ကိုယ်လုပ်တော်တစ်ယောက်အဖြစ်
Vol. 43 Ch. 596
သူတို့ရှေ့ရှိ ပင်လယ်သားရဲအလောင်းမှာ မီတာဒါဇင်မျှ အရှည်ရှိသည်။ ၎င်း၏ခန္ဓာကိုယ်တွင် မိုးပြာကြေးခွံများ ပြည့်ဖုံးနေသလို ချွန်မြမြ သွားများလည်း ရှိကြသည်။ ၎င်း၏ မျက်လုံးများက ပြည့်ဖောင်းလျက် ရှိ၏။ ၎င်းမှာ အလွန်ကြမ်းကြုတ်ဟန် ပေါ်သည်။ ၎င်း၏အသိသာဆုံးအသွင်အပြင်မှာ ရင်ဘက်ထိ ရောက်နေသော အစွယ်များပင်။
ဟန်လိက ထိုအလောင်းကို အနီးကပ် သေချာကြည့်ပြီး လေ့လာသည်။ ခဏအကြာတွင် သူ့မျက်လုံးထဲတွင် နားလည်သဘောပေါက်မှု အရိပ်အယောင် ဖြစ်ပေါ်လာ၏။ ထို့နောက် သူက အလောင်းကို ဓားအလင်းဖြင့် နှစ်ခြမ်းပိုင်းသည်။
သူ့လက်ကို လှုပ်ရမ်းလိုက်သည်နှင့် သူ့လက်ကြားထဲသို့ အနက်ရောင်အရာတစ်ခု ပျံသန်းဝင်လာသည်။ ၎င်းမှာ ပန်းနံ့ ခပ်သင်းသင်း ပါသော အနံဆူးဆူးနှင့် ဥတစ်လုံးဖြစ်၏။
ဟန်လိသည် ၎င်းပစ္စည်းကို လွှင့်ပစ်လိုက်၏။ သူက ‘ရနံ့အစွယ်သားရဲ’ ဟု ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ထူးခြားသည့်ဟန်ပန် ဖြစ်ပေါ်သွားသည်။
“ ရနံ့အစွယ်သားရဲလား…” ခရမ်းစိတ်ဝိညာဉ်မှာ မင်သက်သွားပြီး မိုင်နင်ကို တစ်ချက်ကြည့်သည်။ သူတို့နှစ်ယောက်သည် ထိုအမည်ကို ပထမဆုံး ကြားဖူးကြတာ ဖြစ်၍ စိတ်ရှုပ်ထွေးဟန် ပေါ်နေသည်။
“မင်းတို့နှစ်ယောက် ဒီပင်လယ်သားရဲကို မသိတာဟာ သဘာဝပဲ။ ဒီသားရဲတွေဟာ ပြန့်ကြဲကြယ်ပင်လယ်ပြင်မှာ မရှိဘူး။ ဒီကောင်တွေက ထူးခြားတဲ့ ပင်လယ်အနက်ပိုင်းမှာပဲ ရှိကြတာ….”
