← Chapters

ရွှေသတ္တုဖိုတည်ဆောက်ပုံ

Vol. 43 Ch. 602

ရွှေသတ္တုဖိုတည်ဆောက်ပုံ

Vol. 43 Ch. 602

အံ့ဖွယ်ခြောက်သွယ်တောင်ထွတ်များတွင် အကြီးမားဆုံး တောင်ထွတ်သည် ဆယ်ကီလိုမီတာကျော် မြင့်မားပေသည်။ အခြားတောင်များက ၎င်းကို ဝိုင်းရံ တည်ရှိနေခြင်းပင်။ နွေဦးတောင်သည်လည်း ၎င်းတို့ထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ဤတောင်ထိပ်၏ အပေါ်ပိုင်းတစ်ဝက်မှာ ဆန်းကြယ်သော ခရမ်းရောင်မြူဖြင့် ခြုံလွှမ်းခြင်း ခံထားရကာ အရာအားလုံးကို ကွယ်ဖုံးပေးထားသလိုပင်။

တောင်အောက်ပိုင်းတစ်ဝက်ကတော့ သက်ဝင်လှုပ်ရှားမှုများ ပြည့်နေသည်။ တောင်အနှံ့အပြားတွင် အရွယ်အစားမျိုးစုံ၊ ပုံစံသဏ္ဍာန်မျိုးစုံ ရှိနေ၏။ ကြီးမားသော နန်းဆောင်ကြီးများ၊ ခန်းမဆောင်များ၊ ကျောက်သားအရိုင်းထည် အိမ်များစွာ ရှိကြသည်။ သည်အဆောက်အဦများကို ထုံးကျောက်များဖြင့် သွယ်တန်းလမ်းဖောက်ထားသည်။

ထိုလမ်းများပေါ်တွင် ဆိုင်များ ဖွင့်ထားပြီး ကုန်ပစ္စည်းများ ခင်းကျင်းကာ ရောင်းဝယ်ဖောက်ကားနေသူများ ရှိကြသည်။ သူတို့သည် မျောလွင့်တိမ်ဂိုဏ်းမှ တပည့်များ ဖြစ်ကြသည်။ ဟန်လိနှင့် အခြားသူများက ဤသည်ကို မြင်သည့်အခါ ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။ လူငယ်ယုသည် ထိုမြင်ကွင်းကို မြင်နေတွေ့နေကျ ဖြစ်၍ စိတ်မဝင်စားတော့ပေ။ သူက မှော်ဇလုံကို စီးနင်းကာ ရှေ့သို့ ဆက်ပျံသန်းသည်။ သူတို့သည် လေထဲ တစ်ကီလိုမီတာအမြင့်လောက်ကနေ ကျောက်သားခန်းမဆောင်တစ်ခုထံ ပျံသန်းလာကြ၏။

ထိုခန်းမဆောင်သည် မီတာတစ်ရာမျှ အမြင့်ရှိ၏။ ၎င်း ပတ်ပတ်လည်တွင် မီတာနှစ်ဆယ်မျှ အကျယ်အဝန်းရှိမည့် အဆောင်ငယ်လေးများစွာ တည်ရှိသည်။ ဤခန်းမဆောင်ထဲ အဝင်၊အထွက် လုပ်နေကြသော ကျင့်ကြံသူအချို့လည်း ရှိ၏။

ဤခန်းမဆောင်ရှေ့သို့ ရောက်လာသည့်အခါ ကျင့်ကြံသူယုက သူ့မှော်ဇလုံကို ရပ်တန့်ကာ သူတို့သည် ၎င်းပေါ်မှ သက်ဆင်းကြသည်။ ထို့နောက် လူငယ်ယုက မန္တာန်ချိပ်ဟန်တစ်ခု ပြုလုပ်၏။ မှော်ဇလုံမှာ မြန်ဆန်စွာ ကြုံ့သွားပြီး ၎င်းကို သူ့သိုလှောင်အိတ်ထဲ ထည့်သိမ်းသည်။

