ခရစ်စမတ်လက်ဆောင်
Vol. 11 Ch. 33
ရှိသမျှလူတွေအကုန်လုံး အိပ်ရာထဲဝင်ကွေးတဲ့ ကိစ္စပြီးနောက်မှာတော့ လင်ဒါက အေမီပြင်ပေးတဲ့ မနက်စာကို မြန်မြန်စားပြီး ကျောင်းကနေ ထွက်လာခဲ့တယ်။ အကြောင်းပြချက်အနေနဲ့ မက်ဒါနာကို ရုပ်မြင်သံကြားဌာနမှာ မိန့်ခွန်းပြောရမယ်လို့ပြောခဲ့ပေမဲ့ ကျောင်းဝင်းအပြင်လဲရောက်ရော။
“ဟယ်လို၊ မြို့တော်ဝန်ကြီး။ မနေ့ညက ကြိုမှတ်တမ်းယူထားတဲ့ဟာကို တိုက်ရိုက်လွှင့်သလို ဟန်ဆောင်လွှင့်တာ အဆင်ပြေလား။ အဆင်ပြေရင် ကျွန်မမလာတော့ဘူးနော်။”
လင်ဒါက မြို့တော်ဝန်ဆီကို ဖုန်းဆက်ပြီးနောက် တစ်ယောက်ယောက်ကို စိတ်မရှည်စွာနဲ့ စောင့်နေတယ်။ ခဏနေတော့ ဘာအကြောင်းမှမရှိဘဲ အရေးပေါ်မီးဖွင့်မောင်းလာတဲ့ ငြိမ်ဝပ်ပိပြားရေးအရာရှိကားက ကျောင်းရှေ့မှာ လာရပ်တယ်။ ပြီးတဲ့နောက် ဒရိုက်ဘာကားမှန်ပွင့်လာြပီး သွားတွေကိုဖွေးနေအောင်တိုက်ထားတဲ့ လင်ဒါလက်ထောက်ဆိုင်းရပ်က လင်ဒါကို ပြုံးပြလိုက်တယ်။
“အရာရှိ၊ ကျွန်တော်ရောက်ပါပြီခင်ဗျ။” ကြည့်ရတာ အနှီကောင်ဆိုင်းရပ်က သူ့အထက်အရာရှိကိုဖားဖို့ ကားကိုအရေးပေါ်မီးဖွင့်ပြီး မိုင်ကုန်မောင်းလာပုံပဲ။
“နောက်တစ်ခါ ကိစ္စမရှိဘဲ မီးနီဖြတ်ဖို့ အရေးပေါ်မီးကိုသုံးရင် နင့်ကိုအလုပ်ထုတ်ပစ်မယ်။” လင်ဒါက လက်ပိုက်ပြီး ဆိုင်းရပ်ကိုသတိပေးလိုက်ပေမဲ့ နောက်ကျနေပြီဖြစ်လို့ သက်ပြင်းချလိုက်ပြီး ကားထဲမှာ ဝင်ထိုင်ပါတယ်။ နောက်တော့ ဆိုင်းရပ်က ပြုံးဖြီးဖြီးနဲ့ ကားကို ကျောင်းဝင်းရှေ့ကနေ ပြန်လှည့်ရင်း မြို့ထဲတစ်နေရာကို ထွက်သွားလေရဲ့။
ဒါပေမဲ့ သူတို့ သတိမထားမိတာကတော့ အဲဒီဖြစ်စဥ်တွေအားလုံးကို ဖရာလီတာက ချုံပုတ်တစ်ခုထဲမှာပုန်းပြီး အဝေးကြည့်မှန်ပြောင်းနဲ့ ချောင်းကြည့်နေခဲ့တယ်ဆိုတာပါပဲ။
“ငါသိသားပဲ၊ ဒီလောက်စားကောင်းတဲ့ အင်္ဂလိပ်မနက်စာအပြည့်ကို အရသာခံမစားဘဲ လစ်သွားကတည်းက ပုံမှန်မှမဟုတ်တာ။”
ဖရာလီတာက ပြောပြောဆိုဆိုနဲ့ ချုံထဲကနေ ထွက်လာပြီး ခါးကိုထောက် ခေါင်းကိုညိတ်လိုက်တယ်။ လူက ထုံးစံအတိုင်း ဂါဝန်ကြီးတကားကားနဲ့မလို့ သစ်ရွက်တွေ၊ ဆူးတွေ၊ သစ်ကိုင်းတွေက အခုဂါဝန်မှာကပ်နေပြီ။
“အာလေလေ၊ ဖရာလီတာ။ တစ်ယောက်တည်း ကျောင်းဝင်းထဲမှာ ကစားနေတာလား။ အဝတ်အစားတွေလည်း ညစ်ပတ်ကုန်ပြီ။”
