← Chapters

တစ်ချက်တည်းဖြင့်လဲကျသွားခြင်

Vol. 1 Ch. 27

တစ်ချက်တည်းဖြင့်လဲကျသွားခြင်

Vol. 1 Ch. 27

အခန်း (၂၇) တစ်ချက်တည်းဖြင့်လဲကျသွားခြင်း

ယန်ရွှမ်ဆိုသည်မှာ အစိမ်းရောင်ဝတ် လူ၏ နာမည်အရင်းပင် ဖြစ်လေသည်။ ဆန်းလျန်မှာ လင်ချုန်းရှောင်က ပြောပြ ထားသည့်အတွက် သိနေခြင်းပင် ဖြစ်လေသည်။

သို့သော် အရာရှိဆိုသည့် လူမှာ အစိမ်းရောင်ဝတ် လူ၏ အမည်ရင်းကို သိနေခြင်းအားဖြင့် ရွှမ်းမင်ခရိုင်မှာ သတင်းရယူမှု မည်မျှ တော်ကြောင်းကို သက်သေ ပြလိုက်ခြင်းပင် ဖြစ်လေသည်။

"လူကြီးမင်း … ကျွန်တော်က လူကြီးမင်းရဲ့ အကျဉ်းသားလား ဒါမှမဟုတ် လက်အောက်ငယ်သားလား"

ရွှမ်းမင် ခရိုင်မှ အရာရှိ မုန့်ဟန်ကို ဆန်းလျန်က စိုက်ကြည့်ပြီး မေးလိုက်သည်။ သူက ငယ်ရွယ်ပုံရပြီး မျက်နှာမှာ အနည်းငယ် ကလေးဆန်နေ သော်လည်း သူ၏ စိုက်ကြည့်နေသည့် အကြည့်ကတော့ နက်နဲ လွန်းလေသည်။

အရာရှိ မုန့်ဟန်မှာ အနောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်မိ သွားလေသည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ ဟင်ခနဲ အသံ ထွက်မိသည်ထိပင် အံ့သြ သွားရလေသည်။

အခန်းတစ်ခုလုံးမှာ ထိတ်လန့်စရာ ကောင်းလောက်အောင်ပင် တိတ်ဆိတ်သွားသည်။ အပ်ကျသံပင် မကြားရတော့ လောက်အောင် တိတ်ဆိတ်သွားခြင်း ဖြစ်လေသည်။

မုန့်ဟန်မှာလည်း အံ့သြ သွားရလေသည်။ သူနောက်သို့ ခြေတစ်လှမ်း ဆုတ်မိသည့်အတွက် ရှက်သွား မိလေသည်။ သူ့မျက်နှာမှာ သံပူချောင်းကဲ့သို့ နီရဲ နေလေတော့သည်။

ရွှမ်းမင်ခရိုင်တွင် တာဝန် မထမ်းဆောင်စဉ်က မုန့်ဟန်မှာ နာမည်ဂုဏ်သတင်း ကျော်ကြားသည့် သိုင်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့်  ချီးယန်ဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်လေသည်။

ချီးယန်ဂိုဏ်းမှာ ဘုရင်အပေါ် သစ္စာစောင့်သိသည့် သိုင်းဂိုဏ်းတစ်ခု ဖြစ်သောကြောင့် ဘုရင့် နန်းတော်မှ သဘောကျ နှစ်သက်မှုကို ခံရပြီး သစ္စာရှိ လုပ်ရပ်များအတွက် ဘွဲ့ထူး ဂုဏ်ထူးများ ပေးအပ်ထားခြင်း ခံထားရသည့် သိုင်းဂိုဏ်းတစ်ခု ဖြစ်လေသည်။

ချီးယန်ဂိုဏ်းမှာ ကျန်းဟူတွင်သာမက ဘုရင့် နန်းတော်ထိပါ ပေါက်ရောက်သည့် အဆင့်မြင့် သိုင်းဂိုဏ်း တစ်ခုပင် ဖြစ် သည်။

