← Chapters

ဂိုဏ်းဝင်ခြင်း (၁)

Vol. 43 Ch. 599

ဂိုဏ်းဝင်ခြင်း (၁)

Vol. 43 Ch. 599

စိတ်ဝိညာဉ်သွေးကြောများကို ထိန်းချုပ်ထားသည့် ဂိုဏ်းသုံးဂိုဏ်းတွင် ဟန်လိအတွက် အရွေးချယ်ချင်ဆုံးမှာ မျောလွင့်တိမ်ဂိုဏ်း မဟုတ်၊ အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းပင်။ ၎င်းဂိုဏ်းမှာ မှော်ပစ္စည်းသန့်စင်ခြင်းအရာတွင် နာမည်ကျော်သည်။ ကျင့်ကြံခြင်းနေရာတစ်ခု ရှာမည်ဟူသော သူ့မူလရည်ရွယ်ချက်အပြင် ဤအနာဂတ်ခန့်မှန်းခြင်းဂိုဏ်း၏ တပည့်များသည် မှော်ပစ္စည်းအမျိုးမျိုးကို သန့်စင်ရာတွင် ကျွမ်းကျင်ကြသည်။ ထိုဂိုဏ်းတွင် အထွတ်အထိပ်မှော်ရတနာများကို သန့်စင်နိုင်သည့် ပညာရပ်များ ပိုင်ဆိုင်ထားသည်ဟုပင် ပြောဆိုကြတာ ရှိသည်။

ဤရတနာများက ဟန်လိ၏စိတ်နှလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ သို့သော် ထိုဂိုဏ်းမှာ ကျင့်ကြံခြင်းမျိုးနွယ်များထံမှ လူများကိုသာ ဦးစားပေး၍ ဂိုဏ်းသားသစ်များကို ခေါ်ယူခြင်းပင်။ အပြင်လူများကို ဂိုဏ်းဝင်တပည့်များအဖြစ် ခေါ်ခဲလှသည်။ သည့်အပြင် ဂိုဏ်းအတွင်းရှိ အစွမ်းထက်ဆုံးကျင့်ကြံခြင်းမျိုးနွယ်ငါးခုသည် အိပ်မက်တိမ်တောင်တန်း၏ အနောက်ဘက်ခြမ်းမှ စိတ်ဝိညာဉ်သွေးကြောများကို အုပ်စိုးထားသည်။ ယင်းအချက်များကြောင့် ဟန်လိသည် ထိုဂိုဏ်းသို့ ဝင်ရောက်မည့် အတွေးကို ဖယ်ရှားလိုက်ရသည်။

ရှေးဟောင်းဓားဂိုဏ်း။ ၎င်းဂိုဏ်းက အမည်အတိုင်း ဓားထိန်းချုပ်ခြင်းပညာရပ်များတွင် ကျွမ်းကျင်ကြသည်။ သူတို့ဂိုဏ်း၏ မှော်ရတနာများ၊ မှော်ပစ္စည်းများသည် ပုံစံအရွယ်အစားမျိုးစုံ ရှိသော ဓားများ ဖြစ်၏။ ယင်းဂိုဏ်း၏ အကာအကွယ်ပညာရပ် ဖြစ်သော စစ်မှန်သောအကြွင်းမဲ့ ဓားပညာရပ်မှာ ဤတိုင်းပြည် တခွင်၌ ကျော်ကြားသည်။

