← Chapters

ဂိုဏ်းဝင်ခြင်း (၂)

Vol. 43 Ch. 600

ဂိုဏ်းဝင်ခြင်း (၂)

Vol. 43 Ch. 600

ဤသို့ ရုတ်တရက်ပြောင်းလဲမှုများနှင့် စီနီယာအစ်ကိုချုံး၏ စကားများကို ကြားသည့်ခါ စင်မြင့်ပေါ်ရှိ ကျင့်ကြံသူများသည် ခဏ တုန်လှုပ်သွားကြသည်။ ထို့နောက် သူတို့က ကပျာကယာထရပ်ကြသည်။ သူတို့အားလုံးတွင် လေးစားသည့်ဟန်၊ အာရုံစိုက်နေသည့်ဟန်များ ရှိနေသည်။ သူတို့သည် မျောလွင့်တိမ်ဂိုဏ်းသို့ ဝင်ရန် မျှော်စင်ပေါ်တွင် ရပ်နေကြသော ကျင့်ကြံသူသုံးယောက်ထံမှ အမြင်ကောင်းရဖို့ အရေးကြီးကြောင်း သိကြသည်။

လေလွင့်ကျင့်ကြံသူများ၏ အလိုက်သိအကင်းပါးမှုကို မြင်သည့်အခါ စီနီယာအစ်ကိုချုံးဆိုသူမှာ ကျေနပ်သွားသည်။ သူက အလေးအနက်ဖြင့် ဖြည်းဖြည်းချင်း စပြောသည်။

“ကျုပ်တို့ တပည့်လက်ခံတဲ့ စံသတ်မှတ်ချက်ကို ရောင်းရင်းတို့အားလုံး သိထားပြီးလောက်ပြီ။ ဒါကြောင့် ကျုပ် အသေးစိတ်တော့ မပြောတော့ဘူး။ စိတ်ဝိညာဉ်ရင်းမြစ်သုံးမျိုး၊ နှစ်မျိုးနဲ့ အထူးစိတ်ဝိညာဉ်ရင်းမြစ်တွေ ပိုင်ဆိုင်ထားတဲ့ ရောင်းရင်းတွေ ရှေ့တိုးပါ…”

ထိုသို့ပြောပြီးသည်နှင့် လူအုပ်ကြီးသည် လှုပ်ရှားသွားတော့သည်။ ခဏအကြာတွင် လူလေးယောက် ရှေ့သို့ တိုးလာ၏။ သူတို့မှာ အမျိုးသားသုံးယောက်၊ အမျိုးသမီးတစ်ယောက်ပင်။ အစ်ကိုချုံးဆိုသူက သူတို့ကို ဝေ့ခတ်ကြည့်ရှုပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းတို့လေးယောက်က ဂျူနီယာညီလေးလျှိုနောက်ကနေ လိုက်သွားပါ။ သူက မင်းတို့ရဲ့ ကျင့်ကြံခြင်းပါရမီကို အကဲဖြတ်ပေးမဲ့သူပဲ…”

မျှော်စင်ထက်မှ မျက်နှာဖြူရော်ရော်နှင့်လူငယ်သည် ရှေ့သို့ လှမ်းလာပြီး မည်သည့်စကားမျှ မဆိုဘဲ သူ့လက်ကို ဝေ့ရမ်းလိုက်သည်။ အဖြူရောင်အလင်းတန်းတစ်ခုက သူ့အင်္ကျီလက်အိုးထံမှ ပျံသန်းထွက်လာပြီး လေထဲတွင် ဝေ့ပတ်ကာ အဖြူရောင်ပုဝါတစ်ထည်အဖြစ်သို့ ပြောင်းသည်။ ၎င်းသည် မြေပြင်ထက် တစ်မီလောက်အမြင့်တွင် မြောလွင့်တည်ရှိ၏။

လူငယ်သည် မှော်ပုဝါအပေါ် ဖြတ်ခနဲ ပေါ်လာပြီး အမူအရာကင်းမဲ့စွာ ပြောသည်။

“ဒီအပေါ်တက်လာခဲ့။ ကျုပ်က မင်းတို့ကို နောက်ထပ် နေရာတစ်ခုဆီ ခေါ်သွားပေးမယ်။ အဲ့မှာ မင်းတို့ရဲ့ ပါရမီကို စစ်ဆေးကြည့်ပေးမှာ ဖြစ်တယ်။ မကိုက်ညီတဲ့သူတွေကတော့ ပြန်ပို့ခံရမယ်…”