မုန့်ဟန်မှာ ရွှမ်းမင်ခရိုင်တွင် အရာရှိ မဖြစ်ခင်က ချီးယန်ဂိုဏ်းမှ ကြယ်တစ်ပွင့် ဖြစ်ခဲ့လေသည်။ သူ၏ အရည်အချင်းကြောင့် ရွှမ်းမင်ခရိုင်တွင်လည်း လေးစားခံရ လေသည်။ ထိုအကြောင်း များကြောင့်ပင် သူကလည်း လွန်စွာမှ မာန ကြီးလေသည်။

သို့သော် ယခုကဲ့သို့ ခြေတစ်လှမ်း ဆုတ်မိသည့် သတင်းသာ သိုင်းလောကသားများနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ ကြားတွင် ပျံ့နှံ့ သွားပါက တွေးရဲစရာပင် မရှိချေ။

ဆန်းလျန်မှာ ခေတ်ပေါ် လောကတွင် နေစဉ်အချိန်က ဆေးခန်းတစ်ခု ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။ လူပေါင်းများစွာနှင့် ဆက်ဆံရသည့် အတွေ့အကြုံ ရှိသောကြောင့် မုန့်ဟန်စိတ်ထဲ မည်သို့ ဖြစ်သွား သည်ကို ရိပ်မိ လိုက်လေသည်။

မုန့်ဟန်ကဲ့သို့သော လူစားများမှာ အလျှော့ ပေးတတ်သူများ မဟုတ်ပေ။ ထို့ပြင် သူတို့က အာဏာကို အသုံးပြုပြီး အနိုင်ကျင့်တတ်သည့် သူများလည်း ဖြစ်လေသည်။ ဆန်းလျန်အနေဖြင့် ပြည်နယ် အုပ်ချုပ်ရေးမှူး စောကို ကိုင်တွယ်သလို မုန့်ဟန်ကို ကိုင်တွယ်လို့ ရမည် မဟုတ်ပေ။ သည်လို လူမျိုးများသည် ကျိုးသင့်ကြောင်းသင့် ရှင်းပြသည်ကိုလည်း လက်ခံမည့်သူများ မဟုတ်။

ထို့ကြောင့်ပင် ဆန်းလျန်ကလည်း မိမိ အနေအထားကို သိအောင် တမင်သက်သက် ပညာပြလိုက်ခြင်း ဖြစ်လေသည်။

အစိမ်းရောင်ဝတ်လူ ချန်ခဲ့သည့် သိုင်းကျမ်းကြောင့် သိုင်းလောကတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။

ဆန်းလျန်တွင် နတ်သက်ခြွေ ဓားသိုင်းနှင့် ဆန်းကျူ ကျင့်စဉ်ကျမ်း မရှိပါဟု ပြောလျှင်လည်း မည်သူမျှ ယုံမည် မဟုတ်ပေ။ ထို့ပြင် ထို ကျမ်းစာအုပ်များကလည်း ဆန်းလျန်တွင် တကယ် ရှိနေလေသည်။

မုန့်ဟန်မှာ ပထမဆုံး ရောက်လာသည့်သူ ဖြစ်သော်လည်း နောက်ထပ် လူပေါင်းများစွာ ဆန်းလျန်ဆီသို့ ရောက်လာ ကြဦးမည်မှာ မလွဲဧကန်ပင် ဖြစ်လေသည်။

ဤ အကြောင်းများကြောင့်ပင် ဆန်းလျန်မှာ ဆန်းအိမ်တော်မှ ထွက်ခွာ လာခဲ့ရခြင်း ဖြစ်လေသည်။ ဆန်းအိမ်တော်ကို ပြဿနာများစွာ သယ်ဆောင် လာသကဲ့သို့ ဖြစ်မည်ကို ဆန်းလျန် မဖြစ်စေချင်ပါ။