ရှေးဟောင်းဓားဂိုဏ်းသည် ကျင့်ကြံခြင်းမျိုးနွယ်စုများထံသာ တပည့်လက်သစ်၊ ဂိုဏ်းဝင်သစ်များကို ခေါ်ယူတာ မဟုတ်ပေ။ အရွယ်ကောင်း လေလွင့်ကျင့်ကြံသူများကိုလည်း ဂိုဏ်းဝင်အသစ်များအဖြစ် ခေါ်ယူသည်။ သို့သော် လူတစ်ယောက်မှာ သူတို့ဂိုဏ်း၏ ဓားပညာရပ်များဖြင့် အံ့ကိုက်သည့် ပါရမီ ပါရမည် ဖြစ်သည်။ လူတစ်ယောက်၏ ပါရမီက ဂိုဏ်း၏ ကျင့်ကြံခြင်းပညာရပ်များနှင့် ကိုက်ညီမှု မရှိပါက ခေါ်ယူခြင်း ခံရလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဂိုဏ်းသုံးဂိုဏ်းတွင် ရှေးဟောင်းဓားဂိုဏ်းတွင် တပည့်အရေအတွက် အနည်းဆုံးပင်။ တစ်နည်းအားဖြင့် ဆိုရလျှင်မူ သူတို့၏ လွှမ်းမိုးနိုင်သော တိုက်ခိုက်မှုများကြောင့် ဂိုဏ်းတပည့်များသည် အဆင့်တူကျင့်ကြံသူများထက် သာလွန်သည်ဖြစ်၍ ဤဂိုဏ်းသုံးဂိုဏ်းတွင် အစွမ်းထက်ဆုံး ဖြစ်သည်။ အစွမ်းထက်ဆုံးဖြစ်သောကြောင့် ရှေးဟောင်းဓားဂိုဏ်းသည် အိပ်မက်တိမ်တောင်တန်း၏ အဓိကစိတ်ဝိညာဉ်သွေးကြောကို ချုပ်ကိုင်ထားသည်။

နောက်ဆုံးဂိုဏ်းဖြစ်သော မျောလွင့်တိမ်ဂိုဏ်း။ ၎င်းသည် အနာဂတ်ခန့်မှန်းခြင်းဂိုဏ်းကဲ့သို့ မှော်လက်နက်များ ပြုလုပ်ခြင်းတွင် ကျော်ကြားသည့်အပြင် ဆေးလုံးဖော်စပ်နည်းတွင်လည်း လူသိများသည်။

ဒဏ္ဌာရီလာ စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးသည် ထိုဂိုဏ်း၏အကြီးအကဲအချို့သာ ဖော်စပ်နိုင်သော အရာပင်။ ဤဂိုဏ်းက အခြားဂိုဏ်းနှစ်ခုနှင့် အင်အားခြင်း မယှဉ်သာသော်လည်း ၎င်းတို့သည် အိပ်မက်တိမ်တောင်တန်း၏ အရှေ့ဘက်ခြမ်းရှိ စိတ်ဝိညာဉ်သွေးကြောကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ထို့အပြင် မျောလွင့်တိမ်ဂိုဏ်းသည် တပည့်အသစ်များစွာ လက်ခံသော ဂိုဏ်းလည်း ဖြစ်၏။ ဂိုဏ်းသို့ ဝင်ရောက်ရန်လည်း လိုအပ်ချက်နည်းပါးသည်။

ဂိုဏ်းသားသစ်လက်ခံရာတွင် စည်းမျဉ်းနှစ်ခုသာ ရှိ၏။ တစ်ခုမှာ စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ဆိုင်ကာ အလားအလာရှိသောသူ ဖြစ်ရန်ပင်။ သို့မဟုတ်သည့်တိုင် ၎င်းဂိုဏ်းသည် ပါရမီနည်းသော်လည်း ကျင့်ကြံမှုအဆင့်တစ်ခုထိ ရောက်နေသော မည်သူ့ကိုမဆိုလည်း ဂိုဏ်းဝင်တပည့်အဖြစ် လက်ခံသည်။

တကယ်တော့ မျောလွင့်တိမ်ဂိုဏ်းသည် ဆေးလုံးဖော်စပ်နည်းအရာအပြင် လူပေါင်းစုံကို တပည့်အဖြစ် လက်ခံရာတွင်လည်း ကျော်ကြားပေသည်။ ထို့ကြောင့် သည်ဂိုဏ်းတွင် အဆင့်နိမ့်တပည့်များစွာ ရှိကြသည်။

ပါရမီနည်းပါးသော ချီစုဆောင်းခြင်းအဆင့် လေလွင့်ကျင့်ကြံသူများသည် ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူတို့တွင် အလားအလာကောင်းသော အနာဂတ်များ မရှိဘဲ အဆင့်နိမ့်တပည့်များအဖြစ် ထာဝရ နေရလိမ့်မည်ဟု ရှင်းလင်းစွာ သိထားကြပြီး ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ဟန်လိကဲ့သို့ အကာအကွယ် ရနိုင်သည်ဟူသည့် ဆင်တူသော အတွေးများဖြင့် ဂိုဏ်းသို့ ဝင်ရောက်ကြသည်။ ဂိုဏ်းကြီးတစ်ခု၏ အရိပ်အာဝါသကို လာခိုကြခြင်းပင်။ ထို့ကြောင့်လည်း ဂိုဏ်းတွင် လေလွင့်ကျင့်ကြံသူ အရေအတွက် မြောက်မြားစွာ ရှိကြသည်။ စည်းကမ်းတင်းကျပ်မှု မရှိခြင်းနှင့် ဒဏ္ဌာရီလာ စိတ်ဝိညာဉ်အားဖြည့်ဆေးလုံး၏ စွဲဆောင်မှုကြောင့် ဟန်လိအတွက် ဤမျောလွင့်တိမ်ဂိုဏ်းမှာ အရွေးချယ်သင့်ဆုံး ဖြစ်လာခဲ့ပုံ ရသည်။

