#အတားအဆီးကိုအားဖြည့်ခြင်း#
Vol. 27 Ch. 379
ပတ်ပတ်လည်ကလူများက ယဲ့ချိုးပိုင်တို့ကို ကြည့်နေကြပြီး သူ့တို့၏မျက်နှာများက ထိတ်လန့်နေကြ၏။
သိုင်းဧကရာဇ်တ၀က်နယ်ပယ်ဖြင့် သူက နယ်ပယ်ကြီးတခုကိုဖြတ်ကျော်လျက် နယ်မြေအပြင်ပက ခေါင်းဆောင်အဆင့် မိစ္ဆာကို တွန်းလှန်ခဲ့ပြီး အပြင်းအထန်ပင် ဒဏ်ရာရသွားစေခဲ့သည်။
ဤဖြစ်စဉ်တခုလုံးတွင် ယဲ့ချိုးပိုင်က နယ်မြေပြင်ပက တပ်မှူးအဆင့်မိစ္ဆာနှင့် တန်းတူညီမျှဖြစ်ခဲ့သည်။
ထို့နောက်လုံး၀ချေမွပစ်ခဲ့သည်။
ဒါက သိုင်းဧကရာဇ်တ၀က်နယ်ပယ်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့အရာလား! ဤသို့မေးလာပါက မလုပ်နိုင်ဟုသာ ဖြေရပေမည်။
သိုင်းဧကရာဇ်တ၀က်နှင့် သိုင်းဧကရာဇ်နယ်ပယ်ဟူသည် စကားလုံးတစ်လုံးတည်းသာ ကွာခြားသော်လည်း အလျားလိုက်ခြားနားချက်က မည်မျှပင်ကြီးလေသနည်း။
ကျင့်ကြံသူတိုင်းဤအချက်ကိုသိကြသည်။
ဤသည်က ချန်းယွန်နယ်ပယ်ကနေ နတ်ဘုရားတ၀က်နယ်ပယ်ကို တိုက်ခိုက်ခြင်းမဟုတ်ပါ။
နယ်ပယ်ကပို၍မြင့်မားလေလေ ဖြတ်ကျော်တိုက်ခိုက်ရန် ပို၍ခက်ခဲလေလေဖြစ်သည်။
သိုင်းဧကရာဇ်တ၀က်ကျင့်ကြံသူက အလွန်ဆုံး သိုင်းဧကရာဇ်အစောပိုင်းအဆင့်ကျင့်ကြံသူများနှင့်သာ ယှဉ်ပြိုင်နိုင်သည်။
ထို့ကြောင့် ဤသိုင်းဧကရာဇ်တ၀က်အဆင့်က ကျန်သော ကောင်းကင်ဘုံ၏သားတော်များဟု ခေါ်တွင်ကြသည့်လူများထက် သာလွန်ပြီဖြစ်ကာ ကောင်းကင်ဘုံ၏ ဂုဏ်ကျက်သရေတခုဟုဆို၍ရသည်။
ထိုတပ်မှူးအဆင့်မိစ္ဆာက သိုင်းဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်ရှိသည့်တိုင် ဤကဲ့သို့ မဖိနှိပ်နိုင်ခဲ့ပေ။
ဤဆောင်းဦး၏သစ်ရွက်ဖြူလေးက မည်သူနည်း။
မွန်းစတား! မှန်ပေသည်။ သူကတကယ့် မွန်းစတားပင်ဖြစ်ပေသည်။
တခြားတဘက်တွင် ရှောင်ဟိုင်နှင့် ရှီရှန်းတို့၏အခြေအနေကလည်း တူညီသည်။
သူတို့နှစ်ယောက်ကလည်း နယ်မြေပြင်ပက တပ်မှူးအဆင့်မိစ္ဆာနှစ်ယောက်ကို အပြင်းအထန်ဒဏ်ရာရစေပြီး တွန်းလှန်ခဲ့ကြသည်။
