← Chapters

မျောလွင့်တိမ်ဂိုဏ်း

Vol. 43 Ch. 597

မျောလွင့်တိမ်ဂိုဏ်း

Vol. 43 Ch. 597

ဟန်လိ နှုတ်ဆိတ်သွားတာ မြင်သည့်အခါ ခရမ်းစိတ်ဝိညာဉ်က ပြုံး၍ မေးလိုက်သည်။

“အစ်ကိုဟန်…မိုင်နင်ကို လက်မထပ်ချင်ဘူးလား။ ညီမလေး မိုင်နင်က တကယ်လှတာနော်။ သူမဟာ ရှင်ရဲ့ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာဖို့အတွက် လုံလောက်တာထဲ ပိုတဲ့ အရည်အသွေး ရှိသူလေးပါ။ ဒီလို ကောင်းချီးကိစ္စက ရှင့်တံခါးဝကို စိုက်စိုက်ရောက်လာတာကိုတော့ ကျိန်းသေပေါက် မငြင်းသင့်ပါဘူး…”

ဟန်လိသည် မျက်မှောင်အလိုလို ကြုတ်မိသွားပြီး စွဲဆောင်မှုရှိလှသော မိုင်နင်ထံ လှမ်းကြည့်သည်။ မိုင်နင်ကတော့ ခေါင်းငုံ့နေတုန်းပင်။ သူမ၏ ဖြူလွှကျော့ရှင်းလှသော လည်တိုင်တွင် မသိမသာ နီမြန်းနေ၏။ စွဲမက်ဖွယ်ကောင်းလှသည့် ဟန်ပန်ပင်။ သူမမှာ ခရမ်းစိတ်ဝိညာဉ်၏ ကမ်းလှမ်းချက်ကို သဘောတူချင်နေပုံ ရသည်။

ဟန်လိက တည်တည်ငြိမ်ငြိမ်ဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သူမရဲ့ ရုပ်ရည်တစ်ခုတည်းကြည့်ပြီး ပြောမယ်ဆိုရင်တောင် သူမဟာ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ကိုယ်လုပ်တော်တစ်ယောက်မျှသာသာမက ဖြစ်နိုင်တဲ့သူပါ။ သူမကို တာအိုလက်တွဲဖော်တစ်ယောက်အဖြစ် သင့်တော်တဲ့သူလို့ ပြောမယ်ဆိုရင်တောင် မေးခွန်းထုတ်နေစရာကို မလိုတာ။ ဒါပေမဲ့ ကျုပ်က တခြားကျင့်ကြံသူအများစုနဲ့ မတူဘူး။ ကျုပ်ဟာ အင်မောတယ်လမ်းကို လျှောက်လှမ်းမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက် ယောက်ျားမိန်းမကိစ္စထဲ အလွယ်တကူ ပါဝင်မိမှာ မဟုတ်ဘူး။ ပြီးတော့ ကျုပ်က တစ်ကိုယ်တည်းလေလွင့်နေတာ။ မကြာခဏ အန္တရာယ်အခြေအနေတွေလည်း ကြုံရတယ်။ ဒါ့ကြောင့် ကိုယ်လုပ်တော်တစ်ယောက် ထားဖို့ ဘယ် ဖြစ်နိုင်ပါတော့မလဲ။ ရောင်းရင်းမိုင်က ကျုပ်နောက်ကို လိုက်ချင်တယ်ဆိုရင်တောင် သူမအတွက် ကောင်းလိမ့်မှာ မဟုတ်ဘူး။ သူမဟာ ခက်ခဲကြမ်းတမ်းတဲ့လမ်းကို လျှောက်ရလိမ့်မယ်…”

ဟန်လိ၏သည်အပြောကို ကြားသည့်အခါ မိုင်နင်၏ခန္ဓာကိုယ်လေးမှာ မသိမသာ လှုပ်ခါသွား၏။ သူမ၏ ရှက်သွေးဖြာသည့်ဟန်ပန်မှာလည်း ကွယ်ပျောက်သွားတော့သည်။ သူမက ခေါင်းပြန်မော့သည်။ သူမ၏မျက်နှာထက်တွင်မူ ညှိုးငယ်မှု ရှိနေဆဲ။

