သားရဲမိခင်ကြီးအား ယဉ်ပါးစေခြင်း
Vol. 91 Ch. 1181
ချင်မူလည်း မျက်ကန်း၏ စကားကို စဉ်းစားကြည့်ပြီးနောက် စိတ်ရှည်ရှည်ထားလိုက်သည်။
ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားကိုးယောက်လည်း သူ့အပေါ်တွင် အလားတူ ပြုမူခဲ့ကြသည်။ သူ့အတွက် စိုးရိမ်ပူပန်ကြသော်လည်း သိုင်းလောကတခွင် လွတ်လွတ်လပ်လပ် လျှောက်သွား လေ့လာစေပြီး ၀င်စွက်ဖက်ကြသည့် အချိန်မှာ ရှား၏။
ချင်မူ့အနေဖြင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ မျိုးဆက်သစ်များအတွက် စိုးရိမ်ပူပန်မိသော်လည်း မျိုးဆက်သစ်များလည်း တိုးတက်နိုင်ရန် အတွေ့အကြုံလိုအပ်ပေသည်။
ရွှေအက ခေါင်းငုံ့၍ ဟိုရှာသည်ရှာ လုပ်နေရင်း ကျောက်တုံးအချို့ ထပ်တွေ့သွားသည်။ သူက အံ့ဩမှင်သက်စွာ ပြောလေသည်။ “ဒီနေရာက ကျောက်တုံးတွင်းက ရှေးဆန်လွန်းတယ်… ဒီနတ်သတ္တုတွေမှာတောင် ဝိညာဉ်တွေ ရှိနေတဲ့အပြင် သဘာ၀နတ်လက်နက်တွေကို ဖော်ဆောင်ထားကြပြီ… ဒီကျောက်တုံးတွင်းထဲမှာ ကြီးကြီးမားမား တစ်ခုခု ရှိရမယ်”
သူသည် နောက်ထပ် ကျောက်တုံးအချို့ကို ခေါက်လိုက်ရာ ၎င်းတို့က နှစ်ခြမ်းကွဲသွား၏။ အမျိုးမျိုးသော ရတနာတို့ကား ဝှီးခနဲ ဝှီးခနဲ ပျံထွက်လာကြတော့သည်။ ပုတီးစေ့များ၊ ကြွေပြားများ၊ ဓားမများနှင့် လေနှင့်ထိတွေ့လျှင်ချင်း အသွင်ပြောင်းသွားသော ရွှေရောင်ကျွဲတစ်ကောင်ပင် ပါရှိလေသည်။ ၎င်းက ဧရာမ မကောင်းဆိုး၀ါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ပြေးတက်၍ ဆေးဆရာအား ၀င်တိုက်ကာ ဒယိမ်းဒယိုင် ထွက်ခွာသွားသည်။
ကျန်းယွင်ကျန့်နှင့် မျိုးဆက်သစ်လူငယ်များမှာ စိတ်လှုပ်တရှား အော်လိုက်ကြသည်။ သူတို့ထဲရှိ တချို့တစ်၀က်မှာ ဒဏ်ရာရထားကြသော်လည်း ဒဏ်ရာမပြင်းထန်ချေ။
ရွှေအက သက်ပြင်းတစ်ချက် ချ၍ တည်ကြည်စွာ ပြောသည်။ “မျက်ကန်း၊ မင်းရဲ့အမြင်အာရုံက အကောင်းဆုံးပဲ…. ဂူရဲ့ ဟိုးအနက်ဆုံးထဲက အကောင်ကြီးကို မြင်ရလား”
ကောင်းကင်အလင်းတန်းတို့သည် မျက်ကန်း၏ မျက်လုံးထံမှ ထွက်ပေါ်လာကြပြီး မြေကြီးထဲသို့ ထိုးဖောက်က သတ္တုကြောတလျှောက် ရှာဖွေနေ၏။ ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး သူက စူးရှစွာ အော်ဟစ်၍ နောက်သို့ ခုန်လိုက်လေသည်။