ခရမ်းစိတ်ဝိညာဉ်သည် လေးလေးနက်နက် ပြောသည်။ “အစ်ကိုဟန် ပြောတဲ့အတိုင်းဆို ကျမတို့က ပြန့်ကျဲပင်လယ်ပြင်မှာ ရှိနေကြတာ မဟုတ်ဘူးပေါ့…”
ဟန်လိ၏အကြည့်သည် လှိုင်းလေမထသော ပင်လယ်ပြင်ထံသို့ ကျရောက်သွားပြီး သူက ခေါင်းညိတ်ကာ ပြောသည်။
“ဒါ အမှန်ပါပဲ။ ကျမတို့ဟာ ပြန့်ကျဲကြယ်ပင်လယ်ပြင်မှာ ဆက်မရှိတော့ပါဘူး။ ကျုပ်လည်း အရင်က ဒီကို လုံးဝ မရောက်ခဲ့ဖူးပေမဲ့ လူတော်တော်များများ ပြောတာကို ကြားဖူးတယ်။ ကျုပ်ထင်တာသာ မမှားဘူးဆို ဒီနေရာဟာ အဆုံးမဲ့ပင်လယ်ပြင် ဖြစ်လောက်မယ်…”
ထို့နောက်တွင် ဟန်လိသည် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်ပြီး အတွေးထဲ နစ်မြောသွားတော့သည်။
“အဆုံးမဲပင်လယ်ပြင်လား…” သူတို့နှစ်ယောက်သည် ဤအမည်ကို အရင်က မကြားဖူးခဲ့တာ သိသာသည်။ ခရမ်းစိတ်ဝိညာဉ်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်ပြီးနောက် ပြုံး၍ မေးလိုက်သည်။
“အစ်ကိုဟန်က ပင်လယ်ပြင်တွေအကြောင်း အတော်လေး သိထားတာပဲ။ ရှင် ကျမတို့ညီမနှစ်ယောက်ကို ရှင်းပြပေးနိုင်မလား…”
ဟန်လိသည် ခေါင်းညိတ်၏။
“ရတာပေါ့…ပြဿနာ မရှိပါဘူး။ သူ့နာမည်အတိုင်း အဆုံးမဲ့ပင်လယ်ပြင်ဟာ ကောင်းကင်တောင်ပိုင်းဒေသမှာ အဆုံးမရှိဘူးလို့ သိထားကြတယ်။ ဒီပင်လယ်ဟာ…”
ဟန်လိသည် အဆုံးမဲ့ပင်လယ်ပြင်၏ ဒဏ္ဍာရီများနှင့် ကြားဖူးနားဝအကြောင်းများကို အသေးစိတ် ရှင်းပြပေးသည်။ သူသည် ပြောနေရင်းဖြင့် သူ့စိတ်ထဲတွင် အချိန်ကြာမြင့်စွာ မြှုပ်နှံ့ထားသော မေးခွန်းတစ်ခု ပေါ်လာသည်။
အံ့အားသင့်စွာဖြင့် ခရမ်းစိတ်ဝိညာဉ်က ပြောလိုက်သည်။ “အစ်ကိုဟန်ရဲ့ စကားတွေအရဆို ဒီအဆုံးမဲ့ပင်လယ်ပြင်ဟာ ကောင်းကင်တောင်ပိုင်းဒေသရဲ့ မြောက်ဘက်အရပ်မှာ တည်ရှိတာပေါ့။ ဒီပင်လယ်ပြင်ထဲမှာ သက်ရှိအနည်းငယ်ပဲ ရှိကြတဲ့အပြင် ကျွန်းတွေလည်း မရှိနေဘူးပေါ့…”
ဟန်လိသည် သူ့နှာခေါင်းကို ပွတ်သပ်ပြီး တည်ငြိမ်စွာ ပြောသည်။
“အမှန်ပါပဲ။ ကျုပ်တို့အတွက်လည်း အန္တရာယ်များလွန်းနေတယ်။ ကျွန်းတွေ မရှိဘူးဆို ကျုပ်တို့ရဲ့ တည်နေရာကို ဆုံးဖြတ်နိုင်ဖို့ နည်းလမ်း ရှိမှာ မဟုတ်ဘူး။ ဒါဆိုရင် ကျုပ်တို့ဟာ ကောင်းကင်တောင်ပိုင်းကုန်းမြေနဲ့ ဘယ်လောက်ဝေးနေသလဲဆိုတာကို သိဖို့ မဖြစ်နိုင်တော့ဘူး…”