ဟန်လိ၏ ငြင်းဆန်မှုက သည်မိန်းမလှကို များစွာ မကျေမနပ် ဖြစ်သွားစေခဲ့ပြီ။ ခရမ်းစိတ်ဝိညာဉ်ကလည်း မကျေမချမ်းဖြင့် ပြောလာသည်။ “ဘယ်လိုပဲဖြစ်ဖြစ်ပါ…အစ်ကိုဟန်က နောက်ဆုံးကျတော့လည်း သူမကို ငြင်းဆန်လိုက်တာပဲ။ ရှင့်ရဲ့ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံခြင်းနဲ့ဆို စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်တွေကလွဲလို့ ဘယ်သူကများ ခြိမ်းခြောက်နိုင်မှာ မလို့လဲ။ နေရာအနှံ့ ရှင် သွားနိုင်စွမ်း ရှိနေတာပဲ။ ရှင်က ညီမလေးမိုင်နင်ကို ကာကွယ်နိုင်စွမ်း မရှိဘူးတဲ့လား…”

ဟန်လိသည် ခပ်ပြတ်ပြတ် ပြောသည်။ “ရောင်းရင်းခရမ်းစိတ်ဝိညာဉ်လည်း သိလောက်မှာပါ။ အဆင့်တူတွေကြားမှာ ကျုပ်က ပိုသာတယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ပေမဲ့ ကျုပ်က ကျုပ်ထက် အဆများစွာ ပိုအစွမ်းထက်တဲ့ မွန်းစတားအိုကြီးတွေကို ရန်စမိထားတယ်။ စဦးစိတ်ဝိညာဉ်အဆင့်ထိ မရောက်မချင်း တစ်နည်းအားဖြင့် ကျုပ်ကိုယ်ကျုပ် ကာကွယ်နိုင်စွမ်း မရှိဘဲ ကိုယ်လုပ်တော်တစ်ယောက် ထားဖို့ကို စဉ်းစားဖြစ်ဦးမှာ မဟုတ်ဘူး။ ကျုပ်ဟာ အချိန်ကျလာလို့ သူမကို မကာကွယ်ပေးနိုင်ခဲ့ရင် သူမကိုယ်တိုင်ပဲ ခါးသီးတဲ့အခြေအနေမှန်ကို ရင်ဆိုင်ရလိမ့်မယ်လေ…”

ခရမ်းစိတ်ဝိညာဉ်သည် မျက်မှောင်ကြုတ်မနေတော့ပေ။ သူမက ဟန်လိ အမှန်ပြောတာကို သိသည်။ ထို့အပြင် သူမက ဟန်လိသည် နည်းနည်းမကျေမနပ်ဖြစ်နေသည်ဟုလည်း သူမ ခံစားမိ၏။ သူမက သက်ပြင်းသာ ချ၍ သည်အကြောင်းကို ထပ်မပြောရုံသာ ရှိတော့သည်။

မိုင်နင်ကလည်း တဖြည်းဖြည်း ပြန်တည်ငြိမ်လာခဲ့လေပြီ။ သူမက အောက်နှုတ်ခမ်းကို တင်းတင်းကိုက်လျက် မေးလိုက်သည်။

“အစ်ကိုဟန်က ဒီအမျိုးသမီးကို အခုအချိန်မတန်သေးလို့ ငြင်းပယ်တာဆိုတော့ ရှင်သာ စဦးစိတ်ဝိညာဉ်အဆင့်ကို ဝင်ရောက်ပြီးရင်ကော ကျမကို လက်ခံပေးဖို့ ဆန္ဒရှိပါသလား…”

ဟန်လိက ဤအမျိုးသမီးကို တစ်ချက်လှမ်းကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။

“စဦးစိတ်ဝိညာဉ်အဆင့်လား။ ကျုပ်က စဦးစိတ်ဝိညာဉ်တစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မယ်လို့ ရာနှုန်းပြည့် မသေချာဘူး။ ဒါ့အပြင် ကျုပ်က စဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်တောင် နှစ်ပေါင်းဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး။ ရောင်းရင်းမိုင်က အဲ့လို မသေချာတဲ့ အခြေအနေတစ်ခုမှာ နှစ်ပေါင်းတစ်ရာကျော်လောက် ကျုပ်ကို စောင့်ပေးနိုင်ပါ့မလား…”

