတ်ဆိုးသားရဲတွေ ဟုတ်မနေဘူး…”
“ကျေးဇူးပြုပြီး ခဏ စောင့်ပါ…” ထို့နောက် ဟန်လိက အသက်ဝဝရှိုက်သွင်းပြီး သူ့လက်ချောင်းကို တောက်ထုတ်ကာ မိုးပြာဓားအလင်းတန်းဆယ်ခုကျော်ကို အောက်ဘက်ရှိ ပင်လယ်ပြင်ထဲသို့ ပျံသန်းတိုးဝင်သွားစေသည်။
တအောင့်အကြာတွင် ပင်လယ်သားရဲတစ်ကောင်၏အလောင်းတစ်လောင်းသည် ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာ၏။ ထိုအဖြစ်က သည်မိန်းမလှနှစ်ယောက်ကို တုန်လှုပ်အံ့အားသင့်သွားစေသည်။