ထို့ပြင် သူက နာမည်ဂုဏ်သတင်း ရှိသူတစ်ယောက် မဟုတ်သောကြောင့် သူ့ကို မည်သူမျှ ကြောက်မည် မဟုတ်ပေ။ သူ့ကို ဒုက္ခပေးရန်အတွက် လူပေါင်းများစွာ ရောက်လာကြမည် ဖြစ်လေသည်။

ခြေတစ်လှမ်း ဆုတ်လိုက်ပြီးနောက် မုန့်ဟန်က သူ့ကိုယ်သူ အားတင်းလိုက်သည်။ ကလေးတစ်ယောက်ကို သူက ကြောက်နေမိသည် တဲ့လား။

"ကျုပ်က အစိမ်းရောင်ဝတ် လူနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို သိချင်တာပါ။ မင်းအပေါ် ကြမ်းကြမ်း တမ်းတမ်းလုပ်ဖို့ မရည်ရွယ်ပါဘူး"

မုန့်ဟန်က ဒေါသကို ဖုံးကွယ်ပြီး အေးဆေးစွာ ပြောလိုက်သည်။

ဒေါသကို ဖုံးကွယ်ထားသည့် မည်သူမဆို ထိုသို့သော စကားမျိုးကိုသာ ပြောမည် ဖြစ်လေသည်။

"ကျုပ်က မပြောဘူးဆိုရင်ရော"

ဆန်းလျန်က အကြောက်အလန့်မရှိ ပြန်ပြောလိုက်သည်။

"ကျုပ်တောင်းဆိုတာကို မင်းမှာ ငြင်းပိုင်ခွင့် မရှိဘူး။ကောင်လေး … မင်းက အသာတကြည် မပြောမှတော့ ပြောအောင် လုပ်ရတော့မယ်"

"ဆန်းလျန် ဒီကိစ္စက အရေးမကြီးပါဘူး။မင်း ပြောပြလိုက်ပါ။ လူကြီးတွေ အခက်တွေ့အောင် မလုပ်ပါနဲ့"

ပြည်နယ် အုပ်ချုပ်ရေးမှူး စောက ဝင်ပြောလိုက်သည်။

"ဒီကိစ္စက ရွှမ်းမင် ခရိုင်ရဲ့ကိစ္စ မင်းလို ပြည်နယ် အုပ်ချုပ်ရေးမှူး အဆင့်က ဝင်ပြောစရာ မလိုဘူး"

မုန့်ဟန်က ပြည်နယ် အုပ်ချုပ်ရေးမှူး စောကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ ဒေါသကို မျိုသိပ် ထားလိုက်ရလေသည်။ သူတို့ အားလုံးမှာ ဘုရင် တစ်ပါးတည်း၏ လက်အောက်တွင် အမှုထမ်းကြသူ ဖြစ်ပြီး သူကလည်း နန်းတွင်း အဆင့်မြင့် စာမေးပွဲ အောင်မြင်ခဲ့သည့် သူတစ်ယောက် ဖြစ်လေသည်။ ရွှမ်းမင် ခရိုင်မှ ရွံစရာ လူများကတော့ မိမိတို့ကဲ့သို့ ပြည်နယ် အုပ်ချုပ်ရေးမှူးများကို ဝက်တွေခွေးတွေလို ဆက်ဆံနေကြသည်ဟု တွေးနေ မိသည်။

"အတူတူပါပဲ။ကျုပ်ကိစ္စတွေမှာလည်း မုန့်လူကြီးမင်း ဝင်ပြောဖို့ မလိုပါဘူး"

ဆန်းလျန်က ပြုံးပြီး ပြောလိုက်လေသည်။

"တော်တော် တော်တဲ့ကလေးပဲ"

