မမလေးအိမ်ပေါ်က ဆင်းပြေးပြီ
Vol. 11 Ch. 34
ဖရာလီတာတစ်ယောက် သူများတွေကိုဒုက္ခပေးရင်း ပျော်နေလိုက်တာ ညနေစောင်းသွားတဲ့အထိပဲ။ အဲဒီကျမှ အရယ်ရပ်ပြီးတော့ သူမေ့နေတဲ့ ကိစ္စတစ်ခုကိုစဥ်းစားမိသွားတယ်။
“ဟုတ်သားပဲ၊ ငါလည်း ခရစ်စမတ်လက်ဆောင်မဝယ်ရသေးဘူး။”
အဲဒီနောက်တော့ ဖရာလီတာက လက်တော့ကိုပိတ်ပြီး အပြင်ထွက်ဖို့အတွက် အနွေးထည်တစ်ထည်ကို အပေါ်ကခြုံ။ ကျောင်းဝင်းထဲကနေပြီး ခိုးထွက်တယ်။ လက်ဆောင်ကို အွန်လိုင်းပေါ်ကနေကြည့်ပြီး ဝယ်လိုက်လို့ရတယ်ဆိုပေမဲ့ ကိုယ့်ချစ်တဲ့သူအတွကိ လက်ဆောင်ကိုတော့ ကိုယ်တိုင်သွားကြည့်ပြီး ဝယ်ချင်သေးတယ်လေ။ ဒါပေမဲ့ ကျောင်းဝင်းအပြင် ရောက်တယ်ဆိုရင်ပဲ ကျောင်းဝင်းရှေ့မှာပိတ်ရပ်ပြီး သူ့ကိုရန်လိုစွာနဲ့ ဝိုင်းကြည့်နေကြတဲ့ လူတစ်စုကို မြင်လိုက်ရပါလေရော။ အဲဲဒီလူတွေက တခြားမဟုတ်ဘဲ လင်ဒါ၊ ဖရက်၊ လီဆာနဲ့အေမီတို့ပါ။
“ဒီတော့... နင်က ငါတို့ကို တစ်နေကုန်ဒုက္ခပေးခဲ့တဲ့ တရားခံပေါ့လေ။” လူအုပ်ထဲက လင်ဒါက လက်ပိုက်ပြီး ရှေ့ထွက်လာတယ်။ လင်ဒါက ဖရာလီတာထက် အရပ်ပိုရှည်တဲ့အပြင် ဒေါက်ဖိနပ်ပါဝတ်ထားတာမလို့ လင်ဒါ့အရိပ်က ဖရာလီတာအပေါ်မိုးကျနေတယ်။
‘ဂလု...’ ဖရာလီတာက တံထွေးတွေမျိုချပြီး နောက်ဆုတ်လိုက်ပေမဲ့ ဝန်ခံလို့မဖြစ်ဘူးဆိုတာ သိနေတော့...