သူတို့လေးယောက်က ထိုစကားကို ကြားသည့်အခါ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိပြီး ပုဝါပေါ်သို့ တက်ကြသည်။ ထို့နောက် မျက်နှာဖြူရော်ရော်နှင့်လူငယ်သည် သူ့လက်နှစ်ဖက်ကို ပူးကပ်၍ မန္တာန်ချိပ်ဟန်တစ်ခု ထုတ်ဖော်သည်။ ပုဝါသည် ပို၍ တောက်ပလာပြီး အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။

သူတို့ ထွက်သွားကြပြီးနောက် စီနီယာအစ်ကိုချုံးက ကျန်သည့်သူများကို ကြည့်ကာ ဆက်ပြောသည်။

“ချီစုဆောင်းခြင်းအဆင့်တစ်ဆယ်နဲ့ အထက် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတဲ့သူတွေ ရှေ့ကို တိုးလာပါ။ မင်းတို့က ဂျူနီယာညီလေးယုနောက်ကို လိုက်သွားရလိမ့်မယ်။ ဒီအဆင့်ရှိတဲ့သူတွေက ဘယ်သူပဲဖြစ်ဖြစ် ဂိုဏ်းကို ဝင်ရောက်နိုင်မယ်။ ကျန်တဲ့သူတွေကတော့ ဂိုဏ်းထဲ ဝင်ချင်တယ်ဆို စမ်းသပ်မှုတစ်ခုကို ဖြတ်သန်းဖို့ လိုအပ်လိမ့်မယ်။ အဲ့စမ်းသပ်မှုကို ကျရှုံးရင်တော့ နောက်ထပ်နှစ်အနည်းငယ်လောက် ထပ်ကျင့်ကြံပြီး တိုးတက်မှု ရှိပြီဆိုမှ ပြန်လာခဲ့ဖို့ ကျုပ် ပြောချင်တယ်…”

သူ ထိုသို့ ပြောပြီးသည်နှင့် လူအုပ်ကြီးထဲတွင် အော်သံဆူသံများ ဖြစ်သွားလေသည်။ ထူးခြားသော တချို့တလေကလွဲ၍ အများစုမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။

သည်တစ်ကြိမ် ဂိုဏ်းသားသစ်ရွေးချယ်ပွဲသည် ပို၍ တင်းကျပ်ပုံ ပေါ်သည်။ ကံစမ်းရန် ရောက်လာသော ကျင့်ကြံသူများမှာ စိတ်ပျက်ကုန်ကြ၏။ သူတို့သည် စမ်းသပ်မှုတွင် ဝင်ပါကာ အောင်မြင်လျှင် ဂိုဏ်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သော်လည်း လူတိုင်းသည် ဤသည်မှာ ယဉ်ယဉ်ကျေးကျေး ပြောဆို၍ လှည့်ပြန်ခိုင်းလိုက်ခြင်းသာ ဖြစ်ကြောင်း သိကြသည်သာ။

တကယ်တော့ ဤနေရာသို့ ရောက်လာကြသော လူပမာဏကို မျောလွင့်တိမ်ဂိုဏ်းအနေဖြင့် သူတို့အားလုံးအား အခွင့်အရေးတစ်ခု ပေးရန် မဖြစ်နိုင်ပါ။

မည်သို့ပင်ဖြစ်စေ ဤစမ်းသပ်မှုများသည် ချီစုဆောင်ခြင်းအဆင့်တစ်ဆယ်အောက် ကျင့်ကြံသူများအတွက် အလွန်တရာ ခက်ခဲမှာ ကျိန်းသေသည်။ ချီစုဆောင်းခြင်းအဆင့်ကိုး ကျင့်ကြံသူများကသာ အောင်မြင်နိုင်ခြေ အနည်းအကျဉ်း ရှိနိုင်၏။

ကျန်ခဲ့သူလူအုပ်ကြီး၏ မနာလိုအားကျသော အကြည့်အောက်တွင် ဟန်လိနှင့် နောက်ထပ် ကျင့်ကြံသူခြောက်ယောက်မှာ ရှေ့ထွက်လာသည်။ အစ်ကိုချုံးဆိုသူ၏အကြည့်က သူတို့ပေါ် ကျရောက်သွားပြီး သူက ခေါင်းညိတ်ပြသည်။

