← Chapters

ဂိုဏ်းဝင်ခြင်း (၃)

Vol. 43 Ch. 601

ဂိုဏ်းဝင်ခြင်း (၃)

Vol. 43 Ch. 601

ဟန်လိနှင့် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများသည် ထိုစကားကြောင့် အံ့အားမသင့်သွားပေ။ လူငယ်ယုသည် နွေဦးတောင်ထံ သူတို့ကို ခေါ်လာသည်။

သူတို့က လမ်းတစ်လျှောက်တွင် ချီစုဆောင်းခြင်း ကျင့်ကြံသူအရေအတွက်များစွာကို တွေ့ရသည်။ သူတို့က လူငယ်ယုကို မြင်သည့်အခါ တလေးတစား နှုတ်ဆက်ကြသည်။ ဤလူငယ်မှာ မျောလွင့်တိမ်ဂိုဏ်းတွင် နာမည် အတန်အသင့် ကျော်ကြားသူ ဖြစ်လောက်မည်။

လမ်းတွင် ဟန်လိတို့အုပ်စုသည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်နှင့်သာ ဆုံခဲ့သည်။ သူ့နားနှစ်ဖက်မှာ ချွန်၏။ သူက နွေဦးတောင်ထံမှ ပျံသန်းလာပြီး လူငယ်ယုကို မြင်သည့်အခါ ပြုံးပြ၍ စကားဆိုသည်။

“ညီလေးယု။ သူတို့က အသစ်ရောက်လာတဲ့ ခြောက်ယောက်လား။ ဒီတစ်ကြိမ် ဂိုဏ်းသားသစ်တွေက သိပ်မများဘူးပဲ…”

သူက လူငယ်ယုနှင့် အတော်လေး ရင်းနှီးသူကဲ့သို့ ပြုမူပြောဆိုလိုက်သော်လည်း အခြားသူများသည် သူ့စကားများနောက်ကွယ်တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိနေမှန်း မြင်နိုင်ကြသည်။

လူငယ်ယုသည် ထိုအဝါရောင်ဝတ်စုံနှင့် ကျင့်ကြံသူကို မြင်သည့်အခါ မျက်မှောင်ကြုတ်သွားသည်။ မည်သို့ပင်ဖြစ်စေ သူက တည်တည်ငြိမ်ငြိမ် ပြန်တုံ့ပြန်လိုက်သည်။

“အစ်ကိုယန်ပဲ။ သူတို့ကို အမှန်တရားပညာရပ်တွေနဲ့ စစ်ဆေးဖို့ လိုသေးသလို ဂိုဏ်းခေါင်းဆောင်နဲ့လည်း မိတ်ဆက်ပေးရပါဦးမယ်။ ဒါတွေပြီးမှသာ သူတို့ဟာ တရားဝင်တပည့်တွေ ဖြစ်လာကြမှာ။ ခုထိတော့ သူတို့က လျာထားတဲ့အဆင့်ပဲ ရှိပါသေးတယ်…”

အဝါရောင်ဝတ်စုံနှင့်လူငယ်က တဟားဟား ရယ်မောပြီး ပြောလိုက်သည်။

“ဒီလိုကို။ ဒါပေမဲ့လည်း ကျုပ်ရဲ့ အဆောင်သန့်စင်ခြင်းဂိုဏ်းခွဲမှာက လူလိုနေတာကို ညီလေးယု သိမှာပါ။ ဒီကျင့်ကြံသူတွေထဲက နှစ်ယောက်လောက်ကို ကျုပ်ဆီ ပို့ပေးလို့ ရနိုင်မလား…”

ဤအခိုက်တွင် သူ့အကြည့်က ဟန်လိတို့အုပ်စုအပေါ် အာရုံစိုက်နေသည်။ ဟန်လိ၏အမူအရာက တည်ငြိမ်လျက်ပင်။ သို့တိုင် ထိုသူ၏အကြည့်ကြောင့် သူက စိတ်ထဲတွင် မကျေမနပ်တော့ ဖြစ်မိသည်။ သူတို့ကို ကြည့်နေပုံနှင့် သူ့လေသံအရ ထိုသူသည် အသစ်ရောက်လာသော သည်အုပ်စုကို မတရားအလုပ်ခိုင်းချင်နေပုံပင်။