မုန့်ဟန်မှာ အလွန် ဒေါသထွက်နေလေပြီ။ သူက ကလေးတစ်ယောက်ပေါ်တွင် အကြမ်းပတမ်းလုပ်ဖို့ မရည်ရွယ်ခဲ့ပေ။ သို့သော် ဆန်းလျန်က မလုပ်လုပ်အောင် တွန်းပို့ နေသလို ဖြစ်နေလေသည်။ ထို့ကြောင့်ပင် သူ့ဒေါသကို ထိန်းမထား နိုင်တော့ပေ။

သူ ဓားကို ဆွဲထုတ်လိုက်ပြီး အတွင်းအားကို ဖြည်းဖြည်းချင်း ထည့်လိုက်သည်။ သံမဏိဖြင့် ပြုလုပ်ထားသည့် ဓားမှာ ပူလောင်လာပြီး အနီရောင်သို့ ပြောင်းသွားလေသည်။

ချီးယန်ဂိုဏ်း၏ အတွင်းအားမှာ ပြင်းထန်သော "ယန်" စွမ်းအားကို အခြေခံထားခြင်း ဖြစ်လေသည်။ ထို့ကြောင့် ချီးယန်ဂိုဏ်းက သူတို့၏ တပည့်များကို ဟန်၊ ပင်း၊ ယင်၊ လန် စသည့် စာလုံးများ ပါဝင်သော နာမည်များ ပေးထားကြခြင်း ဖြစ်လေသည်။  ထိုသို့နာမည် ပေးထားခြင်းအားဖြင့် တပည့်များမှာ သူတို့၏ မာနနှင့် ဒေါသကို ထိန်းချုပ် နိုင်ရန်အတွက် အစဉ်အမြဲ သတိ ရနေကြလိမ့်မည် ဖြစ်လေသည်။

မုန့်ဟန်၏ နာမည်မှာ "အေးချမ်းမှု" ဟု အဓိပ္ပာယ်ရသည့် "ဟန်" ဆိုသည့် စာလုံးကို ပေးထားသော်လည်း မုန့်ဟန်၏ ရင်ထဲမှ ဒေါသကတော့ ထိန်း၍ မရတော့ပေ။ ဒေါသကြောင့် သူ၏ အတွင်းအားများ ပွင့်ထွက်ကုန်ပြီး ဆန်းလျန်ကို ပညာပေးရန် ဆုံးဖြတ် လိုက်လေတော့သည်။

သူ့ဓားကိုပင် သတိ မပြုမိဘဲ ဆွဲထုတ်မိခြင်း ဖြစ်လေသည်။ ဓားက ဆန်းလျန်ဆီသို့ တိုးဝင်သွားသည်။

ထိုသိုင်းကွက်ကို "လည်မျိုထိုးသွင်း" သိုင်းကွက်ဟု ခေါ်ပြီး ဓားမှာ ဆန်းလျန်၏ လည်မျိုတည့်တည့်သို့ တိုးဝင် သွားလေသည်။

သို့သော် မုန့်ဟန်မှာ ဆင်ခြင်နိုင်စွမ်းတော့ ရှိနေသေးသည်။ သူ၏ ဓားချက်တွင် အားအပြည့် သုံးမထားသည့်တိုင် ဤဓားချက်သာ ထိလျှင် ဆန်းလျန်မှာ လပေါင်းများစွာ အစားမစားနိုင်၊ စကားမပြောနိုင် ဖြစ်သွားပေလိမ့်မည်။

ဆန်းလျန်သာ စကား မပြောနိုင်တော့လျှင် အစိမ်းရောင်ဝတ် လူအကြောင်း သူသိရတော့မည် မဟုတ်ပေ။

ထို့ကြောင့်ပင် သူ၏ ဓားသွားကို လည်မျိုသို့ ဦးတည်နေရာမှ အောက်ဘက်သို့ လမ်းကြောင်း ပြောင်းလိုက်လေသည်။