သူတို့ထဲတွင် ရှီရှန်းကပို၍အစွမ်းထက်ပြီး ဖြစ်စဉ်တခုလုံးအတွင်း ထိုတပ်မှူးအဆင့်မိစ္ဆာကို ဖိနှိပ်ထားခဲ့သည်။
ဤသည်က သူကသိုင်းဧကရာဇ်နယ်ပယ်သို့ချိုးဖျက်ပြီး အလယ်အလတ်အဆင့်ကို ရောက်သွားသည့်အချက်တခုတည်းကြောင့် မဟုတ်ဘဲ ယခုအချိန်က ညတာယံကို ရောက်နေသောကြောင့်ပင်။
ညတာယံကောင်းကင်၌ ကြယ်များစွာရှိသည်။ ကြယ်စွမ်းအားကိုလေ့ကျင့်သည့် ရှီရှန်းအဖို့ ယခုအခြေအနေတွင် သူ့၏ တိုက်ခိုက်နိုင်စွမ်းထိရောက်မှုက အကြီးအမားတိုးတက်လာခဲ့သည်။
ဤမြူခိုးနက်ထဲတွင်သာ ကမ္ဘာ့သန့်အစီအရင်ကတည်ရှိနေသည့်တိုင် ၎င်းက ထိုနယ်မြေပြင်ပကမိစ္ဆာများအပေါ် ခွန်အားပေးနေသည့်သက်ရောက်မှုတခုရှိနေသေးသည်။
အကယ်၍ ထိုမြူခိုးနက်များသာမရှိပါက ထိုတပ်မှုးအဆင့်မိစ္ဆာများက ခေါင်းဖြတ်ခံရပေလိမ့်မည်။
ဒီလူသုံးယောက်ရဲ့မူလဇစ်မြစ်ကဘာလဲ!
ဒီလိုအစွမ်းထက်တဲ့ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားရုံတင်မက နယ်ပယ်ကျော်ပြီးတောင် တိုက်ခိုက်နိုင်တယ်!
ဤမြင်ကွင်းကိုကြည့်ရင်း မုချင်းချင်း သူမနှလုံးသားထဲက သံသယကို လုံး၀ဖယ်ရှားပစ်လိုက်သည်။
ဒီလိုမောက်မာပြီးကြမ်းတမ်းတဲ့လူတွေကို ဒီတိုက်ထဲ ငါ့အစ်ကိုဘယ်လိုစုရုံးနိုင်တာလဲ!
သူ၏စီနီယာအစ်ကိုများကိုကြည့်၍ပြောနိုင်သည်။ ယဲ့ချိုးပိုင်တို့၏နယ်ပယ်က ယခုမမြင့်မားသော်လည်း နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သည့်စွမ်းရည်က သူတို့၏ပါရမီကို ကိုယ်စားပြုနေပြီဖြစ်သည်။
ဘယ်လိုတောင်အားကောင်း ကြီးကျယ်လိုက်တဲ့အလားအလာလဲ!
မုဖူရှန်းကသာခြားနားစွာခံစားနေရသည်။
သူကမျက်နှာကိုဖုံးကာ နှလုံးသားထဲကနေ အော်ဟစ်နေသည်။ ဘာလို့ဒီလောက် လူသိများအောင်လုပ်ရတာလဲ!
ကြည့်ဦး! ကြည့်ဦး!
အစ်ကိုတို့ကြောင့် ဒီလူတွေရဲ့မျက်လုံးတွေက ဆွဲဆောင်ခံလိုက်ရပြီလေ!