“အားလုံးပဲ၊ နင်တို့တွေ ငါ့ကိုဘာလို့ ကြောက်စရာမျက်လုံးကြီးတွေနဲ့ ကြည့်နေကြတာလဲ။ ငါတစ်နေကုန် ဘာမှမလုပ်ဘူးလေ။ အခန်းထဲမှာပဲ လက်တော့နဲ့ရုပ်ရှင်ကြည့်နေတာ။”
ဒီလိုပြောလိုက်တော့ အေမီကလည်း ရှေ့ထွက်လာပြီး ဖရာလီတာရှေ့မှာ လက်ဝါးကိုဖြန့်ပြလိုက်တယ်။ သူ့လက်ထဲမှာ တစ်စစီဖြစ်နေတဲ့ ယင်ကောင်စက်ရုပ်လေးရှိနေတယ်။
“သခင်မလေးဖရာလီတာရဲ့ရုပ်ရှင်က ရိုက်နေတုန်း တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ရုပ်ရှင်ဆိုတော့ အတော်စိတ်ဝင်စားဖို့ ကောင်းခဲ့မှာပဲနော်။ မမလေးအတွက် ချောကလက်ကွက်ကီးလုပ်ဖို့ ဂျုံဝယ်လို့မရအောင် ရှိသမျှဂျုံဆိုင်တွေက ဂျုံတွေကို ရှင်ဝယ်ထားမှန်း ကျွန်မသိပြီးပြီ။”
အေမီက ဖရာလီတာရဲ့လက်ထဲကို ပရင့်ထုတ်ထားတဲ့ စာအုပ်စာတမ်းတချို့ ထည့်ပေးလိုက်တယ်။ အကုန်လုံးက အေမီ ဆိုင်တွေရဲ့ကွန်ပျူတာစနစ်ကိုဖောက်ဝင်ပြီး ကူးလူလာတဲ့ ဖရာလီတာရဲ့ဂျုံဝယ်စာရင်းကော်ပီတွေ။
“ဂျုံဖိုးကြီးသီးသန့် ဒေါ်လာ ၁၂သန်းတဲ့။ ကျွန်မတို့အချင်းချင်းနောက်တာက ကိစ္စမရှိပေမဲ့ ရှင်နယူးယောက်ကဂျုံတွေအားလုံးကို ဝယ်ပစ်လိုက်တော့ ကျွန်မတို့တင်မကဘဲ အခုနယူးယောက်က သာမန်ပြည်သူတွေပါ စားဖို့ဂျုံမရှိဖြစ်ကုန်ပြီ။ သခင်မလေးဖရာလီတာက ပြည်နယ်တစ်ခုလုံးကို အငတ်ဘေးစိုက်အောင် လုပ်ခဲ့တဲ့ လမ်းလျှောက်နေတဲ့ ကပ်ဘေးကြီးပဲ။”
ဘေးဆိုးကြီးလို့ ကင်ပွန်းတပ်ခံလိုက်ရတဲ့ ဖရာလီတာက အတင်းလုပ်ပြုံးပြုံးရင်း နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တယ်။ ဒါပေမဲ့ နဂိုကတည်းက စိတ်မရှည်ဖြစ်နေတဲ့လီဆာက ရှေ့ကိုတက်လာပြီး ဖရာလီတာရဲ့အင်္ကျီကော်လံကို လက်တစ်ဖက်တည်းနဲ့ကိုင်ပြီး ဆွဲမြှောက်လိုက်တယ်။ အခုဖရာလီတာရဲ့ခန္ဓာကိုယ်က လေထဲမြောက်နေပြီး ခြေထောက်လေးနှစ်ဖက်က လေတိုက်တိုင်းယမ်းလို့။
“စိတ်တိုဖို့ကောင်းလိုက်တာ... ဒီအရူးမကို အပြစ်ပေးမှဖြစ်မယ်။”
လီဆာက လက်သီးကိုဆုပ်ပြီး ဖရာလီတာကို ထိုးဖို့လုပ်တယ်။ ဖရာလီတာလည်းလန့်သွားပြီး မျက်လုံးကိုမှိတ်ထားလိုက်ပေမဲ့ လက်သီးကတော့ မျက်နှာပေါ်ကျမလာဘူး။ မရဲတရဲနဲ့ပြန်ဖွင့်ကြည့်တော့ ဖရက်က လီဆာလက်ကို ဖမ်းဆွဲထားတာ။ တော်ပါသေးရဲ့ဆိုပြီး သက်ပြင်းချဖို့လုပ်ပေမဲ့ ဖရက်ဆက်ပြောလိုက်တဲ့စကားက...