ဆန်းလျန်က သူ၏ ဓားချက်ကို မတုန့်ပြန်ပေ။ ရုတ်တရက် အစိမ်းရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး မုန့်ဟန်၏ ဓားချက်မှာ ရပ်တန့် သွားရလေသည်။ ဆန်းလျန်၏ လက်ထဲတွင် အစိမ်းရောင် သစ်ပင်ဖြင့် ပြုလုပ်ထားသော သစ်သား ဓားတစ်လက် ရှိနေပြီး ထိုဓားဖြင့် မုန့်ဟန်၏ လျယ်ချွဲ့ ဆုံချက်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

လျယ်ချွဲ့ ဆုံချက်မှာ လူတစ်ယောက်၏ လက်တွင် ရှိလေသည်။ လက်ဆစ် စုံချက်နေရာ အထက်နား လက်ကောက်ဝတ်မှ နှစ်လက်မခန့် အကွာတွင် ရှိသည်။ လက်၏ ကြွက်သားနေရာနှင့် လက်ဖျံကြွက်သား နေရာကြားတွင် ဆက်သွယ် ပေးထားသည့် “အယူအဆပိုင်းဆိုင်ရာ ဆုံချက်” ဖြစ်လေသည်။

ဆန်းလျန်၏ လှုပ်ရှားမှုက နှေးကွေးသော်လည်း တိကျပြီး အချိန်ကိုက် လှုပ်ရှားနိုင်လေသည်။ ပြိုင်ဘက်၏ တိုက်ခိုက်မှုထက် နောက်ကျပြီးမှ ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည့်တိုင် ရန်သူ၏ သိုင်းကွက်အပေါ်တွင် လွှမ်းမိုး သွားလေသည်။

ဆန်းလျန်မှာ အတွင်းအားရော အတွေ့အကြုံပါ နည်းပါးသည့်အတွက် မုန့်ဟန်ကိုတော့ နိုင်အောင် တိုက်ခိုက်နိုင်မည် မဟုတ်ပါ။ သို့သော် သူ ယခု တိုက်လိုက်သည့် သိုင်းကွက်မှာ အတွင်းအားပေါ်တွင် မူတည်ခြင်း မရှိပေ။ ဝိညာဉ်စွမ်းအား ပြည့်ဝသည့် နတ်သက်ခြွေ ဓားသိုင်း အရိပ်အယောင် မျှဖြင့်သာ မုန့်ဟန်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

စိတ်ဝိညာဉ်နှင့် အတွင်းအားမှာ အတူတူ အလုပ် လုပ်ကြခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ ဓားချက်မှာ မုန့်ဟန်၏ လျယ်ချွဲ့ ဆုံမှတ်ကို တည့်တည့် ထိသွားပြီး မုန့်ဟန်၏ စိတ်ဝိညာဉ်မှာ ထိခိုက် သွားရလေတော့သည်။ လျယ်ချွဲ့ သွေးကြော ပိတ်သွားသည့်အတွက် မုန့်ဟန်၏ အတွင်းအားများ ရှုပ်ထွေးကုန်သည်။

မုန့်ဟန်မှာ ဒေါသလည်း ထွက်နေသလို အံ့သြ တုန်လှုပ်၍လည်း သွားရလေသည်။ ဆန်းလျန် သူ့ကို အနိုင် ရလိမ့်မည်ဟု သူထင်မထား ခဲ့မိပေ။

သူ၏ အတွေးများမှာ ပရမ်းပတာ ဖြစ်ကုန်ပြီး ဓားချက်ကို ဆက်ပြီး ထိုးသွင်းလိုက်သည်။

သူ့အတွင်းအားများ ရှုပ်ထွေးနေသည်ကို သူကိုယ်တိုင်ပင် မသိနိုင်တော့။

ဆန်းလျန်၏ ဓားကလည်း အရှိန်ဖြင့် ဆက်ရွေ့လျား သွားပြီး မုန့်ဟန်ကို အသာပင် ရိုက်ချလိုက်လေသည်။ မုန့်ဟန်၏ ဓားက အရှိန်ဖြင့် တိုးဝင် လာချိန်တွင် ဆန်းလျန်က ထိုသို့ ရိုက်ချလိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန် အားပင် မသုံးလိုက်ရဘဲ မုန့်ဟန်မှာ တတိယထပ်ရှိ ပြတင်းပေါက်မှ အပြင်ဘက်သို့ လွင့်စင် ထွက်သွား လေတော့သည်။