မုဖူရှန်းရုတ်တရက် လုချန်ရှန်းအတွက် စိတ်မကောင်းသလိုခံစားရသည်။
ဤကဲ့သို့သတိထားတတ်သည့်လူတစ်ယောက်က ယခုလိုလူသိများအောင်လုပ်ပြီး ပြဿာနာရှာတတ်သည့်တပည့်ကို လက်ခံထားရလေသနည်း။
ပါရမီကအတော်လေးအားကောင်းသည့်အချက်ကိုတော့ မုဖူရှန်းပင်လျှင် ၀န်ခံရပေမည်။
ထိုအချိန်တွင် အခြေအနေကပို၍ပင်ကြီးမားလာသည်။ ထူးဆန်းစွာပင် ကျန်သည့်မိစ္ဆာများက မြူခိုးနက်ထဲတွင် ပေါ်မလာကြတော့။
ထို့ကြောင့် မုချင်းချင်းက အကျပ်အတည်းကို အနည်းဆုံးဆုံးရှုံးမှုဖြင့် ဖြေရှင်းနိုင်ခဲ့သည်။ ဤအတွက်ကြောင့်ပင် မုချင်းချင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုမိစ္ဆာများမပေါ်လာသဖြင့် သူမတို့၏ ခြေလှမ်းများကိုရပ်နိုင်သော်လည်း သူတို့တွင် တခြားကြံစည်မှုများရှိနိုင်ပေသည်။
သို့စေကာမူ သူမတို့ကဤနေရာထိပင် ရောက်လာလေရာ မုချင်းချင်းတို့ကို နောက်ဆုတ်ခွင့်ပေးမည်မဟုတ်ပေ။
ဤသည်ကိုတွေးမိသောအခါ မုချင်းချင်း လက်ဝှေ့ယမ်းလိုက်သည်။
"ဒဏ်ရာရနေတဲ့လူတွေက အလယ်မှာရပ်ပြီး ဒဏ်ရာတွေကိုကုသဖို့ ဆေးလုံးတွေကို သုံးကြ"
"တိုက်ခိုက်နိုင်သေးတဲ့သူတွေက အချင်းချင်း၀န်းရံပြီး ရှေ့ဆက်ကြ"
စကားပြောပြီးသည်နှင့် သူမလှံရှည်ကိုကိုင်လျက် စတင်ဦးဆောင်လျှောက်သွားသည်။
ဤမြင်ကွင်းကိုကြည့်ရင်း ယဲ့ချိုးပိုင်ညင်သာစွာခေါင်းညိတ်သည်။ ဒါကလုပ်သင့်သည့်အရာဖြစ်သည်။ ယခုတကြိမ်တွင် သူတို့အသာစီးရနေသည်ကို ဖျက်ဆီးနိုင်ခဲ့သည်သာမက မိစ္ဆာများကိုပင်သတ်ပစ်နိုင်ပေသည်။
တချိန်တည်းမှာပင် နောက်ပြန်သွားမည်ဆိုပါက မိစ္ဆာများနှင့်ထပ်မံတွေ့ဆုံပါက ဆုံးရှုံးမှုများကို ထပ်မံကြုံရပေလိမ့်မည်။
ယခုလိုဆုံးဖြတ်ချက်မျိုးက မှန်ကန်သလို လိုလည်းလိုအပ်သည်။ လူတိုင်းက လှုပ်ရှားလိုက်ကြသည်။
.....
ဤစကြာ၀ဠာထဲတွင် ကြယ်နယ်မြေသုံးခုခွဲထားပြီး အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်တို့ဖြစ်သည်။
ဤကြယ်နယ်မြေများကို ဖြတ်သန်းလိုပါက သို့မဟုတ် ပကတိအားဖြင့် နယ်မြေအတားအဆီးကိုဖျက်ဆီးလိုပါက သို့မဟုတ် နယ်မြေကိုဖြတ်ကျော်ရန် အထူးနည်းလမ်းများကိုသုံးမည်ဆိုပါက လိုအပ်သည့်ခွန်အားပမာဏက ယေဘုယျအားဖြင့် မမြင့်မားပေ။
ယခုတွင် အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့်ကြယ်နယ်မြေကြား အတားအဆီးနေရာ၌ လူနှစ်ယောက်ရောက်လာကြသည်။
