အင်အားစုကြီးလေးခု
Vol. 43 Ch. 598
ဆေးလုံးများ၏ အာနိသင်က သူ့အပေါ် သက်ရောက်မှု ဖြည်းဖြည်းချင်း ဆုံးရှုံးသွားနိုင်သည်ဟု ဟန်လိ မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ ဆေးလုံးများဟူသည် လူတစ်ယောက်၏ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်နိုင်တာ မှန်သည်။ သို့သော် ၎င်း၌ ချို့ယွင်းချက်လည်း ရှိသည်။ လူတစ်ယောက်၏ မှော်စွမ်းအားက အဆင့်တစ်ခုသို့ ရောက်သွားချိန်တွင် နဂိုမူလဆေးလုံးများသည် အာနိသင်ပြတော့မည် မဟုတ်ပေ။ ထို့အပြင် သက်တံပုတီးစေ့များကြောင့် ဟန်လိ၏ သွေးကြောများမှာ သန့်စင်ခံထားရပြီး သူ့မှော်စွမ်းအားကလည်း အဆက်မပြတ် တိုးတက်လာခြင်းကြောင့် ဟန်လိသည် စိတ်ဝိညာဉ်စွမ်းအားများကို အရင်ကထက်စာလျှင် များစွာ စုပ်ယူနိုင်စွမ်း ရှိလာခဲ့လေပြီ။ မြေကမ္ဘာစိတ်ဝိညာဉ်ချီကို စုပ်ယူရာတွင် သူ့အမြန်နှုန်းသည် ဆေးလုံးများထံမှ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူခဲ့စဉ်က အမြန်နှုန်းနီးပါးလောက်ကို ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် ဆေးလုံးအာနိသင်များမှာ သူ့အပေါ် သက်ရောက်မှု မရှိတော့ခြင်းပင်။
ကျောက်စိမ်းပြားများနှင့် စဦးစိတ်ဝိညာဉ်ကျင့်ကြံသူ၏ အတွေ့အကြုံများအရ ဖော်ပြထားချက်များအရဆို အဆင့်ခြောက်နတ်ဆိုးသားရဲအမြုတေများသည် စဦးစိတ်ဝိညာဉ်အဆင့် မတိုင်ခင် အာနိသင် ရှိတော့မည် မဟုတ်သော်လည်း အဆင့်ခုနစ်နတ်ဆိုးသားရဲအမြုတေများကမူ ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်တွင် အာနိသင် ရှိရမည်သာ။ သို့ပေမည့် ခုချိန်တွင်မူ ယင်းအဆင့်ခုနစ်နတ်ဆိုးသားရဲအမြုတေများဖြင့် ဖော်စပ်ထားသော ဆေးလုံးများကလည်း သူ့အပေါ် အာနိသင် မရှိသလောက် ဖြစ်သွားခဲ့ပေပြီ။ ထိုသို့ ဖြစ်ရသည့်အကြောင်းရင်းမှာ ဖန်ရှီ၏ ကျောက်စိမ်းအရက်ကြောင့် သို့မဟုတ် မိုင်နင်၏ယာယီစိတ်ဝိညာဉ်ကြောင့် ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းမိသည်။
ကျောက်စိမ်းအရက်မှာ လူသားများ လုံးဝ သောက်နိုင်စွမ်းမရှိသော အရာ ဖြစ်ပြီး မိုင်နင်၏ မွေးရာပါ ယာယီစိတ်ဝိညာဉ်ချီမှာလည်း လောကရှိ အသန့်စင်ဆုံး စိတ်ဝိညာဉ်ချီ ခုနစ်မျိုးထဲတွင် တစ်ခု ပါဝင်နေပေသည်။