ဒုတိယထပ်တွင် လသာဆောင်လေး တစ်ခု ရှိလေသည်။ မုန့်ဟန်မှာ ထို လသာဆောင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံကို ကျယ်လောင်စွာ ကြားလိုက်ရလေသည်။

လသာဆောင်မှာ သစ်သားကောင်းဖြင့် ပြုလုပ် ထားသည့်အတွက် မုန့်ဟန် ပြုတ်ကျ သွားသည့်တိုင် တစ်စစီ ပျက်စီး သွားခြင်းမျိုး မရှိဘဲ ထက်ပိုင်းသာ ကျိုးသွားလေသည်။

မုန့်ဟန် ပြတင်းပေါက်မှ လွင့်စင် ထွက်သွားသည်ကို ဆန်းလျန် တစ်ချက် လှမ်းကြည့် လိုက်သည်။ သူက ဓားကိုတစ်ချက် ဝှေ့ယမ်းလိုက်သည့် အခါတွင်တော့ လေအေး တစ်ချက်က မုန့်ဟန်ကို သွားရောက် တိုက်ခတ်လေသည်။ မုန့်ဟန်မှာ သူ၏ ဦးခေါင်းပေါ်သို့ အေးစက်သည့် ရေတစ်ခွက် လောင်းချလိုက်သလို ခံစားလိုက်ရသည်။ အေးစက်ခြင်းများမှ တစ်ဆင့် ရုတ်တရက် နာကျင်ခြင်းကို ခံစား လိုက်ရပြီး မုန့်ဟန်မှာ လသာဆောင်ပေါ်တွင် သတိလစ်သွား လေတော့သည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး စောနှင့် ဆန်းလျန်တို့ ဒုတိယထပ်သို့ ဆင်းလာကြပြီး စပ်စပ်စုစုနှင့် ဝိုင်းကြည့် နေကြသည့် လူများကို မောင်းထုတ် လိုက်ကြသည်။

“ပြည်နယ် အုပ်ချုပ်ရေးမှူးစော မုန့်လူကြီးမင်းကြောင့် ကျုပ်တည်းခိုခန်း ပျက်စီးသွားပြီ။ အပျက်အစီးတွေအတွက် လျော်ကြေးငွေကို မြို့တော်ခန်းမ ရုံးက လျော်ပေးနိုင်မလား”

ပျက်စီးနေသော လသာဆောင်ကို ကြည့်ပြီး ဆန်းလျန်က ပြောလိုက်ခြင်း ဖြစ်လေသည်။

“ပြောစမ်းပါဦး။မင်း ဘာလုပ်လိုက်တယ်များ ထင်နေလဲဟင်။ ရွှမ်းမင် ခရိုင်ကလူနဲ့ ဘာလို့ သွားပတ်သက် ရတာလဲ”

ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ မုန့်ဟန်၏ ပုံစံကို ကြည့်ရင်း အလွန်မှ စိတ်မသက်မသာ ဖြစ်နေသည့်ပုံ ရလေသည်။ သူ့မှာ ပြောရင်းသီးပင် သီးသွားရသည်။

“ကျွန်တော် သွားပတ်သက် မိသွားပြီပဲ။ဘာပဲ ဖြစ်လာဖြစ်လာပေါ့”