ကံမကောင်းတာက ကျောင်းမှာကျန်နေရစ်တဲ့ လုံခြုံရေးဌာနမှူး စကော်ပီယိုက အဲဒီမြင်ကွင်းကို မြင်သွားတာပါပဲ။ ဖရာလီတာကတော့ စကော်ပီယိုကို ရှူးတိတ်တိတ်နေဆိုတဲ့ပုံစံနဲ့ လက်ညိုးကို နှုတ်ခမ်းပေါ် တင်လိုက်ပြီး
“ဒီကိစ္စကို သူများတွေကိုနင်ပြောရင် နင်နဲ့လီဆာရဲ့ခရစ်စမတ်ဒိတ်ကို ဖျက်ဆီးပစ်မယ်။”
“....” အဲဒီနောက်တော့ စကော်ပီယိုလည်း ကြောက်လန့်ပြီး ထွက်ပြေးသွားပါလေရော။ ဖရာလီတာက တကယ့်လုပ်မယ့်လူမျိုးလေ။
...
တစ်နာရီလောက်နေတော့ လင်ဒါက ကားပေါ်ကနေ ကားလမ်းဘေးက ပလက်ဖောင်းပေါ်ကို အောင်မြင်စွာ ခြေချနိုင်ခဲ့ပြီ။ ဒီနေရာက ကွင်းရဲ့စျေးဆိုင်ခန်းတွေ အများကြီးစုပြုံတည်ရှိတဲ့ လမ်းတစ်ခုပါ။ နေရာတိုင်းက ခရစ်စမတ်အပြင်အဆင်တွေနဲ့ လှပနေကြပြီး ခရစ်စမတ်ဘိုးဘိုးကြီးဝတ်စုံနဲ့ဝန်ထမ်းတွေကလည်း သူတို့ဆိုင်တွေများများရောင်းရဖို့အတွက် လက်ကမ်းစာစောင်တွေ လိုက်ပေးနေကြတယ်။
“အရာရှိ၊ ခရစ်စမတ်မှာ ဘယ်ကိုသွားမှာလဲ။ ကျွန်တော်လည်း လိုက်ခဲ့မယ်လေ။”
ဆိုင်းရပ်ကတော့ သူ့အရာရှိလှလှလေးနဲ့အတူ ခရစ်စမတ်လျှောက်လည်ဖို့အတွက် အိပ်မက်မက်နေတုန်း။ ဒါပေမဲ့ လင်ဒါက သူ့ကို မျက်စောင်းထိုးလိုက်ပြီး
“ဘာလဲ၊ နင်က ငါ့ရဲကားကို လမ်းပေါ်မှာ ဒီအတိုင်းလမ်းမှာရပ်ထားခဲ့မလို့လား။ မြန်မြန်ကားပါကင်ထိုးဖို့ နေရာသွားရှာပြီး ပြန်လာခဲ့။ ငြိမ်ဝပ်ပိပြားရေးအရာရှိဆိုတာက ယာဥ်စည်းကမ်း လမ်းစည်းကမ်းကို အလိုက်နာဆုံးလူဖြစ်နေရမှာ။ လုပ်ပိုင်ခွင့်အရ ကားကိုအရေးပေါ်လမ်းပေါ်ရပ်လို့ရတိုင်း အလွဲသုံးစား လုပ်မနေနဲ့။”
“ဟုတ်...” ဆိုင်းရပ်က မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ပြတယ်။ ပြီးတဲ့နောက်တော့ ကားကို ဆက်လှိမ့်ပြီး ကားရပ်ဖို့ ပါကင်နေရာရှာရတော့တာပဲ။ ဒါပေမဲ့ ပါကင်ထိုးဖို့နေရာတွေ့ဖို့လမ်းမမြင်။ နေ့က ခရစ်စမတ်အကြိုနေ့ကြီး။ မြို့ထဲမှာ ကားတွေလူတွေ ပြည့်ကျပ်နေတာမလို့ ပါကင်ထိုးတဲ့ကွင်းလည်း ပြည့်နေလောက်ပြီ။ ဒီနေ့တစ်နေ့လုံး ပါကင်ထိုးဖို့ နေရာရှာတာနဲ့တင် တစ်နေကုန်တော့မှာ။ လင်ဒါနောက်ကို တစ်ကောက်ကောက်လိုက်ဖို့ဆိုတာ ဝေးရော။