သူရဲကောင်းဟန်ပန်ဖြင့် လူငယ်က ဟန်လိတို့ ရှေ့တိုးလာတာ မြင်သည့်အခါ မှော်ပစ္စည်းတစ်ခုကို ချက်ခြင်း ပစ်လွှတ်လိုက်သည်။ ကြေးဇလုံကြီးတစ်ခုသည် သူတို့ရှေ့တွင် ပေါ်လာ၏။ သည်လူငယ် မည်သည့်စကားမျှ ပြောနေစရာ မလိုဘဲ ဟန်လိတို့အုပ်စုက ၎င်းမှော်ပစ္စည်းပေါ်သို့ နာနာခံခံ တက်ရောက်ကြသည်။ ထို့နောက်တွင် အနှီဇလုံကြီးသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ အိပ်မက်တိမ်တောင်တန်း၏ အတွင်းနက်ပိုင်းထဲ ပျံသန်းသွားလေသည်။

ဟန်လိသည် အရည်အသွေး မပြည့်မီဘဲ ကျန်ခဲ့သည့်သူများအပေါ် အာရုံစိုက်မနေဘဲ သည်ဇလုံ၏ အဝါရောင်အလင်းထဲတွင် သူနှင့်အတူ ရှိနေကြသော အခြားခြောက်ယောက်ကို စူးစမ်းနေသည်။ အသက်နှစ်ဆယ်ဝန်းကျင်လောက် ရှိမည့် အဝါရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်ကလွဲ၍ ကျန်သည့်သူများမှာ အသက်သုံးဆယ်ဝန်းကျင်လောက် ရှိကြသည်။

အသက်ငါးဆယ်လောက် ရှိမည့် ကျင့်ကြံသူတစ်ယောက်ပင် ပါသေး၏။ သူသည် ချီစုဆောင်းခြင်းအဆင့်ဆယ့်နှစ် ကျင့်ကြံသူများကြားတွင် ကျင့်ကြံခြင်းအနက်ရှိုင်းဆုံး ပိုင်ဆိုင်ထားသော်ငြား ဟန်လိက ခေါင်းရမ်းကာ စိတ်ထဲကနေ သက်ပြင်းချမိသည်။ ပါရမီနည်းသော ကျင့်ကြံသူများသည် ကံကောင်းမှုကြီးကြီးမားမားသာ ကြုံရပါက ချီစုဆောင်းခြင်းအဆင့်တစ်ဆယ် အထက်သို့ ရောက်ရန် အချိန်များစွာ ပေးခဲ့ရမည်သာ။ သည်အုပ်စုထဲတွင် ဟန်လိနှင့် အဝါရောင်ဝတ်စုံဖြင့်အမျိုးသမီးတို့ကသာ ငယ်ငယ်ရွယ်ရွယ် ရှိပုံ ပေါ်သည်။

ဟန်လိသည် ဆန်းကြယ်သောပုလင်းကြောင့်သာ မဟုတ်ပါက သူလည်း သည်အသက်ကြီးကြီး ချီစုဆောင်းခြင်းအဆင့်ဆယ့်နှစ် ကျင့်ကြံသူကဲ့သို့ သူ့တစ်ဘဝလုံးနီးပါး ကျင့်ကြံနေရမှာကို စိုးမိပေသည်။

ဟန်လိသည် သူ့အတိတ်ကို ပြန်စဉ်းစားမိချိန်တွင် ဖြစ်ခဲလှသော သတိလက်လွတ်စိတ်အခြေအနေထဲ ဝင်ရောက်သွားမိသည်။

ခဏအကြာတွင် သူသည် စိတ်ကြည်လင်မှု ပြန်ရကာ အခြားသူများကို ကြည့်လိုက်သည်။ သူတို့သည် သိသိသာသာ ထူးခြားနေပုံမရ။ သူတို့မျက်နှာထက်တွင် စိတ်လှုပ်ရှားနေခြင်းကိုသာ မြင်ရသည်။

သို့သော် ဟန်လိ၏အကြည့်က နားသယ်မွှေးစစနှင့် ဗလကောင်းကောင်းလူထံ ကျရောက်သွားချိန်တွင်မူ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။ သို့သော် ခဏအကြာတွင် သူ့အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။