မည်သို့ပင်ဖြစ်စေ လက်ရှိ ဆေးလုံးများက သူ့အပေါ် အာနိသင် မရှိတော့တာကို မပြောင်းလဲနိုင်သည် ဖြစ်၍ ဤသို့ဖြစ်ရသည့်အကြောင်းရင်းကို စူးစမ်းနေသော်လည်း အချည်းနှီးသာ ဖြစ်ပေတော့မည်။ ဟန်လိသည် ဤသို့ အကျိုးမရှိလှသော အရာများတွင် လုံ့လစိုက်၍ စူးစမ်းနေမည့်သူမျိုး မဟုတ်ပေ။ ထိုအစား သူ့အနာဂတ်အစီအစဉ်များကိုသာ စဉ်းစားသည်။ သူ့တွင် အဆင့်ရှစ်ရေနဂါး၏ အမြုတေတစ်ခု ပိုင်ဆိုင်ထား၏။ သို့သော် ၎င်းမှာ တွေ့ရခဲသော၊ ရခဲသော အဖိုးတန်အရာ ဖြစ်သောကြောင့် ဟန်လိသည် ၎င်းကို ကျရှုံးနိုင်ခြေ များသည့် ဆေးလုံးတစ်လုံး သန့်စင်ရာတွင် အသုံးပြုချင်စိတ် မရှိပေ။ ထို့အပြင် ဆေးလုံးတစ်လုံးနှစ်လုံးဖြင့်လည်း သူ့ကို အတုအယောင်စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်စေရန် လုံလောက်လိမ့်မည် မဟုတ်ပါ။
ထို့ကြောင့် သူသည် အခြားသူများကဲ့သို့ပင် သူ့မှော်စွမ်းအားကို ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ရန် ရွေးချယ်စရာာတစ်ခုသာ ရှိတော့သည်။ ကျင့်ကြံခြင်းတိုးတက်အောင် ဤသို့ အချိန်ပေးရသည့် အတွေ့အကြုံမျိုးမှာ ဟန်လိတွင် မရှိခဲ့ဖူးပေ။ ထိုအတွေးကြောင့် ဟန်လိမှာ ခါးသက်စွာ မပြုံးမိဘဲ မနေနိုင် ဖြစ်ရသည်။
ကံကောင်းတာတစ်ခုက သူသည် အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရန် အလှမ်းမဝေးတော့ခြင်းပင်။ စိတ်ဝိညာဉ်ချီ ပေါကြွယ်ဝသော နေရာတစ်ခုတွင်ဆို ဆယ်နှစ်လောက်အားစိုက်ထုတ်သည်နှင့် အထွတ်အထိပ်အဆင့်သို့ ရောက်နိုင်လိမ့်မည်ဟု သူ ထင်သည်။ ထို့ကြောင့် သူသည် စိတ်ဝိညာဉ်သွေးကြောများ ရှိနေသော နေရာတစ်ခုကို ရှာခဲ့တာ ဖြစ်သည်။ သူသာ စိတ်ဝိညာဉ်ချီအားနည်းသော နေရာတွင် ကျင့်ကြံပါက အချိန်ပိုကြာပေလိမ့်မည်။
စိတ်ဝိညာဉ်သွေးကြောများအကြောင်း ပြောမည်ဆို ကောင်းကင်တောင်ပိုင်းဒေသနှင့် ပြန့်ကျဲကြယ်ပင်လယ်ဒေသသည် ကွဲပြားပေသည်။ ပြန့်ကျဲကြယ်ပင်လယ်တွင် ကျွန်းများစွာ ရှိပြီး လူသူနည်းပါး၍ ပိုင်ရှင်မဲ့ စိတ်ဝိညာဉ်သွေးကြောများစွာ ရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်တောင်ပိုင်းဒေသကမူ လူသူထူထပ်ပြီး စိတ်ဝိညာဉ်သွေးကြောများကို ပိုင်စိုးထားသည့် ဂိုဏ်းများ၊ အင်အားစုများ ရှိကြတာ များသည်။