ဆိုင်းရပ်တစ်ယောက် မြင်ကွင်းကနေ ပျောက်သွားပြီး မကြာခင်မှာပဲ လင်ဒါက သဘောတကျနဲ့ပြုံးလိုက်တယ်။ သူက တမင်သက်သက် ငရှုပ်ကောင်ကို အနားကနေ နှင်ထုတ်လိုက်တာပါ။ အဲဒီနောက်တော့ လင်ဒါက ဖုန်းထဲက ဘဏ်အပ်ပလီကေးရှင်းကိုဖွင့်ပြီး ငွေပမာဏကို ကြည့်လိုက်တယ်။
“တစ်နှစ်လုံး စားချင်သောက်ချင်စိတ်တွေကို အောင့်အီးပြီး ငွေစုလိုက်တာ ဒေါ်လာနှစ်သောင်းတော့ လက်ထဲရှိနေပြီ။ မက်ဒါနာကိုလက်ဆောင်ပေးဖို့ စိန်ဆွဲကြိုးလေးတစ်ကုံး လိုက်ရှာဦးမှပါ။”
လင်ဒါက သူ့စိတ်ကူးနဲ့သူ ပြုံးလိုက်တယ်။ အဖွဲ့ထဲက တခြားသူတွေနဲ့မတူတာက လင်ဒါက မချမ်းသာပါဘူး။ ငြိမ်ဝပ်ပိပြားရေးအရာရှိတစ်ယောက်ရဲ့လစာပဲရှိတာ။ အခုနောက်ပိုင်း မက်ဒါနာနဲ့အတူကျောင်းမှာလာနေပြီး မနက်နေ့ည အေမီချက်သမျှ အလကားထိုင်စားနေတာမလို့ နေစရိတ်စားစရိတ် သက်သာသွားပြီမလို့ အခုလိုတန်ဖိုးကြီးလက်ဆောင်တစ်ခု ဝယ်ဖို့သတ္တိရှိလာတာ။
နောက်တော့ အရာရှိမမက မျက်နှာပေါ်မှာ အပြုံးကြီးကြီးကိုတပ်ဆင်ပြီး လူများလှတဲ့ နယူးယောက်လမ်းတွေပေါ်မှာ တိုက်ပွဲဝင်တော့မယ့်ပုံစံနဲ့ စလမ်းလျှောက်တယ်။ ရည်မှန်းချက်ကတော့ လက်ဝတ်ရတနာပစ္စည်းအရောင်းဆိုင်တစ်ခုကိုရှာဖို့။
“ဒီဆိုင်လေး မဆိုးဘူးပဲ။” လမ်းထောင့်တစ်နေရာအရောက်မှာ လင်ဒါက မစ္စတာဂျာရက်ရဲ့ရတနာဆိုင်လို့ ဆိုင်းဘုတ်တပ်ထားတဲ့ ဆိုင်ကိုတွေ့လိုက်တယ်။ သူက ဆိုင်ဆီကို အပြေးသွားပြီး မှန်ပြတင်းပေါက်ကနေတစ်ဆင့် အတွင်းက ပစ္စည်းတွေကို ချောင်းကြည့်လိုက်တယ်။ အဲဒီလိုလုပ်နေတုန်း သူ့ပခုံးပေါ်ကို ယင်ကောင်တစ်ကောင် လာနားပေမဲ့ လင်ဒါက ဂရုစိုက်မနေတော့ဘူး။
“ဟိုနားက ပန်းရောင် အသည်းပုံခရစ်စတယ်ကျောက်နဲ့ စိန်လည်ဆွဲလေး မဆိုးဘူးပဲ။ စျေးမေးကြည့်ဦးမှ။”
အဲဒီနောက်တော့ လင်ဒါက ဆိုင်တံခါးကိုဖွင့်ပြီး ဆိုင်ထဲ ဝင်သွားတယ်။ ဆိုင်ထဲမှာတော့ ထိပ်ပြောင်ပြောင်နဲ့ ဦးလေးကြီးနဲ့ဝန်ထမ်းတချို့က တခြားဝယ်သူတွေကို ပစ္စည်းတွေပြနေတယ်။ လင်ဒါကလည်း သူ့ရှေ့က ဝယ်သူတွေထွက်သွားလို့ အားနေတဲ့ ဝန်ထမ်းကောင်မလေးတစ်ယောက်ဆီ ချဥ်းကပ်ပြီး ပြုံးပြလိုက်တယ်။
“ညီမလေး၊ ဟိုနားက စိန်လည်ဆွဲလေးက ဘယ်လောက်လဲဟင်။”
“ဒေါ်လာတစ်သောင်းသုံးထောင်ပါရှင့်။”
“အနီးကပ်ပြလို့ရမလား...”