“ခဏစောင့်ကြ။ ဂိုဏ်းခေါင်းဆောင်ဆီ ကျုပ် အရင်ဆုံး သတင်းပို့လိုက်ဦးမယ်။ ပြီးမှ မင်းတို့ကို ခေါ်လိုက်မယ်…” သူသည် ခန်းမဆောင်ထဲသို့ တန်းတန်းမတ်မတ် ဝင်လာသည်။ ခန်းမဆောင်၏ တံခါးစောင့် ချီစုဆောင်းခြင်းကျင့်ကြံသူများက လူငယ်ယုကို သိကြကာ တလေးတစားဖြင့် ဂါဝရပြုနှုတ်ဆက်ကြ၏။

လူငယ်ယု မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် ထိုအစောင့်များသည် ဟန်လိတို့အုပ်စုကို စူးစမ်းကြည့်ဖြင့် ကြည့်သည်။ သူတို့သည် ဟန်လိတို့အုပ်စုကို မည်သူမည်ဝါ များ ဖြစ်ကြောင်း ခန့်မှန်းမိပြီး ဖြစ်ပုံရသည်။

တအောင့်အကြာတွင် အဖြူရောင်အလင်းတန်းတစ်ခုသည် ဤခန်းမဆောင်ထံ ပျံသန်းလာ၏။ ထိုအလင်း လွင့်ပျောက်သွားချိန်တွင် လူငယ်လျှိုနှင့်အတူ အခြားကျင့်ကြံသူလေးယောက်ကို သယ်ဆောင်ထားသော မှော်လက်ကိုင်ပုဝါတစ်ခုသည် ဟန်လိတို့ရှေ့တွင် ပေါ်လာသည်။ လူငယ်လျှိုက ဟန်လိတို့ ခုနစ်ယောက်အုပ်စုကို ကြည့်၏။ သူသည် အနည်းငယ် အံ့အားသင့်သွားပုံ ရသည်။ ထို့နောက် သူက သူ့မှော်လက်ကိုင်ပုဝါပေါ်မှ ဆင်းသက်ကာ ခန်းမဆောင်ထဲသို့ ဝင့်ကြွားစွာ ဝင်ရောက်သွား၏။ သူနှင့်အတူ ပါလာသော ကျင့်ကြံသူလေးယောက်ကမူ နောက်မှာ ကျန်ခဲ့ပေသည်။

ထို့နောက် ဟန်လိတို့အုပ်စုနှင့် ခုမှ ရောက်လာသော ကျင့်ကြံသူလေးယောက်တို့သည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြသည်။

မည်သည့်အတွက်ကြောင့်မှန်းမသိ သူတို့သည် တစ်ချိန်တည်း ဂိုဏ်းသို့ ဝင်လာကြသူများ ဖြစ်သော်လည်း သူတို့ကြားရှိ အခြေအနေမှာ တမျိုးဖြစ်နေသည်။ သူတို့ကြား ရန်လိုနေသလို ထင်ရ၏။ သို့သော် မျောလွင့်တိမ်ဂိုဏ်းသို့ ဝင်ရောက်ကြရတော့မည် ဖြစ်၍ နှစ်ဘက်လုံးသည် ကိုယ့်ကိုယ်ကိုယ် ထိန်းထားကာ ငြိမ်သက်စွာ ရှိနေသည်။ နာရီဝက်လောက်ကြာပြီးနောက် ကျင့်ကြံသူယုမှာ အပြင်ဘက်သို့ ပြန်ထွက်လာခဲ့လေပြီ။ သူ ထွက်လာသည်နှင့် ဟန်လိတို့အုပ်စုကို လက်ယက်လှမ်းခေါ်ပြီး လေးယောက်အုပ်စုထံ လှမ်းကြည့်ကာ ပြောလိုက်သည်။

“မင်းတို့လေးယောက်လည်း ကျုပ်တို့နဲ့ လိုက်ခဲ့ပါ။ ဂိုဏ်းခေါင်းဆောင်က မင်းတို့အားလုံးကို တစ်ပြိုင်နက်တည်း တပည့်အဖြစ် လက်ခံချင်စိတ် ရှိတယ်…”