သူတို့လက်ထဲမှ လွတ်သော စိတ်ဝိညာဉ်ချီပါးလှပ်သော ဧရိယာများကိုလည်း လေလွင့်ကျင့်ကြံသူများက သိမ်းပိုက်ထားကြသည်။ သဘာဝကျင့်ကြံခြင်းရင်းမြစ်ချင်း ယှဉ်ပါက ကောင်းကင်တောင်ပိုင်းဒေသသည် ပြန့်ကျဲကြယ်ပင်လယ်ထက် နည်းပါးလွန်းသည်။
ထိုသို့သော အခြေအနေများကြောင့် ဟန်လိသည် သူ့ကျင့်ကြံမှုအဆင့်ကို ဆက်ပြီး တိုးတက်ချင်ရင် ဂိုဏ်းတစ်ခုသို့ ခိုးကြောင့်ခိုးဝှက် ဝင်ရောက်ရုံ ရှိတော့သည်။
ဟန်လိ၏ ခုလက်ရှိ စွမ်းရည်များနှင့်ဆို သူသည် ကျင့်ကြံခြင်းဂိုဏ်းငယ်တစ်ခုကို အတင်းအကြပ် သိမ်းပိုက်ကာ စိတ်ဝိညာဉ်သွေးကြောများကို ရယူနိုင်စွမ်း ရှိသည်။ သို့သော် စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်များက သူ့ကို သတိထားမိသွားမှာ သူ စိုးရိမ်သည်။ သူသည် စဦးစိတ်ဝိညာဉ်အဆင့်ပုဂ္ဂိုလ်များ၏ လိုက်လံဖမ်းစီးခြင်းကို ခံထားရဖူးသည် မဟုတ်လား။ ထို့ကြောင့် သူသည် သူ့စဦးစိတ်ဝိညာဉ်ကို အေးအေးချမ်းချမ်းဖြင့် ဖွဲ့စည်းချင်စိတ်သာ ရှိသည်။
အစွမ်းထက်သော ကျင့်ကြံခြင်းဂိုဏ်းများကမူ အကောင်းဆုံးစိတ်ဝိညာဉ်သွေးကြောများကို သိမ်းပိုက်ထားရုံသာမက အဆင့်မြင့်ကျင့်ကြံသူ အမြောက်အမြားလည်း ရှိကြသည်။ ထိုဂိုဏ်းများအောက်သို့ ဝင်ရောက်ကာ ကျင့်ကြံနေခြင်းသည် သူ့အတွက် ပိုကောင်းပေလိမ့်မည်။ တစ်ခုခု ဖြစ်လာလျှင်လည်း သူ့အစစ်အမှန်ကျင့်ကြံခြင်းကို ထုတ်ဖော်ရန် လိုလိမ့်မည် မဟုတ်ပေ။ သူ့ကျင့်ကြံမှုအပေါ် အနည်းငယ် အနှောက်အယှက် ဖြစ်ရုံလောက်သာ ရှိလိမ့်မည်။
စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းပြီးလျှင်မူ ဟန်လိသည် ဘာကိုမျှ ကြောက်နေရန် မလိုတော့ပေ။ ထိုအချိန်ကျလာပါက ဂိုဏ်းတိုင်း၏ ထိပ်ပိုင်းများသည် သူ့ကို အပါစည်းရုံးကြလိမ့်မည်ဟု သူ ထင်ထားသည်။ တကယ်တော့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ရန်သူ လုပ်ရန် မည်သူကများ ရူးပါ့မည်နည်း။
စိတ်ထဲတွင် ထိုသို့ တွေးမိပြီး ဟန်လိသည် အိပ်မက်တိမ်တောင်တန်း၏ ကောင်းမွန်လှသော စိတ်ဝိညာဉ်သွေးကြောများအကြောင်း စစဉ်းစားသည်။ အဆုံးသက်တွင်တော့ ထိုစိတ်ဝိညာဉ်သွေးကြောများကို သိမ်းပိုက်ထားသော ဂိုဏ်းကြီးသုံးဂိုဏ်းသည် ဟန်လိ၏ ပစ်မှတ် ဖြစ်လာခဲ့လေပြီ။
သူက သည်ဂိုဏ်းများထဲမှ တစ်ခုတည်းသို့ ဝင်ရောက်ချင်သည် ဖြစ်၍ ဟန်လိသည် ထိုသုံးဂိုဏ်း၏ သဘောသဘာဝကို နှိုင်းယှဉ်ကြည့်ရန် လိုမည်။