“လီဆာ၊ ဒီတန်ဖိုးမရှိတဲ့အမှိုက်အတွက် လက်ညစ်ပတ်မခံနဲ့။ ငါက လူမိုက်ဖြစ်ဖူးတာမလို့ ဒီကိစ္စကို တာဝန်ယူလိုက်မယ်။”
ပြောပြောဆိုဆိုနဲ့ဖရက်က တခြားလက်တစ်ဖက်ကို ဖြန့်လိုက်ပြီး လက်ထဲမှာ လျှပ်စစ်စီးကြောင်းတွေကို ဖော်ထုတ်လိုက်တယ်။ ဖရာလီတာက အဲဒီဖြစ်စဥ်ကို မရဲတရဲနဲ့ကြည့်ရင်း ဇောချွေးတွေပြန်လာတယ်။
“လျှပ်စစ်ဓာတ်နဲ့သေမိန့်ချတာက နာကျင်မှုအနည်းဆုံး နည်းလမ်းတွေထဲကတစ်ခုပဲ။ ကိုယ့်ကံကြမ္မာကိုယ် လက်ခံလိုက်တော့။”
ဖရက်က တကယ်လုပ်တော့မယ့် ရုပ်တည်ကြီးနဲ့ ရှေ့တက်လာတယ်။ လီဆာကတော့ သေမိန့်ချလိုက်တဲ့ တရားသူကြီးလိုရုပ်နဲ့ ဖရာလီတာကိုကြည့်နေပြီး ထွက်ပြေးလို့မရအောင် ကိုယ်ကိုပိုမြင့်မြင့်ဆွဲမြှောက်လိုက်တယ်။
“ဟဲ့... ဟဲ့... နင်တို့တွေနေကြဦး။” လီဆာနဲ့ဖရက်တို့ ဖရာလီတာကို သေမိန့်စီရင်ဖို့လုပ်နေတဲ့အချိန်မှာပဲ လင်ဒါက သူတို့ကိုတားလိုက်တယ်။
“ဆိုဖီယာနဲ့ဖလေရာဆီကနေ စာရောက်လာတယ်။ အခုသူတို့နှစ်ယောက် ဘာလင်မှာအတူရှိနေပြီး ပန်းပဲဆရာတစ်ယောက်ဆီမှာ Iron Maidenဝင်ဝယ်နေတယ်တဲ့။ ဖရာလီတာကိုဆက်ဖမ်းပြီး သူတို့ပြန်လာတဲ့အထိစောင့်ဖို့ ပြောထားတယ်။”
ဖရာလီတာကတော့ ကြောက်လွန်းအားကြီးလို့ လီဆာလက်ကနေ အတင်းရုန်းထွက်ဖို့ကြိုးစားနေပြီ။ ပြဿနာက လီဆာလက်တွေဟာ ပြုတ်တူကြီးတွေလို သန်မာနေတာပဲ။
“ငါ့ကိုလွတ်... Iron Maidenကြီးထဲ ငါ့ကိုထည့်ရင် ငါ့တစ်ကိုယ်လုံး အာလူးထောင်းလိုဖြစ်သွားမှာပေါ့ဟဲ့။”
“ ဒီတော့ စောင့်စရာမလိုဘဲ လှလှလေးသေနိုင်မယ့် နည်းကို ရွေးလိုက်ပြီပေါ့။” ဖရက်က ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဖရာလီတာကို ပြောလိုက်ပြီး လျှပ်စီးတွေဖြတ်ပြေးနေတဲ့လက်ကို မြင့်မြင့်မြှောက်လိုက်တယ်။
“ ဟဲ့၊ နင်တို့တွေဘာလုပ်နေကြတာလဲ။”
လင်ဒါတို့အုပ်စု ဖရာလီတာကိုဝိုင်းအမဲဖြတ်ဖို့ လုပ်နေကြချိန်မှာပဲ ကျောင်းဝင်းထဲကနေပြီး အသံကျယ်ကြီးတစ်ခုထွက်လာတယ်။ သူတို့တွေ လှည့်ကြည့်လိုက်တော့ သူတို့ကို မျက်ထောက်နီကြီးနဲ့ စိုက်ကြည့်နေတဲ့ မက်ဒါနာကို မြင်လိုက်ရရော။
...