ထိုသို့ပြောပြီး သူက တစ်ဖက်သို့လှည့်ကာ ခန်းမဆောင်ထဲသို့ ပြန်ဝင်ရောက်သွားသည်။ အုပ်စုနှစ်စုမှ ဖင်လေးမနေဝံ့ဘဲ သူ့နောက်သို့ ခပ်မြန်မြန် လိုက်ပါသည်။

လူငယ်ယုနောက်ကနေ လိုက်လာရင်း သူတို့သည် စင်္ကြံလမ်းသွယ်တစ်ခုကို ဖြတ်ကျော်လာကြပြီး မီတာတစ်ရာမျှ အကျယ်အဝန်းရှိ ခန်းမဆောင်ထဲ ဝင်လာသည်။ သည်ထဲတွင် ကျင့်ကြံသူရှစ်ယောက် ထိုင်နေ၏။ သူတို့အသီးသီးတွင် ကိုယ်ပိုင်ဟန်အမူအရာများ ရှိနေပြီး သူတို့က အကြောင်းအရာတစ်ခုခုကို ဆွေးနွေးနေကြသည်။

လူသစ်များ အထဲသို့ ရောက်လာသည့်အခါ ထိုကျင့်ကြံသူများသည် စကားပြောတာ ချက်ခြင်းရပ်၍ သည်အုပ်စုကို စူးစမ်းကြသည်။

ဤအခိုက်တွင် ဟန်လိ၏အသွင်ပုံစံမှာ နာခံဟန်အပြည့် ရှိဟန် ပေါ်နေသည်။ သို့သော် တစ်ချိန်တည်းမှာ သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ထားပြီး ထိုင်နေသော ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်နှင့် အသွင်အပြင်ကို အကဲခတ်နေသည်။ ဤအုပ်စုထဲတွင် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် တစ်ယောက်၊ အလယ်အဆင့် နှစ်ယောက်နှင့် ကျန်သူများမှာ အစောပိုင်းအဆင့်များ ဖြစ်ကြသည်။ စီနီယာအစ်ကိုချုံးနှင့် အစ်ကိုလျှိုတို့မှာလည်း ဤအုပ်စုထဲတွင် ရှိနေ၏။

အပြာရောင်ဝတ်စုံဖြင့် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က လူငယ်ယုထံ လက်လှမ်းပြပြီး ပြုံး၍ ပြောလာသည်။

“ညီလေးယုကို တို့တော့ အလုပ်များစေခဲ့ပြီ။ ကျေးဇူးပြုပြီး…ထိုင်ပါ…”

ထိုသူမှာ မျောလွင့်တိမ်ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဝေရီမင်ပင်။

သူ့ရုပ်ရည်က သာမန်ဖြစ်ကာ မျက်လုံးမျက်ဆန် ကျဉ်းကျဉ်းနှင့်ပင်။ သို့ရာတွင် သူ့လှုပ်ရှားမှုများက ထူးကဲသောတည်ရှိမှုတစ်ခုကို ပေးစွမ်းသည်။ သူက ရိုးရှင်းပုံ မရပေ။

“ကျေးဇူးအများကြီး တင်ပါတယ်…စီနီယာအစ်ကို…” လူငယ်က လက်နှစ်ဖက်ကို ယှက်ကာ ထိုင်ခုံပေါ်မှာ ဝင်ထိုင်သည်။

ထိုအခိုက်တွင် ထိုင်နေကြသော ကျင့်ကြံသူများက ဟန်လိတို့အုပ်စုကို အကဲခတ်ပြီးကြလေပြီ။ သူတို့အကြည့်က ပါရမီကောင်းသော လူငယ်လေးယောက်ထံ ကျရောက်နေသည်။ ထိုလူငယ်များမှာ ကြည့်ရှုခံနေရသောကြောင့် စိတ်လှုပ်ရှားနေကြသည်။ ဟန်လိသည် ဤမြင်ကွင်းကို မသိမသာ အံ့အားသင့်ဟန်ဖြင့် ကြည့်နေစဉ် ဂိုဏ်းခေါင်းဆောင်၏ စကားသံကို သူ ကြားလိုက်ရသည်။