မိန်းမလှနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အကြောင်သား မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ ခဏ စဉ်းစားပြီးနောက် ဟန်လိက ပြတ်ပြတ်သားသား ပြောလာသည်။
“ဘာပဲဖြစ်ဖြစ်ပါ…ကျုပ်တို့ဟာ အချိန်မဆွဲဘဲ တောင်ဘက်အရပ်ဆီ တည့်တည့်သွားကြမယ်။ စိတ်ဝိညာဉ်ကျောက်တုံးတွေ မကုန်ခင် ကျုပ်တို့ဟာ ကုန်းမြေတစ်ခုကို ရောက်အောင် သွားရမယ်။ အဲ့ဒီကုန်းမြေဟာ အရမ်းမဝေးကွာစေဖို့ပဲ မျှော်လင့်ရတော့မှာပေါ့လေ…”
ခရမ်းစိတ်ဝိညာဉ်ကလည်း အကူအညီမဲ့နေသည့် အရိပ်အယောင်ဖြင့် သဘောတူရတော့သည်။
“ဒီလိုဆိုမှတော့ မိုးကောင်းကင်က ကျမတို့ကို မျက်နှာသာပေးဖို့ကိုပဲ မျှော်လင့်ရတော့မှာပေါ့…”
မိုင်နင်ကမူ ဘာမျှ ဝင်မပြောပေ။
ဤသို့ဖြင့် သူတို့သုံးယောက်သားသည် ဦးတည်ရာ သတ်မှတ်ပြီး တောင်ဘက်အရပ်ထံ ချက်ခြင်း ပျံသန်းလာကြသည်။ ရက်အတော်အတန်ကြာပြီးနောက်မှာ မိုင်နင်နှင့်ခရမ်းစိတ်ဝိညာဉ်တို့သည် ဟန်လိ၏ ခန့်မှန်းချက်များက မှန်ကန်ကြောင်း လက်တွေ့သိသွားခဲ့ကြလေပြီ။ သည်ခရီးနှင်လာသည့်အတွင်း ကျွန်းဟု ပြောနိုင်သည့် အရာကို လုံးဝ မတွေ့ရပေ။ ချီဓာတ်ကင်းမဲ့နေသည့် ပင်လယ်ပြင်ကြီးကသာ ထီးတည်း တည်ရှိနေလေ၏။ ထို့အပြင် ပင်လယ်ပြင်တွင် မည်သည့်နတ်ဆိုးသားရဲကိုမျှလည်း မတွေ့ရပေ။ ကြမ်းကြုတ်သော ပင်လယ်သတ္တဝါသားရဲများကိုသာ မြင်ရသည်။
အမျိုးသမီးနှစ်ယောက်သည် အခြေအနေက ထိုသို့ဖြစ်မှန်း သိလာခဲ့ကြပြီးနောက် သူတို့သည် ကြံရခက်ကုန်လေပြီ။
ဘေးဒုက္ခများကို အတူတူ ဖြတ်သန်းခဲ့ကြသည် ဖြစ်၍ သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် စည်းဝါးကိုက်ကြပြီး ခရီးစဉ်တစ်လျှောက်မှာ စလိုက်နောက်လိုက်နှင့် ရှိနေကြသည်။ ဟန်လိကမူ မိန်းမလှနှစ်ယောက်နှင့် အတူတူ ရှိနေရသည့်အတွက်ကြောင့် သူ့စိတ်နှလုံးထဲတွင် မလှုပ်ခတ်မိဘဲ မနေနိုင် ဖြစ်ရသည်။
သို့ပေမည့် သူသည် အဆုံးမဲ့ပင်လယ်ပြင်သို့ ရောက်နေသည့်အတွက် နန်းကုန်းဝူဟူသည့် အေးတိအေးစက်မိန်းမလှတစ်ယောက်၏ မျက်နှာမှာ သူ့အတွေးထဲတွင် ပေါ်လာရ၏။ လမျက်နှာဖုံးဂိုဏ်း၏ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ဖြစ်သော သူမမှာ ဘယ်စီဘယ်ဝယ် ရောက်နေမှန်း မသိရသော်ငြား သူမအကြောင်း တွေးမိသည်နှင့် သူ့စိတ်ထဲတွင် ထူးခြားသည့်စိတ်ခံစားမှုတစ်ခု မပေါ်လာမိဘဲ မနေနိုင် ဖြစ်ရသည်။ ၎င်းခံစားချက်မှာ ရူးသွပ်သော စွဲလမ်းမှုလား မသိပါ။ သို့မဟုတ် စိတ်အနှောက်အယှက် ဖြစ်သည့်လား။ သူ့စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်မိသည်။ ဟန်လိမှာ လက်ရှိ ခံစားချက်များကို ခေါင်းထဲမှ မထုတ်ပစ်နိုင် ဖြစ်ရသည်။