သို့သော် ထိုသို့မလုပ်ခင် ဟန်လိသည် မြို့ငယ်တစ်ခု၏ ဈေးထံသို့ သွားလည်ပတ်ကာ ကောင်းကင်တောင်ပိုင်းဒေသ၏ ပြီးခဲ့သော နှစ်တစ်ရာအတွင်းက အချက်အလက်များကို စုံစမ်းခဲ့သေးသည်။
ဟန်လိသည် ခရမ်းစိတ်ဝိညာဉ်၊ မိုင်နင်တို့နှင့် လမ်းမခွဲခင် သူတို့ကို သည်ဒေသကြီးအကြောင်း သတင်းအချက်အလက်အနည်းငယ် မျှဝေပေးခဲ့သေးသည်။ သည်ကုန်းမြေမှာ ထိုမိန်းမလှနှစ်ယောက်အတွက် အစိမ်းသက်သက် ဖြစ်၍ သူတို့သည် သည်က အခြေအနေများကို ပိုသိချင်ကြသည်။ ဤကုန်းမြေ၏ အင်အားစုကြီးများအကြောင်းကို သိချင်ကြသည်။ ကောင်းကင်တောင်ပိုင်းဒေသ၏ အင်အားစု ဖွဲ့စည်းပုံမှာ ဟန်လိ နောက်ဆုံးအကြိမ် ဤဒေသတွင် ရှိခဲ့ချိန်ကနှင့်စာလျှင် များစွာ ပြောင်းလဲသွားခဲ့ပေပြီ။ ယင်းပြောင်းလဲမှုများထဲမှ ပထမဆုံးတစ်ခုမှာ ကောင်းကင်တောင်ပိုင်းဒေသ၏ တိုင်းပြည်ကိုးခုကို မိစ္ဆာတာအို၊ လမ်းမှန်တာအို၊ ကောင်းကင်တာအိုမဟာမိတ် နှင့် ကိုးနိုင်ငံပြည်ထောင်စုဟူ၍ ခွဲခြားထားခြင်းပင်။ ဒေသတစ်ခုချင်းစီကို ထိန်းချုပ်ထားသော သီးသန့်အင်အားစုများဟူ၍ မရှိကြတော့ပေ။ ယင်းအဖွဲ့အစည်းကြီးလေးခုကသာ ကောင်းကင်တောင်ပိုင်းဒေသကို အုပ်စိုးကြသည်။
အရင်တုန်းက ဟန်လိသည် လမ်းမှန်တာအို၊ မိစ္ဆာတာအိုနှင့် ကိုးနိုင်ငံပြည်ထောင်စုတို့အကြောင်းကိုသာ သိခဲ့ဖူးသည်။ သူ ပြန့်ကျဲကြယ်ပင်လယ်များသို့ ထွက်လာခဲ့ပြီးနောက် ကောင်းကင်တာအိုမဟာမိတ်ဟူသည် အင်အားစုကြီးတစ်ခုမှာ သည်ဒေသတွင် ပေါ်ထွက်လာခဲ့ပေသည်။ ၎င်းတွင် လမ်းမှန်နှင့် မိစ္ဆာတာအိုတို့ကို ရင်ဆိုင်ရန် တိုင်းပြည်ကြီးငယ် ဆယ်ခုကျော်မှ ကျင့်ကြံသူများ ပါဝင်သည်။ ၎င်းအင်အားစုမှာ မိစ္ဆာနှင့်လမ်းမှန်တာအို နှစ်ခုစလုံးထက် ပို၍ အင်အားကြီးပြီး ထိုအင်အားစုနှစ်ခု ပူးပေါင်းလျှင်ပင် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ကို ယှဉ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ဘက်နှစ်ဖက်လုံးသည် တစ်ဖက်နှင့်တစ်ဖက် ကြားဝင်နှောက်ယှက်ခြင်း မပြုရဟု သဘောတူညီချက် ရှိကြသည်။ သူတို့သည် သူတို့၏ အနီးအနားရှိ တိုင်းပြည်များကိုတော့ နယ်မြေချဲ့ကြတာမျိုး ရှိသည်။ ယာယီတို့ သည်အင်အားစုများကြား ငြိမ်းချမ်းမှု ရနေသည်ဟု ထင်ရသော်လည်း အမှန်တရားကမူ သူတို့သည် ရန်သူတော်များအဖြစ် တစ်ချိန်လုံး သတ်မှတ်ထားကြသည်။ သူတို့သည် မဟာမိတ်ဖြစ်ကြရန် နည်းလမ်းမရှိပေ။