“ကျမ…” မိုင်နင်က သည်စကားကို ကြားသည့်အခါ သူမ၏အမူအရာမှာ မပြတ်မသား ဖြစ်သွားသည်။ သူမသည် ပြန်ဖြေနိုင်စွမ်း မဲ့သွားရသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် နှစ်ပေါင်းတစ်ရာ မဆိုနှင့်ဦး၊ နှစ်ပေါင်းသုံးဆယ်လောက်သည်ပင် ရှည်ကြာလွန်းနေလေပြီ။ စုံတွဲကျင့်ကြံခြင်းအတွက် ဟန်လိသည် အလွန်သင့်တော်လှသော်လည်း ဤသို့ မသေချာသည့်ရလဒ်တစ်ခုအပေါ် နှစ်ပေါင်းတစ်ရာလောက် စောင့်နေရန် သူမမှာ အချိန်မရှိပေ။

တကယ်တော့ ကျင့်ကြံခြင်းလောကသည် ရက်စက်ကြမ်းကြုတ်လှသော နေရာတစ်ခု ဖြစ်သည့် မဟုတ်လား။ သူမသည် ဟန်လိအပေါ် အမြင်ကောင်းရှိသော်လည်း အကျိုးဆက်ကို လုံးဝ လစ်လျူရှုလောက်သည့်အထိမူ ချစ်ခြင်းတရား မရှိပေ။

သူမ၏ တုံ့ဆိုင်းနေခြင်းကို မြင်သည့်အခါ ဟန်လိက စိတ်ထဲကနေ သက်ပြင်းချပြီး သူ့ဝတ်ရုံထဲမှ ပုလင်းနှစ်ခုကို ထုတ်ကာ မိုင်နင်ဘက်သို့ တွန်းပေးလိုက်ပြီး လေသံမှန်မှန်ဖြင့် ပြောလိုက်သည်။

“ဒီထဲမှာ နတ်ဆိုးအမြုတေတွေကနေ သန့်စင်ဖော်စပ်ထားတဲ့ ဆေးလုံးအချို့ ပါတယ်။ ဒီဆေးလုံးတွေက ကျင့်ကြံခြင်းကို တိုးတက်အောင် ကူညီပေးနိုင်တယ်။ ယောက်ျားတစ်ယောက်နဲ့ စုံတွဲကျင့်ကြံမဲ့အစား မင်းကိုယ်တိုင် ကြိုးစားကျင့်ကြံတာက ပိုကောင်းဦးမယ်။ မင်းလည်း ရောင်းရင်းခရမ်းစိတ်ဝိညာဉ်လိုမျိုး ရွှေရောင်အမြုတေတစ်ခုကို ဖွဲ့စည်းနိုင်စွမ်း ရှိချင်ရှိနေမှာပါ…”

ထိုဆေးလုံးများသည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများအတွက်သာ အသုံးတည့်သည်။ ဟန်လိအတွက် အသုံးမဝင်တော့ပေ။ သည်အမျိုးသမီးက သူ့ကို ယာယီစိတ်ဝိညာဉ်ချီ လွှဲပြောင်းပေးခဲ့သူ ဖြစ်၍ သူ တတ်နိုင်တာတော့ ပြန်လုပ်ပေးမည်သာ။

“နတ်ဆိုးအမြုတေတွေကနေ ဖော်စပ်ထားတဲ့ ဆေးလုံးတွေလား…”

မိုင်နင်သည် စိတ်လှုပ်ရှားသွားပြီး ဆေးပုလင်းတစ်ခုထံ လက်လှမ်းသည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် အခန်းထဲတွင် ဆေးနံ့များ သင်းကြိုင်သွားသည်။

“ဒါက ထိပ်တန်းအဆင့် ဆေးလုံးတွေပဲ…”

မိုင်နင်က ဟန်လိကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်သည်။ သူမသည် ပြောစရာ စကားမဲ့သွားရ၏။ အမှောင်နယ်မြေမှာတုန်းက ဟန်လိသည် သူမကို ရင်းနှီးလွန်းစွာ ပြုမူဆက်ဆံခဲ့ဖူးသည်။ သူတို့ချင်း နမ်းခဲ့ဖူးကြသည်။ သို့သော် ကိုယ်လုပ်တော်တစ်ယောက်အဖြစ် သူမကို လက်ခံဖို့ကိုမူ ဟန်လိက ငြင်းဆန်ခဲ့ပြန်သည်။ ပို၍ စဉ်းစားရကျပ်စေသည်မှာ သူသည် သူမအတွက် အဖိုးတန်ဆေးလုံးများကို ထုတ်ပေးခဲ့ခြင်းပင်။