မည်သို့ပင်ဖြစ်စေ သူတို့သုံးယောက်သည် လေးလကြာ ဆက်တိုက် ပျံသန်းလာခဲ့ပြီးနောက် မိုးကုပ်စက်ဝန်း၌ အစိမ်းရောင်အစက်အပြောက်တစ်ခုကို တဖြည်းဖြည်း မြင်လာရသည်။ ထိုမြင်ကွင်းကြောင့် သူတို့သုံးယောက်သားမှာ ပျော်ရွှင်ကြည်နူးသွားသည်။ သူတို့၏ ဖိနှိပ်ထားရသော စိတ်ပူပန်မှုမှာ သက်သာရာ ရသွားသည်။ ထို့နောက် သူတို့သည် စိတ်လှုပ်တရှားဖြင့် ပင်မကျွန်းထံ ပျံသန်းလာသည်။
ရှီကုန်းမြေသည် ကောင်းကင်တောင်ပိုင်းဒေသ၏ မြောက်ဘက်အကျဆုံးတိုင်းပြည် ဖြစ်လေ၏။ ၎င်းမှာ မွေးရပ်မြေတိုင်းပြည်၊ ယွဲ့ဒေသနှင့်စာလျှင် သုံးပုံတစ်ပုံစာလောက်သာ ရှိသည်။ ၎င်းကို စီရင်စုဒေသခုနစ်ခုအဖြစ် ပိုင်းခြားထားသည်။ မင်စီရင်စုသည် ယင်းတို့ကြားတွင် အကြီးမားဆုံး ဖြစ်ကာ အဆုံးမဲ့ပင်လယ်ပြင်နှင့်လည်း ထိစပ်မှု ရှိသည်။ အခုလက်ရှိတွင် ဟန်လိ၊ မိုင်နင်နှင့် ခရမ်းစိတ်ဝိညာဉ်တို့သည် မင်စီရင်စုရှိ မြို့ငယ်လေးတစ်မြို့မှ စားသောက်ဆိုင်၏ သီးသန့်ခန်းတစ်ခုတွင် ရှိနေကြသည်။
ခရမ်းစိတ်ဝိညာဉ်သည် ဟန်လိကို မကျေမချမ်းဖြင့် ကြည့်ကာ ပြောလိုက်သည်။
အစ်ကိုဟန်…ဒီတော့ ရှင်က ကောင်းကင်တောင်ပိုင်းဒေသကနေ လာခဲ့တာပေါ့။ ဒါက
ဟန်လိက ရယ်ကာမောကာဖြင့် ပြန်ပြောသည်။ သူ့စိတ်အခြေအနေက ကောင်းနေပုံပေါ်သည်။
“အဲ့လို ပြောလို့ ဘယ်ရပါ့မလဲ။ ကျုပ်က ပြန့်ကျဲကြယ်ပင်လယ်ဆီ မထင်မှတ်ဘဲ ထွက်ပြေးရောက်ရှိလာခဲ့တာ။ ကောင်းကင်တောင်ပိုင်းဒေသဆီ ခုလောက်မြန်မြန် ပြန်ရောက်လာခဲ့လိမ့်မယ်လို့ ကျုပ်လည်း ဘယ်မျှော်လင့်ထားပါ့မလဲ…”
ခရမ်းစိတ်ဝိညာဉ်က နှုတ်ခမ်းသက်၍ ပြုံးလိုက်ပြီး စနောက်ကျယ်စယ်သည့်သဘောဖြင့် ပြောလိုက်သည်။
“အစ်ကိုဟန်က နယ်မြေတစ်ခုရဲ့ အရှင်သခင် ဖြစ်ခဲ့မှတော့ သူက ကျမတို့ညီမကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မှာပေါ့…”
အသက်ရှုမှားလောက်ဖွယ် အလှတရားကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်၍ နတ်သမီးခရမ်းစိတ်ဝိညာဉ်သည် သူမ၏ရုပ်သွင်ကို ဟန်လိနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ချိန်တုန်းက အသွင်သို့ ပြန်ပြောင်းလဲထားသည်။ သို့ရာတွင် ဟန်လိသည် သူမ၏အလှတရားကြောင့် စိတ်ထဲမှာ လှုပ်ခတ်ရတုန်းပင်။ သူသည် သူမ၏ရုပ်ဖျက်ထားမှုကို ဖောက်မြင်နေသည့်အလား။