ထို့အပြင် အကျိုးအမြတ်အသစ်များ ရှိလာကြသည်ဖြစ်၍ ခွဲဝေမှုကြောင့် သူတို့ကြားတွင် အငြင်းပွားမှုများ၊ ပဍိပက္ခများလည်း ရှိကြသည်။ လမ်းမှန်တာအိုအဖွဲ့ဖြစ်ဖြစ်၊ မိစ္ဆာတာအိုအဖွဲ့ပဲဖြစ်ဖြစ် မည်သူကမျှ ကောင်းကင်တာအိုမဟာမိတ်နှင့် ဖီလာလုပ်ရန် စိတ်မဝင်စားကြပေ။ ကောင်းကင်တာအိုမဟာမိတ်ကမူ စကတည်းက ခိုင်မာသော မဟာမိတ်တစ်ခု မဟုတ်ခဲ့ပေ။ လမ်းမှန်နှင့် မိစ္ဆာတာအို အင်အားစုများကို သီးသန့်ဖြစ်စေခြင်းကိုသာ သူတို့ လိုချင်ခဲ့တာ ဖြစ်သည်။ ထို့အပြင် သူတို့သည်လည်း သည်အင်အားစုနှစ်ခုလုံးကို စတိုက်ခိုက်ဝံ့ခြင်း မရှိပေ။
ဤသို့ဖြင့် အင်အားစုကြီးသုံးခုမှာ မျှခြေအခြေအနေ ဖြစ်သွားခဲ့သည်။ တကယ်တော့ နှစ်ပေါင်းတစ်ရာလောက် ငြိမ်းချမ်းရေးသည် ကိုးနိုင်ငံပြည်ထောင်စုကြောင့် အများကြီးပါသည်။
ကိုးနိုင်ငံပြည်ထောင်စုသည် ကျင့်ကြံခြင်းဂိုဏ်းများနှင့် လမ်းမှန်တာအို၊ မိစ္ဆာတာအိုအဖွဲ့အစည်းများတွင် မပါဝင်သော လေလွင့်ကျင့်ကြံသူများ ပါဝင်သည်။ ယင်းထဲတွင် ယွဲ့ဒေသမှ ဂိုဏ်းခုနစ်ဂိုဏ်းလည်း ပါသည်။ ထို့ကြောင့် ၎င်းတို့သည် အင်အားပိုကြီးလာခဲ့သည်။ ထိုသို့အင်အားပိုကြီးမားလာခြင်းကြောင့် သူတို့သည် မောက်လန်လွင်ပြင်ဒေသမှ မန္တာန်စစ်သည်တော်များကို ဖိနှိပ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် မောက်လန်မျိုးနွယ်စုနှင့် စစ်ပွဲတွင် မောက်လန်မျိုးနွယ်စုဘက်မှ အင်အားကြီးမျိုးနွယ်စုနှစ်ခုက ချိန်သားကိုက် ပါဝင်တိုက်ခိုက်လာကာ မန္တာန်စစ်သည်အရေအတွက် မြောက်မြားစွာ ဖြစ်သွားခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ယင်းစစ်ပွဲမှာ ပြင်းထန်းလွန်းခဲ့၏။ တိုက်ပွဲကြီးများစွာ ဖြစ်ခဲ့၍ နှစ်ဖက်လုံး အသေအပျောက်များခဲ့သည်။ ကိုးနိုင်ငံပြည်ထောင်စုမှာ အရေးမသာ ဖြစ်ခဲ့ပြီး သူတို့၏နယ်မြေအချို့ကိုပင် စွန့်လွှတ်ခဲ့ရသည်။ ထိုအခါ ကိုးနိုင်ငံပြည်ထောင်စုသည် မိစ္ဆာတာအို၊ လမ်းမှန်တာအို၊ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့တို့ထံမှ အကူအညီ တောင်းခံခဲ့သည်။ သည်အင်အားစုကြီးများက အကူမလွှတ်ပေးပါက မောက်လန်မျိုးနွယ်စုနှင့် စစ်ပွဲကို ရုတ်သိမ်းပစ်မည် ဖြစ်ပြီး သူတို့၏နယ်မြေများထဲသို့ မောက်လန်မန္တာန်စစ်သည်များကို ဝင်လာခွင့်ပြုမည်ဟုပါ ခြိမ်းခြောက်ခဲ့သည်။