လင်ဒါနဲ့ဝန်ထမ်းကောင်မလေးက လည်ဆွဲထည့်ထားတဲ့ မှန်ဗီရိုနားကိုရောက်လာတယ်။ ကောင်မလေးက ထုတ်ပြဖို့ လုပ်နေချိန်မှာပဲ ဆိုင်ရှင်ထိပ်ပြောင်ဦးလေးကြီးက ချက်ချင်းရောက်လာပြီး ဗီရိုထဲက လည်ဆွဲကို ထုတ်ယူလိုက်တယ်။ ပြီးတဲ့နောက် ‘ရောင်းကုန်ပြီ' ဆိုတဲ့ ဆိုင်းဘုတ်ကို ဗီရိုထဲမှာ အစားထည့်လိုက်ပါလေရော။
“.....” လင်ဒါ။
“....” ဝန်ထမ်းကောင်မလေး။
ဆိုင်ရှင်ဦးလေးကြီးကတော့ ကြောင်အသွားတဲ့ လင်ဒါတို့နှစ်ယောက်ကို စပ်ဖြီးဖြီးပြုံးပြရင်း လင်ဒါကို ရှင်းပြပါတယ်။
“စိတ်မကောင်းပါဘူး၊ ဝယ်သူခင်ဗျ။ ခုနကလေးတင် ဗီအိုင်ပီဖောက်သည်တစ်ယောက်က ဒီလည်ဆွဲကို အွန်လိုင်းပေါ်ကနေ ဆယ်ဆစျေးပေးပြီးဝယ်လို့ပါ။ နေမကောင်းဖြစ်နေတဲ့အမေကို ဝမ်းသာအောင် လုပ်ပေးချင်လို့တဲ့လေ။”
“....” လင်ဒါက ဆိုင်ရှင်ကြီးကိုကြည့်နေရင်းကနေ မျက်ခုံးလှုပ်သွားတယ်။ ဒါပေမဲ့ တိုက်ဆိုင်တာဖြစ်မှာပါလို့ တွေးလိုက်ပြီး မေးလိုက်ပါတယ်။
“ရှင့်မှာ ပုံစံတူတွေရှိမှာပေါ့။ ထုတ်ပြပါလား။”
“ဟုတ်ကဲ့၊ ကျောက်အရောင်မတူပေမဲ့ ပုံစံတူတဲ့ လည်ဆွဲနှစ်ကွင်း စတိုခန်းထဲမှာရှိပါတယ်ရှင့်။ ကျွန်မ ယူလာပြပေးပါမယ်။”
ပစ္စည်းတွေကို တတ်နိုင်သမျှမြန်မြန် ရောင်းထုတ်ချင်နေတဲ့ ဝန်ထမ်းကောင်မလေးက နောက်ခန်းထဲကို ဝင်ဖို့လုပ်တယ်ဆိုရင်ပဲ ဆိုင်ရှင်ကြီးရဲ့ဖုန်းက ကလင်ခနဲမြည်လာပြီး ဆိုင်ရှင်က ဖုန်းကိုထုတ်ကြည့်လိုက်တယ်။ နောက်တော့ ပျာပျာသလဲ အရောင်းသမလေးကို တားလိုက်ပြီး...