ဤသို့ဖြင့် ဟန်လိသည် နောက်ထပ် စူးစမ်းမှုအချို့ ပြုလုပ်ပြီး သည်ဂိုဏ်းမှာ မကြာခင် တပည့်များ လက်ခံတော့မည့်အကြောင်း သိသည်နှင့် ဂိုဏ်းသို့ ဝင်ရန် ချက်ခြင်း စာရင်းသွင်းခဲ့ပေသည်။ သူ၏ ထိုအကြံများ မပေါ်ခင်မှာ ဟန်လိသည် အနည်းငယ် ကြိုတင်ပြင်ဆင်ပြီး မိန်းမလှနှစ်ယောက်ထံမှ ချက်ခြင်း ထွက်လာခဲ့တာ ဖြစ်လေသည်။

ဂိုဏ်းသားသစ်ရွေးချယ်ပွဲ နီးကပ်လာသည်နှင့်အမျှ ချီစုဆောင်းခြင်း ကျင့်ကြံသူ အရေအတွက်သည် တောင်တက်လမ်းပေါ်တွင် ပိုပိုများလာခဲ့လေပြီ။ တောင်ထိပ်မှ သည်မြင်ကွင်းကို မြင်သည့်အခါ ဟန်လိသည် သူတို့နှင့် တည်တည်ငြိမ်ငြိမ် ဝင်ရောက်ပူးပေါင်းလိုက်သည်။

လမ်းတစ်လျှောက်တွင် ဟန်လိသည် နှစ်နာရီလောက် ဖြည်းဖြည်းမှန်မှန် လျှောက်လာပြီးသည့်အထိ ပန်းတိုင်သို့ လမ်းအဆုံးထိ မရောက်သေးပေ။ ဤတောင်က ကြီးမားလွန်းနေခြင်းကြောင့် မဟုတ်ဘဲ လမ်းများမှာ အဆင့်နိမ့်ပုံရိပ်ယောင်ပညာရပ်အချို့၏ သက်ရောက်ခြင်း ခံထားရသောကြောင့်ပင်။ ဤသည်က ဂိုဏ်းသို့ ဝင်ရောက်ချင်သော ကျင့်ကြံသူအရေအတွက်ကို လျော့ချရန်အတွက် ဖြစ်ချေလိမ့်မည်။

ဂိုဏ်းဝင်ခွင့်ကို လျော့ပေါ့ပေးထားပြီး ဖြစ်သောကြောင့် အဆုံးထိ လျှောက်ရန် စိတ်မရှည်သူများကို ဖယ်ရှားတာ ဖြစ်နိုင်သည်။ ဟန်လိရှေ့မှ ကျင့်ကြံသူ လေးငါးယောက်ကလည်း တစ်ခုခုမူမမှန်တာကို တွေ့ရှိသွားပြီး သူတို့က အချင်းချင်း စုဝေးလိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်ကြသည်။ သူတို့က ဖြစ်နိုင်ခြေကို ခန့်မှန်းကြည့်နေပုံ ရပြီး ဆက်တွေဝေမနေတော့ဘဲ ရှေ့ထပ်ဆက်သည်။