အဖြူရောင်၀တ်စုံ၀တ်ဆင်ထားသည့်လူက ရှေ့တည့်တည့်သို့ကြည့်လိုက်စဉ် အနက်ရောင်အဆင်းများရှိနေပြီး အဆုံးမဲ့အာကာသအရှုပ်အထွေးများနှင့် မရေမတွက်နိုင်သည့် အာကာသမုန်တိုင်းများ ရှိနေသည်ကို တွေ့လိုက်ရသည်။
အကယ်၍ဂရုမစိုက်ပါက မုန်တိုင်းကြား ကျသွားနိုင်သလို ဤနေရာ၌ပင် အသက်ရှင်နိုင်မည်မဟုတ်ပေ။
သို့သော် ထိုနှစ်ယောက်က ဘာမှမဖြစ်သည့်အလား ပြုမူနေကြသည်။
အာကာသအရှုပ်အထွေးများက လေပြေလေညင်းများအကြား သူတို့နှစ်ယောက်အား ဘာပြဿာနာမှမဖြစ်စေဘဲ တိုက်ခတ်နေသည်။
အာကာသမုန်တိုင်းများကလည်း သူတို့နှစ်ယောက်ကို ၀န်းရံထားကြသည်။
တခုတည်းသောအလင်းရောင်က လေဟာနယ်တခုလုံးကို ဖြတ်သန်းထားပုံရသည့် သူတို့ရှေ့က အတားအဆီးပင်။
အတားအဆီးအပေါ်၌ အလင်းရောင်ခုနှစ်မျိုးက တောက်ပစွာလင်း၀င်းနေပြီး တွင်းနက်လိုနေရာတခုတွင် တခုတည်းသော မီးပွားသဖွယ်ဖြစ်လာသည်။
အဖြူရောင်၀တ်စုံနှင့်လူကမေးသည်။
"ဒါက အလယ်အလတ်ကြယ်နယ်မြေကိုသွားတဲ့ အတားအဆီလား"
ကျန်တစ်ယောက်ကခေါင်းညိတ်သည်။
"ကြယ်နယ်မြေအတားအဆီးက အတော်လေးအားကောင်းပြီးတော့ ဒီလိုအတားအဆီးမျိုးကို ဖန်တီးနိုင်တဲ့တည်ရှိမှုမျိုးက သေချာပေါက် ဒီစကြာ၀ဠာတခုလုံးမှာ အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်လိမ့်မယ်"
"ဒါပေမယ့် ထူးဆန်းတာက ဒီအတားအဆီးကို ဘယ်သူတည်ဆောက်ခဲ့သလဲဆိုတာ ဘယ်သူမှမသိဘူး၊ အမှောင်နယ်မြေမှာတောင် ဘယ်သူမှမသိကြဘူး၊ ဒါကြောင့် ဒီအတားအဆီးက သဘာ၀အတိုင်း ဖြစ်လာကြတာလို့ လူအများက ထင်ကြေးပေးကြတယ်"
ဤသည်ကိုကြားသောအခါ အဖြူရောင်၀တ်စုံနှင့်လူက ရွှံရှာသည့်အသွင်ပြောလိုက်သည်။။
"အမှောင်နယ်မြေက မင်းတို့ရဲ့သတင်းကွန်ယက်က အရမ်းနက်ရှိုင်းပြီး ကျယ်ပြန့်တယ်လို့ မင်းပြောခဲ့တာမလား၊ ဒီရှုထောင့်ကနေ ကြည့်ရမယ်ဆိုရင် အရမ်းလည်းမကောင်းပါဘူး"
မှန်ပေသည်။ ထိုလူနှစ်ယောက်က လုချန်ရှန်းနှင့် လျိုကျိယုတို့ပေတည်း။
လုချန်ရှန်း၏လှောင်ပြောင်သည့်စကားသံကိုကြားပြီးနောက် လျိုကျိယု ရှက်ရွှံ့စွာ ခေါင်းကုတ်လိုက်သည်။
"အမှောင််နယ်မြေက အရာတိုင်းကိုတော့မသိပါဘူး"
ဤအကြောင်းအရာကိုသူထပ်မပြောချင်တော့သဖြင့် လျိုကျိယုပြောင်းပစ်သည်။