အခြားကျင့်ကြံသူများကလည်း သူ့စကားကို ကြားသည့်အခါ အမူအရာများ မသိမသာ ပြောင်းလဲသွားကြသည်။ သူတို့သည်လည်း ရှေ့မှ အနှီပုဂ္ဂိုလ်ကို သဘောမတွေ့ကြပုံ ပေါ်သည်။

“ဒါက ကျုပ် ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး…အစ်ကိုယန်။ ဂိုဏ်းခေါင်းဆောင်ကသာ တပည့်သစ်တွေကို နေရာချမှန်း အစ်ကိုလည်း သိတာပဲ။ စီနီယာအစ်ကိုမြောင်က လက်ခံရေးခန်းမဆောင်မှာ ကျုပ်ကို စောင့်နေတာ ဖြစ်လို့ ခင်ဗျားကို ဆက်ပြီး အဖော်မပြုပေးတော့ဘူးနော်…”

လူငယ်ယုသည် အဝါရောင်ဝတ်စုံ၏ မရိုးဖြောင့်မှုကို သိထားပုံ ရသည်။ သူက သူ့တောင်းဆိုချက်ကို ချက်ခြင်း ငြင်းဆန်ပစ်သည်။ ဆင်ခြေတစ်ခုပေးပြီးနောက် လူငယ်ယုသည် သူ့မှော်ပစ္စည်းကို ခြေနင်းဆောင့်ကာ ကျင့်ကြံသူအုပ်စုကို ခေါ်၍ အောက်ဘက်ရှိ ခန်းမဆောင်တစ်ခုထံ ဦးတည်သွားတော့သည်။

အဝါရောင်ဝတ်စုံနှင့်လူငယ်က ဆက်နှောက်ယှက်ရင် ကောင်းမလားဟု စဉ်းစားနေသေးသည်။ သို့သော် စီနီယာအစ်ကိုမြောင်ဟူသည့် အမည်ကို ကြားပြီးနောက် သူသည် ချီတုံချတုံ ဖြစ်သွားကာ လူငယ်ယုကို သွားခွင့်ပြုလိုက်ပေသည်။

အကွာအဝေးတစ်ခုမှ လူငယ်ယုနှင့် အခြားသူများ အဆောက်အဦထဲသို့ ဝင်သွားတာကို စောင့်ကြည့်နေပြီးနောက် သူ့အမူအရာသည် ဂနာမငြိမ် ဖြစ်နေပုံပေါ်သည်။ ခဏ စဉ်းစားပြီးနောက် သူက နှာခေါင်းရှုံ့ကာ အဝါရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ အခြားနေရာာတစ်ခုထံသို့ ပျံသန်းသွားတော့သည်။

ထိုအချိန်တွင် ဟန်လိတို့အုပ်စုသည် ခန်းမဆောင်၏ ပထမထပ်သို့ ရောက်နေကြပြီ ဖြစ်သည်။ ဤနေရာတွင် သူတို့သည် မမြင်ဖူးသည့်လူတစ်ယောက်ကို တွေ့မြင်ရသည်။

ထိုသူမှာ လူငယ်တစ်ယောက်။ သူက သစ်သားကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေပြီး လက်ထဲရှိ ဝါးစာလိပ်တစ်ခုကို စိတ်ဝင်တစား ဖတ်နေလျက် ရှိသည်။ သူသည် အသက်သုံးဆယ်ဝန်းကျင်လောက် ရှိမည်။ သို့သော် သူ့ကျင့်ကြံမှုအဆင့်ကမူ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်ပင်။ သည်အရွယ်ဖြင့် ဤအဆင့်သို့ ရောက်နေပုံကို ထောက်ရှု၍ သူ့ပါရမီမှာ ကောင်းမွန်လှမှန်း သိသာသည်။ သူ့အနေဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ချက်များစွာ ရှိနေသည်။ ထို့ကြောင့်လည်း အဝါရောင်ဝတ်စုံနှင့်လူငယ်က သူ့အမည်ကို ကြားသည့်အခါ ပြဿနာ မရှာဝံ့ဘဲ ဖြစ်ခဲ့လေသလား။

အခြားသူများကလည်း သည်လူငယ်၏ ကျင့်ကြံခြင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ကြသည့်အခါ တစ်ယောက်နှင့်တစ်ယောက် အံ့အားသင့် တုန်လှုပ်စွာ ကြည့်မိကုန်သည်။

ထိုအခိုက်တွင် သူသည် ဖတ်လက်စ ဝါးစာလိပ်ကို ခေါက်သိမ်းပြီး ဖြစ်၏။ သူက လူငယ်ယုကို လှမ်းကြည့်ကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။