“ဟားဟား…ရတာပေါ့။ ဒါပေမဲ့ ကျုပ်ဟာ ပြန့်ကျဲပင်လယ်ပြင်ဆီ ထွက်ပြေးလာခဲ့ပြီးတဲ့နောက် ကျုပ်ဂိုဏ်းနဲ့ ပတ်သက်မှုအားလုံး ပြတ်တောက်သွားခဲ့ပြီးပြီ။ ကျုပ်က ဘယ်လိုလုပ် ဒီနယ်မြေရဲ့ အရှင်သခင် ဖြစ်နိုင်ပါ့မလဲ။ ဒါပေမဲ့ ကျုပ်က မင်းတို့ ဒီကောင်းကင်တောင်ပိုင်းဒေသရဲ့ ဘာသာစကားနဲ့ ဓလေ့ထုံးတမ်းကို သိနိုင်အောင်လို့ ကျောက်စိမ်းပြားတစ်ခု ပေးထားပါ့မယ်။ အဲ့လိုဆိုရင် ပြန့်ကျဲပင်လယ်များဆီ မပြန်နိုင်သေးတဲ့ လတ်တလောအချိန်မှာ မင်းတို့က ဒီကျောက်စိမ်းပြားကနေ ဒီမှာ အသုံးပြုတဲ့ ဘာသာစကားကို သင်ယူနိုင်လိမ့်မယ်။ ဒီလို ဘာသာစကားကို တတ်မြောက်ထားတာဟာ နောင်မှာ အများကြီး ပိုအဆင်ပြေနိုင်မယ် မဟုတ်လား…”
ထို့နောက်တွင် ဟန်လိသည် မနေ့ကညတုန်းက ပြင်ဆင်ထားခဲ့သော ကျောက်စိမ်းပြားတစ်ခုစီကို သူမတို့အား ပေးလိုက်သည်။
“ ဟီး…ကျေးဇူးအများကြီးတင်ပါတယ်…အစ်ကိုဟန်…” နတ်သမီးခရမ်းစိတ်ဝိညာဉ်မှာ စစချင်းတော့ မင်သက်သွားသေးသည်။ ပြီးမှ သူသည် တခစ်ခစ်ရယ်မော၍ ဟန်လိကို ကျေးဇူးတင်ကြောင်းပြောပြီး ကျောက်စိမ်းပြားကို လက်ခံသည်။ မိုင်နင်ကလည်း ကျောက်စိမ်းပြားကို ယူပြီး ဟန်လိကို တိုးတိုးဖွဖွဖြင့် ကျေးဇူးစကားဆိုသည်။
“ခင်ဗျားတို့နှစ်ယောက်မှာလည်း အနာဂတ်မှာ ဘာလုပ်ကြမယ်ဆိုတဲ့ အစီအစဉ်တွေ ရှိထားကြလိမ့်မယ်လို့ ကျုပ် ထင်တယ်။ ကျုပ်ကတော့ ပြီးခဲ့တဲ့နှစ်နှစ်ရာအတွင်း ဒီကောင်းကင်တောင်ပိုင်းဒေသမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ သိရအောင် စုံစမ်းပြီးတာနဲ့ တံခါးပိတ်ကျင့်ကြံဖို့ လှိုဏ်ဂူတစ်ခုရှာမယ်လို့ တွေးထားတယ်။ ဘာလို့လဲဆိုတော့ ကျုပ်က အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်ကို ရောက်နေပြီး စဦးစိတ်ဝိညာဉ်အဆင့်ကို ချိုးဖျက်နိုင်တော့မယ်လို့ ခံစားမိလို့ပါ…”
ဟန်လိသည် ထိုသို့ ပြောပြီးနောက် သူ့ရှေ့မှ သင်းပျံ့နေသော လက်ဖက်ရည်ကြမ်းခွက်ကို ယူကာ တစ်ငုံချင်းသောက်၍ သူ့ရှေ့ရှိ အမျိုးသမီးနှစ်ယောက်က မည်သို့တုံ့ပြန်မလဲဟု တည်ငြိမ်စွာ စောင့်ကြည့်နေသည်။