ထိုကျင့်ကြံသူအုပ်စုသည် လမ်းကြုံလာဆုံကြတာ ဖြစ်နိုင်သည်။ မသိကျေးကျွန်ပြု၍ ဟန်လိသည် ဤုအုပ်စုကို အာရုံစိုက်မနေတော့ဘဲ သူ့လမ်းကိုယ်သူ ထပ်ဆက်သည်။ ကျောက်သားလမ်းအတိုင်း နောက်ထပ်တစ်နာရီလောက် လျှောက်လာပြီးနောက် သူတို့သည် အပြာရောာင်ကျောက်လှေကားများနား တဖြည်းဖြည်း ရောက်လာသည်။ စောစောက ကျင့်ကြံသူအုပ်စုသည် ပျော်ရွှင်သွားကြပြီး ခြေလှမ်းများ ပိုသွက်လာကာ လှေကားအတိုင်း တက်ကြသည်။ မထူးမခြားစွာပင် ဟန်လိကလည်း လှေကာားထစ်များအတိုင်း တည်တည်ငြိမ်ငြိမ် တက်လာကာ ထိပ်ဆုံးရှိမြင်ကွင်းကို စူးစမ်းကြည့်သည်။

လှေကားထစ် ထိပ်ဆုံးတွင်မီတာလေးရာမျှ အကျယ်ရှိမည့် အဖြူရောင်စင်မြင့်ကြီးတစ်ခု ရှိနေသည်။ ၎င်းဘေးတွင် တခမ်းတနား မရှိသော အဆောက်အဦလေးတစ်ခု ရှိသည်။ ၎င်းပတ်ပတ်လည်တွင် ပုံစံအသွင်အမျိုးမျိုး ဝတ်ထားကြသော ကျင့်ကြံသူအုပ်စုများ ရှိသည်။ ဟန်လိနှင့် သူ့ရှေ့မှ အုပ်စုတို့သည် မည်သည့်စကားမျှမဆိုလေဘဲ သည်မှာ ရှိနှင့်ပြီးသား အုပ်စုများနှင့် ပူးပေါင်းကာ သူတို့ကြားတွင် ဝင်ထိုင်သည်။

ဟန်လိက သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ စိတ်ထဲ၌ နှာခေါင်းရှုံ့သည်။ ချီစုဆောင်းခြင်းအဆင့် လေလွင့်ကျင့်ကြံသူများသည် မည်သည့်အရာကိုမျှ မြင်နိုင်စွမ်း မရှိသော်လည်း ဟန်လိကမူ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ပုံရိပ်ယောင်အစီအရင်တစ်ခုကို ထွင်းဖောက်မြင်နိုင်ပေသည်။

သူတို့ရှေ့ရှိ အဆောက်အဦလေးသည် အမှန်တကယ်တော့ ကျောက်စိမ်းမျှော်စင်ကြီးတစ်ခုသာ။ ၎င်းမျှော်စင်ပေါ်တွင် ပုံရိပ်ယောင်တိမ်ခန်းမဟု ရွှေရောင်စာလုံးကြီးများဖြင့် ရေးထိုးထားသော သင်္ကေတတစ်ခု ရှိနေသည်။ ထိုသင်္ကတ အောက်ဘက်တွင် လူသုံးယောက် ရပ်နေပြီး အောက်ဘက်ရှိ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများကို ကြည့်ကာ သူတို့ချင်း စကားပြောနေကြသည်။

သူတို့သည် မန္တာန်အစီအရင်ကြောင့် သူတို့၏တည်ရှိမှုကို ကွယ်ဝှက်ထားနိုင်ကြပြီး သူတို့ကိုယ်သူတို့ ဖုံးကွယ်ရန် အခြားဘာမျှ အားစိုက်ထုတ်စရာ မလိုပေ။

ထိုသုံးယောက်တွင် နှစ်ယောက်မှာ အခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူများ ဖြစ်ပြီး ကျန်တစ်ယောက်ကမူ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။ သူတို့သည် အသစ်ရောက်လာသူများကို လက်ခံရန် တာဝန်ယူထားသူများ ဖြစ်လောက်မည်။

ဟန်လိသည် အနီးအနားရှိ လူအုပ်ထဲ ရောနှောကာ ဝင်ထိုင်ပြီး ခေါင်းငုံ့ထား၏။ သူက မျက်လုံးမှိတ်ထားသော်လည်း သူ့စိတ်ဝိညာဉ်အာရုံကမူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်ကို အပြည့်အဝ ခြုံလွှမ်းထားပြီး ထိုသူတို့ ပြောစကားများကို နားထောင်နေသည်။

ထိုသုံးယောက်ထဲမှ အသက်နှစ်ဆယ်ကျော်လောက်ရှိမည့် မျက်နှာဖြူရော်ရော်နှင့် လူငယ်တစ်ယောက်က အောက်ဘက်ရှိ လူအုပ်ကို လက်ညှိုးထိုးကာ မကျေမချမ်းဖြင့် ပြောလိုက်သည်။