“အားနာပါတယ်၊ ဝယ်သူခင်ဗျ။ ဒီကောင်မလေး အမှတ်မှားနေတာ။ ကျွန်တော်တို့မှာ ပုံစံတူလည်ဆွဲ မရှိတော့ပါဘူး။ မနေ့ညက ရောင်းထွက်သွားပြီ။”
ဆိုင်ရှင်လိမ်နေတာ အသိသာကြီးမလို့ လင်ဒါက သံသယဖြစ်စွာနဲ့ ဆိုင်ရှင့်ဖုန်းကို မသိမသာချောင်းကြည့်လိုက်တယ်။ ဖုန်းမျက်နှာပြင်မှာ ပရိုဖိုင်ပုံမပါတဲ့အကောင့်တစ်ခုနဲ့ဆိုင်ရှင်ရဲ့အပြန်အလှန် မက်ဆေ့တွေကိုမြင်နေရပြီး ‘ပုံစံတူတွေကိုပါ ဆယ်ဆပေးမယ်။’ဆိုတဲ့ မက်ဆေ့ကို လှစ်ခနဲမြင်လိုက်ရရော။
“အစကတည်းက တစ်ခုခုထူးဆန်းနေပါတယ်လို့။” လင်ဒါလည်း ရေရွတ်လိုက်ပြီး လည်ဆွဲကိစ္စကို လက်လျှော့ကာ တခြားပစ္စည်းတွေကို ဝယ်ဖို့လုပ်တယ်။ မူလလည်ဆွဲလောက်မလှပေမဲ့ အသင့်အတင့်ကောင်းတဲ့ တခြားပစ္စည်းတွေကို ရှာတွေ့ခဲ့တယ်ဆိုပေမဲ့ လင်ဒါဝယ်မယ်လုပ်တိုင်း အွန်လိုင်းပေါ်က ဆန်းကြယ်သူကြီးက ဝယ်သွားတာချည်းပဲ။ သုံးလေးခါလောက် ဒီလိုဖြစ်ပြီးတဲ့နောက်တော့ ဆိုင်ရှင်ကြီးက ဖုန်းကိုတစ်ချက်ပြန်ကြည့်ပြီး လင်ဒါတင်မကဘဲ ဝယ်သူအားလုံးကို လက်ခါပြပြီး ပြောလိုက်ပါတယ်။
“ဝယ်သူတို့ခင်ဗျ၊ စိတ်မကောင်းပါဘူး။ ကျွန်တော့်မိန်းမ ရုတ်တရက်ကြီးဆေးရုံတက်ရလို့ ကျုပ်ဆိုင်ကိုပိတ်ပြီး ဆေးရုံကိုသွားမှဖြစ်ပါမယ်။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်ခင်ဗျ။”
“ဟာ...”
“ဟင်...” ဝယ်သူတွေကတော့ စိတ်ပျက်လက်ပျက်နဲ့ ဆိုင်ထဲက ထွက်သွားကြတာပေါ့။ လင်ဒါကတော့ ချက်ချင်းမထွက်သေးဘဲ ဆိုင်ရှင်နဲ့ဝန်ထမ်းတွေကို အကဲခတ်နေတယ်။ ဆိုင်ရှင့်လက်အောက်က ခပ်ကြီးကြီး အရောင်းစာရေးမက အနားကပ်လာပြီးမေးတယ်။
“ဆိုင်ရှင်ကြီး၊ ကျွန်မရှိနေတာပဲ။ ဆိုင်ကိုဆက်ဖွင့်ပြီး စိတ်ချလက်ချသွားလို့ရတာပဲဥစ္စာ။”
“တော်တိတ်၊ နင်ဘာသိလို့လဲ။ မိုးကောင်းကင်က ဆင်းလာတဲ့ ကျေးဇူးရှင်ကြီးက ဒီတစ်ဆိုင်လုံးက ပစ္စည်းတွေကို ဆယ်ဆပေးဝယ်လိုက်ပြီဟ။ ငါက ဘယ်ပစ္စည်းကိုရောင်းရမှာလဲ။ ရှိသမျှပစ္စည်းတွေ ရောင်းထွက်သွားပြီလေ။ ဆိုင်ဆက်ဖွင့်မယ့်အစား ငါတို့ပါတီလုပ်ကြမယ်။ အရောင်းဝန်ထမ်းတွေရော သန့်ရှင်းရေးသမားကိုပါခေါ်ခဲ့။ ငါတို့တစ်ဆိုင်လုံး စားသောက်ဆိုင်သွားကြမယ်။”
“.....” သူတို့ပြောတာတွေ အတိုင်းသားကြားနေရတဲ့ လင်ဒါ။
ဆိုင်ပိတ်သွားပြီးနောက်တော့ လင်ဒါက တခြားဆိုင်တွေကို လိုက်ရှာပြီးဝယ်ဖို့လုပ်တယ်။.ဒါပေမဲ့ ကံမကောင်းတာက သူဝင်တောင်မဝင်ရသေးဘူး ဆိုင်တွေအားလုံး ပိတ်ကုန်တာပါပဲ။ ဘာလို့ပိတ်ကုန်လဲတော့ မေးစရာလိုမယ်မထင်ဘူး။ ပစ္စည်းတွေအကုန်လုံး သူမရောက်ခင် ငါးစက္ကန့်အတွင်း ရောင်းထွက်သွားလို့ပါ။
စိန်လည်ဆွဲဝယ်ဖို့လက်လျှော့ပြီး တခြားပစ္စည်းတွေ ဝယ်ဖို့လုပ်ပေမဲ့လည်း အလားတူပါပဲ။ နောက်ဆုံး ပြေးရလွှားရလွန်းလို့ အမောဖောက်လာတဲ့ လင်ဒါက ပလက်ဖောင်းတစ်နေရာမှာထိုင် “ဒါအနိုင်ကျင့်တာပဲ... သက်သက်အနိုင်ကျင့်တာ....”ဆိုပြီး အော်ငိုမိတဲ့အထိပဲ။
...