သူသည် ထိုလူ၏ ပုံပန်းသွင်ပြင်ကြောင့် မူမမှန်မှုကို သတိပြုမိခဲ့တာ မဟုတ်၊ ထိုသူ့ထံတွင် အေးစက်သောယင်ချီ ပိုင်ဆိုင်ထားတာကို သတိပြုမိသောကြောင့်သာ မျက်မှောင်ကြုတ်သွားခဲ့တာ ဖြစ်သည်။ ထိုယင်ချီမှာ လုံးဝ မသိသာချေ။ ဟန်လိ၏ စိတ်အာရုံက အစွမ်းထက်လှသည့်အတွက်ကြောင့်သာ မဟုတ်ပါက သူသည် ၎င်းကို သတိမူမိမည် မဟုတ်ပေ။

သို့ရာတွင် သည်လူ၏ ချီစုဆောင်းခြင်းအဆင့်တစ်ဆယ် ကျင့်ကြံခြင်းကမူ နည်းနည်းလေးမျှ မှားယွင်းတာ မရှိနေသောကြောင့် ဟန်လိမှာ သိချင်စိတ်ဖြင့် စဉ်းစားမိသွားသည်။

ဟန်လိသည် စဉ်းစားနေစဉ် ဇလုံကြီး၏ရှေ့တွင် မြူထုတစ်ခု ပေါ်လာသည်။ ထိုအဖြူရောင်မြူထုသည် အလွန်သိပ်သည်းလှ၏။ ၎င်းမှာ သိပ်သည်းလွန်းသည်။ မိုးကြိုးသံများကိုလည်း ခပ်သဲ့သဲ့ ကြားရသည်။

ဟန်လိ၏စိတ်ထဲ လှုပ်ခတ်မိသွားပြီး သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်သည်။ သို့သော် သူက ၎င်းမြူနှင့် မီတာသုံးဆယ်လောက်အကွာသို့ ရောက်သည့်အချိန်တွင် တစ်စုံတစ်ခုက သူ့အား ပိတ်ပင်တားဆီးသည်။ သူ့စိတ်အတွင်း၌ တုန်လှုပ်သွားသည်။ အဖြူရောင်မြူသည် အမျိုးအမည်မသိရသော အတားအဆီးတစ်ခု ဖြစ်၏။ ၎င်းမှာ မျောလွင့်တိမ်ဂိုဏ်း၏ အကာအကွယ်အစီအရင်များထဲမှ တစ်ခု ဖြစ်နိုင်သည်။ သူသည် ဆက်ပြီး မစမ်းသပ်ဝံ့တော့ဘဲ စိတ်ဝိညာဉ်အာရုံကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်သည်။

လေလွင့်ကျင့်ကြံသူအုပ်စုသည် အဆုံးမဲ့မြူထုကို မြင်သည့်အခါ အံ့အားသင့်၊ ကြောက်လန့်ဟန် အမူအရာများ ဖြစ်ပေါ်ကုန်ကြသည်။ သူတို့သည် မန္တာန်အစီအရင်တစ်ခုကို အရင်က မမြင်ဖူးခဲ့သော်လည်း သူတို့ရှေ့ရှိ ဤအံ့ချီးဖွယ်အတားအဆီးက သူတို့ကို အမြင်ကျယ်သွားစေသည်။

ထိုအခိုက်တွင် လူငယ်ယုက သူ့လက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ဖြစ်ပေါ်သည်။ သူတို့ စီးနင်းလာသော မှော်ဇလုံမှာ ဖြည်းဖြည်းချင်း ရပ်တန့်သွား၏။ ထို့နောက် သူက သိုလှောင်အိတ်ထဲ လက်နှိုက်ကာ မိုးပြာအစီအရင်အလံတစ်ခုကို ထုတ်ယူလိုက်သည်။

တစ်စုံတစ်ခုကို ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် သူ့လက်ထဲရှိ အလံသည် စူးရှသောအလင်းဖြာထွက်လာပြီး တဖြည်းဖြည်း ပိုကြီးမားလာသည်။

“ပွင့်စေ…” သူ မန္တာန်ရေရွတ်ပြီးနောက် မြူထုကို ကြည့်ကာ ၎င်းထံသို့ အစီအရင်အလံဖြင့် ညွှန်သည်။ မိုးပြာရောင်အလင်းတန်းတစ်ခုသည် အလံထိပ်ဖျားမှ ထိုးထွက်ကာ မြူထုထံ တန်းတန်းမတ်မတ် ပြေးဝင်သွားကာ အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခုကို တွေ့ရလေတော့သည်။