ထိုအကြောင်းကို ကြားသိရသည့်အခါ အင်အားစုသုံးခုသည် ဆန္ဒမရှိသော်ငြားလည်း တပ်ကူလွှတ်ပေးရတော့သည်။ ကိုးနိုင်ငံပြည်ထောင်စုကသာ တပ်ပြန်ရုတ်လိုက်ပါက မဝေးသော အနာဂတ်တွင် ကြမ်းလှသည့် မောက်လန်မန္တာန်စစ်သည်များသည် သူတို့ထံ ရောက်လာမည်ကို ဤအင်အားစုသုံးခုက သိသည်။
တပ်ကူများ ရောက်လာခြင်းကြောင့် ကိုးနိုင်ငံပြည်ထောင်စုသည် ပြတ်ပြတ်သားသား အနိုင်ပြန်ရခဲ့သည်။ ကျင့်ကြံသူ ထောင်ချီတော့ အသက်စတေးခဲ့ကြရ၏။ သူတို့သည် မောက်လန်မျိုးနွယ်စု၏ တိုက်ခိုက်မှုများကို ကြံကြံခံကာ မားမားရပ်တည်နိုင်စွမ်း ပြန်လည် ရရှိသွားခဲ့သည်။ ထိုအချိန်မှစ၍ မောက်လန်မျိုးနွယ်စု၏ တိုက်ခိုက်မှုများကို ခုခံနိုင်ရန် အင်အားစုကြီးသုံးခုက တပ်ကူပေးရမည်ဟု ဆုံးဖြတ်ခဲ့တော့သည်။ မဟုတ်ပါက မောက်လန်မျိုးနွယ်စုသည် သူတို့၏ နယ်နိမိတ်များကို လွယ်လွတ်လပ်လပ် ရောက်လာကြပေလိမ့်မည်။
များစွာ ညှိနှိုင်းပြီးနောက် အင်အားစုကြီးလေးခုသည် တဖြည်းဖြည်းဖြင့် သဘောတူညီချက်တစ်ခု ရခဲ့သည်။ ကိုးနိုင်ငံပြည်ထောင်စုကို ဦးဆောင်သူအဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး အခြားအင်အားစုသုံးခုကမူ လက်အောက်ခံအဖွဲ့များ ဖြစ်လာခဲ့ကြကာ သူတို့သည် မောက်လန်မျိုးနွယ်စုကို ပူးပေါင်းတိုက်ခိုက်ကြမည်ဟု သဘောတူညီခဲ့သည်။
ဤသဘောတူညီချက်ကြောင့် လမ်းမှန်နှင့် မိစ္ဆာတာအို အင်အားစုနှစ်စုသည် သူတို့၏ နယ်မြေများကို ချဲ့နေသော်ငြားလည်း နှစ်ပေါင်းတစ်ရာကျော်လောက် အေးချမ်းသွားခဲ့ပေသည်။ မောက်လန်မျိုးနွယ်စု၏ ခြိမ်းခြောက်မှုက သူတို့ ပုခုံးပေါ် ဝဲနေသည်ဖြစ်၍ သူတို့သည် အချင်းချင်း စစ်ပွဲတစ်ခုကို မဆင်ခြင်မစဉ်းစားဘဲ မစဝံ့ကြတော့ပေ။
ရှီဒေသနှင့် ၎င်း၏အနီးဝန်းကျင်ရှိ တိုင်းပြည်နှစ်ခုကို ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က ထိန်းချုပ်ထားပေသည်။ ရှေးဟောင်းဓားဂိုဏ်း၊ မျောလွင့်တိမ်ဂိုဏ်းနှင့် အနာဂတ်ခန့်မှန်းခြင်းခန်းမဆောင်တို့သည် ဤမဟာမိတ်၏ အဓိကဂိုဏ်းများထဲတွင် ပါဝင်သည်။
ဘာသာပြန်သူ မှတ်ချက်။ ။ မောက်လန်မျိုးနွယ်စုအကြောင်းကို အပိုင်း (၃၅၈) တွင် မိတ်ဆက်ဖော်ပြခဲ့ပြီး ဖြစ်သည်။