ခဏ စဉ်းစားပြီးနောက် ခရမ်းစိတ်ဝိညာဉ်က သူမ၏ ရွှမ်းလဲ့နေသော မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလိုက်သည်။
“ကျမကတော့ အမြုတေဖွဲ့စည်းပြီးတာ သိပ်မကြာလှသေးတဲ့အတွက် ကျမရဲ့ ကျင့်ကြံခြင်းအဆင့်ဟာ ခိုင်မာတည်ငြိမ်မှု မရှိသေးဘူး။ ဒါ့ကြောင့် အချိန်တစ်ခုထိ ကျင့်ကြံဖို့ နေရာတစ်ခုရှာမယ်။ ပြီးမှ အနာဂတ်မှာ ဘာဆက်လုပ်မယ်ဆိုတာ စဉ်းစားတော့မယ်။ ညီမလေးမိုင်…နင်ကော ဘာလုပ်ဖို့ စဉ်းစားထားလဲ…”
ခဏ စဉ်းစားပြီးနောက် သူမက တိုးတိုးဖွဖွ ရေရွတ်လိုက်သည်။
“ကျမကလား…ကျမကတော့ ဘာလုပ်ရမယ်မှန်း မသိတော့ပါဘူး။ ကျမဟာ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲကို။ ကျမရဲ့ ပါရမီအရဆိုလည်း အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နိုင်ဖို့ အခွင့်အရေး သိပ်မရှိလှဘူး။ မိုးကောင်းကင်ကို ဖိဆန်တဲ့ စိတ်ဝိညာဉ်ဆေးဝါးတစ်ခုကို ရှာတွေ့တာမှ မဟုတ်ရင် ကျမရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဟာ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ကို ရှာဖို့ သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် သူ့ကို လက်ထပ်ဖို့ပဲ ရှိပါတော့တယ်လေ။ စုံတွဲကျင့်ကြံမှုကနေသာ ကျမဟာ အမြုတေတစ်ခု ဖွဲ့စည်းနိုင်လိမ့်မယ် ထင်တယ်…”
ခရမ်းစိတ်ဝိညာဉ်သည် ခေါင်းခါပြီး မိုင်နင်ကို ဖျောင်းဖျလာသည်။
“ကိုယ်လုပ်တော်တစ်ယောက်အဖြစ် လက်ထပ်တာဟာ သိက္ခာကျတယ်လို့ ညီမလေး မခံစားရဘူးလား။ ဒါကို ဘယ်လိုများ စိတ်ကူးမိရတာလဲ…”
ဟန်လိကမူ မျက်မှောင်ကြုတ်လိုက်သော်ငြား ခပ်မဆိတ်သာ ရှိနေသည်။
ခရမ်းစိတ်ဝိညာဉ်က ဆက်ပြောသည်။
“ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာခြင်းဟာ ကျင့်ကြံခြင်းအစေခံလက်တွဲဖော်တစ်ယောက် ဖြစ်လာတာနဲ့ ဘာမှ သိပ်ကွာလှတာ မဟုတ်ဘူး။ ညီမက ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့သူတစ်ယောက်ယောက်နဲ့ ပတ်သက်ခဲ့မယ်ဆိုရင်တော့ သူ့အနေနဲ့ ညီမကို အစေခံလက်တွဲဖော်တစ်ယောက်အဖြစ်ပဲ သတ်မှတ်ထားရင် ဘယ်လိုလုပ်မလဲ။ ညီမရဲ့ ဒီစိတ်ကူးဟာ ယုံကြည်စိတ်ချထားလို့ မဖြစ်ဘူးနော်…”
မိုင်နင်က ထိုစကားကို ကြားသည့်အခါ သူမ၏ နှုတ်ခမ်းကို ကိုက်ကာ တိတ်ဆိတ်သွားသည်။ သူမမှာ ဝမ်းနည်းသွား၏။ ထိုခံစားချက်က သူမ၏မျက်နှာပေါ်တွင် အသိအသာ ပေါ်လွင်နေသည်။