ခရမ်းစိတ်ဝိညာဉ်က ထိုဆေးလုံးများကို အံ့ဩတကြီး လှမ်းကြည့်၏။ ထို့နောက် သူမက တခစ်ခစ် ရယ်မောကာ ပြောသည်။

“ဟီး…အစ်ကိုဟန်က တယ် သဘောထားကြီးတဲ့သူပဲ။ အစ်ကိုဟန် ပြောခဲ့သလိုပဲ ညီမလေးမိုင်က ဒါတွေကို လက်ခံသင့်တယ်။ ဒီဆေးလုံးတွေနဲ့ဆို ညီမဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အမှန်တကယ် ဝင်ရောက်နိုင်စွမ်း ရှိမှာပါ။ အဲ့လိုသာ ဖြစ်ခဲ့ရင် တို့ညီမတွေ မခွဲမခွာဘဲ ခရီးအတူတူ ထပ်ဆက်လို့ ရပြီ…”

မိုင်နင်က ဟန်လိကို စိတ်ရှုပ်ထွေးစွာ ကြည့်၏။ ကျေးဇူးစကား တိုးတိုးဖွဖွ ဆို၏။ ထို့နောက် သူမက ဆေးပုလင်းများကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်သည်။

ဟန်လိက ပြုံး၍သာ တုံ့ပြန်လိုက်ပြီး အခန်းပြတင်းပေါက်မှ တစ်ဆင့် မြို့ငယ်လေး၏ လမ်းမများထံ လှမ်းကြည့်သည်။ မြို့ထဲတွင် လူသွားလူလာများဖြင့် ရှုပ်ထွေးနေသည်။ သည်မြင်ကွင်းက မေ့နေခဲ့တာ ကြာပြီဖြစ်သော ရင်းနှီးခဲ့ဖူးသည့် မြင်ကွင်းကို ဟန်လိအား ပြန်အမှတ်ရသွားစေသည်။ သူ ပြုံးမိသည်။ သက်ပြင်းသဲ့သဲ့ ချမိသည်။ ဟန်လိ၏ ထိုအမူအရာကို မြင်သည့်အခါ ခရမ်းစိတ်ဝိညာဉ်နှင့် မိုင်နင်တို့သည် တစ်ယောက်နှင့်တစ်ယောက် နားမလည်နိုင်သည့်ဟန်ဖြင့် ကြည့်မိသွားကြသည်။

နန်စီရင်စု။ ၎င်းစီရင်ုသည် ရှီနိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိပြီး သွားရေးလာရေး ခက်ခဲလှသည်။ တောတောင်ထူထပ်၏။ အနံ့အသက်ဆိုးဝါးသော ရွှံ့နွံအိုင်များလည်း ပေါသည်။ သည်ဒေသတွင် တစ်ရွာနှင့်တစ်ရွာ သွားလာနိုင်သော အဓိကလမ်းမတချို့သာ ရှိသည်။ ထိုသို့သော ဒေသဖြစ်၍ သားရိုင်းများ ကျက်စားရာ ဖြစ်ကာ လူသူအရောက်အပေါက် နည်းပေသည်။ တစ်ဖက်မှာလည်း သည်ဒေသတွင် ရှားပါးဆေးပင်များ၊ သားရိုင်းများ ပေါသည်။ ဤတိုင်းပြည်၏ ကျင့်ကြံသူများအတွက်လည်း မွေ့လျော်ရာ ဒေသတစ်ခု ဖြစ်နေပြန်သည်။ သည်စီရင်စု၏ ကျင့်ကြံသူအများစုမှာ ဤဒေသတွင် နေထိုင်ကြပေသည်။ အစွမ်းပိုထက်သော ကျင့်ကြံခြင်းဂိုဏ်းများက စိတ်ဝိညာဉ်ချီ ပိုများသော နေရာအချို့ကို အပိုင်စီးထားကြ၏။

ဤစီရင်စုဒေသတွင် အိပ်မက်တောင်တန်းမှာ စိတ်ဝိညာဉ်သွေးကြောများ ရှိ၍ ကောင်းကင်တောင်ပိုင်းဒေသတွင် နာမည်ကျော်လေသည်။ သည်တောင်တန်းတွင် ဒဏ္ဌာရီလာ စိတ်ဝိညာဉ်တွင်းကြည်သစ်သီးပင် ပေါက်ရောက်ပြီး ၎င်းမှာ နတ်သစ်သားသုံးမျိုးထဲတွင် နောက်ဆုံးတစ်မျိုး ဖြစ်သည်။