"စကားမစပ် စီနီယာ ဒီမှာဘာလုပ်နေတာလဲ၊ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို သွားချင်တာများလား"
လုချန်ရှန်း ခေါင်းခါယမ်းသည်။
"အလယ်အလတ်အဆင့်ကြယ်နယ်မြေက မိစ္ဆာမျိုးနွယ်စုက အဆင့်နိမ့်ကြယ်နယ်မြေကို ဆင်းလာလိမ့်မယ်လို့ မင်းပြောခဲ့တာမလား"
လျိုကျိယုခေါင်းညိတ်သည်။
"မှန်ပါတယ်၊ ကျွန်တော်ပြောခဲ့တယ်"
"တခြားအင်အားစုတွေကလည်း ဒီကြယ်နယ်မြေကို စိတ်၀င်စားနေကြတယ်လို့ မင်းပြောခဲ့သေးတယ်မလား"
လျိုကျိယုဆက်လက်ခေါင်းညိတ်သည်။
ဤသည်က အမှောင်နယ်မြေကနေ သူရရှိထားသည့်သတင်းများဖြစ်သည်။
လုချန်ရှန်း အနည်းငယ်မကျေမနပ်ဖြစ်နေသည့်အမူအရာဖြင့်ပြောလိုက်သည်။
"ဒီလိုဆိုရင် သူတို့သာတကယ်လာခဲ့ရင် အံဒါက ငါ့ရဲ့အားလပ်ချိန်တွေကို နှောက်ယှက်လိုက်သလိုဖြစ်မနေဘူးလား"
"....."
လျိုကျိယုတွေးလိုက်မိသည်။ ဒါက ခင်ဗျားရဲ့အားလပ်ချိန်နှင့် ဘာများဆိုင်နေလို့လဲ!
"ဒီတော့ ငါတွေးမိတာက သူတို့မ၀င်လာနိုင်အောင်အတွက် ဒီနေရာက အတားအဆီးကို အားကောင်းအောင် လုပ်ပစ်လိုက်မယ်ဆိုရင်ရော"
"ဒီနည်းနဲ့ဆိုရင် ပြဿာနာကို အခြေခံအားဖြင့် ဖြေရှင်းပြီးသားဖြစ်သွားပြီလေ"
လုချန်ရှန်း၏ ဆန်းပြားပုံရသည့်စကားလုံးများကိုကြားရသောအခါ လျိုကျိယု၏ အမူအရာကပြောင်းလဲသွား၏။
အကယ်၍တခြားတစ်ယောက်ကသာ ဤစကားလုံးများကို ပြောမည်ဆိုပါက ထိုလူက ဟာသလုပ်နေမည်ဟုထင်ကာ သူရယ်မောမိပေလိမ့်မည်။
သို့သော် လုချန်ရှန်းကယခုလိုစကားလုံးမျိုးကိုပြောလာသောအခါတွင်မူ လျိုကျိယု ယုံကြည်သည်။ လုချန်ရှန်းပြောသည်က မှန်သည်။
မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်းက ယခုလိုအရာမျိုးနှင့်ပတ်သက်၍ မည်သောအခါမှ ဟာသလုပ်မည်မဟုတ်ပေ။
"အတားအဆီးကိုအားဖြည့်ချင်တာလား"
လျိုကျိယုနဖူးက ချွေးများကိုသုတ်လိုက်၏။
"ဒါက အဆင့်နိမ့်ကြယ်နယ်မြေကနေ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ဆက်သွယ်ထားတဲ့ အတားအဆီးတခုဆိုပေမယ့် အဆင့်ကတော့မနိမ့်ကျဘူး၊ ပြီးတော့ မူလဇစ်မြစ်ကိုလည်းမသိသေးဘူး၊ စီနီယာဘယ်လိုလုပ်မှာလဲ"
လုချန်ရှန်းကိုယ်တဝိုက်၌ အော်ရာစီးကြောင်းများက ဖြည်းညင်းစွာထွက်ပေါ်လာသည်။
"ငါအောင်မြင်နိုင်မလားဆိုတာမသိဘူး"
"ဒါပေမယ့်ကြိုးစားကြည့်လို့ရတယ်လေ"
ထိုအချိန်တွင် လုချန်ရှန်း၏အမူအရာက အတော်လေးလေးနက်နေသည်။
အပိုင်း(380) coming။