ခဏနေတော့ အကုန်လုံး ဝန်ထမ်းဆောင်အပြင်က ကျောက်စားပွဲခုံလေးမှာ စုဝေးနေကြပြီ။ ဥရောပကနေ X43နဲ့ပြန်လာတဲ့ ဖလေရာနဲ့ဆိုဖီယာတို့လည်းပါတယိ။ အချိန်ကတော့ ည ရှစ်နာရီ။ ဆောင်းတွင်းပိုင်းမလို့ နှင်းတွေကျနေပေမဲ့ ကျောက်စားပွဲဘေးမှာ အေမီက ထင်းမီးပုံနဲ့မီးဖိုထားပေးတာကြောင့် ညပိုင်းထင်းမီးဖို ပါတီပွဲလို့တောင် ထင်စရာပဲ။ ဒါပေမဲ့ မတူတာက ဘာမှ စားစရာမရှိသလို စုဝေးနေတဲ့သူတွေနဲ့မျက်နှာတွေက ပျော်ပုံမရတာပဲ။
“နားလည်ပြီ၊ ဒီတော့ ဖရာလီတာက တခြားသူတွေ လက်ဆောင်ဝယ်လို့မရအောင် လိုက်နှောင့်ယှက်ရာကနေ ကျောင်းရှေ့မှာ ရန်ဖြစ်တဲ့အထိ ကိစ္စက ကြီးသွားတာပေါ့လေ။”
အခြေအနေကို အသေးစိတ်သိရပြီးနောက် မက်ဒါနာက ကောက်ချက်ချလိုက်တယ်။ ဖရာလီတာက ကြောက်အားလန့်အားနဲ့ငိုနေဆဲဖြစ်ပြီး မက်ဒါနာကို ငိုမဲ့မဲ့နဲ့ပြောလိုက်တယ်။
“ရန်ဖြစ်တာမဟုတ်ဘူးဟဲ့... သူတို့က ငါ့ကိုဝိုင်းဖမ်းပြီး လူပုံအလယ်မှာ တရားမဝင် သေမိန့်ချဖို့လုပ်နေကြတာ။”
မက်ဒါနာကတော့ နဖူးကိုလက်နဲ့ဆုပ်ကိုင်ရင်း သက်ပြင်းရှည်ကြီးချလိုက်တယ်။ နောက်တော့ သူက ဖရာလီတာကို စိတ်ပျက်နေတဲ့လေသံနဲ့ ပြောလိုက်ပါလေရော။
“ဖရာလီတာ၊ နင်က မနာလိုတတ်မှန်းသိပေမဲ့ ကိစ္စတွေ ဒီလောက်ကြီးသွားအောင် လုပ်လိမ့်မယ်ထင်မထားဘူး။ အခုနင်မွှေတဲ့ပြဿနာက ဘယ်လောက်ကြီးသွားလဲသိလား။”
မက်ဒါနာက ပြောနေတာကိုရပ်လိုက်ပြီး ဖုန်းကိုထုတ်လိုက်တယ်။ ပြီးတဲ့နောက် ဖရာလီတာကို ခေါင်းစဥ်တစ်ခုပြလိုက်ပါလေရာ။
“ဒီသတင်းခေါင်းစဥ်ကိုကြည့်ဦး၊ နယူးယောက်ပြည်နယ်တစ်ခုလုံး ဂျုံပြတ်လပ်မှုဖြစ်နေပြီး အငတ်ဘေးစိုးရိမ်ရတဲ့။ နဂိုကတည်းက ပြည်သူတွေက ပိုးကောင်စစ်ပွဲကြောင့် စိတ်ညစ်နေကြတာ၊ နင်လုပ်လို့ အငတ်ဘေးဖြစ်တော့မယ်ထင်ပြီး အကုန်လုံးလန့်ဖြန့်ကုန်ပြီ။ ပြီးတော့ရှိသေးတယ်...”