ဂိုဏ်းဝင်တပည့်သစ်များကို စူးစမ်းကြည့်ပြီးနောက် ဂိုဏ်းခေါင်းဆောင်သည် ထိုင်ခုံပေါ်ရှိ အခြားကျင့်ကြံသူများကို တစ်ချက်လှမ်းကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ကောင်းပြီ။ ဒီတပည့်တွေက ဂိုဏ်းဝင်ဖြစ်ဖို့ အရည်အချင်း ပြည့်မီကြတယ်။ ဆိုတော့ ဂျူနီယာညီလေးတို့ မင်းတို့ သူတို့တွေကို ဘယ်နေရာမှာများ နေရာချချင်ကြလဲ…”

“ စီနီယာဝေရဲ့ သဘောထားကို ကျုပ်တို့ သဘောတူပါ့မယ်…” ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက်က ထိုသို့ တလေးတစား ပြောလိုက်သည်။ ထို့နောက်တွင်မူ သူက ပုံမှန်လေသံဖြင့် ဆက်ပြောလာသည်။

“ကျုပ်တို့ ပုန်းကွယ်ဓားတောင်ဟာ အပြင်စည်းတပည့်တွေ မလိုတော့ပါဘူး။ အတွင်းစည်းတပည့်တွေအတွက်တော့ လိုပါတယ်။ ဘာလိုလဲဆိုတော့ နောက်ဆုံးအကြိမ်တုန်းက ကျုပ်တို့ဟာ တပည့်နှစ်ယောက်ကိုပဲ စည်းရုံးခဲ့ရတော့ လူအရင်းအမြစ် လိုအပ်နေတာ။ ဒီတစ်ကြိမ်မှာတော့ တပည့်သစ်တစ်ယောက်လောက်ကို အတွင်းစည်းတပည့်အဖြစ် ခေါ်ပါမယ်။ ရွှေသတ္တုဖိုတည်ဆောက်ပုံနဲ့ တပည့်ကို အတွင်းစည်းတပည့်အဖြစ် ခေါ်ချင်ပါတယ်…”

အဘိုးအိုက ထိုသို့ ပြောပြီးနောက် အရပ်ရှည်ရှည်နှင့် လူကောင်တောင့်တောင့်လူငယ်တစ်ယောက်ကို လက်ညှိုးထိုးပြသည်။ ထိုလူငယ်သည် သူ့စကားကို ကြားသည့်အခါ အံ့ဩဟန် မဖြစ်ပေါ်ဘဲ မနေနိုင် ဖြစ်သွားရသည်။

မျက်နှာဖြူရော်ရော်နှင့် သက်လတ်ပိုင်းလူက ထိုအဘိုးအို ပြန်မထိုင်ခင်မှာပင် ကြားဖြတ်ကာ ဝင်ပြောလာသည်။

“ဟား…ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက မင်းတို့က တပည့်လက်ခံခဲ့တာ ပိုနည်းခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်ရင်းမြစ်နှစ်ခုနဲ့ တပည့်တစ်ယောက်ကို လက်ခံခဲ့တာလေ။ အပိုတွေ ပြောမနေတော့ဘူး။ ကျုုပ်တို့ မီးတိမ်တောင်က ဒီသာမန်မဟုတ်တဲ့ ဖွဲ့စည်းပုံနဲ့ တပည့်ကို လက်ခံချင်တယ်…”

ဆံပင်ဖြူအဘိုးအိုက ထိုစကားကို ကြားသည့်အခါ ဟားတိုက်ရယ်ကာ ခေါင်းခါရမ်းပြီး ပြောလိုက်သည်။