သို့သော် ကောင်းကင်အလင်းတန်းတစ်တန်းက မြေပြင်ကို ဖောက်ထွက်လာကာ သူ့အား ထိုးစိုက်လုမတတ် ဖြစ်သွား၏။
လူတိုင်း အံ့ဩမှင်သက်သွားကြသည်။ ထိုကောင်းကင်အလင်းတန်းသည် ဖန်သားကောင်းကင်စေတီ၏ အပြင်ကောင်းကင်ဘုံများကို ဖောက်ထွက်၍ အပြင်သို့ ပျံထွက်သွားရင်း အင်မတန် လှပငေးမောဖွယ်ကောင်းသည့် သက်တံ့တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
ချင်မူ၏အကြည့်များ ခက်ထန်သွားသည်။ ယခု ထွက်ပေါ်လာခဲ့သည့် ကောင်းကင်အလင်းတန်းမှာ မျက်ကန်း၏ နတ်မျက်လုံးများ ကျောက်တုံးတွင်း၏ အတွင်းပိုင်းထဲရှိ ရတနာအား ရှာဖွေရာမှ ဖြစ်ပေါ်လာခြင်းပင်။ ရတနာက အလိုအလျောက် တန်ပြန်တိုက်ခိုက်ခဲ့၏။
ရတနာသည် ဖန်သားကောင်းကင်စေတီ၏ အပြင်ကောင်းကင်ဘုံများသို့ပင် ထိုးဖောက်နိုင်ချေသည်။ ၎င်း၏စွမ်းအားမှာ အင်မတန် ကြောက်မက်ဖွယ် ကောင်းချေသည်။
နတ်ဘုရင်ရှုကျွင်းမှာလည်း ကြောင်အနေ၏။ သူက ခေါင်းကုတ်ရင်း ရေရွတ်နေသည်။ “ဒါက ဘိုးဘေးနန်းတော်မှာ အန္တရာယ်အများဆုံးနဲ့ အဆင်းရဲဆုံးနေရာ မဟုတ်ဘူးလား…. ဘာလို့ ဒီမှာ ရတနာတွေအများကြီး ရှိနေတာလဲ”
သူ့မှာ နားမလည်နိုင်တော့ချေ။
ဖန်ဆင်းရှင်များသည် ဘိုးဘေးနန်းတော်ထဲတွင် နှစ်ပေါင်းကုဋေချီအောင် နေထိုင်ခဲ့ကြ၏။ ဘိုးဘေးနန်းတော်ထဲရှိ အန္တရာယ်အများဆုံးနေရာမှာ ကမ္ဘာဦးကျောက်တုံးတွင်းငါးတွင်း မဟုတ်ဘဲ သစ်နက်တောင်တန်းများဖြစ်သည်ကို သူတို့အားလုံး သိကြလေသည်။
ကမ္ဘာဦးကျောက်တုံးတွင်းငါးတွင်းလုံး၌ ထူးဆန်းသော အဖြစ်အပျက်များ မျိုးစုံရှိကြသော်လည်း သစ်နက်တောင်တန်းများနှင့် ယှဉ်ပါက မှေးမှိန်သွားကြသည်။
ဖန်ဆင်းရှင်များမှာ ကမ္ဘာဦးကျောက်တုံးတွင်းငါးတွင်း၌ ကျောက်တူးဖော်ရဲခဲ့ကြသော်လည်း ဤနေရာကိုတော့ မထိရဲခဲ့ချေ။
“အထဲမှာ လေးတစ်စင်း ရှိနေတယ်”
မျက်ကန်းမှာ အံ့ဩမှုအရှိန်မသေသေးဘဲ ပြောသည်။ “အင်မတန်ကို ကြီးမားပြီး ခိုင်မာတောင့်တင်းတဲ့ လေးတစ်စင်းပဲ…. ငါက လျှပ်တပြက်လေးပဲ မြင်လိုက်တယ်... အဲဒီရောင်စုံအလင်းတန်းက ငါ့နတ်မျက်လုံးတွေကို ဖုံးအုပ်သွားတာဟ… ငါသာ နည်းနည်းလောက် နှေးခဲ့ရင် လုံး၀သေသွားလောက်ပြီ”