ထိုသစ်ပင်ကို ဒေသခံအင်အားစုများက ထိန်းသိမ်းထားသည်။ ၎င်းသစ်ပင်မှာ ဝတ်ရည်အရက်ကို နှစ်ပေါင်းနှစ်ရာတွင် တစ်ကြိမ် ထုတ်လုပ်ပေးသည်။ ထိုအရည်ကို တိုက်ရိုက်အသုံးပြု၍ မရသော်လည်း အစွမ်းထက်ဆေးများ ဖော်စပ်ရာတွင်မူ အသုံးပြုနိုင်သည်။ ယင်းဝတ်ရည်ဖြင့် ဖော်စပ်ရသော ဆေးလုံးများထဲတွင် စိတ်ဝိညာဉ်အားဖြည့်ခြင်းဆေးလုံးဟု သိကြသော ဒဏ္ဌာရီလာဆေးလုံးလည်း ပါဝင်သည်။

၎င်းဆေးလုံးကို စိတ်အေးငြိမ်းဆေးလုံးဟုလည်း သိကြသည်။ ၎င်းသည် ကျင့်ကြံခြင်းကို ပမာဏတစ်ခုထိ တိုးတက်စေရုံသာမက လူတစ်ယောက်၏ စိတ်နှလုံးကို ပိုခိုင်မာကာ စိတ်ဝိညာဉ်ကို တည်ငြိမ်မှု ရအောင် လုပ်ပေးနိုင်စွမ်းလည်း ရှိ၍ ကျင့်ကြံသူတစ်ယောက်၏ စိတ်သဏ္ဍာန်ကို အနှောက်အယှက်ပေးသည့် အတွင်းနတ်ဆိုးများကိုလည်း မောင်းထုတ်ပေးနိုင်သေးသည်။

စဦးစိတ်ဝိညာဉ်တစ်ခု ဖွဲ့စည်းခြင်းသည် အမြုတေတစ်ခု ဖွဲ့စည်းခြင်းနှင့် ကွဲပြားသည်။ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းနိုင်ရန် ကံကောင်းမှု၊ ကျင့်ကြံခြင်းနက်ရှိုင်းမှုတို့အပြင် ပုံရိပ်ယောင်များ၊ အတွင်းနတ်ဆိုးများ၏ အနှောက်အယှက်ကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်မှ ဖြစ်ပေမည်။ တကယ်တော့ လူတစ်ယောက်၏ အမြုတေကို စဦးစိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲစေခြင်းသည် စိတ်ပိုင်းဆိုင်ရာ ကြံခိုင်မှုနှင့် စိတ်အင်အားကို စမ်းသပ်ခြင်းလည်း မည်ပေ၏။

အိပ်မက်တိမ်တောင်တန်းသည် စိတ်ဝိညာဉ်သွေးကြောများစွာ တည်ရှိနေခြင်းအချက်အပြင် ယင်းသို့ ဒဏ္ဌာရီလာ ကောင်းကင်ဘုံကို ဖိဆန်နိုင်သော ဝတ်ရည်အရက်ကြောင့်လည်း အခြေခံအုတ်မြစ်တည်ဆောက်ချင်ကြသော ဂိုဏ်းများစွာ ရှိနေသည်။ မရေမတွက်နိုင်သော တိုက်ပွဲများ၊ နယ်မြေလုပွဲများ ဖြစ်ပွားခဲ့ပြီးနောက်မှာ ရှေးဟောင်းဓားဂိုဏ်း၊ မျောလွင့်တိမ်ဂိုဏ်းနှင့် အနာဂတ်ခန့်မှန်းခြင်းခန်းမဆောင်တို့က သည်တောင်တန်းဒေသကို ခုလက်ရှိတွင် ထိန်းချုပ်ထားပေသည်။

ရှီနေဒသရှိ အစွမ်းထက်ဆုံး အင်အားစု သုံးစုက ပူးပေါင်းချုပ်ကိုင်ထားသည်ဖြစ်၍ အခြားဂိုဏ်းများသည် စိတ်ဝိညာဉ်သွေးကြောများ ရှာဖွေရန် မျှော်လင့်ချက်များ မဲ့သွားရကာ အကူအညီမဲ့စွာ၊ မနာလိုစွာသာ စောင့်ကြည့်ရုံ တတ်နိုင်ကြတော့သည်။