“စီနီယာအစ်ကိုချုံး…နောက်ဆုံးနေ့ မရောက်သေးပေမဲ့ ကျုပ်တို့ သဘောကျလောက်တဲ့ လေလွင့်ကျင့်ကြံသူ အရေအတွက်လည်း သိပ်မရှိပါလား။ အများစုက အရည်အချင်းမပြည့်ကြဘူး။ ချီစုဆောင်းခြင်းအဆင့်ခုနစ်တွေပဲ များနေတယ်။ မျောလွင့်တိမ်ဂိုဏ်းက လူတိုင်းကို တပည့်အဖြစ်လက်ခံလိမ့်မယ်လို့ အစ်ကို ထင်လား…”

“ဒါက ကျုပ်တို့ တတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကျုပ်တို့ဂိုဏ်းဟာ တပည့်အများအပြား လက်ခံခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ သင့်တော်လို့ပဲ။ သိုင်းဦးလေးကျင်းကလည်း လူလိုနေတာကြောင့် အဲ့အချိန်တုန်းက ချီစုဆောင်းခြင်းအဆင့်ရှစ်နှစ်ယောက်ကို ချွင်းချက်ထားပြီး လက်ခံခဲ့တယ်။ ဒါ့ကြောင့် ကျုပ်တို့ဂိုဏ်းဟာ ဝင်ဖို့ လွယ်ကူတယ်ဆိုပြီး နားလည်မှုလွဲသွားပြီး အခုတစ်ခေါက်မှာ ကံစမ်းဖို့ ရောက်လာကြတဲ့ လေလွင့်ကျင့်ကြံသူ အရေအတွက် အများကြီး ဖြစ်ကုန်တာပေါ့…”

အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ကျင့်ကြံမှုရှိသူ၊ အစ်ကိုချုံးဆိုသူက ထိုသို့ ပြောလာသည်။ အစ်ကိုချုံးမှာ အသက်လေးဆယ်ဝန်းကျင်၊ မျက်နှာလေးထောင့်စပ်စပ်နှင့် တောက်ပသောမျက်လုံးကို ပိုင်ဆိုင်ထားသည့် အသွင်အပြင် ရှိသည်။

သူရဲကောင်းဟန်ပန်နှင့်လူငယ်ကတော့ ရယ်မောကာ ပြောလာသည်။

“ဟုတ်တယ်ဗျ။ ဒီတစ်ကြိမ်တော့ ကျုပ်တို့ သက်ညှာပေးလို့ မဖြစ်တော့ဘူး။ တကယ်တော့ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက လက်ခံခဲ့တဲ့ အဆင့်နိမ့်တပည့်တွေရဲ့ စိတ်ဝိညာဉ်ရင်းမြစ်နဲ့ ကျင့်ကြံခြင်းဟာ ကချလာပဲ။ အကြီးအကဲက ဒါကို သတိပြုမိခဲ့ပုံ ရပြီး ဂိုဏ်းချုပ်ကို သတိပေးခဲ့၊ အသိပေးခဲ့တယ်လေ။ ဒါ့ကြောင့် ကျုပ်တို့က ဂိုဏ်းခေါင်းဆောင်တွေရဲ့ စကားအတိုင်း လိုက်နာပြီး အရေအတွက် မဟုတ်ဘဲ အရည်အသွေးကို ဦးစားပေးရလိမ့်မယ်…”

မျက်နှာဖြူရော်ရော်နှင့်လူငယ်သည် အောက်ဘက်ရှိ လေလွင့်ကျင့်ကြံသူများကို ငုံ့ကြည့်ပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။

“အရေအတွက် မဟုတ်ဘဲ အရည်အသွေးနဲ့တဲ့လား။ ဒီလိုသာဆို ကျုပ်တို့ဟာ တပည့်ဆယ်ယောက်လောက်ပဲ ရွေးချယ်ပြီး ကျန်တဲ့သူတွေကို လှည့်ပြန်ခိုင်းလိုက်တာ ကောင်းလိမ့်မယ်…”