ချင်မူက ရင်ထဲတွင် လှုပ်ခတ်သွားကာ မေးလိုက်၏။ “အဲ့ဒီလေးရဲ့ စွမ်းအားကရော”
မျက်ကန်းက ခေါင်းရမ်းသည်။ “ငါ သေချာမသိဘူး’
ရွှေအက နောက်ထပ် နတ်ကျောက်တုံးတစ်လုံး ရှာတွေ့ပြီး ထုခွဲလိုက်၏။ သေးငယ်သော ဓားမပျံတစ်လက်က ကျောက်တုံးထဲမှ ပျံထွက်လာသဖြင့် ချင်မူက လက်ဝါးဖြန့်လိုက်သည်။ ထို့နောက် လက်ဝါးကို အသာအယာ လက်ရမ်း၍ ဓားမပျံကို ဆွဲယူလိုက်သည်။
ဓားမက သူ့လက်ဖဝါးထဲတွင် ငွေရောင်ငါးတစ်ကောင်အလား ခုန်ပျံနေချေသည်။ သို့သော် သူ့ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်ချေ။
ချင်မူက ဓားမပျံထဲသို့ ချီစွမ်းအင် ပေါင်းထည့်လိုက်၏။
ဝှစ်…
ဓားမများ အရပ်လေးမျက်နှာသို့ လွင့်ထွက်လာသောကြောင့် လူတိုင်း ကရောသောပါး ရှောင်တိမ်းလိုက်ကြရသည်။ သိုင်းအဆင့် နိမ့်ကျသော ဆေးဆရာတစ်ယောက်တည်း၏ ခန္ဓာကိုယ်ပေါ်သို့ ဓားဒါဇင်များစွာ ထိုးစိုက်သွားလေသည်။
ချင်မူမှာ အလန့်တကြား ထခုန်မိသွားပြီး ဆေးဆရာအား ချက်ချင်း ကုသပေးလိုက်သည်။
ဆေးဆရာမှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လျက် ချင်မူ့အား လက်ညှိုးထိုးရင်း ဆွံ့အနေချေသည်။
ချင်မူက နီရဲနေသောမျက်နှာကြီးဖြင့် ချောင်းဟန့်လိုက်သည်။ “ဒီဓားမပျံရဲ့ စွမ်းအားက မဆိုးပါဘူး.. နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် ရှိတဲ့ နတ်ဘုရားမိစ္ဆာတွေရဲ့ နတ်လက်နက်တွေနဲ့ ယှဉ်နိုင်တယ်…. ဒါပေမဲ့ ဓားမပျံပေါ်က သင်္ကေတတွေက အလိုအလျောက် ဖြစ်ပေါ်လာတာဆိုတော့ ထူးကဲမနေဘူး.. စွမ်းအားကလည်း အဲ့လောက် မပြင်းဘူး”
ရွှေအက ပြောသည်။ “ဒါပေမဲ့ နတ်လက်နက်တွေရဲ့ အခြေခံက အံ့ဩဖို့ကောင်းလောက်အောင် မြင့်မားနေတယ်… ငါ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ နတ်လက်နက်တွေ သွန်းလုပ်လာတာ ဆယ်နှစ်ရှိခဲ့ပြီ…. ဘိုးဘေးနန်းတော်ကနေ မူအာယူလာတဲ့ နတ်သတ္တုတွေကသာ အကောင်းဆုံးပဲ… ဒါပေမဲ့ ဒီကျောက်တုံးတွင်းကနေ မွေးဖွားလာတဲ့ နတ်လက်နက်တွေနဲ့ ယှဉ်ရင်တော့ အရည်အသွေးက နည်းနည်း နိမ့်ကျနေသေးတယ်”