မြူ၏ အခြားနေရာများသည် ပုံမှန်အတိုင်း တလိမ့်လိမ့် ရှိနေကြသော်ငြား သူတို့အုပ်စုရှေ့ရှိ မြူအစိတ်အပိုင်းကမူ အလွန်တရာ တည်ငြိမ်လာသည်။ ထို့နောက် ခေါင်းလောင်သံကို ကြားရ၏။ သူတို့ရှေ့ရှိ အဖြူရောင်မြူသည် ကွဲထွက်ကာ ဆယ်မီတာမျှ အကျယ်ရှိမည့် လမ်းကြောင်းတစ်ခု ပွင့်ဟသွားသည်။

ထို့နောက် လူငယ်ယုသည် ဤလူအုပ်ကို ခေါ်ကာ လမ်းကြောင်းထဲသို့ အချိန်ဆွဲမနေဘဲ ဝင်ရောက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့သည် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် ထိုလမ်းကြောင်းသည် ပိတ်ဆို့သွားပြီး မိုးကြိုးသံများမှာ တစ်ဖန် မြည်ဟိန်းနေတော့သည်။

ဆယ့်ငါးမီနစ်လောက်ကြာပြီးနောက် ဤအုပ်စုသည် မြူကို ဖြည်းဖြည်းချင်း ဖြတ်ကျော်ပြီးသည့်အခါ ကွယ်ဝှက်စွာတည်ရှိနေသော နယ်မြေတစ်ခုကို တွေ့မြင်ရလေပြီ။

သူတို့သည် မြူထုကို ရှင်းရှင်းလင်းလင်း ဖြတ်မမြင်နိုင်သေးခင်မှာပင် သူတို့ထံ တရကြမ်း တိုးဝင်လာသော စိတ်ဝိညာဉ်ချီကို ခံစားမိသည်။ ဟန်လိသည် အသက်ဝဝမရှိုက်သွင်းမိဘဲ မနေနိုင် ဖြစ်ရ၏။ သူသည် ပျော်ရွှင်ကျေနပ်သွားကာ ရှေ့တည့်တည့်သို့ လှမ်းကြည့်သည်။

ဤနေရာနယ်မြေသည် စိမ်းစိုနေ၏။ ပန်းရနံ့တို့ သင်းပျံ့လျက် ကျေးငှက်သံများကိုလည်း ကြားရ၏။ မျက်စိတစ်ဆုံးတွင် သုံးကီလိုမီတာလောက် မြင့်မားသော တောင်တန်းများ ဝိုင်းရံတည်ရှိသည်။ ထိုတောင်များ ပတ်ပတ်လည်တွင် အရွယ်အစားမျိုးစုံ ရှိကြသော အဆောက်အဦများ ရှိကြသည်။ နန်းတော်ခန်းမဆောင်များ၊ အဆောက်အဦများ၊ ဥဒဟို သွားလာနေသော ဝတ်စုံပုံစံမျိုးစုံဖြင့် ကျင့်ကြံသူများစွာကို မြင်ရလေသည်။

အသစ်ရောက်လာကြသော အုပ်စု၏ အံ့အားသင့်မှု၊ စိတ်လှုပ်ရှားနေမှုတို့ကို မြင်ရသည့်နောက် လူငယ်ယုက တိတ်တဆိတ် ပြုံးမိသည်။ သူက အနီးဆုံးရှိ တောင်ထံသသို့ လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

“သေချာကြည့်ပါ။ ဒါက မျောလွင့်တိမ်ဂိုဏ်းရဲ့ ဌာနချုပ်ဖြစ်တဲ့ အံ့ဖွယ်ခြောက်ပါးတောင်ပဲ။ မင်းတို့က ကျုပ်တို့ ဂိုဏ်းဝင် ဖြစ်ပြီဆိုတော့ ဒီနေရာဟာ မင်းတို့အိမ်ပဲ။ ဒါပေမဲ့ အရင်ဆုံး နွေဦးတောင်ရဲ့ မိတ်ဆက်ဆောင်ကို ကျုပ်တို့ အရင် သွားရလိမ့်မယ်။ မင်းတို့ရဲ့ အတိတ်အကြောင်းကို အနည်းအကျဉ်း ပြောပြရမှာ ဖြစ်ပြီး အဲ့နောက်မှာတော့ ကျုပ်တို့က မင်းတို့ရဲ့ ကျင့်ကြံခြင်းကို စမ်းသပ်မှာ ဖြစ်တယ်…”

All Chapters