ဆန်းလျန်က အရေးမထားသလို ခပ်တည်တည်ပင် ပြန်ပြောလိုက်သည်။

“ဒါပေါ့။မင်းကတော့ ကျန်းဟူက ထူးဆန်းတဲ့ သိုင်းပညာတွေ သင်ထား ပြီးပြီဆိုတော့ မင်းသွားချင်တဲ့နေရာ သွားလို့ ရတာပေါ့။ဒါပေမယ့် ဆန်းအိမ်တော်ကိုကျတော့ ဘယ်လိုလုပ်မလဲ”

ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ ဆန်းလျန် မည်သူ့ထံမှ ပညာ သင်ကြားခဲ့သည်ကို ကောင်းကောင်းသိသည် ဆိုသည့်ပုံစံဖြင့် ပြောနေခြင်း ဖြစ်လေသည်။ သူက ဆန်းလျန်မှာ အစိမ်းရောင်ဝတ် လူနှင့် ကျိန်းသေပတ်သက် လိမ့်မည်ဟု တစ်ထစ်ချ ယုံကြည်ထားလေသည်။

ပြည်နယ် အုပ်ချုပ်ရေးမှူး စောမှာ သိုင်းလောကအကြောင်းကို သိသော်လည်း သိုင်းပညာနှင့် တာအိုကျင့်စဉ်များ အကြောင်းကိုတော့ ကောင်းစွာ မသိပါ။ ထို့ကြောင့်ပင် ဆန်းလျန်က မုန့်ဟန်ကို သိုင်းကွက် တစ်ကွက်တည်းဖြင့် အနိုင်တိုက်ခိုက် လိုက်သည့်အခါ အံ့သြ တုန်လှုပ်သွားရခြင်း ဖြစ်လေသည်။

ထို့ပြင် ဆန်းလျန်မှာ လွန်စွာမှ ငယ်ရွယ်သူတစ်ယောက် ဖြစ်လေသည်။ ဤသတင်းသာ ပျံ့နှံ့သွားပါက  မုန့်ဟန်မှာ သိုင်းလောက အတွင်းတွင် အဘယ်မျှ အရှက်ရစရာ ဖြစ်မည်ကို မသိနိုင်ပေ။

“ဒီကိစ္စတွေ ဒီလောက် မြန်မြန်ကြီး ဖြစ်သွားတာ စဉ်းစားနေဖို့တောင် အချိန်မရလိုက်ဘူး။ ကျုပ်က ခင်ဗျားနဲ့မတူဘူး ပြည်နယ် အုပ်ချုပ်ရေးမှူးစော။ကျုပ်က နောက်ဆက်တွဲ ပြဿနာတွေကို စိတ်မဝင်စားဘူး။ကျုပ်က “အပေးနဲ့အယူပဲ” သိတယ်”

ဆန်းလျန်က ပြောလိုက်သည်။

အရင်ပေးပါ။ပြီးရင်တော့ ပြန်ယူပါ။

လူတစ်ယောက်အတွက် ပေးပြီးနောက် ပြန်လည် ရယူသည်မှာ သဘဝကျပေသည်။

အပေးသာရှိပြီး အယူ မရှိခြင်းနှင့် အယူသာရှိပြီး အပေး မရှိခြင်းကသာ သဘာဝ မကျခြင်း ဖြစ်လေသည်။

“မင်းလိုလူမျိုး ရှိနေတာ ဆန်းအိမ်တော်အတွက် ကံဆိုးတာလား ကံကောင်းတာလားတောင် မသိတော့ပါဘူး။ကျုပ်က စာပေပညာရှင်ပဲ စကားပုံရှိတယ်လေ “ဘာမှမမြဲတဲ့ ဒီလောကကြီးထဲမှာ သားသမီးဝတ် မကျေတဲ့သူနဲ့ သစ္စာ မစောင့်သိတဲ့သူဟာ နတ်ပြည် မရောက်နိုင်ဘူးတဲ့” မင်းဒီစကားကို နားလည်လိမ့်မယ် ထင်ပါတယ်”

ပြည်နယ် အုပ်ချုပ်ရေးမှူး စောက ပြောလိုက်လေသည်။

All Chapters