သူ့မျက်လုံးများက တောက်ပလင်းလက်လာသည်။ “နည်းနည်းလောက် သန့်စင်လိုက်တာနဲ့ ဒီသဘာ၀ရတနာတွေအပေါ် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ မဟာတာအိုသင်္ကေတတွေ ခတ်နှိပ်လို့ရတယ်… ဒါဆို သူတို့စွမ်းအားက အများကြီး တိုးတက်လာမှာပဲ… မူအာ၊ မင်းအရင်တစ်ခါက ယူလာတဲ့ နတ်သတ္တုက မင်းရဲ့ မဟာတာအိုသင်္ကေတတွေကို ခံနိုင်ရည်မရှိလို့ မင်း သွန်းလုပ်ခဲ့တဲ့ နတ်ဓားက ပေါက်ကွဲသွားပြီး ဓားကျိုးတစ်လက် ဖြစ်သွားခဲ့တယ်…. အဲ့ဓားကိုသာ ဒီနေရာက နတ်သတ္တုတွေနဲ့သာ သွန်းလုပ်ခဲ့ရင် ပေါက်ကွဲသွားမှာ မဟုတ်ဘူး”
အကုန်လုံး တလေးတစားဖြင့် ပြိုင်တူရေရွတ်လိုက်ကြသည်။ “မူအာ၊ မင်းက တကယ်ပဲ နေရာကောင်းကို တွေ့ခဲ့တာကွ”
နတ်ဘုရင်ရှုကျွင်းမှာ မအောင့်နိုင်တော့သဖြင့် ဝင်ပြောတော့သည်။ “ဒီနေရာက ရတနာမြေမဟုတ်ဘူး.. ရတနာမြေ မဟုတ်တဲ့အပြင် ဘိုးဘေးနန်းတော်မှာ အန္တရာယ်အများဆုံးနေရာပဲ… ငါတို့ အခြေစိုက်စခန်းဆောက်ဖို့ မပြောနဲ့ ကြာကြာနေလို့တောင် မဖြစ်ဘူး”
ချင်မူက ပြုံး၍ တုံ့ပြန်သည်။ “နတ်ဘုရင်၊ ခင်ဗျားလည်း မြင်ခဲ့ပြီးပြီပဲ…. ကျွန်တော်တို့ ကျောက်တုံးတွင်းတစ်တွင်းပဲ ရှာတွေ့တာတောင် ထူးဆန်းတဲ့ ရတနာတွေအများကြီး ရနေပြီ…. ဒီနေရာကို ရှာလိုက်ရင် ရတနာတွေက ရေတွက်လို့တောင် မရအောင် ရှိနေမှာ အသေအချာပဲ…. ဘယ်လိုလုပ် ရတနာမြေ မဟုတ်ရမှာတုန်း”
နတ်ဘုရင်ရှုကျွင်းမှာ စိတ်ရှုပ်ထွေးစွာဖြင့် အော်ဟစ်လိုက်သည်။ “ဟင်းလင်းပြင်သားရဲတွေတောင် ဒီနေရာကို မလာရဲကြဘူးကွ… အန္တရာယ်ရှိကို ရှိလိမ့်မယ်”
ချင်မူက ခေါင်းရမ်းကာ ပြုံးလျက် ပြန်ပြော၏။ “ကျွန်တော် ဒီနေရာကို သိမ်းပိုက်ခဲ့ပြီးပြီ… မရေမတွက်နိုင်တဲ့ ဟင်းလင်းပြင်သားရဲတွေ အနက်ရောင်သစ်ပင်ကြီးကို တိုက်ခိုက်လာလို့ ကျွန်တော် သတ်ဖြတ်ခဲ့ရတယ်”
နတ်ဘုရင်ရှုကျွင်းသည် ကြောင်အသွားပြီး ဒေါသတကြီး ပြော၏။ “ဘာပဲဖြစ်ဖြစ် ဒီနေရာက မသင့်တော်ဘူး….. ဖန်ဆင်းရှင်အားလုံး ဒီနေရာကို ကြောက်ကြတယ်… ထုတ်တောင် ပြောရဲခဲ့ကြတာ မဟုတ်ဘူး”