“မင်းတို့ မီးတိမ်တောင်က မီးဓာတ်အခြေခံတဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို အားကိုးကြတာလေ။ ဒါပေမဲ့ ရွှေသတ္တုဖိုတည်ဆောက်ပုံဟာ သတ္တုဓာတ် ရင်းမြစ်ကို ပိုင်ဆိုင်ထားတာ။ ဒါကြောင့် ဂျူနီယာညီလေးယန်ရေ…သူက မင်းနဲ့ မကိုက်ဘူး…”

“မင်းတို့ ပုန်းကွယ်ဓားတောင်က သတ္တုဓာတ်ကျင့်ကြံခြင်း ပညာရပ်တွေ ပိုင်ဆိုင်ထားရင်တောင် ကျုပ်တို့ မီးတိမ်ဂိုဏ်းရဲ့ စီနီယာဦးလေးလီရဲ့ သတ္တုမြှင့်တင်ခြင်းပညာရပ်ဟာ ရှီဒေသတစ်ခုလုံး နာမည်ကျော်တာနော်။ ဒီတပည့်က သူ့ကျင့်ကြံခြင်းပညာရပ်တွေကို ဘာကြောင့်များ မကျင့်ကြံနိုင်ရမှာလဲ…”

သက်လတ်ပိုင်းလူက နည်းနည်းလေးမျှ အလျော့ပေးမည့်ဟန် မရပေ။

“မင်း…”

ဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်သွားပြီး ကြားဖြတ်ဝင်ပြောသည်။

“တော်လောက်ပြီ။ ကျုပ် မင်းတို့ အမြင်တွေကို ကြားပြီးပြီ။ ဘယ်သူမှ ဆက်ပြောစရာ မလိုတော့ဘူး…”

စီနီယာအစ်ကိုလျှိုက ပြုံး၍ ဖြန်ဖြေသည့် သဘောဖြင့် ဝင်ပြောသည်။

“အမှန်ပဲ။ စီနီယာအစ်ကိုတို့ ငြင်းမယ်ဆို ပြီးတော့မှာ မဟုတ်ဘူး။ ဂိုဏ်းခေါင်းဆောင်ပဲ ဆုံးဖြတ်တာ ပိုကောင်းပါလိမ့်မယ်။ သူ့ကို ဘယ်တောင်ထွတ်ကပဲ လက်ခံပါစေ သူဟာ ကျုပ်တို့ဂိုဏ်းဝင်တပည့် ဖြစ်နေဆဲ မဟုတ်လား။ ဒါ့ကြောင့် ငြင်းခုန်တိုက်ခိုက်နေတာဟာ မကောင်းပါဘူး…”

အဘိုးအိုနှင့် သက်လတ်ပိုင်းအရွယ်လူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိကြသည်။ အဘိုးအိုက ခပ်သွက်သွက် ပြောလိုက်သည်။

“ဂျူနီယာညီလေးချုံးရဲ့ စကားတွေက အကျိုးအကြောင်းသင့်ပါတယ်။ ကျုပ်တို့ ပုန်းကွယ်ဓားတောင်က ဂိုဏ်းခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို ဘာမှ ကန့်ကွက်စရာ မရှိပါဘူး…”

သက်လတ်ပိုင်းလူကလည်း ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် သဘောတူသည်။

ဂိုဏ်းခေါင်းဆောင်၏အမူအရာသည် ကျေနပ်သွားပုံရသည်။ ခဏစဉ်းစားနေပြီးနောက် သူက ဟန်လိတို့အုပ်စုဘက်သို့လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီတပည့်တွေက ထူးခြားတော့ သူတို့ကို နောက်ဆုံးမှပဲ ကျုပ်တို့ ကိုင်တွယ်ကြမယ်။ အရင်ဆုံး အခြားတပည့်တွေကို ခွဲဝေကြတာပေါ့။ ဆိုတော့ ဒီခုနစ်ယောက်ကိုတော့ အပြင်စည်းတပည့်တွေအဖြစ် နေရာချလိုက်ကြမယ်…”