“ဂျူနီယာညီလေးယု…ကျုပ်တော့ မင်းကို ဒုက္ခနည်းနည်း ပေးခဲ့မိပြီ။ အခုလမ်းမှာ ညီလေးယန်က မင်းကို လာတားသေးတယ်မလား…”

“အစ်ကို သိနေပြီးမှတော့ မေးနေဖို့ မလိုတော့ပါဘူးလေ။ ဒါပေမဲ့ အဲ့လူက စီနီယာအစ်မပိုင်းလင်းဆီ လာနှောက်ယှက် ပြန်တာလား…”

လူငယ်ယုက မကျေမချမ်းဖြင့် ထိုသို့ ပြောသည်။

“အဲ့လူ ဟုတ်လား။ ဂျူနီယာညီလေးယန်က လွန်ကဲတယ်ဆိုရင်တော့ သူဟာ ကျုပ်တို့ မျောလွင့်တိမ်ဂိုဏ်းရဲ့ ဂိုဏ်းသားချင်းပဲ မဟုတ်လား။ ဒါ့ကြောင့် ညီလေးယုရဲ့ ဒီအသုံးအနှုန်းက မသင့်တော်ဘူး။ ကျေးဇူးပြုပြီး နောင်ကျ ဒီလို မပြောမိ၊ မဆိုမိအောင် သတိထားပါ။ မဟုတ်ရင် ဆရာသာ သတိပြုမိသွားရင် အပြစ်ပေးခံရလိမ့်မယ်…”

သူ့စကားများက လူငယ်ယုကို ဆူနေပုံ ပေါ်သော်လည်း သူ့လေသံကမူ နည်းနည်းလေးမျှ ဒေါသသံ မပါလေဘဲ အေးအေးဆေးဆေးသာ။

သူ ထိုသို့ ပြောလာသည့်အခါ လူငယ်ယု၏ စိတ်ထဲ လန့်သွားပြီး ခပ်မြန်မြန် ပြန်ပြောလာသည်။

“စီနီယာအစ်ကိုပြောတာ မှန်ပါတယ်။ ဒီညီငယ်က နောင် အဲ့လို မပြုမူမိ၊ မပြောဆိုမိအောင် သတိထားပါ့မယ်…”

လူငယ်ယုက သူ့အမှားကို ဝန်ခံလာသည့်အခါ စီနီယာအစ်ကိုမြောင်က ခေါင်းညိတ်၍ ပြုံးပြသည်။ ထို့နောက်တွင် သူ့အကြည့်က ဟန်လိနှင့် အခြားသူများထံ ကျရောက်လာသည်။ သူက သူတို့ကို စတင်စစ်ဆေးကြည့်နေခြင်းပင်။

သူက ဟန်လိတို့ အုပ်စုကို သေချာကြည့်ရှု စစ်ဆေးနေပုံပင်။ ဤနေရာတွင် ရှိနေသူများမှာ စိုးရိမ်မှုကို အနည်းနှင့်အများ ခံစားနေရသည်။ ဟန်လိသည် ထိုလူငယ်၏အကြည့်က မုတ်ဆိတ်နှင့်လူကောင်ကြီးကြီးလူထံတွင် ခဏ ပိုကြာသွားသည်ဟု ဟန်လိမှာ ခံစားမိသည်။ သူ့ထင်မြင်မှု သက်သက်လည်း ဖြစ်နိုင်ပါသည်။ ဟန်လိသည် သူ့ကျင့်ကြံမှု အစစ်အမှန်ကို မြင်သွားရန် မဖြစ်နိုင်သော်လည်း နည်းနည်းတော့ မသက်မသာ ခံစားမိရသည်။

ခဏအကြာတွင် စီနီယာအစ်ကိုမြောင်သည် သူ့အကြည့်ကို ပြန်ရုတ်ပြီး ခါးကိုထိကာ အဆောင်တစ်ခုကို ထုတ်ယူသည်။ ၎င်းအဆောင်မှာ ငွေရောင်းလင်းလက်တောက်ပလျက် ရှိသည်။