“ရဲအရာရှိတစ်ယောက် လမ်းလယ်ခေါင်မှာ အကြောင်းအရင်းမသိရဘဲ ထိုင်လျက်ငိုနေတဲ့... နင်လင်ဒါကို ငိုအောင်လုပ်လိုက်တယ်။”
“ပေါ်ရှေးကုမ္ပဏီက ရုတ်တရက် ကားထုတ်လုပ်မှုရပ်ဆိုင်လိုက်ပြီး အော်ဒါမှာထားသည့် ဖောက်သည်များကို ငွေပြန်အမ်းနေရ။ သန်းကိုးရာခန့် အရှုံးပေါ်။ စီအီးအိုကိုယ်တိုင် ရှေ့ထွက်တောင်းပန်တဲ့။ နင်လုပ်လို့ ကမ္ဘာတစ်ဖက်ခြမ်းက ကိုယ့်အလုပ်ကိုယ် လုပ်နေတဲ့သူတွေအားလုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေရပြန်ပြီ။”
မက်ဒါနာဆီက အဆူခံရပြီးနောက်တော့ ဖရာလီတာ့မျက်နှာ ဇီးရွက်လောက်ပဲရှိတော့တယ်။ ဒါပေမဲ့ မက်ဒါနာက ဆူနေတာကို မရပ်သေးဘဲ အေမီတို့အုပ်စုဆီကို လှည့်ကြည့်လိုက်တယ်။
“ပြီးတော့နင်တို့၊ ငါ့အတွက် လက်ဆောင်လေးတစ်ခု ဝယ်မရရုံပဲဥစ္စာကို ဘာလို့ လူတစ်ယောက်ရဲ့အသက်နဲ့ကိုင်ပြီး ခြိမ်းခြောက်တာလဲ။ နောက်တာဆိုရင်တောင် ခွင့်မလွှတ်နိုင်ဘူး။”
မက်ဒါနာက စိတ်ဆိုးလွန်းလို့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေတယ်။ ဒီအုပ်စုမွှေလိုက်တဲ့ပြဿနာက သေးသေးလေးမဟုတ်ဘူးရယ်။
“နင်တို့တွေအကုန်လုံးကို ငါစိတ်အပျက်ကြီးပျက်သွားပြီ။ နင်တို့တွေ ငါ့အတွက်နဲ့ အချင်းချင်းရန်သတ်နေကြမယ်ဆိုရင် နင်တို့အနားမှာ ငါမရှိမှ ကမ္ဘာကြီးအေးချမ်းမယ်။”
အဲဒီနောက်တော့ မက်ဒါနာက အိပ်ခန်းထဲပြန်ပြီး ဗီရိုထဲက အဝတ်အစားတွေအကုန်ဆွဲထုတ် ခရီးဆောင် သေတ္တာထဲထည့်တော့တာပဲ။ နောက်ကနေလိုက်လာတဲ့ အေမီလည်း ဒါကိုမြင်ပြီး ကြောက်လန့်တကြားနဲ့ ထအော်ပါလေရော။
“လုပ်ကြပါဦး၊ မမလေးအိမ်ပေါ်က ဆင်းတော့မယ်။”
ကျန်တဲ့သူတွေလည်း မက်ဒါနာကိုဝိုင်းဖမ်းဆွဲဖို့လုပ်ပေမဲ့ မက်ဒါနာက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး ငွေရောင်စစ်သည်ကို ဆင့်ခေါ်လိုက်ပါတယ်။
“အင်အားသုံးပြီး ငါ့ကို နင်တို့နဲ့အတူနေခိုင်းမယ်မကြံနဲ့။ သွေးချောင်းစီးသွားမယ်။ ငါက နင်တို့ဓားစာခံမဟုတ်ဘူးဟဲ့။ လိုက်လာဖို့မစဥ်းစားနဲ့။”
အဲဒီနောက်တော့ မက်ဒါနာက ငွေရောင်ချပ်ဝတ်ကို ဝတ်လိုက်ပြီး အထုပ်အပိုးတွေကိုသယ်ကာ ရောက်တတ်ရာရာထွက်သွားလေရဲ့။ ဝန်ထမ်းဆောင်မှာတော့ အေမီက ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီး မျက်ရည်မထွက်ဘဲ ငိုနေလေရဲ့။
“မမလေးကျွန်မတို့ကိုစိတ်ပျက်ပြီး ထွက်သွားပြီ... အီးဟီးဟီး... ညစာလေးတောင် စားမသွားဘူး။”
....