ချင်မူက ပြုံးလျက် သူ့ပခုံးကို ပုတ်ကာ ဖြောင်းဖြသည်။ “စိတ်မပူပါနဲ့…. ကျွန်တော် ဘာလုပ်နေလဲ ကျွန်တော် သိပါတယ်.. ဘိုးဘေးဆေးဆရာရေ အနက်ရောင်တောင်ထိပ်ပေါ်မှာ အပင်တချို့ ရှိသေးတယ်ဗျ… ဆိုတော့ ဘိုးဘေးနန်းတော်မှာ ဝိညာဉ်ဆေးပင်တွေ ရှိကောင်းရှိနိုင်တယ်”
ဆေးဆရာ၏ မျက်လုံးများက တောက်ပလင်းလက်လာတော့သည်။ “ရှားပါးဆေးပင်တွေရှိရင် ဓားနဲ့ ထိုးခံရတဲ့ကိစ္စကို မသိချင်ယောင်ဆောင်ပေးလိုက်မယ်…. မရှိလို့ကတော့…”
သူ့မျက်နှာကြီးက ချက်ချင်း မည်းမှောင်သွားသဖြင့် ချင်မူမှာ တုန်ရီသွား၏။
ကျန်းယွင်ကျန့်နှင့် မျိုးဆက်သစ်များမှာ ခက်ခက်ခဲခဲ ကြိုးစားကြပြီးနောက် နတ်လက်နက်တချို့ကို ဖမ်းယူနိုင်ခဲ့သည်။ ထိုနတ်လက်နက်များမှာ ယှဉ်ပါးထိန်းချုပ်ခြင်းခံရပြီးနောက်မှသာ ကောင်းကောင်းမွန်မွန် ပြုမူကြ၏။ သို့သော် ထွက်ပြေးလွတ်မြောက်သွားသည့် နတ်လက်နက်အချို့ ရှိချေသည်။ ဥပမာအားဖြင့် ထိုရွှေရောင်ကျွဲကြီးသည် ၎င်း၏ ခိုင်မာတောင့်တင်းလှသော ခန္ဓာကိုယ်ကြီးနှင့် ခွန်အားကို သုံး၍ အကုန်လုံးကို တိုးဝှေ့ဝင်တိုက်ကာ ထွက်ပြေးလွတ်မြောက်သွားလေသည်။
ကံကောင်းစွာဖြင့် ဖန်သားကောင်းကင်စေတီက ဤနေရာကို စောင့်ရှောက်နေသဖြင့် ကျွဲကြီးမှာ အပြင်လောကသို့ လွတ်မြောက်မသွားခဲ့ချေ။
အားလုံး သင်္ဘောပေါ် တက်ကာ အနက်ရောင်တောင်ထိပ်ဆီသို့ ရွက်လွှင့်သွားကြသည်။ သူတို့ အနက်ရောင်တောင်ထိပ်ဆီ မရောက်မီ သူတို့ထံ ဦးတည်လာနေသည့် ဧရာဟင်းလင်းပြင်သားရဲကြီးတစ်ကောင်အား တွေ့လိုက်ရသည်။ ချင်မူမှာ အံ့ဩမှင်သက်သွားပြီး နဂါးချီလင်နှင့် ယန်အာ အသတ်ခံခဲ့ရပြီဟု ထင်မှတ်လိုက်မိသည်။
သို့သော် ဟင်းလင်းပြင်သားရဲ၏ ခေါင်းပေါ်၌ ရပ်နေသူများက နဂါးချီလင်နှင့် ယန်အာ မဟုတ်ပါလော။
သူ့မှာ စိတ်အေးသွားပြီး ကြောင်သွားချေသည်။ “ဒီဟင်းလင်းပြင်သားရဲကို လုံပိနဲ့ယန်အာ ယှဉ်ပါးစေခဲ့တာလား.. ယန်အာက သူ့အသိစိတ်အလျဉ်ကို အရင်က ကျင့်ကြံထားတဲ့ပုံ မပေါ်ပါဘူး… လုံပိပဲ ဖြစ်ရမယ်… ဒါပေမဲ့ ဖက်တီးနဂါးရဲ့ အသိစိတ်အလျဉ်က ဘယ်တုန်းက ဒီလောက် သန်မာလာတာလဲဟ”