အိပ်မက်တိမ်တောင်တန်း၏ တောင်တန်းများထဲမှ တစ်ခုပေါ်မှ တောင်လှေကားထစ်ပေါ်တွင် ထိုင်နေရင်း ဟန်လိသည် သည်တောင်တန်းနှင့် ပတ်သက်၍ သူ သိခဲ့သော သတင်းအချက်အလက်အကြောင်း စဉ်းစားကာ အနီးဘေးပတ်ဝန်းကျင်ကို စူးစမ်းနေသည်။ သည်တောင်တက်လမ်းတွင် တိတ်တိတ်ဆိတ်ဆိတ် တက်လာကြသော ယောက်ျားပျို၊ မိန်းမပျိုလေးများ ရှိနေသည်။ သူတို့၏ ဟန်ပန်များက စိတ်လှုပ်ရှားနေပုံပင်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် မသိမသာ ပြုံးမိသည်။ လာမည့်ရက်ပိုင်းအတွင်း မျောလွင့်တိမ်ဂိုဏ်းသည် တပည့်သစ်ရွေးချယ်ပွဲ ကျင်းပမည် ဖြစ်၍ သည်ချီစုဆောင်းခြင်းလူငယ်များက မျှော်လင့်ချက်အပြည့်ဖြင့် ရွှင်လန်းနေကြတာ ဖြစ်တော့သည်။

ဤနေရာတွင် လဝက်လောက် နေထိုင်ပြီးနောက် သည်အကြောင်းကို ဟန်လိ သိနှင့်ထားပြီး ဖြစ်သည်။ သူ သည်ကို ရောက်လာရသည့်အကြောင်းရင်းများစွာထဲမှ တစ်ခုမှာ နာမည်ကျော်ဆေးလုံးဖော်စပ်နည်းကြောင့် ဖြစ်သည်။ သို့ပေမည့် ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်အဖြစ် သည်ကို လာခဲ့တာ မဟုတ်၊ သာမန်ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဝင်ရောက်လာခဲ့တာပင်။

စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက် သူ့ကို သေချာစူးစမ်းကြည့်ခြင်း မရှိပါက အမည်မဲ့ချီထိန်းချုပ်ခြင်းမန္တာန်ကြောင့် သူ့ကျင့်ကြံမှုအဆင့် အစစ်အမှန်ကို ထွင်းဖောက်မြင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်လည်း သူက ဟန်ဆောင်ကာ ဝင်လာဝံ့တာ ဖြစ်၏။

ဟန်လိသည် ခရမ်းဝိညာဉ်နှင့် မိုင်နင်တို့နှင့် လမ်းမခွဲခင်တုန်းက အဖြစ်အပျက်ကို ရုတ်တရက် ပြန်တွေးမိသွားပြီး ခါးသီးစွာ ရယ်မိသည်။

သူ့မူလအစီအစဉ်အရ လှိုဏ်ဂူတစ်ခု ရှာကာ အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်သို့ တက်လှမ်းရန် ဆေးလုံးအချို့ သောက်သုံးမည် ဖြစ်သည်။ ယာယီစိတ်ဝိညာဉ်ချီက သူ့ကျင့်ကြံမှုအဆင့်ကို တိုးတက်စေခဲ့သော်လည်း အတုအယောင် စဦးစိတ်ဝိညာဉ်အဆင့်ထိ ရောက်ရန်အတွက်တော့ မလုံလောက်ခဲ့ပေ။ သို့သော် မထင်မှတ်တာတစ်ခု ဖြစ်ခဲ့ခြင်းကြောင့် သူ့မူလအစီအစဉ်မှာ ပြောင်းသွားခဲ့ရသည်။ ယင်းမှာ ဆေးလုံးများက သူ့အပေါ်တွင် မည်သည့်အာနိသင်မျှ မရှိတော့ခြင်းပင်။ အဆင့်ခြောက် နတ်ဆိုးသားရဲ သို့မဟုတ် အဆင့်ခုနစ်နတ်ဆိုးသားရဲ တို့ထံမှ အမြုတေဖြင့် ဖော်စပ်ထားသော ဆေးလုံးများသည် သူ့အပေါ် အကျိုးအာနိသင် မရှိတော့ပေ။ ဟန်လိမှာ မည်သို့လုပ်ရမှန်းမသိပင် ဖြစ်သွားခဲ့ရပေသည်။

All Chapters