ငွေရောင်စစ်သည်က နယ်မြို့လေးတစ်မြို့ရဲ့အဝင်ဝမှာ ဆင်းလိုက်တယ်။ ပြီးတဲ့နောက် ယူလာတဲ့အဝတ်အိတ်ကို မြေပေါ်ပစ်ချပြီ ဝတ်စုံကို ချွတ်လိုက်ပါတယ်။
“ သူတို့ကို တကယ်စိတ်တိုတာတော့မဟုတ်ပေမဲ့ ဒီတိုင်း လွှတ်ထားပေးရင် ပိုဆိုးတာတွေလုပ်နေလိမ့်မယ်။ မှတ်လောက်အောင် ပစ်ထားမှဖြစ်မယ်။”
မက်ဒါနာက သူ့ဘာသာတွေးလိုက်ရင်း ရေရွတ်တယ်။ အဲဒီနောက်တော့ ဆောင်းလေအဝှေ့ကြောင့် ခိုက်ခိုက်တုန်သွားပြီး အနွေးထည်ဝတ်မထားဘဲ တီရှပ်လေးတစ်ထည်နဲ့ထွက်လာမိမှန်း သတိထားမိလိုက်ပါလေရော။
“သောက်ကျိုးနည်း... အပြင်မှာဆောင်းရာသီဖြစ်နေတာကို မေ့နေတာပဲ။”
မက်ဒါနာက အနွေးဒဏ်ကို အံ့တုနိုင်ဖို့အတွက် အဝတ်အိတ်ထဲက အနွေးထည်ဖို့ထုတ်ဖို့ အကြံရသွားပြီး အဝတ်သေတ္တာကို ဖွင့်လိုက်ခါမှ။
“ဟမ်... အိတ်မှားယူလာတာလား။” ထွက်လာတဲ့အဝတ်တွေက သူထည့်လာတဲ့အဝတ်တွေမဟုတ်ဘဲ အေမီရဲ့အိမ်စေအဝတ်အစားတွေဖြစ်နေမှန်း သိလိုက်ရပါလေရော။
“ဟုတ်သားပဲ၊ အခန်းထဲမှာ အဝတ်အိတ်နှစ်လုံးရှိနေတာ။ ဒီအိတ်က အေမီရဲ့အိမ်စေဝတ်စုံအပိုတွေ ထည့်ထားတဲ့ဥစ္စာ။”
အဲဒီနောက်တော့ မက်ဒါနာက စိတ်ပျက်ပျက်နဲ့နည်းပညာဝတ်စုံကို ပြန်ဝတ်လိုက်ပြီး အဝတ်အိတ်ကို ပြန်ပိတ်လိုက်တယ်။
“ဘာကြောင့်မှန်းမသိဘဲ ဒီအဖြစ်အပျက်တွေက ရင်းနှီးနေသလိုပဲ။”
မက်ဒါနာက စဥ်းစားကြည့်ပေမဲ့ စဥ်းစားလို့မရဘူး။ သူရောက်နေတဲ့မြို့လေးမှာ ခတ္တအခြေချနေဖို့ ဆုံးဖြတ်ပြီးတဲ့နောက် မြို့ဘက်ကိုကြည့်လိုက်တယ်။ မြို့နယ်လမ်းလေးက ကားတစ်လမ်းမောင်းစာသာရှိပြီး နှင်းတွေဖုံးနေတယ်ဆိုပေမဲ့ ဒီနေရာကို မက်ဒါနာက တော်တော်ရင်းနှီးသလို ခံစားမိနေပြန်ပါတယ်။
“ဒီမြို့ကို ငါအရင်က မရောက်ဖူးပါဘူး။ ဘာလို့ ရင်းနှီးနေတာပါလိမ့်။ ဒီဂျာပူးလား၊ ဒါပေမဲ့ အဲဒါထက် ပိုနေသလိုပဲ။”