နယူးယောက်ဟီးရိုးကျောင်းရဲ့ဝန်ထမ်းဆောင် ကိုယ်ပိုင်အခန်းထဲမှာရှိနေတဲ့ ဖရာလီတာကတော့ သူ့လက်တော့က မြင်ကွင်းတွေကိုကြည့်ရင်း ဗိုက်နှိပ်ရယ်နေပါတယ်။ လင်ဒါ ပလက်ဖောင်းပေါ်မှာ ငိုနေတဲ့မြင်ကွင်းက အတော်အူတက်စရာကောင်းတာကိုး။
ဒါပေမဲ့ လက်တော့ဖန်သားပြင်ပေါ်မှာရှိနေတဲ့ လက်ဆောင်ဝယ်ဖို့လုပ်နေတဲ့သူက လင်ဒါတစ်ယောက်တည်းမဟုတ်ပါဘူး။
ဖလေရာလည်းရှိနေပြီး အခုဖလေရာက ဂျာမဏီမှာရှိတဲ့ ပေါ်ရှေးကားထုတ်လုပ်ရေးစက်ရုံမှာရှိနေပြီး ပေါ်ရှေးကားကုမ္ပဏီစီးအီးအိုတစ်ယောက်နဲ့ ရန်ဖြစ်နေပါတယ်။ စကားဝိုင်းကတော့ ဒီလိုသွားတယ်။
“လက်လုပ်သီးသန့် ပေါ်ရှေးအမိုးဖွင့်ကားလိုချင်ရင် တစ်နှစ်ကြိုမှာမှ ရပါတော့မယ်ဆို။ ကြိုလုပ်ထားပြီး သားကားတွေအကုန်လုံး ခင်ဗျားမလာခင် မိနစ်ပိုင်းလေးကတင် ရောင်းထွက်သွားတာ။”
“ဒါဆိုလည်း အသစ်လုပ်ပေးလေ။ ရှင်တို့ကားစက်ရုံက နှစ်ရက်အတွင်း လက်လုပ်ကားတစ်စီးကို လုပ်ပေးနိုင်တယ်မဟုတ်လား။ တစ်ရက်နဲ့ရအောင်လုပ်ရင် တန်ဖိုးရဲ့ဆယ်ဆပေးမယ်။”
“မဖြစ်နိုင်တော့ဘူးဗျ... တန်ဖိုးဆယ်ဆပေးပြီး တစ်ရက်အတွင်း အပြီးလုပ်ခိုင်းတဲ့အော်ဒါတွေ တစ်ရာကျော်လောက်ကျလာလို့ စက်ရုံကဝန်ပိနေပြီ။”
“ဒါဖြင့်အဆနှစ်ဆယ်ပေးမယ်။”
“စိတ်မကောင်းပါဘူး၊ ကျုပ်တို့မှာ ပေါ်ရှေးကားနောက်တစ်စီးလုပ်ဖို့အတွက်တောင် ကုန်ကြမ်းမရှိတော့ဘူး။”
“ရှင်လိုတဲ့ကုန်ကြမ်းတွေကို နာရီပိုင်းအတွင်းရှာပေးမယ်ဆိုရင်ရော...” နောက်ဆုံးတော့ ဖလေရာတစ်ယောက် ဆောင့်ကြီးအောင့်ကြီးနဲ့ပြောလိုက်တယ်။
ဖလေရာက ပေါ်ရှေးလက်လုပ်ကားတစ်စီးကို ခရစ်စမတ်လက်ဆောင်အဖြစ် မက်ဒါနာကိုပေးဖို့ ဆုံးဖြတ်ထားတာ။ ဒါပေမဲ့ ဘယ်မှာလိုက်ဝယ်ဝယ် မရခဲ့ဘဲ နေ့ချင်းညချင်း X43လေယာဥ်နဲ့ ဂျာမန်က စက်ရုံဆီတန်းလာရတဲ့အထိပဲ။ ဒါတောင်မှ ခုထိ ကားဝယ်လို့မရသေး။
ပေါ်ရှေးစီအီးအိုက မေးပေါ်လက်တင်ပြီး စဥ်းစားတယ်။ “ဒီလိုဆိုရင်တော့ ဖြစ်နိုင်မယ်ထင်...”