နှစ်နာရီလောက်ကြာပြီးနောက် ဟန်လိရယ်၊ မုတ်ဆိတ်နှင့်လူရယ်တို့သည် မှော်ဇလုံကြီးတစ်ခုပေါ်မှာ ရပ်နေကြကာ သူတို့ကို ကျင့်ကြံသူယုသည် နွေဦးတောင်သို့ ပြန်ခေါ်လာခဲ့ပေပြီ။

သူတို့သည် အဆင့်နိမ့်တပည့်များ၏ အမှတ်သင်္ကေတဖြစ်သည့် အပြာရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ဖြစ်သည်။ သူတို့သည် နွေဦးတောင်သို့ ဝင်ရောက်ကြရမည် ဖြစ်သည်။

ကျင့်ကြံသူယုသည် လူခွဲဝေမှု ပြီးသည်နှင့် ခန်းမဆောင်ထဲမှ သူတို့နှစ်ယောက်ကို ခေါ်လာခဲ့တာပင်။ လူတိုင်း လိုချင်နေကြသော အရပ်မြင့်မြင့်၊ ဗလတောင့်တောင့်လူငယ်မှာ ပုံရိပ်ယောင်တောင်သို့ ရောက်သွားခဲ့ပေသည်။ ဆံပင်ဖြူအဘိုးအိုနှင့် သက်လတ်ပိုင်းလူတို့မှာ စိတ်ပျက်သွားကြသော်လည်း သည်ကိစ္စကို လက်ခံရုံသာ တတ်နိုင်သည်။ သို့သော် ကံကောင်းသည်မှာ သူတို့သည် အတွင်းစည်းတပည့်တစ်ယောက်စီကို လက်ခံရရှိခဲ့သည်။

“မင်းတို့က အပြင်စည်းတပည့်အဖြစ် ဂိုဏ်းထဲ ဝင်ရပေမဲ့ ကျုပ်တို့ နွေဦးတောင်ကို ဝင်ရတာဟာ မင်းတို့အတွက် ကံကောင်းပါတယ်။ ကျုပ်တို့ ဘိုးဘေးက ကြင်နာသနားတတ်တဲ့အတွက် မင်းတို့ကို မောက်မောက်မာမာ ပြုမူဆက်ဆံမှာ မဟုတ်ဘူး။ ပေးထားတဲ့အချိန်အတွင်း မင်းတို့ တာဝန်တွေကို ပြီးအောင်လုပ်ပေးရုံပဲ။ ကျန်တဲ့အချိန် မင်းတို့ စိတ်ကြိုက်နေနိုင်တယ်။ မင်းတို့အနေနဲ့ ကောင်းကောင်းကြီး အကျိုးဆောင်နိုင်ရင်တော့ ဘိုးဘေးက မင်းတို့ကို အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံး ချီးမြှင့်ပေးမဲ့ အခွင့်အရေးမျိုး ရနိုင်တယ်။ တကယ်တော့ အတွင်းစည်းနဲ့ အပြင်စည်းတပည့်တွေဟာ အပြင်ပိုင်းကြည့်ရင် မကွာဘူးဆိုပေမဲ့ အတွင်းစည်းတပည့်တွေရဲ့ တာဝန်ဟာ ကျင့်ကြံဖို့အတွက်ပဲ။ မင်းတို့ရဲ့ ပါရမီက သိပ်မကောင်းတာကြောင့် ဆေးသန့်စင်တာ၊ မှော်အဆောင်သန့်စင်တာ စတဲ့ တာဝန်တွေကို လုပ်ရမယ်။ အဲ့နယ်ပယ်မှာ ရှိကြတဲ့ စီနီယာသိုင်းဦးလေးတွေဟာ အတော်လေး ရှိန်လောက်စရာပဲ…”

ဟန်လိနှင့် မုတ်ဆိတ်လူတို့သည် နွေဦးတောင်၏ တပည့်များ ဖြစ်လာကြပြီဖြစ်၍ ကျင့်ကြံသူယုသည် သူတို့ကို ဂိုဏ်းကိစ္စများ ပို၍ ရှင်းပြပေးလာသည်။ သူ့လေသံကလည်း အရင်ထက် များစွာ ပျော့ပျောင်းသွားသည်။

All Chapters