မိုင်နင်၏ ညှိုးငယ်သွားသော မျက်နှာကို မြင်သည့်အခါ ခရမ်းစိတ်ဝိညာဉ်သည် တစ်စုံတစ်ခုကို တွေးမိသွားပြီး ပြုံးတုံ့တုံ့မျက်နှာပေးဖြင့် ပြောလာသည်။
“ညီမမိုင်က စုံတွဲကျင့်ကြံခြင်းပညာရပ်တွေအတွက် ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ချင်တယ်ဆိုမှတော့ ညီမနဲ့ ရင်းနှီးပြီးသား ယုံကြည်စိတ်ချရနိုင်တဲ့သူကို ရှာတာဟာ အကောင်းဆုံးပဲဗျ။ ဥပမာအနေနဲ့ဆို….အစ်ကိုဟန်ပေါ့။ သူဟာ ယုံကြည်စိတ်ချရတဲ့သူဖြစ်ပြီး ညီမလေး ရွေးချယ်မယ်ဆို နည်းနည်းမှ မမှားနိုင်ဘူးနော်…”
ဟန်လိမှာ ချောက်ချားသွားရလေပြီ။ သို့ပေမည့် ခဏအကြာတွင် သူသည် သူ့နှာခေါင်းကို တည်တည်ငြိမ်ငြိမ် ပွတ်သပ်နေသည်။ ခရမ်းစိတ်ဝိညာဉ် ပြောလိုက်သည့်ကိစ္စက သူနှင့် လားလားမျှ မသက်ဆိုင်လေသည့်အလား။ ထို့နောက် မိုင်နင်ထံမှလည်း အံ့ဩသွားသံ ထွက်ပေါ်သည်။ ခဏအကြာတွင်မူ သူမ၏မျက်နှာမှာ ရှက်သွေးဖြာ နီမြန်းသွားသည်။ သူမ၏ စွဲဆောင်မှုရှိသော အလှတရားမှာ အထင်းသား။ သူမက ခေါင်းငုံ့ကာ နှုတ်ဆိတ်သွား၏။ သူမသည် ခရမ်းစိတ်ဝိညာဉ်၏ အကြံကို ဖီလာမလုပ်ပေ။
တကယ်တော့ ဟန်လိ၏ကျင့်ကြံမှုအဆင့်မှာ အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်သို့ ရောက်နေပြီး နက်ရှိုင်းသည် မဟုတ်လား။ သူက စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းရန် ပြင်ဆင်တော့မည်။ အမှောင်နယ်မြေတွင် ဟန်လိနှင့် ပတ်သက်ပြီး တွေ့ကြုံပတ်သက်ခဲ့ဖူး၍ သူမသည် ဟန်လိမှာ အကြင်နာကင်းမဲ့လွန်းသူ မဟုတ်မှန်းလည်း သိထားသည်။
ထို့ကြောင့် သူမသည် သူ့တာအိုလက်တွဲဖော်တစ်ယောက် ဖြစ်လာရန် အရည်အသွေးမပြည့်မီခဲ့လျှင်ပင် ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာရလည်း ကျေနပ်မည်သာ။ သူမ၏ အလှ၊ ကျင့်ကြံခြင်းအဆင့်ကြောင့် အစွမ်းထက်သော အမျိုးသားကျင့်ကြံသူတစ်ယောက်ကို မှီခိုရမည်သာ။ သို့မဟုတ်ပါက သူမသည် ကျင့်ကြံခြင်းလောကတွင် အခက်အခဲများစွာ ကြုံနိုင်ခြင်း သို့မဟုတ် သည့်ထက်ပိုဆိုးပါက အခြားသူများကြောင့် ဒုက္ခရောက်သွားနိုင်သေးသည်။ သူမ၏အစ်ကိုမှာလည်း သေသွားခဲ့ပြီ ဖြစ်၍ သူမကိုယ်သူမသာ မှီခိုရပေတာ့မည်။
ဤသို့ဖြင့် ဟန်လိတို့ ရှိနေသော သီးသန့်အခန်း၏ အခြေအနေသည်ခရမ်းစိတ်ဝိညာဉ်၏ စကားများကြောင့် တမျိုးတမည် ဖြစ်လာတော့သည်။