‘မြို့ထဲကိုဝင်သွားပြီးအကဲခတ်ကြည့်ပေါ့၊ မင်းမှတ်မိရင် မှတ်မိလာမှာပါ။' ရုတ်တရက် ဝတ်စုံရဲ့နဂါးကျောက်က သူ့ကိုဆက်သွယ်လာတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မက်ဒါနာခေါင်းကိုက်လာပြီး သူ့ခေါင်းကိုသူဆုပ်ကိုင်ထားလိုက်မိပါတယ်။ ခေါင်းကိုက်နေတဲ့အချိန် သူ့စိတ်ထဲမှာ မှတ်ဉာဏ်တချို့ပေါ်လာတယ်။
အိမ်စေဝတ်စုံနဲ့မိန်းကလေးတစ်ယောက်က ခြံဝင်းထဲမှာ တံမြက်စည်းလှမ်းနေတဲ့ပုံရိပ်၊ သင်္ဘောပေါ်က ဖြစ်သလို မင်္ဂလာဆောင်၊ ကောင်လေးတစ်ယောက်ရဲ့အပြုံးတွေ။
“ ရေမွန်... အဲဒီကောင်လေးနာမည်လား... ဒါပေမဲ့၊ ငါသူ့ကို အပြင်မှာမှမတွေ့ဖူးတာပဲ။ စစ်မေးမှုတုန်းက မှတ်ဉာဏ်အကြွင်းအကျန်တွေလား။”
မက်ဒါနာက မေးခွန်းတွေမေးနေပေမဲ့ နဂါးက ပြန်မဖြေတော့ဘူး။ ဒါကြောင့် မက်ဒါနာအနေနဲ့ မြို့ထဲကိုဝင်ပြီး လှည်ပတ်ကြည့်ရုံအပြင် တခြားမရှိပါဘူး။ ငွေရောင်စစ်သည် မြို့ထဲဝင်လာပြီးပြီးချင်းမှာပဲ မြို့သားတွေက သူ့ကို သတိထားမိသွားကြပြီး မယုံနိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။ သူကလည်း သူတို့ကို ပြန်လက်ပြပြီး နှုတ်ဆက်တယ်။
တစ်နေရာကိုရောက်တော့ မက်ဒါနာက ဓာတ်တိုင်တစ်တိုင်ပေါ်မှာရှိနေတဲ့ ကြော်ငြာအဟောင်းတစ်ခုကို သတိထားမိသွားလေရဲ့။
[ဂလော်ရီးယားအိမ်တော်တွင် အိမ်စေ၊ အိမ်တော်ထိန်းအဖြစ် တာဝန်ထမ်းဆောင်ရန်။ နေစားငြိမ်း၊ ဒေါ်လာတစ်သောင်း။]
“ဟမ်... ဒီဥစ္စာက...”
မက်ဒါနာရဲ့စိတ်ထဲမှာ နောက်ထပ်မှတ်ဉာဏ်တွေ ဖြတ်ပြေးသွားပြန်တယ်။ သူ့အနေနဲ့ တစ်စုံတစ်ခုကို မှတ်မိလုနီးပါးဆိုပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ မှတ်မိမနေပြန်ဘူး။
“အဲဒီအိမ်ကို သွားကြည့်ရင်ကောင်းမလား။” မက်ဒါနာရဲ့နှလုံးသားထဲမှာ ဆန္ဒတစ်ခုဖြစ်တည်လာတယ်။