ဒါပေမဲ့ သူစကားမဆုံးခင်မှာပဲ လက်ထောက်မလေးက ပြေးလာပြီး အံ့အားသင့်စရာသတင်းကို မျှဝေလိုက်ပါလေရော။
“စီအီုးအိုရှင့်... ကျွန်မတို့မိခင်ကုမ္ပဏီဗောက်စွယ်ဂွန်က ပေါ်ရှေးကို တခြားတစ်ယောက်ဆီရောင်းလိုက်ပြီ။ ပိုင်ရှင်သစ်က သူကုမ္ပဏီကိုလာမလည်ပတ်ခင် ကားထုတ်လုပ်မှုကို ရပ်ထားဖို့အမိန့်ထုတ်လိုက်တယ်တဲ့။”
“.....” ဖလေရာကတော့ ပေါက်ကွဲလုနီးနီးဖြစ်နေပြီဖြစ်ပြီး သက်ပြင်းကို အရှည်ကြီးချလိုက်တယ်။
“ကြည့်ရတာ... ကားဝယ်ဖို့ ကံမပါတော့ဘူးနဲ့တူတယ်။”
...
တကယ်တော့ သူတို့နှစ်ယောက်တင်မကပါဘူး။ မက်ဒါနာကို အိမ်လုပ်ချောကလက်လက်ဆောင်ပေးဖို့ စီစဥ်ထားတဲ့ လီဆာလည်း ချောကလက်ဝယ်မရသလို ဖရက်လည်း ဂါဝန်လှလှလေးတစ်ထည် ဘယ်မှာမှ ရှာမရဘူး။ ဆိုဖီယာလည်း ဒေါက်ဖိနပ်အတွက် ပြင်သစ်အထိခရီးသွားခဲ့ပေမဲ့ ခုံဖိနပ်တောင် ရမလာဘူး။ အေမီကတော့ မမလေးရဲ့ခရစ်စမတ်ညစာအတွက် ကွက်ကီးလုပ်ဖို့ ဂျုံရှာတာ ဘယ်မှာမှမရ။
“ဟင်းဟင်း... မက်ဒါနာကို ခရစ်စမတ်နေ့မှာ လက်ဆောင်ပေးမယ့်သူက ငါတစ်ယောက်တည်းဖြစ်ရမယ်။ နင်တို့တွေ သူ့ကို လက်ဆောင်မပေးရင် မက်ဒါနာက ဘယ်လိုထင်သွားမလဲသိလား။ သူ့ကို နင်တို့မချစ်ဘူးလို့ထင်မှာ။ ဒါဆိုရင် သူက နင်တို့ကိုစိတ်ပျက်ပြီး လက်ဆောင်ပေးထားတဲ့ ငါ့ကိုပဲချစ်တော့မှာ။”
“ဒီကိစ္စအတွက် ဒေါ်လာဘီလီယံတစ်ရာလောက် သုံးရလဲ ထိုက်တန်တယ်။ အားဟားဟား...”
ဒီနေ့ဖြစ်ခဲ့သမျှလူတိုင်းရဲ့ကံဆိုးမှုတွေက ကလေးအတွေးတွေးပြီး တစ်ကိုယ်ကောင်းဆန်နေတဲ့ ဗြိတိသျှလိုလီလေးရဲ့ဉာဏ်နီဉာဏ်နက်တွေပါပဲ။