“ကျုပ် မျှော်ထင့်တားသလို….ဂိုဏ်းသားသစ်က လူခုနစ်ယောက်ဆိုတော့ ကောင်းတာပေါ့။ မဟုတ်ရင် မင်းတို့အားလုံးအတွက် နှလုံးသားအမှန်တရား အဆောင်တွေ လုံလောက်မှာ မဟုတ်ဘူး။ ဂျူနီယာညီလေးယု…ဒီအဆောင်တွေကို ယူပြီး သူတို့ခန္ဓာကိုယ်ပေါ်မှာ ထားလိုက်။ ဒီအဆောင်တွေ အာနိသင် ပြပြီးရင် သူတို့ကို ကျုပ် အခန်းဆီ လာခိုင်းလိုက်…”

စီနီယာအစ်ကိုမြောင်သည် အလေးအနက်လေသံဖြင့် ပြောကာ ယင်းအဆောင်များကို လူငယ်ယုထံသို့ ကမ်းပေးသည်။ ထို့နောက် သူက ကုလားထိုင်ပေါ်မှ ထရပ်ကာ သူတို့ကို အာရုံမစိုက်တော့ဘဲ ဒုတိယထပ်သို့ တက်သွားတော့သည်။

သို့သော် ထိုလူငယ်မှာ လှေကားထောင့်ချိုးတစ်ခုနား ရောက်သည့်အခါ ရုတ်တရက် ယိုင်ထိုးသွားပြီး ချောင်းတဟွတ်ဟွတ်ဆိုးလေတော့သည်။ သူ့ကြည့်ရတာ အတော်လေး နာကျင်နေပုံ ရ၏။ ခဏအကြာမှ သူက ဟန်ချက်ပြန်ထိန်းကာ သည်မှာရှိနေသော လူအားလုံး၏ အံ့ဩနေသော အကြည့်အောက်မှာ လှေကားပေါ်သို့ ဆက်တက်သွားသည်။

ဟန်လိ၏မျက်လုံးထဲတွင်လည်း အံ့အားသင့်ဟန် ဖြတ်ပြေးသွားသော်လည်း မြန်မြန်ဆန်ဆန် ပြန်ပျောက်ကွယ်သွား၏။ အစ်ကိုယု၏အမူအရာတွင်လည်း စိုးရိမ်ဟန် ဖြစ်ပေါ်သွားပြီး သူက သက်ပြင်းချ၏။ ထို့နောက် သူက ဟန်လိနှင့်အခြားသူများကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“ဒါတွေက နှလုံးသားအမှန်တရားအဆောင်တွေပဲ။ မင်းတို့ ဘာလုပ်ရမယ်ဆိုတာ သိကြတယ်မလား။ မင်းတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ၊ စိတ်ကူးတွေ၊ အကြံတွေ ရှိမယ်ဆို ခုတည်းက ထွက်သွားတာ မင်းတို့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။ တကယ်လို့ ရှာတွေ့ခံရမှဆို ရက်စက်မှုအတွက် ကျုပ်တို့ မျောလွင့်တိမ်ဂိုဏ်းကို အပြစ်မတင်ကြနဲ့…”

သူ ထိုသို့ ပြောနေချိန်တွင် သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ သူ့လေသံမှာလည်း ခြိမ်းခြောက်ဟန် ပါသည်။ သို့သော် မည်သူကမျှ ထွက်မသွားကြပေ။ လူငယ်ယုက ကျေနပ်သွားပြီး ခေါင်းညိတ်ပြကာ လက်ဝေ့ရမ်းလိုက်၏။ သူ့လက်ထဲရှိ ငွေရောင်အဆောင်များသည် ဟန်လိတို့အုပ်စုထံ ပျံသန်းရောက်ရှိလာသည်။ ထို့နောက် သူက သည်ခုနစ်ယောက်ကို အာရုံစိုက်မနေဘဲ ထိုင်ချကာ မျက်လုံးမှိတ်၏။

အခြားသူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ သူတို့စိတ်ထဲတွင် ကိုယ်စီကိုယ်စီအတွေးများ ရှိနေသော်လည်း မည်သူကမျှ ဤအမှန်တရားအဆောင်များကို မဆုတ်ဖြဲဝံ့ပေ။ သူတို့သည် စောင့်နေရုံသာ တတ်နိုင်သည်။ ထိုစဉ် ဟန်လိက ခေါင်းငဲ့ကာ သူ့ပုခုံးနားမှ ငွေရောင်အဆောင်ကို တစ်ချက်ကြည့်သည်။ ခဏအကြာတွင် သူက လှောင်ပြုံးပြုံး၏။ အဆောင်မှာ ငွေရောင်အလင်း စတင်တောက်ပလာပြီးနောက် ခဏအကြာတွင် မှိန်ဖျော့သွားလေသည်။