နဂါးချီလင်သည် အင်မတန် စိတ်လှုပ်ရှားနေပြီး ဟင်းလင်းပြင်သားရဲ၏ ကျောပေါ်မှ ခုန်ချလာ၏။ “ဂိုဏ်းသခင်တို့ နောက်ဆုံးတော့ ရောက်လာပြီပဲဗျာ… အခုလတ်တလော ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်တွေ မနည်းဘူးဗျို့”
သူက ညအချိန်တွင် သစ်နက်တောင်တန်း၏ ထူးဆန်းမှုများအကြောင်း အလျင်အမြန် ပြောပြပြီးနောက် တောင်များကို ပြုပြင်ပေးခဲ့သည့် အမြဲတစေ ပုံစံပြောင်းနေသော အဘိုးအိုအကြောင်း ပြောပြ၏။ “ကျွန်တော်လည်း သူ့အကြံအတိုင်း နားထောင်ပြီး ဒီဟင်းလင်းပြင်သားရဲမိခင်ကို ဖမ်းလာခဲ့တာ”
ချင်မူမှာ အံ့ဩနေတော့သည်။ “အဲ့ဒီ အဘိုးအိုက…. နေပါဦး… မင်း ပြောချင်တာ ဒါက ဟင်းလင်းပြင်သားရဲမိခင်ပေါ့ ဟုတ်လား”
နဂါးချီလင်သည် အမြှီးကို မတ်နေအောင် ထောင်ထား၍ ခေါင်းတဆတ်ဆတ် ညိတ်ပြ၏။
ချင်မူမျက်နှာကြီးကား ငေးကြောင်သွားတော့၏။ ပြိုင်ဘက်ကင်းအောင် သန်မာလှသည့် ဟင်းလင်းပြင်သားရဲမိခင်ကား နဂါးချီလင်၏ ဖမ်းဆီးခြင်း ခံခဲ့ရချေပြီ။ ဤသည်က သူ မျှော်လင့်မထားသည့် အရာတစ်ခုပင်။
သူကိုယ်တိုင်ပင်လျှင် ဟင်းလင်းပြင်သားရဲမိခင်ကို ဖမ်းဆီးနိုင်မည် မထင်ချေ။
ဟင်းလင်းပြင်သားရဲမိခင်သည် ယခင်က မဟာဧကရာဇ်၏ စီးတော်သားရဲ ဖြစ်ချေ၏။ ချင်မူမှာ ဟင်းလင်းပြင်သားရဲမိခင်ကို သတ်ရန် အတော်လေး အားထုတ်ခဲ့ရသည်။ နဂါးချီလင် ဖမ်းခဲ့သည့် ဟင်းလင်းပြင်သားရဲမိခင်ကည် မွေးပြီးခါစ ဖြစ်ပေလိမ့်မည်။ ၎င်းသည် အားနည်းနေသော်လည်း ဤသည်မှာ အင်မတန် ထူးကဲပြောင်မြောက်သော လုပ်ရပ်ပင် ဖြစ်ချေ၏။
ပို၍ အရေးပါသည်က ဟင်းလင်းပြင်သားရဲမိခင်သည် မည်မျှပင် အားနည်းသည်ဖြစ်စေ၊ သန်မာသည်ဖြစ်စေ သူမ၏ အကြီးမားဆုံးစွမ်းရည်က အခြားဟင်းလင်းပြင်သားရဲများအပေါ် ထိန်းချုပ်နိုင်ခြင်းပင်။
ဟင်းလင်းပြင်သားရဲမိခင်က မဟာဧကရာဇ်၏ ထိန်းချုပ်မှုဖြင့် ဘိုးဘေးနန်းတော်မှ လွတ်မြောက်လာကာ ကပ်ဘေးများ ဖြစ်ပေါ်စေလိမ့်မည်ဟု ချင်မူ စိုးရိမ်ခဲ့မိသည်။ နဂါးချီလင်က ထိုအရာကို အလွယ်တကူ ချုပ်ငြိမ်းသွားစေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ရုတ်တရက် ချင်မူမှာ တဟားဟား အော်ရယ်လိုက်မိသည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးတော့ ဒုက္ခရောက်ပြီပဲဟေ့”