စီနီယာအစ်ကိုချုံးက ထိုလူငယ်ကို တစ်ချက်လှမ်းကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ညီလေးလျှိုက ဒီလေလွင့်ကျင့်ကြံသူတွေကို အထင်မသေးသင့်ဘူး။ သူတို့ထဲမှာ ပါရမီရှင်အချို့တော့ ပါမှာပဲ။ တို့မတွေ့သေးတာ။ ဂျူနီယာညီလေးဟောင်ဆိုလည်း လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲလေ။ ဒါပေမဲ့ သူ့ကြိုးစားမှုကြောင့် ငါးနှစ်အတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို သူ ရောက်နိုင်ခဲ့တယ် မဟုတ်လား။ သူ့ကို သင့်တော်တဲ့ ကျင့်ကြံခြင်းပညာရပ်နဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံး ပေးခဲ့ပေမဲ့လည်း ဒါဟာ သူ့ပါရမီတွေကြောင့်လည်း ပါတယ်လို့ သတ်မှတ်နိုင်တာပဲ…”

မျက်နှာဖြူရော်ရော်နှင့်လူငယ်သည် ထိုစကားကို ကြားသည့်အခါ တစ်ခုခု တွေးမိသွားပြီး ချောင်းဟန့်လိုက်သည်။ ထို့နောက်တွင် သူသည် ခပ်သွက်သွက် ပြုံးင ပြောသည်။ သူသည် ဤစီနီယာအစ်ကိုချုံးကို အနည်းနှင့်အများ ကြောက်ပုံရသည်။

“အစ်ကိုချုံး ပြောတာ မှန်ပါတယ်။ ကျုပ် စကားပြော မှားသွားခဲ့တာပါ…”

အစ်ကိုချုံးဆိုသူက သည်လူငယ့်ကို တစ်ခုခု ပြောရန် ပြင်၏။ သို့သော် ဟန်လိကမူ သူတို့စကားဝိုင်းတွင် စိတ်ဝင်စားစရာ မတွေ့၍ သူ့စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းကာ စတင်ကျင့်ကြံတော့သည်။

ခုလက်ရှိတွင် သူသည် အခြားကျင့်ကြံသူများ၏အမြင်တွင် အဆင့်တစ်ဆယ်ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေရန် လှည့်စားထားပေသည်။ သူ့အတွက် ဂိုဏ်းဝင်ရန် ပြဿနာ မရှိနိုင်ချေ။

နေ့ဝင်လောက်ကြာပြီးနောက် တောင်လှေကားထစ်များကို တက်ရောက်ပြီးကြသည့် ကျင့်ကြံသူ အရေအတွက် ပိုများလာသည်။ နေဝင်ခါနီးအချိန် ရောက်လာချိန်တွင်မူ စင်မြင့်ပေါ်တွင် ထိုင်နေကြသော ချီစုဆောင်းခြင်းကျင့်ကြံသူအရေအတွက်သည် တစ်ရာနီးပါး ရှိလာခဲ့ပေပြီ။ အများစုမှာ လူငယ်များ ဖြစ်ကြသော်လည်း ကျင့်ကြံမှုအဆင့် ပိုနက်နဲ့သည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်လည်း ပါသည်။

ထိုအခိုက်တွင် အနီရောင်အလင်းတန်းတစ်ခုသည် အဆောက်အဦငယ်ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ၎င်းအလင်းက ပျောက်ကွယ်ကာ မျှော်စင်တစ်ခု ပေါ်လာသည်။ ထိုမျှော်စင်ပေါ်တွင် ပုံရိပ်သုံးခု ရပ်နေလျက် ရှိ၏။

စီနီယာအစ်ကိုချုံးက လူအုပ်ကို မျက်နှာကြောတင်းတင်ဖြင့် ဝေ့ခတ်ကြည့်ရှုပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျုပ်တို့ မျောလွင့်တိမ်ဂိုဏ်းကို ရောက်လာတဲ့သူအားလုံးကို ကြိုဆိုပါတယ်။ ကျုပ်နဲ့ ကျုပ်ညီကိုတွေဟာ ခင်ဗျားတို့ကို ဂိုဏ်းဝင်တပည့်အသစ်အဖြစ် အကဲဖြတ်ပေးမဲ့သူတွေပဲ။ ခင်ဗျားတို့ကို ကျုပ် ခုဆက်ပြောမဲ့ စကားကို သေချာနားထောင်ဖို့ မျှော်လင့်ပါတယ်။ မကြားရ မရှိ မဖြစ်ပါစေနဲ့…”

All Chapters