လူငယ်ယုသည် တစ်ခုခုကို ခံစားမိကာ မျက်လုံးဖွင့်လာသည်။ သူက ဟန်လိကို လှမ်းကြည့်ပြီး စိတ်ခံစားချက်ကင်းမဲ့စွာ ပြောသည်။

“ဒုတိယထပ်ကိုသွားချေ။ စီနီယာအစ်ကိုမြောင်က မင်းကို စောင့်နေတယ်…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် အဆောင်ကို တစ်ချက်ကြည့်ပြီး ဘာစကားမျှမဆိုဘဲ လှေကားထစ်အတိုင်း တက်သွားသည်။ ဒုတိယထပ်မှာ တိတ်ဆိတ်၏။ ဖျာနှစ်ချပ်ကလွဲ၍ မည်သည့်အရာမျှ ရှိမနေပေ။ အစ်ကိုမြောင်သည် ဖျာတစ်ချပ်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေသည်။ ဟန်လိရောက်လာတာ သူ မြင်သည့်အခါ အခြားဖျာတစ်ခုကို လက်ညှိုးထိုးပြပြီး ပြုံး၍ ပြောလာသည်။

“ကျေးဇူးပြုပြီး ထိုင်ပါ။ စိတ်ပူဖို့ မလိုဘူး။ ဒီစစ်ဆေးမှုက မြန်ပါတယ်။ မင်းရဲ့ အဖြေဟာ အမှန်ကို ပြောတာ ဟုတ်၊ မဟုတ်ကိုပဲ စစ်ဆေးမှာ။ မင်းရဲ့ အဖြေက အကုန်မှန်နေစရာမလိုဘူးဆိုပေမဲ့ အများစုတော့ မှန်ရလိမ့်မယ်။ ဆိုတော့ ကျုပ်က မင်းကို မေးခွန်းဆယ်ခုမေးမယ်။ သုံးခုထက် ပိုမှားတယ်ဆို ဂိုဏ်းက မင်းကို လက်ခံမှာ မဟုတ်ဘူး။ မင်း သဘောပေါက်ရဲ့လား…”

ဟန်လိက ခေါင်းညိတ်၍ နှိမ့်ချသည့်လေသံဖြင့် ပြန်ဖြေသည်။

“ဂျူနီယာ…သဘောပေါက်ပါတယ်…”

ထို့နောက် ဟန်လိသည် လူငယ်ရှေ့ရှိ ဖျာပေါ်သို့ ဝင်ထိုင်သည်။ မည်သို့ပင်ဖြစ်စေ ဟန်လိသည် စိတ်ထဲကနေမူ နှာခေါင်းရှုံ့နေသည်။ နှလုံးသားအမှန်တရားပညာရပ်သည် သူ့ရည်ရွယ်ချက် အမှန်များကို မည်သို့ ဖော်ထုတ်နိုင်ပါ့မည်နည်း။

“ကောင်းပြီ။ စကြတာပေါ့။ မင်း ဘယ်မှာ မွေးဖွားခဲ့လဲ…” ဟန်လိ၏ပုခုံးထက်ရှိ အဆောင်မှ ငွေရောင်အလင်း တောက်ပသွားတာ မြင်သည့်အခါ အစ်ကိုမြောင်သည် မေးခွန်းများ စမေးတော့သည်။

ဟန်လိနှင့် အခြားသူများသည် ဤခန်းမဆောင်ထဲမှ ပျံသန်းထွက်လာကြသည်။ သူတို့သည် အကြီးဆုံးတောင်ထံ ဦးတည်၍ ပျံသန်းနေခြင်း ဖြစ်သည်။ ဤတွင် စစ်ဆေးခံရသော ကျင့်ကြံသူအားလုံးမှာ စီနီယာအစ်ကိုမြောင်၏ စစ်ဆေးမှုကို မည်သည့်ပြဿနာမျှ မရှိဘဲ ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ထို့ကြောင့် မျောလွင့်တိမ်ဂိုဏ်းခေါင်းဆောင်က သူတို့ကို အသိအမှတ်ပြုပေးပြီး သူတို့၏အမည်များကို မှတ်တမ်းတင်ပြီးသည်နှင့် သူတို့သည် ဂိုဏ်း၏တရားဝင် ဂိုဏ်းသားများ ဖြစ်လာကြပေမည်။

All Chapters